အခန်း (၂၅၈)
Vol. 26 Ch. 258
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထို့နောက် ဖြေဆိုသူအားလုံးသည် မိမိတို့၏ လေးနှင့်မြှားများကို အလျင်အမြန် စစ်ဆေးလိုက်ကြပြီး အားလုံး ပြီးပြည့်စုံမှု ရှိမရှိ သေချာအောင် လုပ်လိုက်ကြသည်။
ရာပေါင်းများစွာသော လူများသည် ကြည့်ရှုရန် ပြန်လည် စုရုံးရောက်ရှိလာကြသည်။ သူတို့၏ အကြည့်များသည် တုပိုင်နှင့် သူ့ပစ်မှတ် ၊ လူတစ်ယောက်တည်းအပေါ်တွင်သာ ကျရောက်နေသည်။
ဤဘွဲ့ယူစာမေးပွဲကြီးသည် တုပိုင်နှင့် ထန်ယန်တို့ကြား တိုက်ပွဲနယ်မြေ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ကျန်လူများအားလုံးသည် ဇာတ်ပို့ သို့မဟုတ် လူပိုများသာ ဖြစ်ကြသည်။
တုပိုင်သည် ထန်ယန်၏ နောက်တွင် ၁၃ မှတ် ပြတ်ကျန်နေသေးပြီး အမီလိုက်ရန်မှာ ကောင်းကင်ပေါ်သို့ တက်ရောက်ရသကဲ့သို့ ခက်ခဲနေသည်။
မြှားပစ်ခြင်းသည် အမှတ်မြင့်မြင့်ရရန် အခက်ခဲဆုံး ဘာသာရပ်တစ်ခုလည်း ဖြစ်သည်။ ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းဘာသာရပ်တွင် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ်မှာ ၁၃.၅ မှတ်သာ ဖြစ်သည်။
ထန်ယန်သည် တုပိုင်၏ ပစ်မှတ်ကို စူးစိုက်ကြည့်နေသည်။ လူတိုင်းက တုပိုင်၏ မြှားပစ်ရမှတ်ကို အာရုံစိုက်နေကြသော်လည်း သူက အပြင်းထန်ဆုံး ဖြစ်သည်။
“အသင့်ပြင်” ကြီးကြပ်ရေးမှူးကုန်းကုန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။
ပထမအဖွဲ့မှ ဖြေဆိုသူ ၁၀ ဦးစလုံးသည် သေသပ်စွာ လေးကို ဆွဲလိုက်ပြီး မြှားကို တင်လိုက်ကြသည်။ ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းအတွက် ကျောက်တုံးတစ်တုံးအားရှိသော လေးကို အသုံးပြုရပြီး ၊ ကိုက် ၉၀ အကွာအဝေးတွင် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်အတွင်း မြှား ၁၅ စင်း ပစ်ခတ်ရမည် ဖြစ်သည်။ အမှတ်ပြည့်မှာ ၁၅ မှတ် ဖြစ်သည်။
ပစ်မှတ်အလယ်တည့်တည့် (အချင်း တစ်လက်မ) ကို ထိမှန်လျှင် ၁ မှတ် ရရှိပြီး ၊ အတွင်းစက်ဝိုင်း (အချင်း နှစ်လက်မ) ကို ထိမှန်လျှင် ၀.၅ မှတ် ရရှိမည် ဖြစ်သည်။
“စမယ်”
ချက်ချင်းပင် လူတိုင်း အသက်အောင့်ပြီး တုပိုင်၏ မြှားပစ်ခြင်းကို စောင့်ကြည့်လိုက်ကြသည်။ ပထမအဖွဲ့မှ ဖြေဆိုသူ ၁၀ ဦးစလုံး အသက်အောင့်ပြီး ချိန်ရွယ်လိုက်ကြသည်။
“ရွှီးးးး”
ယန်ရှီ အပါအဝင် ဖြေဆိုသူ အများအပြားသည် ပထမဆုံးမြှားကို ပစ်လွှတ်လိုက်ကြသည်။ ယန်ရှီ၏ ပထမဆုံးမြှားသည် ထူးကဲကောင်းမွန်ပြီး ပစ်မှတ်အလယ်တည့်တည့်ကို ထိမှန်သွားသည်။ လူတိုင်း ပထမဆုံးမြှားကို ပစ်လွှတ်ပြီးကြသော်လည်း တုပိုင် မပစ်ရသေးပေ။ သူသည် ချိန်ရွယ်နေဆဲ ဖြစ်သည်။
ယန်ရှီ မထီမဲ့မြင် ပြုံးလိုက်ပြီး တွေးလိုက်သည်။ “အရူးကောင်”
မြှားပစ်ရာတွင် အချိန်အကြာကြီး ချိန်ရွယ်မနေသင့်ကြောင်း ၊ ချိန်ရွယ်ပြီးသည်နှင့် ချက်ချင်း ပစ်လွှတ်ရမည် ဖြစ်ကြောင်း လူတိုင်း သိကြသည်။ အချိန်ကြာကြာ ချိန်ရွယ်လေ တိကျမှု နည်းလေ ဖြစ်သည်။
လူတိုင်း အကြီးအကျယ် စိတ်ပျက်သွားကြသည်။ အနည်းဆုံးတော့ မြှားပစ်ခြင်းတွင် တုပိုင်သည် အတုအယောင်သာ ဖြစ်ပြီး ၊ သူ၏ ဉာဏ်ကြီးရှင်ဆိုသော ဂုဏ်ပုဒ်သည် အဆုံးသတ်သွားပြီ ဖြစ်သည်။
သို့သော် တုပိုင်သည် တကယ်တမ်း ချိန်ရွယ်နေခြင်း မဟုတ်ပေ။ သူသည် သူ၏ စိတ်စွမ်းအင်များကို စုစည်းနေခြင်း ဖြစ်သည်။ ထင်းရှူးသီးပုံဂလင်းထဲသို့ စိတ်စွမ်းအင်များကို စုစည်းလိုက်သည်။
ချက်ချင်းပင် ကိုက် ၉၀ အကွာရှိ ပစ်မှတ်သည် သူ့မျက်လုံးရှေ့မှောက်သို့ ရောက်ရှိလာသကဲ့သို့ ဖြစ်သွားသည်။ တူပိုင် ပစ်မှတ်အလယ်တည့်တည့်ကို ချိန်ရွယ်ထားလိုက်၏။
ထိုအချိန်တွင် ယန်ရှီသည် လေးကို ဆွဲပြီး မြှားတစ်စင်း တင်လိုက်ကာ ဒုတိယမြှားကို ပစ်ခတ်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်၌ပင် တုပိုင်၏ စိတ်စွမ်းအင်များ စုစည်းပြီးသွားသလို ၊ ပစ်မှတ်ကိုလည်း ချိန်ရွယ်ပြီးသွား၏။
“စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်”
“ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး”
ပထမမြှား ၊ ဒုတိယမြှား ၊ တတိယမြှား ၊ သူသည် မရပ်မနား ပစ်ခတ်လိုက်သည် ၊ လုံးဝ ချိန်ရွယ်ခြင်း မပြုဘဲ ဒီရေအဟုန်ကဲ့သို့ မြှား ၁၅ စင်းစလုံးကို တရစပ် ပစ်လွှတ်လိုက်လေသည်။ ဖြစ်စဉ်တစ်ခုလုံးသည် တစ်မိနစ်ဝက်ပင် မကြာလိုက်ပေ။ မြှား ၁၅ စင်းစလုံး ကုန်ဆုံးသွားသည်။
လူတိုင်း ကြောင်အသွားကြသည်။
တုပိုင်သည် ပစ်ခတ်ပြီးသည်နှင့် ရလဒ်ကိုပင် လှမ်းမကြည့်တော့ပေ။ လေးကို ချလိုက်ပြီး တိုက်ရိုက် လှည့်ထွက်လာခဲ့သည်။ လူတိုင်း ပစ်မှတ်ကို ကြည့်လိုက်ကြသည်။ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။
မြှား ၁၅ စင်းစလုံးသည် ပစ်မှတ်အလယ်တည့်တည့်ကို ထိမှန်ထားပြီး တစ်ခုနှင့်တစ်ခု ပူးကပ်နေကြသည်။
အမှတ်ပြည့် ၊ နောက်ထပ် အမှတ်ပြည့်။ တုပိုင်သည် ၁၅ စင်းမြောက်မြှားကို ပစ်လွှတ်လိုက်သည်နှင့် ရလဒ်ကို သိရှိလိုက်သည်။ နောက်ဆုံးတော့ သူ ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းတွင် အမှတ်ပြည့် ရရှိသွားပြီ ဖြစ်သည်။ ယခင်က သူ၏ စိတ်စွမ်းအင် ၄၀ သာ ရှိစဉ်က မည်မျှပင် ကြိုးစားပစ်ခတ်ပါစေ အမှတ်ပြည့် မရရှိနိုင်ဘဲ အနည်းငယ် လိုအပ်နေခဲ့သည်။
ယခု သူ၏ စိတ်စွမ်းအင် ၅၅ သို့ တိုးတက်လာသောအခါ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။ ကံကောင်းသည်မှာ ဘွဲ့ယူစာမေးပွဲကြီးတွင် အသုံးပြုသော မြှားခေါင်းများသည် အထူးပြုလုပ်ထားခြင်း ဖြစ်ပြီး အလွန်ထက်မြက်ကာ အလွန်ပါးလွှာသည်။ သို့မဟုတ်ပါက သာမန်မြှား ၁၅ စင်းသည် အချင်း တစ်လက်မသာ ရှိသော ပစ်မှတ်အလယ်တည့်တည့်တွင် ပြည့်ကြပ်ပြီး ပေါက်ကွဲထွက်သွားသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် မြှားခေါင်းများ ပါးလွှာလျှင်ပင် ၁၅ စင်းစလုံးကို တစ်နေရာတည်းတွင် စုပြုံနေအောင် ပစ်ခတ်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ထို့ကြောင့် ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းတွင် အမှတ်ပြည့် ရယူခြင်းသည် ကောင်းကင်ပေါ်သို့ တက်ရောက်ရသကဲ့သို့ ခက်ခဲခြင်း ဖြစ်သည်။
ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ စတင်တည်ထောင်ချိန်ကတည်းက မည်သူမျှ အမှတ်ပြည့် မရရှိခဲ့ဖူးခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ အမြင့်ဆုံး စံချိန်မှာ ၁၃.၅ မှတ်သာ ရှိခဲ့သည်။ ထန်ယန်၏ အကြည့်များသည် တုပိုင်၏ ပစ်မှတ်အပေါ်တွင် စွဲကပ်နေပြီး နောက်ထပ်တစ်ကြိမ် ယခင်က မကြုံဖူးသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
လွန်ခဲ့သော နှစ်လ ၊ သုံးလလောက်က တုပိုင်သည် သိုင်းပညာ အစိမ်းသက်သက် ဖြစ်နေပြီး မြှားပစ်ခြင်း တံခါးဝသို့ပင် မရောက်ရှိသေးကြောင်း ၊ လျင်မြန်ဖျတ်လတ်မှု စစ်ဆေးခြင်းတွင်လည်း သုညမှတ်သာ ရရှိခဲ့ကြောင်း သူ တကယ်ကို တွေးမရနိုင်အောင် ဖြစ်နေသည်။
သုညမှတ်ကနေ အမှတ်ပြည့်အထိ တောက်လျှောက် တက်လှမ်းနိုင်ခဲ့ပြီး သမိုင်းဝင် စံချိန်ကိုပါ တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။ ပါရမီရှင်တစ်ယောက်ပင် လုပ်နိုင်မည်မဟုတ်ချေ။
တုပိုင်ကို ပါရမီရှင်ဟူသည့် ဂုဏ်ပုဒ်တပ်လို့ မရနိုင်ချေ။ ပါရမီရှင်ဆိုသည့် အကောင်များ အားလုံးသည် တုပိုင်၏ ခြေဖဝါးကိုပင် မှီလိမ့်မည် မဟုတ်ချေ။ထန်ယန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ငြိမ်သက်မှု ရရှိစေရန် အသည်းအသန် ကြိုးစားလိုက်သည်။
ထို့နောက် သူသည် စိတ်ကူးယဉ်မှုများနှင့် ကံကောင်းခြင်းကို မျှော်ကိုးသည့် စိတ်များကို စွန့်လွှတ်ကာ တုပိုင်အား သူ၏ နံပါတ်တစ် ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်သည်။ မျက်နှာပျက်မည်ကို စိုးရိမ်ခြင်း ၊ ဂုဏ်သိက္ခာကို ဖက်တွယ်ထားခြင်းများကို မေ့လျော့ထားလိုက်ပြီး အနိုင်ရရှိရေးကိုသာ အဓိက ပန်းတိုင်ထားလိုက်သည်။
တုပိုင်ကို အနိုင်ယူနိုင်သမျှ လုံးဝ အနိုင်ရရှိသွားမည် ဖြစ်ရာ ကျော်ကြားမှုဟူသော ဝန်ထုပ်ဝန်ပိုးများနှင့် ကောင်းကင်ဘုံ၏ အချစ်တော်ဟူသော မာန်မာနများဖြင့် မိမိကိုယ်ကို ဝန်ပိမနေစေရန် သတိပေးလိုက်လေသည်။
လူတိုင်းသည် တုပိုင် ဖန်တီးလိုက်သော အံ့ဖွယ်ဖြစ်ရပ်ကြောင့် တုန်လှုပ်သွားကြပြီး အမှန်တကယ်ပင် သူတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း မြှား ၁၅ စင်းစလုံးကို ပစ်ခတ်ပြီး အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းမှာ နတ်ဘုရားတစ်ပါး၏ လက်က ဝင်ရောက်စွက်ဖက် ထိန်းချုပ်ပေးထားသကဲ့သို့ပင် ဖြစ်နေတော့သည်။ ထိုအချိန်တွင် ကျောင်းအုပ်သစ် ၊ လန်ထင်နှင့် အခြားသူများ၏ မျက်နှာများမှာမူ အလွန်အရုပ်ဆိုးနေကြသည်။
အရာအားလုံးသည် သူတို့စီစဥ်ထားသည်နှင့် အနည်းငယ် လွဲချော်နေပြီ ဖြစ်သည်။ တုပိုင်၏ မြှားပစ်စွမ်းရည်က ယူဆောင်လာသော အံ့ဖွယ်တုန်လှုပ်မှုသည် ဆက်လက် ဖြစ်ပေါ်နေသော်လည်း အခြားလူများအတွက် ငြိမ်သက်ပစ်မှတ် မြှားပစ်စာမေးပွဲသည် ဆက်လက် ပြုလုပ်ရမည် ဖြစ်သည်။
သို့သော် သူတို့၏ စိတ်နေသဘောထားသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ယန်ရှီ ဖြစ်သည်။ အခုနလေးတင် သူက တုပိုင်ရဲ့ မြှားပစ်စွမ်းရည်ကို လှောင်ပြောင်သရော်ခဲ့ပြီး ၊ တုပိုင်ကို မြှားပစ်သင်ခန်းစာ ပေးမယ်လို့ ကြွေးကြော်ခဲ့သလို ၊ တုပိုင် မစင်ကိုင်ရတဲ့ အစေခံကုန်းကုန်းဖြစ်လာမည်ဟုလည်း လှောင်ပြောင်ခဲ့သေးသည်။
ထို့နောက် နောက်တစ်စက္ကန့်တွင်ပင် တုပိုင်က သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်သည်။ ထို့ကြောင့် ယန်ရှီ၏ စိတ် လုံးဝ ပြိုလဲသွားသည်။
သူ၏ ပထမဆုံးမြှားသည် ပုံစံကျပြီး ပစ်မှတ်အလယ်တည့်တည့်ကို ထိမှန်ခဲ့သည်။ သို့သော် ဒုတိယမြှားတွင်မူ ယန်ရှီသည် ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။
သူ ပစ်မှတ်လွဲချော်ခဲ့သည်မှာ အလွန် ၊ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ တတိယမြှားကို ပစ်လွှတ်လိုက်သည်။ ပစ်မှတ်ကို မလွဲချော်သော်လည်း ပစ်မှတ်အလယ်တည့်တည့်ကို မထိမှန်သလို အမှတ်ရသည့် စက်ဝိုင်းကိုလည်း မထိမှန်ပေ။ သုညမှတ်သာ ဖြစ်သည်။
ယန်ရှီ လုံးဝ ထိတ်လန့်သွားသည်။ သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်အောင် လုပ်လိုက်ပြီး ၃ မိနစ်တိတိ အနားယူလိုက်ကာ မြှားများကို ပြန်လည် ပစ်ခတ်လိုက်သည်။
အများကြီး ပိုကောင်းလာသော်လည်း သူ၏ စွမ်းဆောင်ရည်သည် သူ၏ အကောင်းဆုံး အခြေအနေနှင့် ဝေးကွာနေသေးသည်။
နောက်ဆုံးတွင် ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်း၌ သူ၏ ရမှတ်မှာ ၉.၅ သာ ရရှိခဲ့သည်။ အမှတ်ပြည့်မှာ ၁၅ မှတ် ဖြစ်ရာ ဤရမှတ်သည် အောင်မှတ်သာသာလောက်သာ ရှိသည်။
ချက်ချင်းပင် ယန်ရှီသည် တကယ် ငိုချင်လာသော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။ ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းတွင် သူ၏ အကောင်းဆုံး ရမှတ်မှာ ၁၃ မှတ် ဖြစ်ခဲ့ဖူးပြီး ၊ အဆိုးဆုံးမှာ ၁၁.၅ မှတ် ဖြစ်သည်။ ယခုမူ ၉.၅ မှတ်သာ ရရှိတော့သည်။
“ဒါတွေအားလုံး တုပိုင်ကြောင့် ဖြစ်ရတာ” ယန်ရှီ အံကို ကြိတ်လိုက်သည်။ တုပိုင်ကြောင့် သူ စိတ်မငြိမ်မသက် ဖြစ်သွားရပြီး စွမ်းဆောင်ရည် ကျဆင်းသွားရခြင်း ဖြစ်သည်။
နောက်တစ်ဆင့်အနေဖြင့် ယန်ရှီ မေးခွန်းတစ်ခုကို စဉ်းစားရတော့မည်။ အကယ်၍ ဘွဲ့ယူစာမေးပွဲကြီးတွင် သူ တုပိုင်ကို ရှုံးနိမ့်သွားပါက ၊ သူသည် အဆင့်နိမ့် အစေခံမိန်းမစိုး ဖြစ်လာရမည် ဖြစ်ပြီး ၊ မစင်များကို ကိုင်ရပေမည်။
ထန်ယန်သည် ငြိမ်သက်ပစ်မှတ် မြှားပစ်စာမေးပွဲအတွက် ပဉ္စမမြောက်အဖွဲ့တွင် ပါဝင်သည်။ ဤအချိန်တွင် သူ့ကို ကြည့်ရှုနေသူ ရာပေါင်းများစွာ ရှိနေပြီး တုပိုင်လည်း ပါဝင်သည်။
ထန်ယန်နှင့် တုပိုင်သည် ဤဘွဲ့ယူစာမေးပွဲကြီး၏ အဓိက ဗဟိုချက်မများ ဖြစ်လာခဲ့ပြီး လူတိုင်းသည် သူတို့နှစ်ဦးကြား ရလဒ်ကို အာရုံစိုက်နေကြသည်။
လက်ရှိတွင် တုပိုင်သည် ထန်ယန်နောက် ၁၃ မှတ် ပြတ်ကျန်နေသေးပြီး ၁ မှတ်တက်လာဖို့ ဆိုသည်မှာပင် အလွန် ခက်ခဲလှသည်။ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ထန်ယန်သည် စိတ်ငြိမ်သက်မှု အခြေအနေသို့ ဝင်ရောက်သွားသည်။
အရာအားလုံးသည် အနိုင်ရရှိရေးအတွက်သာ ဖြစ်လေသည်။ သူ့တွင် ၁၃ မှတ် အသာစီးရထားပြီး ယင်းကွာဟချက်သည် ကျော်ဖြတ်ရန် မဖြစ်နိုင်သလောက် ဖြစ်နေသဖြင့် အနိုင်ရရှိရန် သေချာသလောက် ရှိနေသည်။ တုပိုင် ဉာဏ်ကြီးရှင်ဟူသော ဂုဏ်ပုဒ်ကို ရရှိသွားလျှင်လည်း ရရှိပါစေတော့ ၊ နောက်ထပ် နှစ်အနည်းငယ် ကြာသောအခါ မည်သူက မှတ်မိနေတော့မည်နည်း။
အနိုင်ရရှိမှုကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။ ယခုနှစ် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲကြီးမှတစ်ဆင့် အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ခွင့် ရရှိမည့်သူမှာ တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် ဤပြိုင်ပွဲသည် သူနှင့် တုပိုင်ကြားမှ မာနအားပြိုင်မှုသက်သက် မဟုတ်ဘဲ မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ခြင်း ဖြစ်ပေသည်။
တုပိုင်၏ စိတ်စွမ်းအင် နိုးထလာပြီ ဖြစ်သော်လည်း ထန်ယန်၏ စိတ်စွမ်းအင်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကတည်းက နိုးထခဲ့ခြင်း ဖြစ်သည်။ တုပိုင် စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို အသုံးပြုနိုင်လျှင် ထန်ယန်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် သူ၏ စိတ်စွမ်းအင် ပါရမီသည် အလွန်မြင့်မားလေသည်။
အကယ်၍ ၁၀၀ သည် အမြင့်ဆုံးတန်ဖိုး ဖြစ်လျှင် သူ၏ စိတ်စွမ်းအင် ပါရမီသည် ၆၅ ဖြစ်သည်။ ၆၅ ဟူသော တန်ဖိုးသည် နည်းပါးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် လူတစ်သောင်း၌ တစ်ယောက်သာ ရှိတတ်သော ပမာဏ ဖြစ်သည်။
လူအများစု၏ စိတ်စွမ်းအင်သည် ၄၀ ဝန်းကျင်ခန့်သာ ရှိတတ်ပြီး တုပိုင် ရုတ်တရက် ၅၅ အထိ တိုးတက်လာခြင်းသည် လူတစ်ရာတွင် တစ်ယောက် ၊ သို့မဟုတ် လူတစ်ထောင်တွင် တစ်ယောက်ခန့် ဖြစ်နိုင်ခြေ ရှိသည်။
သို့သော် ထန်ယန်၏ ၆၅ ဆိုသော ပမာဏမှာမူ လူတစ်သောင်းတွင် တစ်ယောက်သာ ရှိနိုင်သည့် အနေအထား ဖြစ်သည်။ ကောင်းကင်ကို အာခံနိုင်သော ဆရာသခင်ကြီး နင်ဇောင်ဝူ၏ စိတ်စွမ်းအင်သည် ၇၇ သာ ရှိသော်လည်း ယင်းပမာဏသည် လူတစ်သန်း ၊ သို့မဟုတ် လူဆယ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သည့် အဆင့်အတန်း ဖြစ်သည်။
စိတ်စွမ်းအင် တိုးတက်လာမှုသည် ငလျင်အဆင့်များကဲ့သို့ ဖြစ်သည်။ ၇.၁ နှင့် ၇.၂ သည် နီးကပ်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုနှစ်ခုမှ ထုတ်လွှတ်သော စွမ်းအင်သည် အဆများစွာ ကွာခြားလေသည်။
ထန်ယန်သည် ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်း၌ လုံးဝ ယုံကြည်မှု ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးပြီ ဖြစ်ကာ အမြဲတမ်း အမှတ်ပြည့် ရရှိခဲ့သောကြောင့် ဖြစ်သည်။
စိတ်စွမ်းအင် နိုးထလာပြီးနောက် စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် အမြဲတမ်းနီးပါး အမှတ်ပြည့် ရရှိလေ့ရှိရာ အခြားဖြစ်နိုင်ချေ မရှိပေ။
“အသင့်ပြင်”
ထန်ယန် လေးကို ဆွဲပြီး မြှားကို တင်လိုက်ကာ ၊ သူ၏ စိတ်စွမ်းအင်များကို ထင်းရှူးသီးပုံဂလင်းပေါ်တွင် စုစည်းလိုက်သည်။
ချက်ချင်းပင် ကိုက် ၉၀ အကွာရှိ ပစ်မှတ်သည် သူ့မျက်လုံးရှေ့မှောက်သို့ နီးကပ်စွာ ရောက်ရှိလာသည်။
အပိုင်း ၂၅၈ ပြီး။