စီနီယာဝမ်ကို ကူညီကြစို့
Vol. 15 Ch. 202
“ကောင်းတယ်”
ဝမ်ရွှမ်ကျန့်သည် ဟိန်းဟောက်ကာဖြင့် သူ၏လှံအား လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထိုးသွင်းလိုက်လေသည်။
ရွှေကျားကြီးသည် လက်သည်းများဖြင့် လှံထိပ်အား ပုတ်ထုတ်လိုက်သဖြင့် စွမ်းအင် ပေါက်ကွဲမှုသည် ပတ်ဝန်းကျင်အား ဖြာထွက်လာလေသည်။
ဝမ်ရွှမ်ကျန့်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး ကျားကြီးမှာလည်း ပက်လက်လန်ကာဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေသည်။
“ဟဟ မဆိုးပါဘူး ကလေးလေး”
ကျားကြီးမှ လှောင်ပြုံး ပြုံးလိုက်သည်။
ရုတ်တရက်ဆိုသလို ကျား၏ ပေသုံးဆယ် ပတ်လည်တွင် ရွှေရောင်လေပြင်းများ စတင်တိုက်ခတ်လာပြီး သစ်ပင်များအား လွှစာမှုန်များ ဖြစ်သည့်အထိ တိုက်စားသွားလေသည်။
အန်လင်းသည် ထိုအခြင်းအရာအား မြင်သည့်အခါတွင် ဒယိမ်းဒယိုင်ဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ပြီး အသက်ရှူ မြန်လာသည်။ ယင်းသည် ပြီးပြည့်စုံသည့် အုပ်ချုပ်သူနယ်ပယ် ဖြစ်သည်။
သံသောက်တော်ရေခွက် တစ်ခွက်အတွက် ဝိညာဉ်သားရဲအား အနိုင်ယူရပေမည်။ ခက်ခဲလွန်းလှသည်။
အန်လင်းသည် ဘေးထွက်၍သာ ရပ်နေသင့်သည်ဟု ခံစားမိသည်။ သူ၏ သနားဖွယ်ရာ စွမ်းအင် အဆင့်အတန်းနှင့်ဆိုလျှင် တိုက်ပွဲအား ဝင်ရောက် တိုက်ခိုက်ခြင်းငှာ မစွမ်းသာလှချေ။
ဝမ်ရွှမ်ကျန့်၏ ခန္ဓာကိုယ်တွင် နဂါးကြေးခွံများ ပေါ်လာပြီး သူ၏အော်ရာမှာလည်း တဟုန်ထိုး တိုးတက်သွားလေသည်။ မဲမှောင်ထူထပ်သည့် တိမ်တိုက်များသည် ကောင်းကင်အား ပိတ်ဖုံးကာဆီးလာပြီး မိုးခြိမ်းသံများ လျှပ်စီးများသည်လည်း ကောင်းကင်ယံမှ ပေါက်ကွဲထွက်လာသည်။
ဝမ်ရွှမ်ကျန့်၏ ပတ်လည်သည် လျှပ်စီးနယ်ပယ် အဖြစ်သို့ စတင်ပြောင်းလဲလာပြီး လျှပ်စီးကြောင်းများသည် သူ့အား နဂါးများသဖွယ် ဝန်းရံထားကြလေသည်။ သူ၏ ရှေးနဂါးသွေး မျိုးဆက်အား ပြီးပြည့်စုံစွာ အသက်သွင်းလိုက်ပြီး ဖြစ်သဖြင့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်။
အန်လင်းသည် လေးစားအားကျမှုတို့ဖြင့် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားအစစ်အမှန် ဖြစ်သည်။ ဝမ်ရွှမ်ကျန့် ဖန်တီးထားသော ဖိအားသည် ရွှေကျားထက် အဆပေါင်းများစွာ ပြင်းထန်လေသည်။
ဝမ်ရွှမ်ကျန့်၏ စွမ်းအားကို အာရုံခံမိသည့်အခါတွင် ရွှေကျားကြီးမှာ တုန်ယင်လာပြီး နားကွဲလုမတတ် ဟိန်းသံ ထုတ်လွှတ်လိုက်သည်ကြောင့် ရွှေရောင် လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားကာ ဝမ်ရွှမ်ကျန့်ထံ ပြေးဝင်လာလေသည်။
ထိုဟိန်းသံသည် ၅ ကီလိုမီတာပတ်လည် မြေပြင်အား တုန်ခါစေပြီး ငလျင်အသေးစားများ ဖြစ်ပေါ်ကာ မြေပြင်အက်ကွဲ လာစေသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် မချိတင်ကဲဖြစ်ကာဖြင့် နားများကို အုပ်ထားရုံသာ တတ်နိုင်ကြသည်။
ဝမ်ရွှမ်ကျန့်သည် တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကို ခံရသော်လည်း တုန်လှုပ် ချောက်ချားခြင်းမရှိ မြဲမြံစွာ ရပ်နေလေသည်။
“မင်းက အဲဒါကို ဟိန်းသံလို့ ခေါ်တာလား”
ဝမ်ရွှမ်ကျန့်သည် အထင်သေးစွာ ဆိုလိုက်ပြီးနောက် နဂါးဟိန်းသံတစ်ခု ထုတ်လွှင့်ကာဖြင့် တုံ့ပြန်လိုက်သည်။
“ဝေါင်း”
ထိုဟိန်းသံသည် ပြိုင်ဘက်ကင်း နဂါးစွမ်းရည်များ ပါဝင်နေပြီး လျှပ်စီးပေါက်ကွဲရာမှ ထွက်ပေါ်လာသံသည် ရွှေကျားကြီး၏ ဟိန်းသံအား နစ်မြုပ်သွားစေပြီး ဖိအားအောက်တွင် မြေပြင်ပေတစ်ထောင် ပတ်လည်သည် လျှိုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် နာကျင်မှုကြောင့် နားများကို အုပ်ထားရလေသည်။ နားစည်များ ပေါက်ကွဲလုနီးနီး ဖြစ်ရုံသာမက ပေါက်ကွဲလှိုင်းများကြောင့် ဦးနှောက် ပျက်စီးလုနီးနီး ဖြစ်ကာ ပါးစပ်မှု အမြှုပ်များထွက်ကာဖြင့် သတိမေ့မတတ်ပင် ဖြစ်ရလေသည်။
“ခေါင်းဆောင်ရေ ... ရပ်လိုက်ပါတော့”
အန်လင်းသည် နာကျင်စွာ အော်စသ်လိုက်သည်။ သို့သော်လည်း ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲမှုကြောင့် သူ၏အော်သံမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရ လေသည်။
နှစ်ဦးစလုံး ငိုကြွေးမိတော့မည် ဖြစ်သည်။
တိုက်ခိုက်ခိုင်းတာလေ။ ဘာလို့များ ဟိန်းဟောက်တဲ့ပြိုင်ပွဲ ကျင်းပနေကြတာတုန်း။
ဤနှုန်းအတိုင်းဆိုလျှင် သူ၏အသင်းဖော် နှစ်ဦးစလုံးမှာ တိုက်ပွဲမတင်မီမှာပင် သေဆုံးသွားကြရ ပေလိမ့်မည်။
ဝမ်ရွှမ်ကျန့်၏ ဟိန်းသံကြောင့် ရွှေကျားကြီးမှာ သွေးတစ်ပွက် အန်လိုက်ရပြီး မယုံကြည်ခြင်းများဖြင့် ကြည့်နေမိလေသည်။
ယင်းသည် ရန်သူအား ခြိမ်းခြောက်ရန် အလို့ငှာ ဟိန်းဟောက်ရခြင်း ဖြစ်သည်။ မျှော်လင့်မထားသည်မှာ တစ်ဖက်လူသည် သူ့ထက် ပိုကျယ်လောင်သည့် ဟိန်းသံအား ပြုလုပ်နိုင်ခြင်းပင်။
မဟုတ်ဘူး။ ဒီကောင်က ငါ့ထက်အများကြီး ပိုသန်မာတယ်။
ရွှေကျားကြီး၏ အလိုလိုသိစိတ်အရ ထွက်ပြေးခြင်း မပြုလျှင် များမကြာမီမှာပင် သေဆုံးရပေလိမ့်မည်။
“သွားသေလိုက်တော့။ အနိုင်ယူကျား အံ့ဖွယ်နည်းစနစ်”
ထိုသို့ဟိန်းဟောက် ပြီးနောက် သူ၏ လက်ဖဝါးများအား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ပုတ်လိုက်သည်။ ဖုန်မှုန့်နှင့် မြေစိုင်မြေခဲများ မြင့်တက်လာလသေည်။
ဝမ်ရွှမ်ကျန့်သည် ကျား၏ တိုက်ကွက်အား ရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်လာလေသည်။
သုံးစက္ကန့်ကြာပြီးနောက်တွင် သူ၏အမူအရာမှာ ဒေါသအဖြင့်သို့ ပြောင်းလဲသွားလေသည်။
“၈ ဒီမအေပေးက ထွက်ပြေးဖို့ ကြိုးစားနေတာပဲ”
သူ၏ခန္ဓာကိုယ် ပတ်လည်တွင် လျှပ်စီးကြောင်းများ အက်ကွဲလာပြီး ကျားထွက်ပြေးသည့် အရပ်သို့ ဦးတည်ကာ ထိုးနှက်လိုက်လေသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် နေရာတွင်သာ ကြောင်လျက်သား ရပ်နေကြဆဲဖြစ်ကာ နားများကို ခပ်တင်းတင်း အုပ်ထားဆဲဖြစ်သည်။
လျှိုချင်ဟွမ်၏ ခရမ်းရောင်မျက်လုံး တောက်တောက်လေးများတွင် မျက်ရည်များ ဝေ့သီလာပြီး …
“အန်လင်းရေ ... ငါတော့ နားကန်းသွားပြီ ထင်တယ်။ ဘာမှ မကြားရတော့ဘူး”
အန်လင်းသည်လည်း ပါးစပ်ဖွင့်ကာဖြင့် စိတ်ရှုပ်ထွေးစွာ အော်ဟစ်လိုက်သည်။
“ဟမ် ... ဘာတွေပြောနေတာလဲ”
လျှိုချင်ဟွမ်သည် အန်လင်း နှုတ်ခမ်းလှုပ်သည်ကို မြင်လိုက်ရသည်ကြောင့်…
“ဟမ် ... နင်ဘာတွေပြောနေတာလဲ”
***
“မျိုးမစစ်ကောင် မင်း လွတ်မယ်ထင်နေလား”
ဝမ်ရွှမ်ကျန့်သည် လျှပ်စီးနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လှံမှာလည်း လျှပ်စီးကြောင်းများဖြင့် ရောယှက်နေလေသည်။
ဝမ်ရွှမ်ကျန့်သည် လျှပ်စီးသဖွယ် မြန်ဆန်စွာဖြင့် ကျားအား ခုခံနိုင်ခွင့် မပေးချေ။
ကျားသည် လေထဲတွင် အကြိမ်ရေ အနည်းငယ်ခန့် လိမ်တွန့်သွားပြီး နောက်တွင် လှံသွားသည် ယင်း၏ခန္ဓာကိုယ်အား ထုတ်ချင်းပေါက် သွားလေသည်။ လျှပ်စီးကြောင်းများသည် ပေတစ်ထောင် ပတ်လည်အား အက်ကွဲစေပြီး မြေပြင်အား ဆုတ်ဖြဲလိုက်လေသည်။
ကျား၏ခန္ဓာကိုယ်အနှံ့မှ သွေးများယိုစီးကျလာပြီး မြေပြင်တွင် ပုံလျက်သား လဲကျကာ ဝေဒနာပြင်းစွာဖြင့် ညည်းညူနေလေသည်။
ဝမ်ရွှမ်ကျန့်မှာ ရပ်တန့်ခြင်းမရှိချေ။ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်ဖော်ကာဖြင့် ရွှေကျားအား သူ၏လှံဖြင့် ရက်ရက်စက်စက် ထိုးနှက်လိုက်လေသည်။
“နဂါးခေါင်းဦးညွှတ်”
အဇူရာနဂါးပုံရိပ် ပေါ်လာပြီးနောက် ကျားထံသို့ လှံဖြင့် ထိုးလိုက်လေသည်။
ကျားသည် နောက်ခြေဖြင့် ပတတ်ရပ်လိုက်ပြီး ယင်း၏ အုပ်ချုပ်သူနယ်ပယ်အား အပြည့်အဝ ထုတ်ဖော်လိုက်လေသည်။ ရွှေရောင် ကျားခေါင်းပုံရိပ် ပေါ်လာပြီး အဇူရာနဂါးပုံရိပ်နှင့် ထိပ်တိုက်ရင်ဆိုင် မိလေသည်။
ဘုန်း…
အဇူရာနဂါးနှင့် ကျားခေါင်းတို့ ပြင်းထန်စွာ တိုက်မိကြပြီးနောက် ထက်မြိနေသည့် သွားများဖြင့် ကိုက်ဖြဲကြလေသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီးနောက် မြေပြိုကျကာ လေပြင်းများ ဖြစ်ပေါ်လာသည်။
အဆုံးတွင် အဇူရာနဂါးသည် ကျားခေါင်းအား အနိုင်ရရှိသွားသည်။
ဝမ်ရွှမ်ကျန့်၏ လှံရှည်သည်လည်း ကျားခေါင်းအား ထိုးဖောက်သွားသည်။
“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက်မှ တစ်မှတ် ရရှိပါတယ်”
ဒု-ကျောင်းအုပ် ယူဟွာ၏အသံ ထွက်ပေါ်လာသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် အပျက်အစီးများအတိုင်း လိုက်လာကြရင်း ကြေညာသံကို ကြားလိုက်သည့်အခါတွင် အောင်ပွဲခံလိုက်ကြသည်။
“ဟဟ စီနီယာဝမ်ကတော့ တကယ်ကို စိတ်ချရတယ်။ အဲဒီကျားကို သေသေချာချာလေး ဂရုစိုက်လိုက်ပုံပဲ”
လျှိုချင်ဟွမ်သည် သူမ၏ လက်သီးများကို စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်းလိုက်သည်။
တစ်အောင့်ကြာအောင် နားထိုင်းပြီးသည့် နောက်တွင် အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် အကြားအာရုံ ပြန်လည်ရရှိလာပြီး ဝမ်ရွှမ်ကျန့်ထံ လိုက်လာကြလေသည်။
“သောက်တော်ရေခွက် ရသွားတဲ့ အကြိမ်တိုင်းမှာ ကြေညာချက်ထုတ်ပြန်မယ် ထင်တယ်။ အဲဒီလိုဆိုရင်တော့ တခြားအဖွဲ့တွေက တစ်ခုမှမရသေးတဲ့ သဘောပေါ့။ ကျွန်တော်တို့တော့ ပထမဆုံး သွေးသောက် လိုက်ရပြီပေါ့လေ”
အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။
အမှတ်တိုင်းမှာ အရေးကြီးလှသည်။ ထို့ကြောင့် တစ်မှတ်တည်းသာ ရရှိထားသော်လည်း အဖွင့်လှသည်ဟု ဆိုရပေမည်။
ကျုံးလုံတောင်တန်းတစ်နေရာ။
ဩဂတ်စ်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ အဝေးသို့ ကြည့်လိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ ကောင်းကင်ဘုံပိုင်နက်က တစ်မှတ်ရသွားပြီ”
ရှယ်လီသည် တခစ်ခစ် ရယ်မောကာဖြင့် သူမလက်များအား ဝှေ့ယမ်းလိုက်သည်။
“ထိပ်ဆုံးနေရာကို သူတို့နဲ့ ပြိုင်မလုဘဲ နေကြစို့။ အန်လင်းသာ အတည် တိုက်ခိုက်လာမယ်ဆိုရင် ရှုံးနိမ့်ခြင်းသက်သေခံ ကတ်ပြားလည်း ငါတို့ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”
ဩဂတ်စ်သည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့။ ငါတို့အနေနဲ့ တတ်နိုင်သလောက် ကောင်းကင်ဘုံ ပိုင်နက်ကလူတွေနဲ့ တိုက်ခိုက်ဖို့ကို ရှောင်ရမယ်။ ဗုဒ္ဓလောကနဲ့ ဖန်တီးခြင်းခန်းမက လူတွေကို တွေ့ရင်တော့ အကောင်းဆုံး တိုက်ခိုက်ကြတာပေါ့”
အန်လင်းသည် မဟူရာညအကြီးအကဲကိုပင် သတ်ဖြတ်နိုင်လောက်သည် အထိ စွမ်းအားကြီးသူ ဖြစ်သည်။ ထို့ကြောင့် အန်လင်းအား တိုက်ခိုက်ဖို့ရန် ရွေးချယ်ရလောက်သည် အထိ မထုံထိုင်းပေ။ မည်သို့ပင်ဖြစ်သည် သူတို့ထံတွင် အသက်တစ်ချောင်းသာ ရှိပေသည်။ ယင်းအား ဖြုန်းတီးဖို့ရာ မဖြစ်နိုင်။
ဗုဒ္ဓလောကမှ ပြိုင်ပွဲဝင် ကိုယ်စားလှယ်များသည်လည်း ထိုကြေညာချက်အား ကြားလိုက်ရသည်။ သို့သော်လည်း တုံ့ပြန်ရန် အချိန်မရှိကြချေ။
အကြောင်းမှာ ဦးခေါင်းထက်တွင် သံသောက်တော်ရေခွက် ရှိသည့် အရိုးနဂါး တစ်ကောင်သည် သူတို့အား လိုက်လံဖမ်းဆီး နေခြင်းကြောင့်ဖြစ်သည်။
“ညီငယ်လေးတို့ အဲဒီမြောင်းထဲမှာ သွားပုန်းနေလိုက်”
ချင်ကျစ်သည် အော်ဟစ်ကာဖြင့် သူ၏လက်ထဲရှိ ၉၉ ခုသော ဗုဒ္ဓပုတီးစေ့များအား အရိုးနဂါးထံသို့ ပစ်လွှတ်ကာဖြင့် ချုပ်နှောင်မန္တန်ဝင်္ကပါ ဖွဲ့စည်းကာ အရိုးနဂါးအား ခေတ္တမျှ ချုပ်နှောင်ထား လိုက်နိုင်သည်။
ချင်ရှင်းနှင့် ချင်ယန်တို့သည် မျက်ရည်လည်ရွဲဖြင့် မြောင်းထံသို့ ပြေးသွားကြလေသည်။
သူတို့အတွက် ဤစမ်းသပ်ချက်မှာ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံဖြစ်သည်။ သောက်တော်ရေခွက်အား သယ်ဆောင်လာသည့် အရိုးနဂါးအား မြင်လိုက်ရစဉ်တွင် သူတို့အားလုံး ပီတိဖြာကာ တက်ကြွလာကြသည်။
သို့သော်လည်း သူတို့သည် အရိုးနဂါး၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ရသည့်အခါတွင် ရှင်သန်နိုင်ရေးအတွက် ပြေးလွှားနေကြရသည်။ ဝမ်းနည်းဖွယ်ရာ ကံကြမ္မာပင် ဖြစ်လေသည်။
***