အခန်း (၂၅၉)
Vol. 26 Ch. 259
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထို့နောက် စိတ်စွမ်းအင်ဖြင့် ပစ်မှတ်ကို ချိန်ရွယ်လိုက်သည်။ “စမယ်” ကြီးကြပ်ရေးမှူးကုန်းကုန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။
ချိန်ရွယ်မှု ပြီးဆုံးသွားသောအခါ ထန်ယန် စတင်ပစ်ခတ်လိုက်သည်။
“ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး ၊ ရွှီးးးး”
သူသည် တုပိုင်ကဲ့သို့ပင် ၊ တုပိုင်ထက်ပင် ပိုမို လျင်မြန်သော အရှိန်အဟုန်ဖြင့် ပစ်ခတ်လိုက်သည်။ တုပိုင်သည် မြှား ၁၅ စင်းကို စက္ကန့် ၃၀ အတွင်း ပစ်ခတ်ခဲ့သော်လည်း ထန်ယန်သည် သူ့ထက် စက္ကန့်အနည်းငယ် ပိုမြန်သည်။
သို့သော် ပစ်မှတ်၏ ရမှတ်ကို ကြည့်လိုက်သောအခါ ထန်ယန်၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားပြီး မျက်နှာထား ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ အမှတ်ပြည့် မရရှိခဲ့သောကြောင့် ဖြစ်သည်။ မြှားတစ်စင်းသည် ပစ်မှတ်အလယ်တည့်တည့်နှင့် အမှတ်ရသော စက်ဝိုင်းကြားတွင် စိုက်ဝင်နေသည်။
မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲကြီးသည် အလွန်တင်းကျပ်သည်။ အမှတ်ပြည့်ရရန်အတွက် မြှားသည် ပစ်မှတ်အလယ်တည့်တည့် အတွင်းသို့ လုံးဝ ဝင်ရောက်နေရမည် ဖြစ်ပြီး စက်ဝိုင်းဘောင်ကို ထိမိနေ၍ မရပေ။ ထို့ကြောင့် ဤငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းတွင် ထန်ယန်သည် ၀.၅ မှတ် လျော့နည်းသွားပြီး ၁၄.၅ မှတ်သာ ရရှိတော့သည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ရှိ လူများသည် အသက်ပြင်းပြင်း ရှူလိုက်မိကြပြီး မယုံကြည်နိုင်သော မျက်နှာထားများ ဖြစ်ပေါ်လာကြသည်။ သေချာသည်မှာ သူ အလွန်ကောင်းမွန်အောင် ပစ်ခတ်နိုင်ခဲ့သောကြောင့် မဟုတ်ဘဲ ၊ မြှားပစ်ခြင်းတွင် သူသည် တုပိုင်ကို ရှုံးနိမ့်သွားသောကြောင့် အာမေဋိတ်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
၁၄.၅ မှတ် ဆိုသည်မှာ အလွန်တရာ မြင့်မားသော ရမှတ် ဖြစ်ပြီး ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ သမိုင်းဝင် စံချိန်ကိုပင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် တုပိုင်နှင့် နှိုင်းယှဉ်လိုက်သောအခါ ထန်ယန် ရှုံးနိမ့်သွားခဲ့သည်။ ဤရလဒ်ကို မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထန်ယန်ဆိုသည်မှာ မည်သူနည်း။ သူသည် အားလုံး၏ စံပြအဆင့်ရှိသော ပုဂ္ဂိုလ် ၊ မိန်းမစိုးဂိုဏ်း မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင် ဖြစ်သည်။ သူက ထိုအသုံးမကျသည့် တုပိုင်ကို ရှုံးနိမ့်သွားခဲ့သည်လော။ တုပိုင်ကို အသုံးမကျဟုဆိုလျှင် သူတို့ကိုယ် သူတို့ အမှိုက်ဟုအမည်တပ်ရပေမည်။
ထန်ယန်၏ ခေါင်းပေါ်မှ ကြည်ညိုဖွယ် ရောင်ခြည်စက်ဝန်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ အခြေခံသိုင်းပညာ စာမေးပွဲ၏ တတိယဘာသာရပ် ပြီးဆုံးသွား၏။ ထန်ယန်၏ စုစုပေါင်းရမှတ်မှာ ၂၉၇.၅ မှတ် ဖြစ်သည်။
တုပိုင်၏ စုစုပေါင်းရမှတ်မှာ ၂၈၅ မှတ် ဖြစ်သည်။ မူလက သူသည် ထန်ယန်၏ နောက်တွင် ၁၃ မှတ် ပြတ်ကျန်နေခဲ့သော်လည်း ယခုအခါ နည်းပါးသော်လည်း အလွန် တန်ဖိုးရှိသော ၀.၅ မှတ်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
နေ့လယ်ပိုင်းတွင် အခြေခံသိုင်းပညာ စာမေးပွဲ၏ နောက်ဆုံးဘာသာရပ် ဖြစ်သော မြင်းစီးမြှားပစ်ခြင်း စတင်လေသည်။ အမှတ်ပြည့်မှာ ၁၅ မှတ် ဖြစ်သည်။
မြင်းစီးမြှားပစ်ကွင်းသည် အချင်း မီတာ ၁၅၀ ခန့်ရှိသော စက်ဝိုင်းပုံစံ အလုံပိတ် လေ့ကျင့်ရေးကွင်း ဖြစ်သည်။
ဖြေဆိုသူများသည် အရှေ့ဘက်ဝင်ပေါက်မှတစ်ဆင့် မြင်းစီးပြီး အလုံပိတ်ဧရိယာထဲသို့ ဝင်ရောက်ရမည်။ ထို့နောက် ဝင်ပေါက်ကို ပိတ်လိုက်ပြီး တောကြက်ရိုင်း ၁၅ ကောင်ကို လွှတ်ပေးလိုက်မည် ဖြစ်သည်။
လန့်ဖျပ်နေသော ဤတောကြက်ရိုင်း ၁၅ ကောင်သည် ရူးသွပ်မတတ် ပျံသန်းပြေးလွှားကြပေလိမ့်မည်။ ဖြေဆိုသူများသည် လက်ဖက်ရည်တစ်ခွက် သောက်စာအချိန် ၊ တိကျစွာ ပြောရလျှင် ၂ မိနစ်အတွင်း ဤတောကြက်ရိုင်း ၁၅ ကောင်စလုံးကို ပစ်သတ်ရမည် ဖြစ်သည်။
အရှေ့ဘက်ဝင်ပေါက်မှ ဝင်ရောက်ပြီး အနောက်ဘက်ထွက်ပေါက်မှ ထွက်ခွာသည့် အချိန်အထိ ဖြေဆိုသူများသည် ဖြောင့်တန်းနေသော မြင်းစီးလမ်းကြောင်းမှ လုံးဝ ထွက်ခွာခွင့် မရှိသလို ၊ ချိန်ရွယ်ရန်အတွက် ရပ်တန့်ခွင့်လည်း မရှိပေ။ စစ်မြင်းသည် အဆက်မပြတ် ရွေ့လျားနေရမည် ဖြစ်ပြီး ရှေ့သို့သာ တိုးရမည် ၊ နောက်ဆုတ်၍ မရပေ။ ဖြေဆိုသူများသည် မြင်းပေါ်မှ ဆင်းခွင့် မရှိပေ။
တောကြက်တစ်ကောင် သေဆုံးလျှင် ၁ မှတ် ရရှိမည်။ ထိမှန်သော်လည်း မသေဆုံးပါက ၀.၅ မှတ် ရရှိမည်။ ဤလိုအပ်ချက်များကို ကြည့်ခြင်းအားဖြင့် မြင်းစီးမြှားပစ်ခြင်းသည် အလွန် ၊ အလွန် ၊ အလွန် ခက်ခဲကြောင်း ထင်ရှားနေသည်။
နှစ်စဉ် ဘွဲ့ယူစာမေးပွဲကြီး ကျင်းပတိုင်း ဤဘာသာရပ်တွင် ကျရှုံးသူ မရေမတွက်နိုင်အောင် ရှိပြီး အောင်မြင်သူ အရေအတွက်သည် ၁၀ ရာခိုင်နှုန်းပင် မကျော်လွန်ပေ။
ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ စတင်တည်ထောင်ချိန်ကတည်းက မြင်းစီးမြှားပစ်ခြင်းအတွက် သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ်မှာ ၁၁ မှတ်သာ ဖြစ်သည်။
စစ်မြင်းကလည်း ရွေ့လျားနေသည် ၊ လူကလည်း ရွေ့လျားနေသည် ၊ လန့်ဖျပ်နေသော တောကြက်ရိုင်းများကလည်း ရူးသွပ်မတတ် ပြေးလွှားပျံသန်းနေကြသည်။ တောကြက်ရိုင်းများကို ထိမှန်အောင် ပစ်ခတ်ရန်မှာ တကယ်ကို ခက်ခဲလွန်းလှသည်။
ဤစာမေးပွဲကို တစ်ကြိမ်လျှင် တစ်ယောက်သာ ဖြေဆိုနိုင်ပြီး လူ ၂၀၀ ကျော် ဖြေဆိုပြီးစီးရန် နေ့လယ်ပိုင်း တစ်ခုလုံးနှင့် မနက်ပိုင်း တစ်ခုလုံး ၊ စုစုပေါင်း တစ်ရက်တိတိ ကြာမြင့်မည် ဖြစ်သည်။ တုပိုင် ကံကောင်းသည်ဟု ဆိုရမည်။ သူသည် နံပါတ် ၉ နေရာကို မဲပေါက်သည်။ ယန်ရှီက ပို၍ ကံကောင်းပြီး နံပါတ် ၅ နေရာကို မဲပေါက်သည်။
လေ့ကျင့်ရေးကွင်းကို ၃ မီတာ ၊ ၄ မီတာခန့် မြင့်သော ဝါးခြံစည်းရိုးများဖြင့် ကာရံထားသောကြောင့် ယန်ရှီသည် အပြင်ဘက်မှနေ၍ ရှေ့လူ ၈ ဦး၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေလိုက်သည်။ တောကြက်ရိုင်းများ အပြင်သို့ ပျံထွက်မသွားနိုင်သော်လည်း အတွင်းဘက် အခြေအနေကို မြင်နိုင်သော အပေါက်များစွာ ရှိနေသည်။
ရှေ့လူ ၈ ဦး၏ ရမှတ်များမှာ တကယ်ကို ဆိုးရွားလှသည်။
မြင်းစီးမြှားပစ်ခြင်းသည် အလွန်တရာ ခက်ခဲကြောင်း တုပိုင် တွေ့ရှိလိုက်သည်။ အကယ်၍ စိတ်စွမ်းအင် မနိုးထသေးလျှင် နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့သော အတွေ့အကြုံအပေါ် မူတည်ပြီး အာရုံခံစားမှုကို တည်ဆောက်ရမည် ဖြစ်သည်။ သို့သော် မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသား ဘယ်နှယောက်ကများ မကြာခဏ အမဲလိုက်ဖူးကြသနည်း။
ပထမ ဖြေဆိုသူ ၊ ၀ မှတ်။
ဒုတိယ ဖြေဆိုသူ ၊ ၀ မှတ်။
တတိယ နှင့် စတုတ္ထ ၊ ၀ မှတ်သာ ရရှိသည်။
ယန်ရှီ၏ အလှည့် ရောက်လာသောအခါ သူသည် အများကြီး ပိုကောင်းမွန်ပြီး တောကြက်ရိုင်း ၈ ကောင်ကို ပစ်သတ်နိုင်ခဲ့ကာ ၈ မှတ် ရရှိခဲ့သည်။
“ဝါးဟားဟားဟား” စာမေးပွဲကွင်းထဲမှ ထွက်လာပြီးနောက် သူသည် လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်ပြီး အောင်ပွဲခံလိုက်သည်။
ဆဋ္ဌမလူ ၁ မှတ် ၊ သတ္တမလူ ၃ မှတ် ၊ အဋ္ဌမလူ ၀ မှတ် ရရှိကြ၏။ မကြာမီ တုပိုင်၏ အလှည့် ရောက်ရှိလာတော့မည်။ အချိန် အလွန်ကပ်နေသောကြောင့် တုပိုင်သည် မြင်းစီးမြှားပစ်ခြင်းကို လုံးဝ မသင်ယူခဲ့ရပေ။
သို့သော် စိတ်စွမ်းအင် နိုးထထားပြီး စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ် ရှိနေသောကြောင့် ပြဿနာ မရှိနိုင်ဟု တုပိုင် ယုံကြည်ထားသည်။
“နဝမမြောက် ဖြေဆိုသူ ၊ တုပိုင်” ကြီးကြပ်ရေးမှူးကုန်းကုန်းက ခေါ်လိုက်သည်။
ချက်ချင်းပင် လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ လူအများဆုံး မျှော်လင့်စောင့်စားနေသော အခိုက်အတန့် ရောက်ရှိလာပြန်၏။ ယခုအချိန်တွင် ရာပေါင်းများစွာသော လူများသည် မြှားပစ်စာမေးပွဲကွင်း အပြင်ဘက်တွင် စုရုံးနေကြပြီး တုပိုင်၏ ရမှတ်ကို စောင့်ကြည့်နေကြ၏။ သူ အံ့ဖွယ်ဖြစ်ရပ်များကို ဆက်လက် ဖန်တီးဦးမည်လော ၊ သို့မဟုတ် သူ၏ ဉာဏ်ကြီးရှင် ဇာတ်လမ်း အဆုံးသတ်သွားမည်လား ဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။
ထန်ယန် ၊ ကျောင်းအုပ်သစ် ၊ လန်ထင် ၊ ယန်ရှီနှင့် အခြားသူများ အားလုံးသည် အသက်အောင့်ပြီး တုပိုင်၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ တာ့နင်အင်ပါယာသည် မြောက်ဘက်ဒေသမှ လှည့်လည်သွားလာသော လူမျိုးစုများ မဟုတ်ပေ။ မြင်းစီးမြှားပစ်ခြင်းသည် ရိုးရှင်းစွာပင် အလွန် ခက်ခဲလွန်းလှသည်။ ထန်ယန်သည် စိတ်စွမ်းအင် နိုးထထားပြီး စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို နားလည်ထားသော်လည်း အမှတ်ပြည့် တခါမှ မရရှိခဲ့ဖူးပေ။
ထို့ကြောင့် တုပိုင်သည် စိတ်စွမ်းအင် နိုးထပြီး စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်လျှင်ပင် အများဆုံး ၁၂ မှတ်လောက်သာ ရရှိနိုင်မည်။ ဒီထက် ပိုရဖို့ မဖြစ်နိုင်ပေ။ တုပိုင်သည် တောရိုင်းမြင်းဘုရင်အပေါ်သို့ ခုန်တက်လိုက်သည်။ မြင်းစီးမြှားပစ် စာမေးပွဲ စတင်ပြီ ဖြစ်၍ တုပိုင်သည် ခြံစည်းရိုးခတ်ထားသော လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်လိုက်သည်။
ဦးစီးသူများက တောကြက်ရိုင်း ၁၅ ကောင်ကို လွှတ်ပေးလိုက်သည်။ လန့်ဖျပ်နေသော ဤတောကြက်ရိုင်းများသည် အမှန်တကယ်ပင် ရူးသွပ်မတတ် ပြေးလွှားခုန်ပေါက်နေကြပြီး ရွေ့လျားမှု အလွန် မြန်ဆန်ကာ ဦးတည်ချက်မဲ့နေကြသည်။
“အသင့်ပြင်”
တုပိုင် လေးကို ဆွဲပြီး မြှားကို တင်လိုက်သည်။
“စမယ်”
တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးပြီး မမြန်လွန်း မနှေးလွန်းသော အရှိန်ဖြင့် ရှေ့သို့ တိုးလာသည်။ သူသည် ၂ မီတာ ကျယ်သော မြင်းစီးလမ်းကြောင်းမှ ထွက်ခွာ၍ မရပေ။ ထွက်ခွာလိုက်သည်နှင့် သုညမှတ် ဖြစ်သွားပေလိမ့်မည်။
တုပိုင်သည် ညာဘက်အစွန်ဆုံးရှိ တောကြက်တစ်ကောင်ကို ချိန်ရွယ်ရန် သူ၏ စိတ်စွမ်းအင်များကို စုစည်းလိုက်ပြီး စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ လုံးဝ ချိန်ရွယ်၍ မရနိုင်ကြောင်း ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။ ‘စိတ်စွမ်းအင် နိုးထထားတာတောင် မချိန်ရွယ်နိုင်ဘူးလား။’ တုပိုင် အံ့ဩသင့်သွား၏။
ရေတံခွန်မှ အလွန်လျှင်မြန်စွာ ပြုတ်ကျနေပြီး သေးငယ်လွန်းလှသည့် ရေစက်ကိုတောင် ချိန်ရွယ်နိုင်ခဲ့ပါလျက် ၊ ယခုအခါတွင် အဘယ်ကြောင့် တောကြက်တစ်ကောင်ကို မချိန်ရွယ်နိုင်ရသနည်း။
အကြောင်းရင်းကို သူ ချက်ချင်း နားလည်လိုက်သည်။ ကျဆင်းနေသော ရေစက်၏ လမ်းကြောင်းသည် ပုံသေဖြစ်သော်လည်း တောကြက်များသည် ဦးတည်ချက်မဲ့ ခုန်ပေါက်နေကြပြီး ၊ ရွေ့လျားမှု လမ်းကြောင်းသည် လုံးဝ ဖရိုဖရဲ ဖြစ်နေသည်။
ပစ်မှတ်ကို မချိန်ရွယ်နိုင်ခြင်းသည် ပြဿနာကြီး ဖြစ်သည်။ သူ အလွန်နိမ့်ကျသော ရမှတ်ကို ရရှိနိုင်ပြီး ထန်ယန်ကို အနိုင်ရရန် မျှော်လင့်ချက်များကို အဘွားထံမှ မုန့်ဖိုးရလျှင် အမေယူသွားသလို အကုန်ပလုံသွားနိုင်သည်။
မြင်းစီးမြှားပစ်ခြင်းသည် ကောင်းကင်ကို အာခံနိုင်လောက်အောင် ခက်ခဲကြောင်း ၊ စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်နှင့် စိတ်စွမ်းအင် နိုးထခြင်းတို့ပင် အသုံးမဝင်ကြောင်း တုပိုင် နောက်ဆုံးတော့ နားလည်လိုက်သည်။
သူ အမြန်ဆုံး တည်ငြိမ်အောင် လုပ်လိုက်သည်။ စစ်မြင်းသည် ရှေ့သို့ ဆက်သွားနေရမည် ဖြစ်ပြီး ရပ်တန့်၍ မရပေ။
“ဟုတ်ပြီ ၊ စိတ်နယ်ပယ်၏ အချိန်နှေးကွေးစေခြင်း နည်းစနစ်”
ဆရာသခင်ကြီး နင်ဇောင်ဝူ ပေးထားသော စိတ်စွမ်းအင် နိုးထခြင်း နည်းစနစ်စာအုပ်ထဲတွင် အချိန်နှေးကွေးစေခြင်း နည်းစနစ်နှင့် ပတ်သက်သော ကဏ္ဍတစ်ခု ပါရှိသည်။
တုပိုင်တွင် ကြီးမားသော အထင်အမြင်လွဲမှားမှုတစ်ခု ရှိခဲ့သည်။ အချိန်နှေးကွေးစေခြင်း နည်းစနစ်နှင့် စိတ်စွမ်းအင် နိုးထခြင်းသည် တွဲဖက်ပါလာသည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် ထိုသို့ မဟုတ်ပေ။ အချိန်နှေးကွေးစေခြင်း နည်းစနစ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်ကိုပင် အာခံနိုင်သော စိတ်စွမ်းအင်ဆိုင်ရာ လျှို့ဝှက်သိုင်းကျမ်းတစ်ခု ဖြစ်သည်။ နင်ဇောင်ဝူနှင့် အခြားသော ဆရာသခင်ကြီး အနည်းငယ်မှလွဲ၍ အခြားနေရာများတွင် သင်ယူရန် မဖြစ်နိုင်သလောက် ဖြစ်သည်။
တုပိုင်သည် ဤအချိန်နှေးကွေးစေခြင်း နည်းစနစ်ကို သတိရလိုက်ပြီး ချက်ချင်း ထုတ်ဖော်အသုံးပြုလိုက်သည်။ ချက်ချင်းပင် သူ၏ စိတ်ကမ္ဘာထဲရှိ အချိန်သည် အဆပေါင်းများစွာ နှေးကွေးသွားသကဲ့သို့ ဖြစ်သွားပြီး ဦးတည်ချက်မဲ့ ခုန်ပေါက်နေသော တောကြက်များ၏ အရှိန်သည်လည်း ချက်ချင်း လေးလံထိုင်းမှိုင်းသွားသည်။
ဤကဲ့သို့ဆိုလျှင် တုပိုင်သည် ထိုသောက်ကြက်များအား အသာအယာပြစ်ခေတ်ကာ ကြက်စွတ်ပြုတ်သောက်ပြီး စားသောက်နိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် မူလက ကောင်းကင်လောက် မြင့်မားသော အခက်အခဲသည် လွယ်ကူသော အရာတစ်ခု ဖြစ်သွားသည်။
သူ အမြန်ဆုံး ချိန်ရွယ်လိုက်ပြီး စစ်မြင်းကို အရှိန်မြှင့်ကာ ရှေ့သို့ မောင်းနှင်လိုက်သည်။
“ဟီးးးးး” (မြင်းသံနော် 😅)
“ရွှီးးးး ရွှီးးးး ရွှီးးးး ရွှီးးးး”
စက္ကန့် ၃၀ အတွင်း သူ၏ မြင်းသည် စာမေးပွဲကွင်းထဲမှ ပြေးထွက်လာခဲ့သည်။ ထိုစက္ကန့် ၃၀ အတွင်း သူသည် မြှား ၁၅ စင်းကို ဆက်တိုက် ပစ်ခတ်ခဲ့သည်။
အကြောက်စရာ အကောင်းဆုံး အချက်မှာ မြှား ၁၅ စင်းစလုံးသည် ခေါင်း နှင့် ရင်ဘတ်ကသို့သော အဓိကနေရာများကို ထိမှန်ခဲ့ပြီး တောကြက် ၁၅ ကောင်စလုံး ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အမှတ်ပြည့် ၊ နောက်ထပ် ကောင်းကင်ကို အာခံနိုင်သော အမှတ်ပြည့် ၊ သမိုင်းဝင် စံချိန်များကို နောက်တစ်ကြိမ် ချိုးဖျက်လိုက်ခြင်း ၊ စံချိန်သစ်တစ်ခုကို တုပိုင်သည် နောက်ထပ်တစ်ကြိမ် ဖန်တီးလိုက်ခြင်းဖြစ်သည်။
**--**--**--**--**--**--**--**
နန်နင်းစီရင်စု ၊ နန်ဟိုင်သိုင်းသင်တန်းကျောင်းတွင် လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံး လက်ရွေးစင်စစ်သည် ၁၀၀ ကို ဦးဆောင်ပြီး နတ်ဘုရားဆင်းလာလျှင် နတ်ဘုရားကို သတ်သည် ၊ မိစ္ဆာဘုရင်ကြွလာလျှင် မိစ္ဆာဘုရင်ကို သတ်သည့် ပုံစံဖြင့် တိုက်ခိုက်နေသည်။
နည်းပြဆရာ ဖြစ်နေလည်း ဂရုမစိုက်သလို ၊ ကျောင်းသားစစ်သည် ဖြစ်နေလည်း ဂရုမစိုက်ချေ။ အာဏာရှိသည့် သူကောင်းမျိုးရိုးလည်း ဘောင်မဝင်သလို ၊ ဂုဏ်သရေရှိတဲ့ အမတ်မျိုးဆက်သည်လည်း လီဝမ်ဟွေ့၏ ဓားကို မတားစီးနိုင်ချေ။ သူတို့လမ်းကို ပိတ်ဆို့ရဲသူ မှန်သမျှ ထက်ခြမ်းကွဲသွားရမည် ၊ အရှင်လတ်လတ် နှစ်ပိုင်းပြတ်သွားရမည်။
“သတ် ၊ သတ် ၊ သတ် ၊ အကုန်သတ်”
သူ ဦးဆောင်သော အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်ပညာရှင်များသည် ဓားမြှောင်တစ်ချောင်းကဲ့သို့ နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ကျောင်းသားစစ်သည် ခံစစ်စည်းကို ထိုးခွဲလိုက်သည်။ သူတို့နှင့် ထိုက်တန်သော ပြိုင်ဘက်ဟူ၍ မရှိပေ။
သူတို့သည် တံတိုင်းပေါ်သို့ လွယ်ကူစွာ တက်ရောက်သွားပြီး ခံစစ်ကို ဆွဲဖြဲလိုက်သည်။ မိနစ်ပိုင်းအတွင်း ရာပေါင်းများစွာသော အသက်များသည် သူတို့၏ ဓားသွားအောက်တွင် စတေးခံလိုက်ရပြီး တစ်ယောက်ချင်းစီတိုင်းသည် အလွန်ဆိုးရွားစွာ သေဆုံးခဲ့ကြရသည်။
ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးညှီနံ့များ ကောင်းကင်သို့ ထိုးတက်နေသည်။ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားစစ်သည်များသည် အလွန် ကြောက်ရွံ့သွားကြပြီး လက်နက်ချ အရှုံးပေးလိုက်ကြသည်။ မည်သူမျှ သူ့လမ်းကို ပိတ်ဆို့ရဲခြင်း မရှိကြတော့ပေ။
လီဝမ်ဟွေ့ ဦးဆောင်သော အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်ပညာရှင်များသည် နန်ဟိုင်သိုင်းသင်တန်းကျောင်းထဲသို့ လွယ်ကူစွာ ဝင်ရောက်သွားပြီးနောက် ပင်မတံခါးကြီးကို ဖွင့်လိုက်ကြသည်။
“ဘုန်းးး ၊ ဘုန်းးး ၊ ဘုန်းးး ”
အပိုင်း ၂၅၉ ပြီး။