ပြေး …..
Vol. 10 Ch. 105
စုန့်ဝမ်လည်း အခြားအပြင်စည်းကျင့်ကြံသူများ၏ နောက်မှနေ၍ ခပ်ဖြည်းဖြည်း ပျံသန်းလိုက်ပါလာခဲ့သည်။ အပြင်စည်းတပည့်များ၏ ကျင့်ကြံခြင်းအဆင့်မှာ ချီစုစည်းခြင်း အလယ်အဆင့်သာ ရှိသေးသဖြင့် သူတို့၏ ပျံသန်းနှုန်းမှာ အားနည်းလှသည်။
အတန်ကြာသောအခါ သူတို့အုပ်စု ခြောက်မိုင် ခုနစ်မိုင်ခန့် ခရီးပေါက်လာပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သည့် အစေခံတပည့်များမှာမူ တောင်ခြေသို့ ဆင်းသက်ပြီး အလောင်းကောင်နတ်ဆိုးဂိုဏ်း တည်ရှိရာဆီသို့ အသည်းအသန် ပြေးလွှားနေခဲ့ကြသည်။
စုန့်ဝမ်က သူ၏ မဟူရာသံချပ်ကာကူကို နောက်တွင် ကင်းထောက်အဖြစ် လိုက်ပါစေခဲ့သဖြင့် နောက်မှ လိုက်ပါလာသော အစေခံတပည့်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးနေသည်ကို သတိပြုမိလိုက်သည်။ အဆိုပါ မဟူရာသံချပ်ကာကူမှာ ခံတပ်တည်ဆောက်သည့် ရက်များအတွင်း မဟူရာကူမှ ဆင့်ကဲပြောင်းလဲလာသော ကူတစ်ကောင် ဖြစ်သည်။ အဆင့်မြင့်ကူအဖြစ်သို့ မရောက်ရှိသေးသော်လည်း အခြားမဟူရာကူများထက် ခွန်အားနှင့် ကြံ့ခိုင်မှုပိုင်းတွင် သိသိသာသာ သာလွန်နေပြီ ဖြစ်သည်။
စုန့်ဝမ် အခြေတည်အဆင့် တက်လှမ်းနိုင်ခဲ့စဉ်ကပင် သူ၏ ဝိညာဥ်စွမ်းအင်သည်လည်း အဆမတန် မြင့်မားလာခဲ့ရာ ယခုအခါ အခြေတည်နယ်ပယ် အလယ်အဆင့်ရှိသူနှင့် ရင်ဘောင်တန်း နိုင်နေပြီဖြစ်သည်။ သူ၏ ဝိညာဥ်အာရုံသည် နှစ်မိုင်ပတ်လည်အထိ လွှမ်းခြုံနိုင်ပြီး မဟူရာကူ၏ အကူအညီဖြင့် ရှစ်မိုင်အထိ အာရုံခံနိုင်နေပြီ ဖြစ်သည်။
အစေခံတပည့်များကို သတ်ဖြတ်နေသူများမှာ ရန်သူများ မဟုတ်။ ခံတပ်တွင် အစီအရင် တပ်ဆင်မှုအပိုင်း တာဝန်ယူခဲ့သော အတွင်းစည်းတပည့်များ ဖြစ်သည်။ ၎င်းတို့က အစေခံတပည့်များ၏ အဆုတ်နှင့် နှလုံးအိမ်တွင်းသို့ အလောင်းကောင်အဆိပ်များ အတင်းအဓမ္မ ထိုးသွင်းပြီး သတ်ဖြတ်နေခြင်းဖြစ်သည်။ ဤသို့သတ်ဖြတ်ခြင်းမှာ သေဆုံးသူ၏ သွေးအဆီအနှစ်ကို မပျက်စီးစေဘဲ၊ ခန္ဓာကိုယ်ကိုပါ အကောင်းပကတိ ရယူနိုင်ရန် ရည်ရွယ်ပုံရသည်။
အတွင်းစည်းတပည့်များသည် လူတစ်ယောက် သတ်ပြီးတိုင်း ဝိညာဉ်ချုပ်မန္တန် ရွတ်ဆိုပြီး သေဆုံးသူ၏ ဝိညာဉ်ကို ရုပ်အလောင်းအတွင်း၌ ပိတ်လှောင်၍ အလောင်းများကို ခေါင်းတလားအတွင်း ထည့်သွင်းနေကြသည်။ ဤသတ်ဖြတ်ပွဲကို ကြည့်ရင်း စုန့်ဝမ်၏စိတ်ထဲတွင် အထက်လူကြီးများ၏ ရည်ရွယ်ချက်ကို ပို၍ ဝေခွဲမရဖြစ်လာပါတော့သည်။ သို့သော်လည်း ယခင်က ထွက်ပြေးသည့်တပည့်များကို သတ်မည်ပြုသော တန့်ယင်ကို ဝူယင်က အဘယ်ကြောင့် တားဆီးခဲ့သည်ကိုမူ အဖြေရသွားခဲ့ပြီ။ တန့်ယင်သတ်လိုက်သော တပည့်များမှာ ဝိညာဉ်လွင့်စင်ကာ ရုပ်အလောင်းများပါ ကြေမွသွားခဲ့သဖြင့် ဂိုဏ်းအတွက် အသုံးမဝင်တော့သောကြောင့်ပင်။ ကံကောင်းသည်မှာ စုန့်ဝမ်ကဲ့သို့သော အပြင်စည်းတပည့်များသည် ဂိုဏ်းအတွက် တန်ဖိုးတစ်ခု ရှိနေသေး၍သာ အသတ်မခံရခြင်း ဖြစ်သည်။ စုန့်ဝမ်သည် အပြင်စည်းတပည့်များကြားတွင် ခေတ္တပုန်းအောင်းနေသော်လည်း အလောင်းနတ်ဆိုးဂိုဏ်းတွင် ဆက်မနေသင့်ကြောင်းနှင့် အမြန်ဆုံး ထွက်ပြေးရမည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်သွားခဲ့သည်။
...
တန့်ယင်တစ်ယောက် ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေစဥ် ကောင်းကင်ယံကို ဖြတ်သန်း၍ သူ့မျက်နှာတည့်တည့်သို့ ဦးတည်လာသော ငွေရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ တန့်ယင်၏ တုံ့ပြန်မှုကလည်း မြန်ဆန်လှသည်။ ခန္ဓာကိုယ်မှ မည်းနက်သော အလောင်းချီများ ထွက်ပေါ်လာပြီး သူမကို ဝန်းရံကာ အနက်ရောင်အခွံမာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တချိန်တည်းမှာပင် ၂ လက်မခန့်ရှည်သော သွေးနီရောင် မိုးကြိုးသွားလက်နက် ပေါ်ထွက်လာပြီး ငွေရောင်အလင်းတန်းဆီသို့ တိုးဝင်သွားသည်။
“ထန်း”
မိုးကြိုးသွားလက်နက်နှင့် ငွေရောင်အလင်းတန်းတို့ ထိမှန်မိရာ နှစ်ခုလုံး၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားသည်။ ထိုငွေရောင်အလင်းတန်းမှာ အမှန်စင်စစ် သုံးပေခန့်ရှည်သော ဓားတစ်စင်း ဖြစ်ပြီး ထက်မြသောအော်ရာတစ်ခု ထုတ်လွှင့်နေသည်။ ခဏချင်းအတွင်းမှာပင် လက်နက်ချင်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်မိကြသော်လည်း မည်သူမျှ အသာမစီးမရဘဲ အင်အားချင်း ညီမျှနေကြသည်။
“ဘယ်က ငကြောက်လဲ၊ ပုန်းမနေဘဲ ထွက်ခဲ့စမ်း”
တန့်ယင်က ရန်သူ့စွမ်းအားမှာ သူမထက် သိပ်မသာကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားပြီး အော်ဟစ်စိန်ခေါ်လိုက်သည်။ ထိုအချိန်တွင် ရှေ့ရှိ တောအုပ်ထဲမှ လူရိပ်သုံးခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ တစ်ဦးက ဓားကို ဝိညာဥ်စွမ်းအင်ဖြင့် ထိန်းချုပ်ပြီး တန့်ယင်ကို တိုက်ခိုက်နေသည်။ ကျန်နှစ်ဦးမှာ ငြိမ်သက်စွာ ရပ်ကြည့်နေသည်။
ထိုသူသုံးဦးကို မြင်လိုက်ရသောအခါ တန့်ယင်၏မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“အော် … မဟာကောင်းကင်ဓားဂိုဏ်းက ကောင်တွေပါလား။ ကဲ... ဒါကို မြည်းကြည့်စမ်း”
တန့်ယင်၏ အော်ရာများ ရုတ်တရက် မြင့်တက်လာပြီး အနက်ရောင်အဆိပ်ငွေ့များ ငရဲမှ မိစ္ဆာတစ်ကောင်ကဲ့သို့ သူမကို ဝန်းရံသွားပြီး အသက်နှင့်လဲ၍ တိုက်ပွဲဝင်တော့မည့် အသွင်ဆောင်နေသည်။
“သွားစမ်း”
တန့်ယင်၏ အမိန့်သံနှင့်အတူ ဝရဇိန်လက်နက်၏အရှိန် အဆမတန် မြင့်တက်သွားပြီး ဓားပျံကို ရှောင်ကွင်းကာ ထိုလူသုံးဦးထံ တိုးဝင်သွားသည်။ မဟာကောင်းကင်ဓားဂိုဏ်းဝင်တစ်ဦးက နှာခေါင်းရှုံ့ပြီး “ကလေးကလားလှည့်ကွက်တွေပဲ” ဟု ဆိုရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အကာအကွယ်တစ်ခု ပေါ်လာသည်။
“ဝုန်း”
အဆိပ်ငွေ့များ လွှမ်းခြုံနေသော ဝရဇိန်လက်နက်က ရွှေရောင်အကာအကွယ်ကို ထိမှန်ကာ စူးရှသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ရွှေရောင်အကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပျက်စီးမသွားပေ။ ထိုသုံးဦးက တန့်ယင်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် တန့်ယင်က ရုတ်တရက် နောက်လှည့်၍ ခံတပ်ရှိရာသို့ အသည်းအသန် ထွက်ပြေးသွားပါတော့သည်။ ထိုခံတပ်တွင် ရွှေအမြုတေအဆင့်ရှိသူ ဝူယင်ရှိနေသဖြင့် ဤအခြေတည်အဆင့် သုံးယောက်ကို ကိုင်တွယ်ရန်မှာ သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။
တန့်ယင်၏ မမျှော်လင့်သော ထွက်ပြေးမှုကြောင့် မဟာကောင်းကင်ဓားဂိုဏ်းမှ ကျင့်ကြံသူများ ကြောင်သွားသော်လည်း လှည့်စားခံလိုက်ရမှန်းသိသဖြင့် ဒေါသတကြီး နောက်မှ လိုက်ကြလေသည်။ အားအနည်းဆုံးဖြစ်သော နှာခေါင်းချွန်ချွန်နှင့်ကျင့်ကြံသူကမူ တန့်ယင်နောက် မလိုက်ဘဲ အပြင်စည်းတပည့်များအား သိုးအုပ်ကို ကျားဆွဲသည့်အလား လိုက်လံသတ်ဖြတ်ပါတော့သည်။
ထိုသူ၏ ဓားပျံသည် စုန့်ဝမ်ရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်လာသည်။
“အကိုကျိယင် … ဂရုစိုက်”
ချန်ယီ အော်ဟစ်သတိပေးချိန်တွင် ကျန်နှစ်ဦးမှာမူ တောအုပ်ထဲသို့ ထွက်ပြေးသွားကြပြီ။
စုန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ အရှိန်မှာ ရုတ်တရက် မြင့်တက်လာကာ ဓားပျံကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် ချန်ယီ့လက်ကို ဆွဲကာ အနောက်ဘက်သို့ အားကုန်လွှဲပစ်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ မှာကြားလိုက်သည်။
“အနောက်ဘက်ကို ပြေးတော့၊ ဂိုဏ်းကို ပြန်မသွားနဲ့”
ဂိုဏ်းက တောင်ဘက်တွင် ရှိသည်။ ဤနေရာတွင် ရန်သူများ ချုံခိုတိုက်ခိုက်နေသဖြင့် ဂိုဏ်းအပြန်လမ်းမှာ မလုံခြုံတော့ပေ။ ဤအခွင့်အရေးကို အသုံးချကာ ဂိုဏ်းမှ ထွက်ပြေးခြင်းကသာ အကောင်းဆုံးဖြစ်သည်။ မဟူရာသံချပ်ကာကူ၏ အကူအညီဖြင့် အနောက်ဘက်တွင် မည်သည့်ရန်သူမျှ မရှိကြောင်း စုန့်ဝမ် သိနေသည်။
ချန်ယီမှာ စုန့်ဝမ် ပစ်ထုတ်လိုက်သည့် အရှိန်ကြောင့် နှစ်မိုင်ခန့်အကွာသို့ လွင့်စင်သွားရာ ရန်သူ၏ တိုက်ကွက်အတွင်းမှ လွတ်မြောက်သွားခဲ့သည်။ ချန်ယီ အံ့အားသင့်စွာဖြင့် စုန်ဝမ်ကို လှမ်းကြည့်လိုက်မိသည်။ စုန့်ဝမ် ယခု ပြသလိုက်သောခွန်အားမှာ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ရှိသူတစ်ဦး တတ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။ သို့သော် ချန်ယီအတွက် တွေးနေချိန် မရှိ၊ ရန်သူ သတိမပြုမိခင် အချိန်မဆွဲဘဲ အနောက်ဘက်သို့ အသည်းအသန် ပြေးထွက်သွားတော့သည်။
နှာခေါင်းချွန်ချွန်နှင့်ရန်သူ၏ ဓားပျံက စုန့်ဝမ်ကို လွဲချော်သွားသော်လည်း အခြားတပည့်များစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဤမျှနှင့် အားမရပေ၊ အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးက သူ၏ဓားပျံကို ရှောင်နိုင်သွားသဖြင့် ဂုဏ်သိက္ခာ ထိခိုက်သလို ခံစားလိုက်ရပြီး စုန့်ဝမ်နောက်သို့ လိုက်လံတိုက်ခိုက်ပါတော့သည်။ စုန်ဝမ်က အရှေ့ဘက်သို့ ပျံသန်းထွက်ခွာခဲ့သည်။ ချန်ယီကို လွှဲပစ်လိုက်ခြင်းမှာ သူမကို ကယ်တင်ခြင်းဖြစ်သလို သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လည်း ရည်ရွယ်သည်။
ခဏအကြာတွင် ကောင်းကင်ယံ၌ ထိုနှာခေါင်းချွန်ချွန်နှင့်လူမှအပ မည်သူမျှ မကျန်တော့ပေ။ အပြင်စည်းတပည့်အများစု သေဆုံးခဲ့ပြီး အချို့မှာလည်း လွတ်မြောက်သွားကြသည်။ နှာခေါင်းချွန်ချွန်နှင့်လူလည်း ဝေးကွာသွားသော စုန့်ဝမ်၏ သွေးရောင်လူရိပ်ကို ကြည့်ရင်း အံ့အားသင့်နေမိသည်။
“ဒီလောက်မြန်တဲ့အရှိန်က ချီစုစည်းခြင်းအဆင့်တဲ့လား”
သူ၏ ဓားပျံအရှိန်ထက်ပင် မြန်နေသဖြင့် ဤသူသည် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသူဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် စုန်ဝမ်နောက်သို့ ဆက်မလိုက်ဘဲ သူ့အဖွဲ့ ရှိရာ ခံတပ်ဘက်သို့သာ ဦးတည်လိုက်သည်။
ထိုစဉ်မှာပင် လျှပ်စီးကဲ့သို့ မြန်ဆန်သော အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဝင်တိုက်လိုက်တော့သည်။
သူ၏ နောက်ဆုံးအတွေးမှာ ... “ရွှေအမြုတေအဆင့် ကျင့်ကြံသူပါလား”ဟူ၍သာ …
“ဝုန်း”
နှာခေါင်းချွန်ချွန်နှင့်လူ သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားပြီး ညကောင်းကင်ယံတွင် ခဏတာသ တောက်ပသည့် သွေးရောင် မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။
……………………
ခံတပ်မှ ပြန်လည်ဆုတ်ခွာလာသော ဝူယင်က သူ့လမ်းကြောင်းတွင် ပိတ်ဆို့နေသော နှာခေါင်းချွနချွန်နှင့်လူကို အရှိန်မလျှော့ဘဲ တိုက်ခိုက်သတ်ဖြတ်ပြီး အလောင်းနတ်ဆိုးဂိုဏ်းရှိရာသို့ ဆက်လက်ပျံသန်းသွားသည်။
“ဝူယင်ခွေးကောင် ... နင့်လို ကြွက်စုတ်က ငါ့ဂိုဏ်းသားတွေကို သတ်ရဲတယ်ပေါ့လေ၊ နင့်အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်”
အေးစက်လှသော မိန်းမပျိုတစ်ဦး၏ ကြုံးဝါးသံသည် နောက်ဘက်မှ ဟိန်းထွက်လာသည်။ ဝူယင် လှည့်ကြည့်လိုက်ရာ ချောမောလှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဓားကိုဝှေ့ယမ်းကာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာသည်ကို တွေ့လိုက်ရသည်။ လေထဲတွင် တဖျတ်ဖျတ်လွင့်နေသော သူမ၏ အနီရောင်ဝတ်စုံမှာ တောက်လောင်နေသော မီးလျှံတစ်ခုကဲ့သို့ ရှိပြီး သူမ၏ မျက်ဝန်းများမှာလည်း ရွှမ်းလဲ့တောက်ပနေသည်။ အနီရောင်ဝတ်စုံက မီးကဲ့သို့ တောက်လောင်နေသော်လည်း လက်ထဲမှ ဓားရှည်မှာမူ ဆီးနှင်းကဲ့သို့ ဖြူဖွေးအေးစက်နေသည်။ ကျယ်ပြောလှသော ကမ္ဘာလောကကြီးအောက်တွင် သူမ၏ ပုံရိပ်နှင့် ဓားအရှိန်အဝါမှာ နတ်ဘုရားအလား ထင်မှတ်ရသည်။
“နှင်းခဲဓားချီ .. ပိုင်းဖြတ်စမ်း”
စူးရှသော ဓားအလင်းတန်းသည် ကောင်းကင်ယံသို့ နဂါးတစ်ကောင်ပမာ ထိုးတက်သွားသည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဓားရှည်သည် ညကောင်းကင်ယံကို ခွဲခြမ်းကာ အေးစက်စက် အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအမျိုးသမီး၏ လောကတစ်ခုလုံးကို တုန်ခဲသွားစေနိုင်သည့် တိုက်ကွက်ကို ရင်ဆိုင်ရသော်လည်း ဝူရန်သည် နောက်သို့ပင် လှည့်မကြည့်ပေ။ သူ၏ ခန္ဓာကိုယ်မှ မည်းနက်သော အလောင်းချီစွမ်းအင်များ ထူထပ်သိပ်သည်းစွာ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ချီက ညကောင်းကင်ယံတွင် အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ ရစ်ခွေတက်သွားပြီး ညအမှောင်ထုကို ပို၍ပင် နက်မှောင်စေသည်။ ထိုအလောင်းချီစွမ်းအင်များသည် ကောင်းကင်သို့ ထိုးတက်သွားကာ နှင်းခဲဓားအရှိန်အဝါနှင့် ရင်ဆိုင်မိကြသည်။ အနက်ရောင်နဂါးမှာ စူးရှသော ဓားအလင်းကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသော်လည်း ဓား၏စွမ်းအားမှာလည်း သိသိသာသာ လျော့ကျသွားသဖြင့် ဝူယင်ကို မထိခိုက်နိုင်တော့ပါ။
သို့သော် ဝူယင် အသက်ပင် ဝဝမရှူနိုင်ခင်မှာပင် ရုတ်တရက်ဆိုသလို ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းလာပြီး ကောင်းကင်ချီများ စုစည်းလာကာ ငွေရောင်လျှပ်စီးတန်းများ တိမ်တိုက်များကြားတွင် ယှက်နွယ်လာသည်။ ထို့နောက် ကြီးမားသော ဧရာမငွေရောင်မြွေသဏ္ဍာန်ကြသည် ညကောင်းကင်ယံကို ဖောက်ထွင်း၍ အောက်ဘက်ရှိ ဝူယင်ဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာပါတော့သည်။
ထွက်ပြေးနေသော ဝူရန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ၏မျက်ဝန်းများမှာလည်း ကြောက်ရွံ့မှုတို့ဖြင့် ဖုံးလွှမ်းသွားသည်။
ယင်းမှာ နတ်ဆိုးကျင့်ကြံသူတို့ အကြောက်ရဆုံးသော ယုရှုကောင်းကင်မိုးကြိုးပင် ဖြစ်သည်။
ငွေရောင်မြွေသဏ္ဍာန်မိုးကြိုး ထိမှန်ခါနီးတွင် ဝူယင့်ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။ ငွေရောင်မိုးကြိုးလည်း သွေးမြူများကို ဖြတ်သန်းပြီး မြေပြင်ကို ထိမှန်သွားသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ပေ ၃၀၀ ပတ်လည်အတွင်းရှိ ကျောက်ဆောင်များ ကြေမွကုန်ပြီး၊ သစ်ပင်များလည်း ပြာကျသွားသည်။
ချက်ချင်းဆိုသလို ဆံဖြူအဖိုးအိုတစ်ဦး ပျောက်ကွယ်လုနီးပါး ဖြစ်သွားသော သွေးမြူများအနားတွင် ပေါ်လာပြီး အံကြိတ်ကာ ရေရွတ်လိုက်သည်။
“သွေးလွတ်မြောက်နည်းစနစ်ပဲ .. ဒီကောင် လွတ်သွားပြီ”
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးလည်း ဆံဖြူအဖိုးအိုအနားသို့ ပျံသန်းလာပြီး “စီနီယာလေ့ကျွင်း ... ဝူယင် တကယ်ပဲ လွတ်သွားတာလား”ဟု မေးလိုက်သည်။
လေ့ကျွင်းဆိုသူ ဆံဖြူအဖိုးအိုက နှမြောတသစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“သူက သွေးလွတ်မြောက်နည်းစနစ်ကို သုံးသွားတာ။ သူ့ရဲ့ ရွှေအမြုတေ အလယ်အဆင့်က ထွက်တဲ့ သွေးအဆီအနှစ်နဲ့ဆိုရင် အနည်းဆုံး မိုင်တစ်ရာလောက်တော့ ရောက်သွားလောက်ပြီ။ အခု သူ့ကို ရှာဖို့ ခက်သွားပြီ။ ဒါပေမဲ့ သူလည်း သက်သာမှာတော့ မဟုတ်ဘူး။ သူက ယုရှုကောင်းကင်မိုးကြိုးကို အပြည့်အဝ မရှောင်နိုင်ခဲ့တော့ ဒဏ်ရာအပြင်းအထန် ရသွားမှာ သေချာတယ်”
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ညအမှောင်အောက်ရှိ ထူထပ်သော တောအုပ်ကြီးထဲတွင် ရည်ရွယ်ချက်ရှိရှိ ပုန်းအောင်းနေသူတစ်ဦးကို ရှာဖွေရန်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင် လွယ်ကူလှသည်မဟုတ်။
ခဏအကြာတွင် လေ့ကျွင်းက အလောင်းနတ်ဆိုးဂိုဏ်းရှိရာသို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။
“ဂျူနီယာယန်ယုရှန် ... ငါက ဂိုဏ်းသားတွေကို ကူညီဖို့ အလောင်းနတ်ဆိုးဂိုဏ်းဆီ သွားလိုက်ဦးမယ်။ မင်းရော လိုက်ဦးမလား”
ယန်ယုရှန်က ခေါင်းခါပြပြီး “ကျွန်မ ဝူယင်ကို အရင်ရှာဦးမယ်။ ဒီမိစ္ဆာကောင်ကို မသတ်ရမချင်း ကျွန်မ စိတ်မအေးနိုင်ဘူး”ဟု ဖြေလိုက်သည်။
“ဂရုစိုက်ပါဦး။ ဝူရန်က ဒဏ်ရာရထားတယ်ဆိုပေမဲ့ နတ်ဆိုးအိုကြီးတွေက အရမ်းကောက်ကျစ်ပြီး ပရိယာယ်များတယ်။ သတိမလွတ်ပါစေနဲ့”
လေ့ကျွင်း သတိပေးပြီး ထွက်ခွာသွားသည်။
(မှတ်ချက်- စာဖတ်သူအများ တောင်းဆိုသည့်အတိုင်း စကားပြေဟန်ဖြင့် ပြောင်းလဲရေးသားထားပါသည်။ လာမည့် စာစဥ်များလည်း စကားပြေရေးဟန်ဖြင့် ဆက်လက်ရေးသားပါမည်။ အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။)
......