ဝူယင်နဲ့မှ တိုးရတယ်လို့ကွာ
Vol. 10 Ch. 106
တဖက်တွင်လည်း စုန့်ဝမ်က နှာခေါင်းချွန်ချွန်နှင့်လူကို မျက်ခြေဖြတ်ပြီး သွေးလွတ်မြောက်နည်းစနစ် အသုံးပြရင်း အရှေ့ဘက်သို့ အသည်းအသန် ထွက်ပြေးနေသည်။ ထွက်ပြေးနေစဉ်မှာပင် နောက်ဘက်မှ ကောင်းကင်သို့ ထိုးတက်သွားသော စူးရှလှသည့် ဓားအလင်းတန်းနှင့် လောကကြီးကို တုန်ဟည်းသွားစေသည့် မိုးကြိုးသံကြီးကို မြင်လိုက်ရသည်။ မိုင်ပေါင်းများစွာ ဝေးကွာနေသော်လည်း ထိုစွမ်းအားများကြောင့် သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားသည်။
“ဒါဟာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားလား”
ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်လျှင် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်သည် ဆယ်ဆမက မြင့်တက်သွားသည်။ ရွှေအမြုတေတစ်ခုကို တည်ဆောက်နိုင်သည်နှင့် မိမိ၏ ကံကြမ္မာသည် နတ်ဘုရားတို့၏လက်တွင် မရှိတော့ဘဲ မိမိကိုယ်တိုင်သာ အရှင်သခင် ဖြစ်လာတော့သည်။ ထိုအဆင့်ရှိသူများသည် အသက် ၅၀၀ အထိ အသက်ရှည်နိုင်ကြသည်။
စုန့်ဝမ် အသည်းအသန် ထွက်ပြေးနေစဉ် သူ့ရှေ့တည့်တည့်၌ မည်သည့်အချက်ပြမှုမျှမရှိဘဲ သွေးမြူတိမ်တစ်ခု ပေါ်လာပြီး လူပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသော မြင်ကွင်းကြောင့် စုန့်ဝမ်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ဘယ်ဘက်သို့ အမြန်ပြေးထွက်ရန် ကြိုးစားလိုက်သည်။
စုန့်ဝမ် နှစ်မိုင်ခန့်ပင် မပြေးရသေးမီမှာပင် အားကောင်းလှသော စိတ်အာရုံတစ်ခုက သူ့ကို လွှမ်းမိုးလိုက်ပြီး နားထဲတွင် အသံတစ်သံ ဟိန်းထွက်လာသည်။
“လူငယ်လေး... ဒီကိုလာခဲ့စမ်း”
စုန့်ဝမ်သည် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။ စိတ်အာရုံမှ ထွက်ပေါ်လာသော ဖိအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူခွန်အားဖြင့် မည်သို့မျှ မခုခံနိုင်ပေ။ ထိုသူ ဒဏ်ရာရနေသည်ကို ရိပ်စားမိသော်လည်း စုန့်ဝမ် အလွယ်တကူ မချဉ်းကပ်ရဲပေ။ ဒဏ်ရာရနေသော နတ်ဆိုးကျင့်ကြံသူများသည် အခြားသူ၏ သွေးကို စုပ်ယူ၍ ဒဏ်ရာကုသသည့်နည်းစနစ်များ ရှိနိုင်သည်ကို သူသိနေသည် မဟုတ်ပါလား။
စုန့်ဝမ်၏ စိုးရိမ်မှုကို ရိပ်မိပုံရသည့် ထိုအသံက ဆက်ပြောလာသည်။
“လူငယ်လေး ... မစိုးရိမ်ပါနဲ့။ ငါက အလောင်းကောင်မိစ္ဆာဂိုဏ်းက ရွှေအမြုတေဘိုးဘေး ဝူယင်ပါ။ ငါ ဒဏ်ရာအပြင်းအထန် ရထားလို့ မင်း ငါ့ကို ဂိုဏ်းဆီ ပြန်ပို့ပေးရမယ်။ မင်းဆီက ထွက်နေတဲ့ အလောင်းချီအော်ရာနဲ့ သွေးလွတ်မြောက်နည်းစနစ်ကို သုံးနိုင်တာကြည့်ရင် မင်းဟာ အလောင်းကောင်မိစ္ဆာဂိုဏ်းက တပည့်တစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဂိုဏ်းထဲက အခြေတည်အဆင့် ကျင့်ကြံသူအားလုံးကို ငါသိတယ်၊ မင်းကိုတော့ တစ်ခါမှ မမြင်ဖူးဘူး”
ဤစကားကို ကြားလိုက်ရသောအခါ စုန့်ဝမ်မှာ ပို၍ပင် မလှုပ်ရဲတော့ပေ။ နောက်ကလူမှာ ဝူယင်ဖြစ်နေသည် မဟုတ်ပါလား။ ယခင်က ခမ်းခြောက်သွေးဘုံ လျှို့ဝှက်နယ်မြေမှ ပြန်အထွက်တွင် ဝူယင်က စုန့်ဝမ်၏ မျက်နှာအစစ်ကို မြင်ဖူးခဲ့သည်။ ယခုလည်း စုန့်ဝမ်သည် မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် စုန့်ဝမ်မှာ အကြီးအကျယ် ထိတ်လန့်နေမိသည်။
သူကြောက်နေသည့်အရာက အမှန်တကယ်ပင် ဖြစ်လာတော့သည်။ ခဏအကြာတွင် ဝူယင့်အသံ ထပ်မံထွက်ပေါ်လာသည်။
“ငါ မင်းကို မှတ်မိပြီ။ လျှို့ဝှက်နယ်မြေက ပြန်ထွက်လာတဲ့ကောင်ပဲ။ အဲဒီတုန်းက မင်းက ချီသန့်စင်ခြင်း အဆင့် ၆ ပဲ ရှိသေးတာ၊ အခု လပိုင်းပဲ ရှိသေးတယ်။ အခြေတည်အဆင့်ကို ရောက်နေပြီဆိုတော့ အရင်တည်းက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်”
ဝူရန်၏ အသံမှာ ပို၍ စိတ်လှုပ်ရှားကာ ဒေါသသံများ ပါဝင်လာပြီး “ပြောစမ်း ... ငါ့မြေးဝူစွေ့ သေတာ မင်းနဲ့ ပတ်သက်နေတာလား”
ရုတ်တရက် စုန့်ဝမ်၏အပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့ ပြင်းထန်သော ဖိအားကြီး ကျရောက်လာသည်။ စုန့်ဝမ်တစ်ယောက် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသလို ခံစားလိုက်ရသည်။ ဝူရန်၏ ပုံရိပ်မှာ စုန့်ဝမ်ရှေ့သို့ ရုတ်တရက် ပေါ်လာပြီး “သေပေတော့”ဟု အော်ဟစ်ကာ စုန့်ဝမ်၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဝုန်း”
စုန့်ဝမ်၏ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။ ဝူရန်သည် သူ၏ဝိညာဉ်ကို ဖမ်းဆီးရန် ပြင်လိုက်သော်လည်း အနားတွင် မည်သည့်ဝိညာဉ်မျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ဝူယင် ကြောင်သွားသည်။ သေချာကြည့်လိုက်မှ ပေါက်ကွဲသွားသော ခန္ဓာကိုယ်မှာ လူအစစ်မဟုတ်ဘဲ အလောင်းရုပ်သေးတစ်ခုသာ ဖြစ်နေသည်။
“ရုပ်သေးအစားထိုးနည်းစနစ်လား”
ဝူယင့်မျက်လုံးများ ဒေါသ၊ လောဘတို့ ရောယှက်ကာ တောက်လောင်လာသည်။ သူ၏ ဝိညာဥ်အာရုံဖြင့် ရှာဖွေလိုက်ရာ ရှစ်မိုင်ခန့်အကွာတွင် စုန့်ဝမ်ကို ပြန်လည်တွေ့ရှိသွားသည်။
...
စုန့်ဝမ်သည် အလောင်းရုပ်သေးကို အသုံးချ၍ ဝူယင်၏တိုက်ကွက်ကို ခုခံပြီးနောက် မဟူရာသံချပ်ကာကူ၏ အကူအညီဖြင့် သူ၏ ဝိညာဥ်အာရုံကို တဆုံးချဲ့ထွင်ကာ အဝေးဆုံးသို့ အမြန်ဆုံး ရွှေ့ပြောင်းခဲ့လိုက်သည်။ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ဝူယင်၏ ဝိညာဥ်အာရုံက ထပ်မံ လွှမ်းမိုးလာပြန်သည်။
စုန့်ဝမ်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်။ ဝူယင်သည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း စုန့်ဝမ်အနေဖြင့် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။ သို့သော် စုန့်ဝမ်က အသေခံရန် စိတ်ကူးမရှိပါ။ စိတ်ကို တည်ငြိမ်အောင် ထားပြီး အသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုက်သည်။ ခေါင်းထဲတွင် အတွေးပေါင်းစုံ လျှပ်တပြက် ဖြတ်ပြေးသွားသည်။
ရုတ်တရက် ...
စောစောက မြင်ခဲ့သော ကောင်းကင်သို့ ထိုးတက်သွားသည့် ဓားအလင်းနှင့် မိုးကြိုးသံကို သတိရသွားသည်။ ၎င်းသည် သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ စုန့်ဝမ်လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဝိညာဉ်စွမ်းအားအားလုံးကို စုစည်းကာ အသက်ကို ပြင်းပြင်းရှူရင်း ကောင်းကင်ယံသို့ မော့၍ အသံကုန် အော်ဟစ်လိုက်တော့သည်။
“ဝူယင် ဒီမှာရှိတယ် .. ဝူယင် ဒီမှာရှိနေတယ် .. ဝူယင် ဒီမှာဟေ့...”
သုံးကြိမ်တိုင်တိုင် အော်ဟစ်ပြီးချိန်တွင် အလောင်းချီများ အရှိန်အဟုန်ဖြင့် ထိုးဆင်းကျလာပြီး စုန့်ဝမ်၏ ခန္ဓာကိုယ်ကို ထပ်မံ၍ အစိပ်စိပ်အမွှာမွှာ ဖြိုခွဲပစ်လိုက်ပြန်သည်။
“အစားထိုးရုပ်သေး နောက်တစ်ခုလား။ ဒီကောင့်မှာ ဘယ်နှစ်ခုတောင် ရှိနေတာလဲ”
ဝူယင်သည် ပေါက်ကွဲသွားသော အရုပ်ကို ဒေါသတကြီး စိုက်ကြည့်နေစဉ် သူ့နောက်ကျောဘက်၌ လူရိပ်တစ်ခု လျှပ်တပြက် ပေါ်လာသည်။ စုန့်ဝမ်က သုံးပေခန့်ရှည်သော အဆင့်နိမ့်ဝိညာဉ်ဓားတစ်စင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဝူယင်၏ ကျောပြင်ဆီသို့ အားကုန် ထိုးစိုက်ချလိုက်ပါတော့သည်။
..................
စုန့်ဝမ်၏ဓားက ဝူယင့်နောက်ကျောကို အောင်အောင်မြင်မြင် ထိုးစိုက်နိုင်ခဲ့သော်လည်း နက်နက်ရှိုင်းရှိုင်း မဝင်နိုင်ဘဲ လက်မဝက်ခန့်တွင် ရပ်တန့်သွားသည်။ ဝူယင်က ချီကို ချက်ချင်းစုစည်းပြီး ဓားဒဏ်ချက်ကို တောင့်ခံထားလိုက်ခြင်းဖြစ်သည်။
“သေစမ်း”
ဝူယင်၏ ကျောပြင်မှ အလောင်းအဆိပ်အငွေ့များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနက်ရောင်ဓားတစ်စင်းအသွင် ပြောင်းလဲကာ စုန့်ဝမ်၏ နှလုံးသားတည့်တည့်သို့ ဦးတည်လာသည်။ စုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ထပ်မံပေါက်ကွဲသွားပြီး အပိုင်းလေးပိုင်း ကွဲထွက်သွားပြန်သည်။
ရှစ်မိုင်ခန့်အကွာတွင် စုန့်ဝမ် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရုတ်တရက် ပြန်လာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်၊ သူကဲ့သို့ အခြေတည်အဆင့်က ချုံခိုတိုက်ခိုက်သော်လည်း မယှဥ်နိုင် ဖြစ်နေသဖြင့် စုန့်ဝမ် ကြံရခက်နေသည်။ ထို့ကြောင့် ကောင်းကင်ယံသို့ ပျံတက်ကာ နောက်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်သည်။
“ဝူယင် ဒီမှာရှိတယ်၊ ဝူယင် ဒီမှာရှိနေတယ် .. ဝူယင် ဒီမှာဟေ့ ...”
ကောင်းကင်ယံ၌ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူရှိရာသို့ လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝမ်မျက်နှာတွင် မျှော်လင့်ချက်အလင်းရောင်များ ယှက်သန်းလာသည်။
နောက်ဆုံးတော့ ကယ်တင်ရှင် ရောက် .....
စုန့်ဝမ် ဝမ်သား၍ပင် မဆုံးလိုက်၊ ဓားအလင်းတစ်ခု ကျရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ယန်ယုရန်က တုံ့ဆိုင်းခြင်းမရှိဘဲ ထက်ပိုင်းပြတ်သွားသော စုန့်ဝမ်၏ ခန္ဓာကိုယ်ကို မထီမဲ့မြင် ကြည့်ကာ ဖြတ်ကျော်သွားသည်။ သူမရှေ့တွင် အော်ဟစ်နေရဲသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမှာ သေတွင်းထဲ ခြေစုံပစ်ဝင်နေခြင်းသာ ဖြစ်သည်ဟု သူမ ယူဆသည်။ ကူညီသည်ဖြစ်စေပေါ့ …..
ထိုသူပေးသည့်သတင်းကတော့ အမှန်ပင်ဖြစ်သည်။ ဝူယင်က ရှေ့မိုင်အနည်းငယ်တွင် ရှိနေသည်။ နှင်းခဲဓားအလင်းတန်းသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ဝူယင်ရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။ ထိုအချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို ယန်ယုရှန် သတိပြုမိလိုက်သည်။ ခုနက ပိုင်းဖြတ်လိုက်သူမှာ လူအစစ်မဟုတ်ဘဲ အလောင်းကောင်ဖြင့် လုပ်ထားသော အရုပ်တစ်ခုသာ ဖြစ်နေသည်။ လူအစစ်မှာ မိုင်အနည်းငယ်အကွာရှိ မြစ်ကျယ်ကြီးတစ်ခုပေါ်တွင် ရှိနေခဲ့သည်။
ယန်ယုရှန် ခေတ္တတုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်စုစည်းပြီး ဓားချီကို ဝူယင်ထံသို့သာ ဆက်လက် စေလွှတ်လိုက်သည်။ ယနေ့တွင် ဝူယင်ကို မသတ်ရမချင်း သူမ စိတ်ကျေနပ်နိုင်မည် မဟုတ်။
ဝူယင်လည်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဓားအလင်းတန်းကို ကြည့်ပြီး ဒေါသအမျက် ချောင်းချောင်းထွက်နေသည်။ သူ၏မြေးကို သတ်သွားသော လူသတ်သမားကို မသတ်နိုင်ရုံမက ထိုသူက ယန်ယုရှန်ကိုပါ ခေါ်ဆောင်လာခဲ့သည် မဟုတ်ပါလား။ ဝူယင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“လေ့ကျွင်း မရှိဘဲနဲ့ နင်တစ်ယောက်တည်း ငါ့ကို သတ်နိုင်မယ် ထင်နေတာလား”
ဝူရန်၏ရှေ့တွင် ငွေရောင်အလောင်းရုပ်သေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ရွှေအမြုတေအဆင့်နှင့် ခွန်အားညီမျှသော တတိယအဆင့် အလောင်းရုပ်သေး ဖြစ်သည်။ ထိုအလောင်းရုပ်သေးက ကောင်းကင်သို့ ပျံတက်ကာ ဓားပျံကို ရှောင်ကွင်းပြီး ယန်ယုရှန်ကို တိုက်ရိုက် ဝင်တိုက်ခိုက်တော့သည်။
ဝူယင် ထုတ်လွှတ်လိုက်သော အလောင်းချီများက နဂါးတစ်ကောင်အသွင်ဖြင့် နှင်းခဲဓားကို ရစ်ပတ်လိုက်သည်။ ထိုမိစ္ဆာနဂါးမှာ အသက်ဝင်နေသယောင်ရှိပြီး ကြီးမားသာ ပါးစပ်ကြီးဖြင့် ဓားသွားကို ကိုက်ခဲထားသည်။ နှင်းခဲဓား၏ ဓားချီများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မီတာပေါင်းများစွာ ရှည်လျားသော တောက်ပသည့် အလင်းတန်းကြီး ဖြစ်သွားသည်။ ဓားအလင်းသည် မိစ္ဆာနဂါးကို ဖောက်ထွက်သွားသော်လည်း လုံးဝဖျက်ဆီးနိုင်ခြင်းမရှိဘဲ အနည်းငယ် ဝေဝါးသွားစေရုံသာ တတ်နိုင်ခဲ့သည်။ မိစ္ဆာနဂါးသည် နှင်းခဲဓားကို မလွှတ်တမ်း ကိုက်ခဲထားဆဲပင်။
ငွေရောင်အလောင်းရုပ်သေးက ယန်ယုရှန်ထံ ခုန်အုပ်ပြီး ဦးခေါင်းကို အနက်ရောင် လက်သည်းရှည်ကြီးများဖြင့် ကုတ်ချလိုက်သည်။ ချက်ချင်းပင် ယန်ယုရှန်၏ ခန္ဓာကိုယ်မှ အနီရောင် ပိုးဖဲကြိုးတစ်ခု ထွက်ပေါ်လာသည်။ ထိုဖဲကြိုးသည် တောက်ပသောအလင်းများ ဖြာထွက်နေပြီး ငွေရောင်အလောင်းကောင်၏ လက်သည်းများကို ရစ်ပတ်ချုပ်နှောင်ပြီး တားဆီးထားလိုက်သည်။ မိစ္ဆာစွမ်းအားများ ပြင်းထန်နေသော်လည်း နုနယ်လှသော အနီရောင်ဖဲကြိုးသည် ငွေရောင်အလောင်းကောင်၏ လက်သည်းများကို အလွယ်တကူပင် ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဖဲကြိုးနီသည် ငွေရောင်အလောင်းရုပ်သေး၏ လက်၊ ဦးခေါင်း၊ ကိုယ်ထည်နှင့် ခြေထောက်များကို လျှပ်တစ်ပြက်အတွင်း တင်းကျပ်စွာ ရစ်ပတ်ပိတ်လှောင်လိုက်သည်။ ၎င်းကို မြင်လိုက်ရသော ဝူယင်သည် မန္တန်လက်ဟန်ပြုရန် ကြိုးစားစဉ်မှာပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာမှာ ပို၍ပင် ဖြူလျော်သွားသည်။ ဒဏ်ရာများမှာ ခန့်မှန်းထားသည်ထက် ပို၍ ပြင်းထန်နေခြင်းဖြစ်သည်။
ဝူရန်သည် အံကိုတင်းတင်းကြိတ်ကာ ခက်ထန်ကြမ်းကြုတ်သော အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“ပေါက်ကွဲစမ်း”
ချက်ချင်းဆိုသလို ငွေရောင်အလောင်းရုပ်သေး၏ ခန္ဓာကိုယ်သည် တောက်ပသော ငွေရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားပြီး ဖျက်ဆီးအား ကြီးမားသော စွမ်းအင်များ ဖြာထွက်လာသည်။ ယန်ယုရှန်၏ အေးစက်သော မျက်နှာတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားပြီး ငွေရောင်အလောင်းရုပ်သေးအနီးမှ ချက်ချင်း နောက်လှည့်ထွက်ပြေးရန် ကြိုးစားသည်။
“ဝုန်း”
နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားသည်။ ဖုန်မှုန့်များ တိမ်တိုက်အလား လိပ်တက်လာသည်။ အနီရောင်ဖဲကြိုးမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး လေပြင်းနှင့်အတူ လွင့်စင်သွားတော့သည်။
ယန်ယုရှန်လည်း လွတ်အောင်မပြေးနိုင်ဘဲ အဝေးဆိီ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားသည်။ ယန်ယုရှန်၏ ကျော့ရှင်းတောင့်တင်းသော ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာ ကျဆင်းလာသော ဥက္ကာခဲတစ်ခုကဲ့သို့ သစ်ပင်များစွာကို ချိုးဖျက်ကာ မြေပြင်ပေါ်တွင် ပေရာပေါင်းများစွာ ရှည်လျားသော ကျင်းရှည်ကြီးတစ်ခု ဖြစ်သွားသည်အထိ လျှောတိုက်ကျသွားပြီးမှ ရပ်တန့်သွားသည်။
ယခုအချိန်တွင် ယန်ယုရှန်မှာ မာနကြီးလှသော နှင်းခဲဓားနတ်သမီးနှင့် မတူတော့ဘဲ သနားစရာကောင်းလောက်အောင် အခြေအနေ ဆိုးရွားနေခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့် မြေပြင်ပေါ်သို့ ကျဆင်းလာသည့် အရှိန်ကြောင့် သူမ၏ အနီရောင်ဝတ်စုံမှာ စုတ်ပြတ်သတ်နေသည်။ တစ်ကိုယ်လုံးလည်း အသားများ ကွဲအက်နေပြီး သွေးများ အဆက်မပြတ် စီးကျနေသည်။
ယန်ယုရှန် မြေပြင်မှ အနိုင်နိုင် ထရပ်လိုက်စဉ်မှာပင် ဝူယင်က အရူးတစ်ယောက်လို ရယ်မောရင်း ချဉ်းကပ်လာသည်။
“ဖြောင့်မတ်တဲ့လမ်းစဉ်က ပါရမီရှင် ဓားကျင့်ကြံသူဆိုတာ ဒါပဲလား။ ငါ့ရဲ့ ငွေရောင်အလောင်းရုပ်သေး ဆုံးရှုံးသွားရတဲ့အတွက် နင့်ကိုပဲ ငွေရောင်အလောင်းရုပ်သေး ပြန်လုပ်ယူရတော့မယ်။ ဟီးဟီး ... ဒီလောက်လှပတဲ့ ခန္ဓာကိုယ်လေးကို အလောင်းရုပ်သေး လုပ်ပစ်ရမှာ နှမြောစရာပဲ”
ယန်ယုရှန်သည် သွေးချင်းချင်းနီနေသော သူမ၏ မျက်နှာကို မော့လိုက်သည်။ သူမ၏ ခိုင်မာသော မျက်ဝန်းများထဲတွင် ဓားအလင်းတန်းများ ဝင်းလက်နေဆဲပင်။
“ဟင်း .. ငါ့ကို သတ်ချင်ရင် နင့်မှာ အစွမ်းရှိရဲ့လား ကြည့်ကြသေးတာပေါ့”
“နှင်းခဲဓား”
ဖြူဖွေးသော နှင်းခဲဓားသည် အဝေးမှနေ၍ ကြီးမားလှသော ဓားအရှိန်အဝါများဖြင့် ပျံသန်းလာပြီး ဝူယင်ဆီသို့ ပိုင်းဖြတ်လိုက်သည်။
ဝူယင်က နှာခေါင်းရှုံ့ကာ -
“နင်တို့ ဓားကျင့်ကြံသူတွေက သိပ်ပျင်းဖို့ကောင်းတာပဲ၊ အမြဲတမ်း ဓားတစ်မျိုးပဲ သုံးနေတာ”
ပြောနေရင်း ဝူယင်၏ ခန္ဓာကိုယ်မှ အဖြူရောင်ဝိညာဥ်အလံတစ်ခု ထွက်ပေါ်လာပြီး ဆယ်ပေအရွယ်ထိ ချက်ချင်း ကြီးမားသွားသည်။ ထိုအလံမှ မိစ္ဆာဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာပြီး ဓားပျံကို လွှမ်းခြုံထားလိုက်သည်။ ယန်ယုရှန် ဒဏ်ရာပြင်းထန်နေသဖြင့် ဓားစွမ်းအားမှာ များစွာ လျော့ကျနေပြီး ဝိညာဥ်အလံ၏စွမ်းအင်ကို မထိုးဖောက်နိုင်ဘဲ ဖြစ်နေသည်။
ဝူယင်လည်း အခွင့်ကောင်းယူပြီး ယန်ယုရှန်အနားသို့ တိုးကပ်လာပြီး အနီးကပ် တိုက်ခိုက်တော့သည်။ ယန်ယုရှန်ကလည်း နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။ သူမ၏ ညာလက်ဖြင့် ဓားမန္တန်လက်ဟန်ကို ပြုလုပ်လိုက်ရာ သွယ်လျသော လက်ချောင်းထိပ်များမှ တောင်နှင့် မြစ်များကိုပင် ဖြိုခွဲနိုင်သည့် ဓားချီများ ယှက်သန်းထွက်ပေါ်လာသည်။
ဓားချီက တဇွတ်ထိုး တိုးဝင်လာသော ဝူယင်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် တိုးဝင်သွားသည်။ ဝူယင် အံ့အားသင့်သွားသည်၊ ယန်ယုရှန်သည် ဓားရှည်မရှိဘဲ ဒဏ်ရာအပြင်းအထန် ရနေသည့်ကြားက လက်ဗလာဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိတ်လန့်သွားသော ဝူယင်လည်း အလောင်းကောင်အဆိပ်ငွေ့များကို အလျင်အမြန် စုစည်းကာ အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
သို့သော် ဒိုင်းအကာအကွယ် အပြည့်အဝ မပေါ်လာမီမှာပင် ယန်ယုရှန်၏ ဓားချီက ရောက်ရှိလာသည်။ ဓားချီက ဒိုင်းအကာအကွယ်ကို ချက်ချင်း ပျက်စီးသွားစေသော်လည်း ဝူယင်အတွက်တော့ ခေတ္တမျှ အချိန်ရသွားစေသည်။ ခန္ဓာကိုယ်ကို အမြန်ဆုံး တိမ်းစောင်းလိုက်သဖြင့် နှလုံးသားကို ထိမှန်မည့်ဘေးမှ လွတ်ကင်းသွားသည်။ သို့သော် အလွန်ထက်မြက်လှသော ဓားချီသည် ဝူယင်၏ ရင်ဘတ်ကို ဖောက်ထွက်ပြီး ကျောဘက်မှ ထွက်သွားရာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားသည်။
ဝူယင်၏ ညာဘက်ရင်ဘတ်တွင် လက်ချောင်းနှစ်ချောင်းစာ အရွယ်အစား ဒဏ်ရာကြီးတစ်ခု ဖြစ်သွားပြီး ကျောဘက်တွင်မူ ၄ လက်မခန့် ကျယ်သော အပေါက်ကြီး ဖြစ်သွားသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်း ကျန်ရှိခဲ့သော ဓားချီများက အတွင်းကလီစာများထဲတွင် ဖျက်စီးမှုများ ဆက်လက်ပြုလုပ်နေသည်။ ယန်ယုရှန်၏ ဓားလက်ဟန် ဝူရန်ကို ထိမှန်စဉ်မှာပင် ဝူယင်သည်လည်း သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မူလက ရန်ယုယန်၏ ဦးခေါင်းကို ရည်ရွယ်ခဲ့သော်လည်း ယန်ယုရှန်က ဘေးသို့ ရှောင်လိုက်သဖြင့် ဘယ်ဘက်ပခုံးကို ထိမှန်သွားသည်။ ယန်ယုရှန်လည်း မသက်သာချေ၊ ဘယ်ဘက်လက်မောင်း တစ်ခုလုံးမှာ ပခုံးရင်းမှ ပြုတ်ထွက်သွားပြီး ပခုံးရိုးမှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားရာ ခန္ဓာကိုယ်တစ်ခြမ်းလုံး ပျက်စီးသွားသကဲ့သို့ပင်။ နှစ်ဦးလုံး နောက်သို့ လွင့်ထွက်သွားပြီး ပေတစ်ရာကျော်အကွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။
............