← Chapters

အခွင့်အရေးဆိုတာ နှစ်ခါ မရဘူး၊ သတ် …

Vol. 10 Ch. 107

အခွင့်အရေးဆိုတာ နှစ်ခါ မရဘူး၊ သတ် …

Vol. 10 Ch. 107

ယန်ယုရှန်၏ ဓားချက်အောက်မှ လွတ်မြောက်ခဲ့သော စုန့်ဝမ်မှာ မိုင်အနည်းငယ်အကွာရှိ မြစ်ကြီးတစ်စင်းတွင် ရှိနေခဲ့သည်။ ပိုမိုစိတ်ချရအောင် မြစ်အောက်ခြေသို့ အမြန်ငုပ်ဆင်းကာ သူ၏ အော်ရာများကို ဖုံးကွယ်ထားလိုက်ပြီး မြစ်ရေနှင့်အတူ မျှောလိုက်သွားသည်။ ကျင့်ကြံသူတစ်ဦးသည် အခြေတည်အဆင့်သို့ ရောက်လျှင် လူသား၏ကန့်သတ်ချက်ကို ကျော်လွန်သွားပြီဖြစ်ရာ ဝိညာဉ်စွမ်းအင်ရှိသရွေ့ အစားအစာနှင့် လေမရှိဘဲ အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်သည်။

စုန့်ဝမ် ရေထဲမျှောလိုက်သွားချိန် ရုတ်တရက် မျက်ခုံးကြားမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ ကမ်းခြေတွင် ထားခဲ့သော မဟူရာသံချပ်ကာကူတစ်ကောင် ယန်ယုရှန်၏ နောက်ဆုံးဓားချီကြောင့် သေဆုံးသွားခြင်းပင်။ သို့သော် မဟူရာသံချပ်ကာကူ မသေဆုံးမီ တိုက်ခိုက်သူနှစ်ဦးလုံး ဒဏ်ရာအပြင်းအထန် ရသွားသည်ကို စုန့်ဝမ် မြင်တွေ့လိုက်ရသည်။

စုန့်ဝမ်မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဝူယင်သည် သူ ဝူဆွေ့ကို သတ်ခဲ့သည်ကို သိနေပြီဖြစ်ရာ ဝူယင်ကို အသက်ရှင်လျက်ထားခြင်းသည် ကြီးမားသော ဘေးဒုက္ခပင် ဖြစ်ချေသည်။ ယခုအချိန်သည် ဝူယင်ကို အပြီးတိုင် ဖယ်ရှားရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ စုန်ဝမ်သည် မြစ်ရေထဲတွင် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခါးရှိ သိုလှောင်အိတ်ကို ပုတ်လိုက်သည်နှင့် ဒုတိယအဆင့် အလောင်းရုပ်သေး နှစ်ခုသည် ရေထဲတွင် ထွက်ပေါ်လာသည်။ မဟူရာသံချပ်ကာကူ၏ လမ်းညွှန်မှုဖြင့် ထိုအလောင်းရုပ်သေး နှစ်ကောင်သည် မြစ်ထဲမှ ပြေးထွက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဦးတည်သွားကြသည်။ စုန့်ဝမ်ကိုယ်တိုင်က မြစ်အောက်ခြေရှိ ဂူတစ်ခုထဲ ဝင်ရောက်ပြီး သူ့အော်ရာကို ရုပ်သိမ်းရင်း ပုန်းအောင်းနေခဲ့သည်။

သို့သော် ဤမျှဖြင့် လုံလောက်သည်ဟု မထင်သေးသဖြင့် သူသည် ဂူအတွင်း၌ ဝိညာဥ်ဖုန်းကွယ်အစီအရင် ခင်းကျင်းလိုက်သည်။ ထိုအစီအရင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့၏ ဝိညာဥ်အာရုံကိုပင် လှည့်စားနိုင်သည်ဟု ဆိုထားသဖြင့် အမှန်တကယ် ဖြစ်ပါစေဟု စုန့်ဝမ် ဆုတောင်းနေမိတော့သည်။

.............

ဝူယင်က သူနှင့် ပေတစ်ရာခန့်အကွာတွင် ဒဏ်ရာအပြင်းအထန်ရကာ လဲကျနေသော ယန်ယုရှန် လှမ်းကြည့်ရင်း အပြတ်ရှင်းပစ်ချင်သော်လည်း သူကိုယ်တိုင်မှာမူ ထရပ်ရန်ပင် မနည်းကြိုးစားနေရသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ ကျန်ရစ်နေသော ဓားချီများက အတွင်းကလီစာများကို ကြမ်းတမ်းစွာ ဆွဲဖြဲနေကြသည်။ အကယ်၍ ဝိညာဥ်စွမ်းအင်များဖြင့် အကာအကွယ် မပေးထားပါက အားလုံးကြေမွသွားပြီး သေနေလောက်ပြီ ဖြစ်သည်။ ထို့အပြင် ရင်ဘတ်မှ ဒဏ်ရာကြီးကြောင့် သွေးများ အလွန်အမင်း ဆုံးရှုံးနေရသည်။ အခြေအရ သူတပါးကို တိုက်ခိုက်ရန်ထက် မိမိကိုယ်မိမိ ကယ်တင်ဖို့က အရေးကြီးနေသဖြင့် ကုသရေးဆေးလုံး ၂ လုံးကို ခပ်မြန်မြန် မျိုချလိုက်ပြီး တင်ပလ္လင်ခွေထိုင်ကာ ခန္ဓာကိုယ်အတွင်းမှ သောင်းကျန်းနေသော ဓားချီများကို ဖိနှိပ်ရန်နှင့် သွေးထွက်နည်းအောင် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ထိုစဉ်မှာပင် ဒုတိယအဆင့် အလောင်းရုပ်သေး ၂ ကောင် ပြေးဝင်လာသည်ကို တွေ့လိုက်ရပါတော့သည်။ ပုံမှန်ဆိုလျှင် ဝူယင်အတွက် ဤဒုတိယအဆင့် အလောင်းရုပ်သေးများကို လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် ဖျက်ဆီးနိုင်သော်လည်း ယခုအခါ၌မူ အားအင်ချိနဲ့နေလေပြီ။ အလောင်းရုပ်သေးများ ပေါ်လာခြင်းကို ယန်ယုရှန်လည်း သတိပြုမိသွားသည်။ စိုးရိမ်စိတ်ဖြင့် ထရပ်ရန် ကြိုးစားသော်လည်း ပြင်းထန်လှသော နာကျင်မှုကြောင့် သူမ မြေပြင်ပေါ်သို့ ပြန်လဲကျသွားရပြန်သည်။ အလောင်းရုပ်သေးနှစ်ခု ချဉ်းကပ်လာသည်ကို ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။ ကံကောင်းသည်မှာ ထိုအလောင်းကောင်များသည် ဝူယင်ရှိရာသို့သာ တည့်တည့်မတ်မတ် ဦးတည်သွားကြခြင်းပင်။

ဝူယင်လည်း ကျန်ရှိနေသော ခွန်အားကို စုစည်းပြီး သူ့အပေါ်သို့ ခုန်အုပ်လာသည့် အလောင်းရုပ်သေးကို ရိုက်ချလိုက်သည်။

“ဝုန်း”

တိုက်ကွက်မှာ အလောင်းရုပ်သေး၏ ဦးခေါင်းကို ထိမှန်သွားသော်လည်း ဝူယင်၏ ဒဏ်ရာမှာ ပြင်းထန်လွန်းနေသဖြင့် ထိရောက်မှုမရှိလှပေ။ အလောင်းရုပ်သေး၏ ဦးခေါင်းတဝက်ခန့်သာ ကြေမွသွားပြီး လှုပ်ရှားမှု ရပ်မသွားဘဲ ဝူယင်၏လက်ကို လှမ်းဆွဲကာ ကျန်ရှိနေသော ပါးစပ်တစ်ခြမ်းဖြင့် အတင်းကိုက်ခဲလိုက်တော့သည်။

ဝူယင်က နောက်တစ်ကြိမ် ထပ်မံရိုက်ချရန် ပြင်လိုက်စဉ်မှာပင် အခြားအလောင်းရုပ်သေးတစ်ကောင်က သူ့အပေါ် ခုန်အုပ်လာပြန်သည်။ ၎င်းက ပါးစပ်ကြီးကို ဟကာ သွေးစုပ်စွယ်ကြီးများဖြင့် ဝူယင့်လည်ပင်းကို ကိုက်ရန် ကြိုးစားသည်။ ဝူယင် အလွန်အမင်း ထိတ်လန့်သွားပြီး ဒုတိယမြောက် အလောင်းရုပ်သေးကို တိုက်ခိုက်ရန် ချီစွမ်းအင်ကို အတင်းအဓမ္မ ထုတ်ဖော်လိုက်မိသည်။

သို့သော် ထိုအလောင်းရုပ်သေးကို မထိမှန်မီမှာပင် ဝူယင်မျက်နှာ ပျက်ယွင်းသွားသည်။ သူသည် ကျန်ရှိနေသော စွမ်းအားကို ထပ်ခါတလဲလဲ သုံးရန် ကြိုးစားခဲ့သောကြောင့် ခန္ဓာကိုယ်အတွင်းမှ သောင်းကျန်းနေသော ဓားချီများကို မထိန်းချုပ်နိုင်တော့ချေ။ ထိုဓားချီများသည် လှောင်အိမ်မှ လွတ်လာသည့် သားရဲတစ်ကောင်ကဲ့သို့ ဝူယင်ခန္ဓာကိုယ်အတွင်း၌ မွှေနှောက်ဖျက်ဆီးပါတော့သည်။ မျက်တောင်တစ်ခတ်အတွင်း အတွင်းကလီစာများမှာ ဓားချီများကြောင့် ကြေမွသွားအောင် ဆွဲဖြဲခံလိုက်ရလေတော့သည်။ ဝူယင်လည်း အသက်ဇီဝိန် ချုပ်ငြိမ်းသွားခဲ့ပါတော့သည်။

ဝူယင် အသက်မရှိတော့သည်ကို အာရုံခံမိသောအခါ ဒဏ်ရာမရထားသည့် အလောင်းရုပ်သေးက ဝူယင်၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းလိုက်သည်။ ၎င်း၏ ပါးစပ်တွင် ဝူယင်၏ သွေးများနှင့် အသားစများ ပေကျံနေဆဲပင်။ ၎င်းသည် နှင်းခဲဓားကို အားပြုကာ အနိုင်နိုင်ထရပ်နေသော ယန်ယုရှန်ဆီသို့ အကြည့်လွှဲလိုက်သည်။ ယန်ယုရှန်၏ သွေးချင်းချင်းနီနေသော မျက်နှာတွင် မဆုတ်မနစ်သော ဇွဲလုံ့လအရိပ်အယောင်များ ပေါ်လွင်နေသည်။

“ဂရား”

အလောင်းကောင်အရုပ်သည် ရှေ့သို့တစ်လှမ်းတိုးကာ ယန်ယုရှန်ထံ ပြေးဝင်သွားသည်။ အနီးရောက်သည်နှင့် ၎င်း၏ ထက်မြက်သော လက်သည်းရှည်ကြီးများဖြင့် ယန်ယုရှန်၏ ဒဏ်ရာရထားသော ဘယ်ဘက်လက်မောင်းကို ကုတ်ဆွဲလိုက်သည်။

ထိုစဉ် ညကောင်းကင်ယံကို ခွဲခြမ်း၍ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ အလောင်းရုပ်သေးမှာ ဘေးတိုက် ထက်ပိုင်းပြတ်သွားပြီး ပုပ်စပ်နေသော ကလီစာများနှင့် အနက်ရောင်အရည်များ နေရာအနှံ့ လွင့်စင်ထွက်သွားသည်။ ယန်ယုရှန်သည်လည်း သူမ၏ ဓားရှည်ကို အားကိုးစရာမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြန်လည်လဲကျသွားပြန်သည်။

ဦးခေါင်းတစ်ဝက်သာ ကျန်တော့သည့် အလောင်းကောင်အရုပ်မှာ မြေပြင်ပေါ်ရှိ ယန်ယုရှန် တစ်ချက်ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးများသည် ပေအနည်းငယ်အကွာရှိ ထက်ပိုင်းပြတ်နေသော အလောင်းရုပ်သေးဆီသို့ ရောက်သွားသည်။ ယန်ယုရှန်၏ အရှိန်အဝါနှင့် နှင်းခဲဓား၏ အေးစက်သော အလင်းရောင်ကြောင့် ကြောက်ရွံ့သွားပုံရသည့် အလောင်းရုပ်သေးလည်း ဝူယင်၏ ရုပ်အလောင်းကိုသာ တရွတ်တိုက် ဆွဲယူ၍ ထိုနေရာမှ ထွက်ခွာသွားသည်။

အလောင်းရုပ်သေး ပြန်ရောက်လာသည်နှင့် စုန့်ဝမ်က ဝူယင်၏ ရုပ်အလောင်းကို လွှဲပြောင်းယူလိုက်ပြီး လက်ချောင်းရှိ သိုလှောင်လက်စွပ်ကို အရင်ဆုံး ချွတ်ယူလိုက်သည်။ ပြီးမှ အလောင်း၏ ရင်ဘတ်ရှိ အပေါက်ကြီးအတွင်းသို့ လက်လှမ်းနှိုက်ပြီး ဝူယင်၏ သွေးအဆီအနှစ်များမှာ စုပ်ယူဝါးမျိုခဲ့သည်။ ဝူယင်က ရွှေအမြုတေကျင့်ကြံသူ ဖြစ်သဖြင့် သွေးနှင့် ချီစွမ်းအင် အလွန်များပြားသည်။ စုပ်ယူရင်း အလွန်အမင်း ပြည့်ဝလာသဖြင့် စုန့်ဝမ်သည် အနည်းငယ် နေမထိထိုင်မသာ ဖြစ်လာသည်။

ထိုစဉ် ဝူယင်၏ဝိညာဉ် ခန္ဓာကိုယ်မှ မခွာသေးဘဲ ထွက်ပေါ်လာသည်။

“ကောင်လေး .. မင်းပဲလား။ ငါ့ရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်ရုံတင်မကဘဲ ငါ့ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးရဲတယ်ပေါ့လေ။ ရွှေအမြုတေအဆင့်ကို မရောက်မချင်း မင်းတို့က ပုရွက်ဆိတ်တွေပါပဲ။ ရွှေအမြုတေအဆင့်ရဲ့ ဝိညာဉ်အစွမ်းဆိုတာ မင်းတို့လို အောက်တန်းစားတွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အရာပဲ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို လုယူရုံတင်မကဘူး၊ မင်းရဲ့ ဝိညာဉ်ကိုလည်း ဝိညာဉ်မီးအိမ်ထဲ ပိတ်လှောင်ပြီး ထာဝရ မီးလောင်တိုက်သွင်း ပစ်မယ်”

ဝူရန်၏ ဝိညာဉ်သည် အားကောင်းလှသော ဝိညာဉ်စွမ်းအင်များဖြင့် ခြုံလွှမ်းပြီး စုန့်ဝမ်၏ အသိစိတ်ပင်လယ်အတွင်း မုန်တိုင်းတစ်ခုကဲ့သို့ အတင်းဝင်ရောက်သွားသည်။ စုန့်ဝမ်သည် ဝူယင်၏ ကိုယ့်သေတွင်းကိုယ်တူးသည့် လုပ်ရပ်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“စကားများလိုက်တာ”

“မင်းက ငါ့ကို ဘယ်လိုတောင် အထင်သေးရဲ …..”

ဝူယင်၏ ခြိမ်းခြောက်စကား မဆုံးသေးမီမှာပင် စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားတစ်ခု ထွက်ပါ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်သည် စုန့်ဝမ်၏ အသိစိတ်ပင်လယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စုပ်ယူခံလိုက်ရသည်။

“ဒါ... ဒါ ဘာပညာလဲ”

တွန်းလှန်၍မရသော ထိုစုပ်ယူမှုအားကြောင့် ဝူယင်၏ အသံတွင် ထိတ်လန့်မှုများ ပါဝင်လာသည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ ဝိညာဉ်သည် စုန့်ဝမ်၏ သိစိတ်ပင်လယ်အတွင်းသို့ ရောက်သွားသည်။ ငရဲ၏ နက်ရှိုင်းသောချောက်ကဲ့သို့ အဆုံးမဲ့နေသော အနက်ရောင် ဟင်းလင်းပြင်ကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

ဝူယင်၏ ဝိညာဉ်သည် အဆုံးစွန်ထိ ကြောက်ရွံ့သွားသည်။

“ဒါက ဘာကြီးလဲ ဘယ်လိုလုပ်ပြီး မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့အရာ ရှိနေရတာလဲ”

ထိုအချိန်တွင် ဝူယင်၏ ရွှေအမြုတေဘိုးဘေး မာနနှင့် ဂုဏ်သိက္ခာများမှာ အစအနမကျန် ပျက်စီးသွားလေပြီ။

“မလုပ်ပါနဲ့ .. ကျေးဇူးပြုပြီး ငါ့ဝိညာဉ်ကို ချမ်းသာပေးပါ။ ငါ့ဝိညာဉ် ပျက်သုဥ်းသွားလို့ မဖြစ်ဘူး၊ ငါ ပြန်မွေးဖွားချင်သေးတယ်”

“ဒါက မင်းဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး”

စုန့်ဝမ်၏ လှောင်ပြောင်သံသည် စိတ်အာရုံပင်လယ်အတွင်း ဟိန်းထွက်လာသည်။

ဝူယင်၏ အသည်းအသန် တောင်းပန်သံများကြားမှာပင် သူ့ဝိညာဉ်သည် အနက်ရောင်ဟင်းလင်းပြင်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဤလောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည်။

ဝူယင့်ဝိညာဥ်ကို အပြတ်ရှင်းပြီးသည်နှင့် စုန့်ဝမ်သည် ဝိညာဥ်ဖုံးကွယ်အစီအရင်ကို ပြန်သိမ်းပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် မဟူရာသံချပ်ကာကူ အားလုံး စေလွှတ်လိုက်သည်။ ထို့နောက် သူ့အော်ရာကို ဖုံးကွယ်ကာ မြစ်ရေစီးကြောင်းနှင့်အတူ မျောပါသွားလိုက်သည်။

ဤနေရာမှာ မလုံခြုံတော့ပေ။

ဒဏ်ရာကို ခေတ္တထိန်းချုပ်ထားနိုင်သော ယန်ယုရှန်သည်လည်း ပြတ်သွားသော လက်မောင်းကို ယူကာ ထွက်ခွာသွားပြီ ဖြစ်သည်။ အကယ်၍ သူမက အခြားကျင့်ကြံသူများကို ခေါ်လာလျှင် စုန့်ဝမ်အနေဖြင့် မြစ်အောက်ခြေတွင် အစီအရင်ကို အားကိုးပြီး ပုန်းနေသော်လည်း မလုံခြုံနိုင်ပေ။ လမ်းမှန်ကျင့်ကြံသူများက မြစ်တစ်ခုလုံးကို အသေအချာ ရှာဖွေလိမ့်မည် မဟုတ်ပါလား။

စုန့်ဝမ်သည် မြစ်ရေထဲ၌ သုံးရက်နှင့် သုံးညတိုင်တိုင် မျောပါရင်း လိုက်ပါခဲ့သည်။ မြစ်ရေနှင့် လိမ့်ပါလာမှုကြောင့် အနည်းငယ် မူးနောက်နောက် ဖြစ်လာသည်။ ရေစီးမသန်သော်လည်း မြစ်အောက်ဘက်သို့ မိုင်တစ်ထောင်ခန့် မျောပါလာခဲ့ပြီဟု ခန့်မှန်းလိုက်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ရန် မဟူရာသံချပ်ကာကူကို ဂရုတစိုက် လွှတ်လိုက်သည်။ ဝူယင်၏ဝိညာဉ်ကို ဝါးမြိုပြီးနောက် စုန့်ဝမ်၏ ဝိညာဥ်စွမ်းအင်မှာ အခြေတည်အဆင့် နှောင်းပိုင်းအထိ တိုးတက်သွားခဲ့ပြီး သုံးမိုင်အကွာအဝေးအထိ လွှမ်းခြုံနိုင်လာသည်။ မဟူရာသံချပ်ကာကူ၏ အကူအညီဖြင့်ဆိုလျှင် ဆယ်မိုင်ပတ်လည်အတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို သိနိုင်ပြီဖြစ်ရာ ၎င်းမှာ အစောပိုင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိကြောင်း သေချာသွားသောအခါမှ စုန့်ဝမ်သည် မြစ်ထဲမှ တက်လာခဲ့သည်။ စိုရွှဲနေသော အဝတ်အစားများကြောင့် နေမထိထိုင်မသာ ဖြစ်နေသဖြင့် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးချကာ ရေငွေ့များကို အငွေ့ပျံစေလိုက်ရာ ခဏချင်းအတွင်းမှာပင် အဝတ်အစားများ ခြောက်သွေ့သွားသည်။

စုန့်ဝမ်သည် ဆယ်မိုင်ကျော်အကွာအဝေးအထိ ကင်းထောက်နေသော မဟူရာသံချပ်ကာကူ၏ အကူအညီဖြင့် မြစ်ကြောင်းအတိုင်း ဆက်လက်ခရီးထွက်လာခဲ့သည်။ အကယ်၍ မကျော်လွှားနိုင်သော အန္တရာယ်နှင့် ကြုံလာပါက မြစ်အောက်ခြေရှိ ရွှံ့နွံများကြားတွင် ချက်ချင်းပုန်းအောင်းရန်လည်း အသင့်ပြင်ထားသည်။ နတ်ဆိုးဂိုဏ်းများနယ်မြေမှာ ထို့ချန်တောင်တန်း၏ အခြားတစ်ဖက် မြင့်မားသောအရပ်တွင် ရှိသဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားပါက နတ်ဆိုးဂိုဏ်းနယ်မြေမှ လွတ်မြောက်ပြီး လမ်းမှန်ကျင့်ကြံသူများ အုပ်ချုပ်သည့် ထျန်းယွင်တိုက်ကြီးဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။

နာရီဝက်ခန့်အကြာတွင် ၁၅ မိုင်အကွာ ကောင်းကင်ယံမှ ပျံသန်းလာသော သင်္ဘောပျံတစ်စင်းကို စုန့်ဝမ် လှမ်းမြင်လိုက်ရသည်။ သင်္ဘောပျံက သိပ်မကြီးဘဲ အလျား ပေတစ်ရာခန့်သာရှိပြီး သင်္ဘောပေါ်တွင် လူရိပ်များ လှုပ်ရှားနေသည်ကို ဝေဝါးစွာ မြင်နေရသည်။ စုန့်ဝမ်လည်း သူ့အော်ရာကို ချက်ချင်းရုပ်သိမ်းပြီး မြစ်အောက်ခြေသို့ ငုပ်လျှိုးသွားလိုက်သည်။ အခြအနေကို သေချာမသိမီ သူ့အား အတွေ့ခံမည် မဟုတ်ချေ။ သင်္ဘောပျံသည် သူ၏ ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်လာသောအခါ သင်္ဘောပေါ်တွင် ပါဝင်သူများထဲ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် အစောပိုင်းရှိသူ တစ်ဦးသာဖြစ်ပြီး ကျန်ဆယ်ယောက်ကျော်မှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ရှိသူများဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကျင့်ကြံသူများထံမှ စင်ကြယ်သော ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသဖြင့် လမ်းမှန်ကျင့်ကြံသူများ ဖြစ်ကြောင်းကို တိတိကျကျ အတည်ပြုလိုက်နိုင်သည်။

၎င်းတို့သည် အလောင်းကောင်မိစ္ဆာဂိုဏ်း အုပ်ချုပ်ရာနယ်မြေမှ ဝေးရာသို့ ထွက်ခွာလာကြသည့် ဖြောင့်မတ်သော ကျင့်ကြံသူတစ်စုပင် ဖြစ်သည်။ စုန့်ဝမ် အကြံတစ်ခု ရလိုက်သည်။ ချက်ချင်းဆိုသလို နတ်ဆိုးအော်ရာကို ဖိနှိပ်လိုက်ပြီး အလောင်းဘုရင် သွေးသန့်စင်ခြင်းနည်းစနစ် စီးဆင်းမှုကို ရပ်တန့်ကာ သက်ရှည်ကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်။

ထိုခဏမှာပင် စုန့်ဝမ်၏ ခန္ဓာကိုယ်မှ နတ်ဆိုးအော်ရာများနှင့် အလောင်းချီစွမ်းအင်များ လုံးဝကွယ်ပျောက်သွားပြီး ကောင်းကင်ချီများ အစားထိုးဝင်ရောက်လာသည်။ နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်စွမ်းအင်များကို အလျှံပယ်ရရှိခဲ့သဖြင့် သူ၏ သက်ရှည်ကျင့်စဉ်မှာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ချီစုစည်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ကျင့်ကြံမှု ပြောင်းလဲပြီးသည်နှင့် ဒဏ်ရာရထားသော လူတစ်ယောက်ကဲ့သို့ အဝတ်အစားများကို ဖရိုဖရဲဖြစ်အောင် ပြင်လိုက်သည်။ ထို့နောက် မြစ်ကမ်းဘေး ပြန်တက်ပြီး အသင့်ဆောင်ထားသော သာမန်အဝတ်အစားများ လဲလှယ်ဝတ်ဆင်ကာ လေလွင့်ကျင့်ကြံသူတစ်ဦးအသွင်ဖြင့် မြစ်ကမ်းဘေးတွင် လဲလျောင်းနေလိုက်သည်။

ဤနေရာသည် အလောင်းနတ်ဆိုးဂိုဏ်းနှင့် မိုင်တစ်ထောင်ခန့်သာ ဝေးသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ချီစုစည်းခြင်းအဆင့် တပည့်တစ်စုက ဤမျှ ပေါ်ပေါ်ထင်ထင် သွားလာရဲနေကြသည်မှာ တစ်ခုတည်းသော အကြောင်းသာ ရှိသည်။ အလောင်းနတ်ဆိုးဂိုဏ်း၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး လမ်းမှန်ဂိုဏ်းပေါင်းစုံ၏ ဝိုင်းရံမှုကို ခံနေရခြင်းပင် ဖြစ်ရမည်။ ယခုအချိန်တွင် ဤနေရာမှ လွတ်မြောက်ရန် အန္တရာယ်အကင်းဆုံးနည်းမှာ လမ်းမှန်လေလွင့်ကျင့်ကြံသူအဖြစ် အယောင်ဆောင်ကာ ဤသင်္ဘောပျံပေါ် လိုက်ပါသွားခြင်းပင် ဖြစ်ပါလိမ့်မည်။

..............

All Chapters