လှေကြုံစီးရင်း ငရဲခန်းကို တွေ့လိုက်ရတယ်
Vol. 10 Ch. 108
လေသင်္ဘောပေါ်တွင် အသက် ၁၈ နှစ်ခန့်ရှိသော ကျင့်ကြံသူ မိန်းမချောလေးတစ်ဦးဆီက အော်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟိုမှာကြည့်ပါဦး၊ မြစ်ကမ်းဘေးမှာ လူတစ်ယောက် လဲနေတယ်”
သင်္ဘောပျံပေါ်ရှိ ကျန်သူများသည်လည်း မိန်းကလေးညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။ မြစ်ကမ်းဘေးမှာ ရှင်းလင်းနေသဖြင့် လဲလျောင်းနေသော လူငယ်လေးကို အလွယ်တကူ မြင်လိုက်ရသည်။ ထို့နောက် ကိုယ်စီ မှန်းဆပြောဆိုမှုများဖြင့် ဆူညံ့သွားသည်။
“ဘာဖြစ်ကြတာလဲ .. ဘာလို့ ဒီလောက် ဆူညံနေရတာလဲ”
တင်းမာသော ဆူပူသံတစ်ခု ထွက်ပေါ်လာပြီး သင်္ဘောပေါ်တွင် ချက်ချင်း တိတ်ဆိတ်သွားသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားကျင့်ကြံသူတစ်ဦး အခန်းထဲမှ ထွက်လာပြီး လူအုပ်ကို မကျေမနပ် ကြည့်လိုက်သည်။ ဤသူမှာ ၎င်းတို့အထဲတွင် အာဏာအရှိဆုံးသူဖြစ်ကြောင်း ထင်ရှားလှသဖြင့် အားလုံး ငြိမ်ကျသွားသည်။
ခဏအကြာမှ စုန့်ဝမ်ကို စတင်တွေ့ရှိခဲ့သည့် မိန်းကလေးက သတ္တိမွေး၍ ပြောလိုက်သည်။
“အကြီးအကဲဝူ ... ရှေ့က မြစ်ကမ်းဘေးမှာ ကျင့်ကြံသူတစ်ယောက် လဲနေပါတယ်။ သေသလား ရှင်သလားတော့ မသိသေးပါဘူး”
အကြီးအကဲဝူက အေးစက်စက် မျက်နှာထားဖြင့် သင်္ဘောလက်ရန်းအနားသို့ တိုးသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ မိုင်အနည်းငယ်အကွာ မြစ်ကမ်းဘေးတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။
“ဒီနေရာက နတ်ဆိုးဂိုဏ်းနယ်မြေထဲမှာပဲ ရှိသေးတယ်။ ငါတို့ လမ်းမှန်ဂိုဏ်းတွေက မိုင်တစ်ထောင်အတွင်း ရှိသမျှ နတ်ဆိုးအင်အားစုတွေကို အမြစ်ပြတ်အောင် ရှင်းလင်းထားတယ်ဆိုပေမဲ့ အကြွင်းအကျန်တွေ ရှိနေနိုင်သေးတယ်။ ပေါ့ပေါ့ဆဆ မနေသင့်ဘူး”
သူ၏ တပည့်များကို ဆူပူပြီးနောက် အကြီးအကဲဝူသည် သင်္ဘောကို မြစ်ကမ်းဘေးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ရန် အမိန့်ပေးလိုက်သည်။ စုန့်ဝမ်နှင့် တစ်မိုင်ခန့်အကွာသို့ ရောက်သောအခါ အကြီးအကဲဝူသည် အခြေအနေကို သိရှိရန် သူ၏ ဝိညာဥ်အာရုံကို အသုံးပြုလိုက်သည်။
“ချီစုစည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူလေးပဲ”
သိမြင်ရသလောက်ဆို အတွင်းဒဏ်ရာ အပြင်းအထန် ရထားပုံရပြီး ခန္ဓာကိုယ်အတွင်းရှိ ချီစီးဆင်းမှုမှာလည်း နှေးကွေးထစ်ငေါ့နေသည်။ ချီစုစည်းခြင်းအဆင့်သာရှိသော လမ်းမှန်ကျင့်ကြံသူလေးတစ်ဦးက အဘယ်ကြောင့် အလောင်းကောင်မိစ္ဆာဂိုဏ်းနှင့် ဤမျှနီးသော နေရာတွင် တစ်ယောက်တည်း ရှိနေရသနည်း။
“လူနှစ်ယောက် ဆင်းသွားပြီး သူ့ကို သင်္ဘောပေါ်သယ်ခဲ့လိုက်၊ သတိထားကြဦး”ဟု အကြီးအကဲဝူက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ အမျိုးသားနှစ်ဦးသည် သင်္ဘောပေါ်မှ ခုန်ဆင်းသွားကြသည်။ မကြာမီမှာပင် သတိမေ့နေသော စုန့်ဝမ်ကို ထမ်းတင်လာကြသည်။
“သူ့ကို ကုသရေးဆေးလုံးတစ်လုံး တိုက်လိုက်”ဟု အကြီးအကဲဝူက ညွှန်ကြားလိုက်သည်။ စုန့်ဝမ်ကို ဆေးတိုက်လိုက်ပြီး ဆေးအစွမ်းပြစေရန် ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုလည်း ထိုးသွင်းပေးလိုက်သည်။ ၁၅ မိနစ်ခန့်အကြာတွင် ဆေးအစွမ်းပြလောက်ပြီဟု စုန့်ဝမ် တွက်ဆလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
နေရောင်စူးစူးနှင့် အားနည်းနေသော အခြေအနေကို အသားကျအောင် ခေတ္တစောင့်ပြီးနောက် စုန်ဝမ်က အသံတိုးတိုးဖြင့် စကားစလိုက်သည်။
“ကျ .. ကျနော် ... ဘယ်ရောက်နေတာလဲ”
သူ့ကို ဆေးတိုက်ပေးသော ကျင့်ကြံသူက “ငါတို့က မဟာကောင်းကင်ဓားဂိုဏ်းက ကျင့်ကြံသူတွေပါ။ မင်း မြစ်ကမ်းဘေးမှာ မေ့လဲနေတာကို တွေ့လို့ ငါတို့ ကယ်ခဲ့တာ”ဟု ပြန်ဖြေသည်။
“မဟာကောင်းကင်ဓားဂိုဏ်း”
အနီရောင်ဝတ်စုံနှင့် အမျိုးသမီး ယန်ယုရှန်မှာ ဤဂိုဏ်းမှဖြစ်ကြောင်း စုန့်ဝမ် ချက်ချင်း သတိရလိုက်သည်။ သူသည် ကုန်းပတ်ပေါ်မှ အနိုင်နိုင်ထရပ်ရင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အရိုအသေပြုရင်း “ကျနော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာတို့။ ကျနော်က ချန်ဖေးဟဲလို့ ခေါ်ပါတယ်။ မဟာကောင်းကင်ဓားဂိုဏ်းဟာ နာမည်ကျော်ကြားတဲ့ လမ်းမှန်ဂိုဏ်းကြီးဆိုတာ မှတ်သားဖူးပါတယ်။ ကျနော့်လို သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ပေးတာ တစ်ကြိမ်မကတော့ဘူး၊ တကယ်ပဲ ကျေးဇူးတင်မဆုံးပါဘူး။ ဒီကျေးဇူးကို ကျနော် တစ်နေ့ ပြန်ဆပ်ပါ့မယ်”
အကြီးအကဲ ဝူသည် စုန့်ဝမ်၏ မြှောက်ပင့်စကားများကို စိတ်မဝင်စားဘဲ အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလာသည်။
“မင်းကို ငါတို့ဂိုဏ်းသားတွေ အရင်ကလည်း ကယ်ဖူးတယ်လို့ ပြောချင်တာလား”
စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး ကြည်ညိုလေးစားလှသော မျက်နှာထားဖြင့် အတိတ်ကို ပြန်ပြောင်း သတိရနေဟန်ဆောင်လိုက်သည်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျနော် အလောင်းနတ်ဆိုးဂိုဏ်းက ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ သူတို့က ကျနော့်သွေးကို စုပ်ယူပြီး အလောင်းရုပ်သေး ပြုလုပ်ဖို့ ဖမ်းသွားကြတာပါ။ ကျနော်လည်း သက်ရှိဖုတ်ကောင်အဖြစ် ထာဝရ အစေခံရတော့မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ လမ်းမှာ ခင်ဗျားတို့ဂိုဏ်းက ဓားနတ်သမီးတစ်ပါးနဲ့ တွေ့ခဲ့ပါတယ်”
ပြောနေရင်း စုန့်ဝမ်မျက်နှာမှာ လေးစားအားကျမှုတို့ဖြင့် ပြည့်နှက်သွားသည်။
“အဲဒီဓားနတ်သမီးက အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါး အတိုင်းပါပဲ။ သူက ဆီးနှင်းလိုဖြူတဲ့ဓားရှည်ကို ကိုင်ပြီး နတ်ဆိုးကျင့်ကြံသူတွေကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာပါ။ ကျနော့်လို လေလွင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ကိုလည်း ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီဓားချက်က ပျံသန်းနေတဲ့ ငန်းတစ်ကောင်လို ကျော့ရှင်းပြီး၊ ကူးခတ်နေတဲ့ နဂါးတစ်ကောင်လို အားပါလှပါတယ်။ လျှပ်စီးလိုမြန်ပြီး ကောင်းကင်ကြီး ပြိုကျလာသလိုမျိုး ပြင်းထန်လှတဲ့ ထူးခြားတဲ့ ဓားကွက်ပါပဲ”
အကြီးအကဲဝူ၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ရှိနေသေးသော်လည်း တည်ငြိမ်စွာ မေးလိုက်သည်။
“မင်းပြောတာက ငါတို့ဂိုဏ်းက အကြီးအကဲကဲယန်ယုရှန်က မင်းကို ကယ်တင်ခဲ့တာလို့ ဆိုလိုတာလား၊ အဲဒါ ဘယ်တုန်းကလဲ”
စုန့်ဝမ်က “လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဖြစ်ပါလိမ့်မယ်”ဟု ဖြေလိုက်သည်။ ထို့နောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ “အော် ... အဲဒီဓားနတ်သမီး စီနီယာရဲ့ နာမည်က ယန်ယုရှန်တဲ့လား”
အကြီးအကဲဝူ ခေါင်းညိတ်လိုက်သည်။ အချိန်ကာလက ကိုက်ညီနေသည်။ အကြီးအကဲကဲယန် လွန်ခဲ့သော သုံးရက်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း ထိုမတိုင်မီ ရက်များက ဤဒေသတွင် လှုပ်ရှားနေခဲ့ပြီး လေလွင့်ကျင့်ကြံသူအချို့ကိုလည်း ကယ်တင်ခဲ့ဖူးသဖြင့် ဤသူ၏ စကားမှာ ဖြစ်နိုင်ခြေ ရှိနေသည်။
“မင်းတို့အဖွဲ့ထဲမှာ ဆယ်ယောက်ကျော်ရှိတယ်ဆိုတော့ ကျန်တဲ့လူတွေက ဘယ်မှာလဲ”
စုန့်ဝမ်က ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။
“အကြီးအကဲယန်က ကယ်ပြီးတာနဲ့ ထွက်သွားခဲ့ပါတယ်။ ကျနော်တို့က ဘေးကင်းတဲ့နယ်မြေကို အမြန်ဆုံးပြန်ဖို့ ကြိုးစားခဲ့ကြပေမဲ့ လမ်းမှာ နတ်ဆိုးကျင့်ကြံသူတွေ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရပြန်ပါတယ်။ ကျနော်တို့လည်း မခုခံနိုင်လို့ လူစုခွဲပြီး ထွက်ပြေးခဲ့ကြရတယ်။ အဲဒီကြားထဲမှာ ကျနော် ဒဏ်ရာအပြင်းအထန်ရလို့ မြစ်ထဲကျပြီး သတိမေ့သွားတာပါ။ ခင်ဗျားတို့ဂိုဏ်းက ဒုတိယအကြိမ် ကယ်တင်တာ ခံရမယ်လို့ မထင်ထားခဲ့ပါဘူး။ သတင်းစကားတွေအတိုင်းပါပဲ၊ မဟာကောင်းကင်ဓားဂိုဏ်းဟာ နတ်ဆိုးတွေကို နှိမ်နင်းပြီး အားနည်းသူတွေကို ကူညီပေးတဲ့ တကယ်ဖြောင့်မတ်တဲ့ ဂိုဏ်းကြီးပါပဲ”
စုန့်ဝမ်၏ ပါးနပ်လှသော မြှောက်ပင့်စကားများနှင့် လိမ်လည်မှုများကြောင့် အကြီးအကဲဝူ၏ သံသယများ တဖြည်းဖြည်း လျော့နည်းသွားသည်။ သင်္ဘောပျံရှိ အတွေ့အကြုံနည်းသော တပည့်ငယ်များမှာမူ စုန့်ဝမ်၏ စကားကို အပြည့်အဝ ယုံကြည်သွားကြလေပြီ။ နောက်ဆုံးတော့လည်း စုန့်ဝမ်ထံမှ ထွက်ပေါ်နေသော ကောင်းကင်ချီအော်ရာက မည်သို့မျှ ငြင်းချက်ထုတ်မရနိုင်အောင် စစ်မှန်နေသည်မဟုတ်ပါလား။ လောကမှာ ကောင်းကင်ချီ ပိုင်ဆိုင်သည့် နတ်ဆိုးကျင့်ကြံသူဟူ၍ မရှိချေ။
အကြီးအကဲဝူက စုန့်ဝမ်ကို ကြည့်ကာ “မင်း ဘယ်နေရာမှာ ကျင့်ကြံခဲ့တာလဲ”ဟု မေးလိုက်သည်။
စုန့်ဝမ်က “စီနီယာ ... ကျနော် အဖမ်းမခံရခင်တုန်းက ထျန်းရှင်းစျေးမှာ ကျင့်ကြံခဲ့တာပါ”ဟု ပြန်ဖြေလိုက်သည်။
အကြီးအကဲ ဝူက မျက်မှောင်ကြုတ်သွားသည်။
“ထျန်းရှင်းစျေးလား .. ငါ အဲဒီနေရာအကြောင်း တစ်ခါမှ မကြားဖူးပါဘူး”
စုန့်ဝမ် ပြောလိုက်သော ထျန်းရှင်းစျေးဟူသည့်အမည်မှာ သူသတ်ခဲ့သော ကျိယင်၏ သိုလှောင်အိတ်ထဲမှ ဟောင်းနွမ်းနေသော လက်ရေးမူတစ်ခုတွင် တွေ့ရှိခဲ့သည့် အမည်ဖြစ်သည်။ ၎င်းမှာ ချန်နိုင်ငံနှင့် အနီးဆုံးတွင်ရှိသော လေလွင့်ကျင့်ကြံသူများ စုဝေးရာစျေးတစ်ခု ဖြစ်သည်။
စုန့်ဝမ် ဘာမှမပြောရသေးမီ ဘေးနားရှိ ချီစုစည်းခြင်းအဆင့် တပည့်တစ်ဦးက ဝင်ရှင်းပြလိုက်သည်။
“အဲဒါ ချန်နိုင်ငံနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စျေးအသေးလေးတစ်ခုပါ။ ဝိညာဉ်စွမ်းအင် အရမ်းနည်းပါးတာကြောင့် ဘယ်ဂိုဏ်းမှ အခြေမစိုက်ကြဘူး၊ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူတွေပဲ အဲဒီမှာ သွားလာလှုပ်ရှားကြတာပါ”
အကြီးအကဲ ဝူက ခေါင်းညိတ်လက်ခံသွားသည်။
“ငါတို့က မဟာကောင်းကင်ဓားဂိုဏ်းကို ပြန်မှာ။ အဲဒီနေရာက ချန်နိုင်ငံနဲ့ မိုင်ပေါင်းတစ်သိန်းလောက် ဝေးတယ်။ ငါတို့ အုပ်ချုပ်တဲ့နယ်မြေထဲက မထွက်မချင်း မင်း ငါတို့နဲ့အတူ လိုက်ခဲ့လို့ရတယ်။ အဲဒါက မင်းအတွက် ပိုဘေးကင်းလိမ့်မယ်။ အဲဒီနောက်မှ မင်း ထျန်းရှင်းစျေးကို ပြန်ပေါ့”
စုန့်ဝမ်က အလွန်ကျေးဇူးတင်ဟန်ဖြင့် “ကျေးဇူးတင်ပါတယ် စီနီယာ”ဟု ဆိုကာ သင်္ဘောကုန်းပတ်ပေါ်ရှိ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဒဏ်ရာကုသနေဟန်ဆောင်ကာ အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်နေလိုက်သည်။
သင်္ဘောပျံ၏ အရှိန်မှာ သိပ်မမြန်ဘဲ တစ်ရက်လျှင် မိုင်ငါးထောင်ခန့်သာ သွားနိုင်သည်။ ခရီးတလျှောက်တွင် စုန့်ဝမ် သတိပြုမိသည်မှာ သင်္ဘောပျံသည် သတ်မှတ်လမ်းကြောင်းအတိုင်း သွားနေခြင်းပင် ဖြစ်သည်။ ထိုခရီးတွင် သူတို့သည် အခြားကျင့်ကြံသူအဖွဲ့ ဆယ်ဖွဲ့ထက်မနည်းနှင့် ဆုံခဲ့သည်။ ၎င်းတို့ထဲတွင် သင်္ဘောပျံကြီးများ၊ ဓားပျံစီး၍ အုပ်စုလိုက် သွားနေသူများနှင့် တစ်ကိုယ်တော် သွားလာနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများပါ ပါဝင်သည်။ ဤလမ်းမှန်ကျင့်ကြံသူများ နတ်ဆိုးဂိုဏ်းများနယ်မြေအတွင်း မကြောက်မရွံ့ ပျံသန်းနေကြသည်ကို မြင်ရသောအခါ စုန့်ဝမ်သည် အလောင်းနတ်ဆိုးဂိုဏ်း၏ အခြေအနေ အလွန်ပင် ဆိုးရွားနေပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။
………
တစ်ခုသော သန်းခေါင်ယံအချိန်
ရုတ်တရက် သင်္ဘောအနီးတွင် ပုန်းကွယ်နေသော မဟူရာသံချပ်ကာကူထံမှ သတင်းတစ်ခု ရောက်လာသည်။ သင်္ဘောနှင့် ဆယ်မိုင်ခန့်အကွာရှိ ဂူတစ်ခုအတွင်း၌ ချန်ယီရှိနေကြောင်း သတင်းပေးပို့ခြင်း ဖြစ်သည်။
ချန်ယီသည် အနောက်ဘက်သို့ ထွက်ပြေးနေခြင်းဖြစ်ပြီး ထို့ချန်တောင်တန်း၏ အနောက်တောင်ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။ ယခုလို ပြန်လည်ဆုံတွေ့ရခြင်းမှာ တိုက်ဆိုင်မှုကြီးပင်။ သို့သော် ချန်ယီမှာ အလွန်သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည်။ သူမသည် ဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာနှင့် အဝတ်အစားများမှာ သွေးချင်းချင်းနီနေသည်။
သူမ၏ ပတ်ပတ်လည်တွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ အမျိုးသားများထဲတွင် သူမနှင့် ပတ်သက်မှုရှိခဲ့သော ကျန်းရှောင်ဖန်လည်း ပါဝင်သည်။ အမျိုးသမီးဖြစ်သူမှာ ပါးရိုးပေါ်လွင်ပြီး နှုတ်ခမ်းပါးကာ မာနကြီး၍ ရက်စက်မည့်ပုံစံရှိသည်။ ကျန်အမျိုးသားနှစ်ဦးမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် တပည့်များဖြစ်သည်။ ဤလေးဦးစလုံးမှာ အလောင်းချီအော်ရာကို ဖုံးကွယ်နိုင်သော ရတနာတစ်ခုကို အသုံးပြုထားသဖြင့် လမ်းမှန်ကျင့်ကြံသူများအသွင် ပေါက်နေသည်။
မြေပြင်ပေါ်တွင် မသေရုံတမည် ဖြစ်နေသော ချန်ယီကို ကြည့်ကာ အမျိုးသမီးဖြစ်သူက မထီမဲ့မြင် ပြုံးလိုက်သည်။
“နင့်လို သေမျိုးလောကလာတဲ့ အောက်တန်းစား မိန်းမတစ်ယောက်က ငါနဲ့ပြိုင်ပြီး ယောက်ျားလုရဲတယ်ပေါ့လေ။ နင်က သွေးကတိတောင် လျှို့ဝှက်လုပ်ထားသေးတယ်၊ နင် တကယ်ကို အသေမလှချင်တာပဲ”
ပြောပြောဆိုဆိုနှင့် ချန်ယီ့မျက်နှာကို ရိုက်ချလိုက်ရာ မျက်နှာမှာ ချက်ချင်းပင် ဖူးရောင်သွားသည်။ ထိုအမျိုးသမီးမှာ အလောင်းနတ်ဆိုးဂိုဏ်းမှ ရွှေအမြုတေဘိုးဘေးလု၏ သမီးလုချန်ဖြစ်ပြီး ကျန်းရှောင်ဖန်၏ တာအိုလက်တွဲဖော်လည်း ဖြစ်သည်။
“နင့်ရဲ့ ဒီလှပတဲ့မျက်နှာလေး ဘယ်လောက်တန်ဖိုးရှိလဲ ကြည့်ရအောင်”
လုချန်သည် သူမ၏ နှစ်တစ်ရာသက်တမ်းရှိ အလောင်းကောင်ကဲ့သို့ မည်းနက်ပြီး ထက်မြက်သော လက်သည်းကြီးများကို မြှောက်ကာ ချန်ယီ၏ နဖူးကို ကုတ်ခြစ်ပြီး အရေခွံကို ဖြည်းဖြည်းချင်း ခွာထုတ်လိုက်သည်။ ချန်ယီ၏ နာကျင်စွာ အော်ဟစ်သံများကြားမှာပင် သူမ၏ မျက်နှာတွင် သွေးချင်းချင်းနီသော လက်သည်းရာကြီး ငါးခု ပေါ်လာသည်။ ၎င်းနောက် လုချန်သည် ချန်ယီ၏ မျက်လုံးနှစ်လုံးကိုပါ လက်နှင့် ကော်ထုတ်ပစ်လိုက်ရာ သွေးများထွက်နေသော မျက်တွင်းဟောင်းလောင်းကြီး နှစ်ခုသာ ကျန်ရစ်တော့သည်။
ရက်စက်စွာ နှိပ်စက်ခံရပြီးနောက် ချန်ယီ၏ သတိမှာ ဝေဝါးလာသည်။ သေလုနီးပါး အခြေအနေတွင် သူမသည် အားနည်းလှသော အသံဖြင့် တစ်ခုခုကို ရေရွတ်နေသည်။
“သေချင်နေတာလား၊ အဲဒီလောက် မလွယ်ဘူး”
လုချန်သည် ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ ချန်ယီ၏ ပါးစပ်ကို အတင်းဖြဲ၍ တိုက်လိုက်သည်။ ဆေးအာနိသင် မြန်မြန်ပြစေရန် ဝိညာဉ်စွမ်းအင်ကိုပါ ထိုးသွင်းပေးလိုက်သည်။ ဆေးအာနိသင်ကြောင့် သေလုနီးပါးဖြစ်နေသော ချန်ယီမှာ ချက်ချင်းပင် သတိပြန်လည်လာသည်။
ချန်ယီ၏ အသံမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
“ငါ့ကို သတ်လိုက်ပါ .. ငါ့ကို သတ်လိုက်ပါတော့ ...”
“နင့်ကို သတ်လိုက်ရုံနဲ့တော့ အရမ်းသက်သာသွားမှာပေါ့။ ငါတို့ဂိုဏ်းမှာ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို နှိပ်စက်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ အဲဒါတွေကို နင့်ပေါ်မှာ အကုန်စမ်းသပ်ပြမယ်”
လုချန်၏ မျက်နှာမှာ ရူးသွပ်မှုနှင့် မာနတို့ကြောင့် မိစ္ဆာတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းနေသည်။
“နင်က ယောက်ျားတွေကို ကြိုက်တယ်မလား။ နင့်ကို ဝိညာဉ်ရှိတဲ့ ဖုတ်ကောင်အဖြစ် ပြောင်းပြီး ငရဲခန်းဆောင်ထဲကို ပစ်ထည့်လိုက်မယ်။ အဲဒီမှာရှိတဲ့ အကျဉ်းသားတွေက နင့်ကို နေ့ရောညပါ နှိပ်စက်ကြလိမ့်မယ်။ နင် အဆုံးမဲ့တဲ့ ဝေဒနာတွေကြားမှာ ထာဝရ ရှင်သန်နေစေရမယ်။ ပြန်လည်မွေးဖွားခွင့်လည်း မရှိစေရဘူး”
လုချန်၏ ရူးသွပ်ရက်စက်သော နည်းလမ်းများကို ကြားရသောအခါ ချန်ယီသည် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အနာဂတ်ကို ကြိုတင်မြင်ယောင်လာသည်။ သူမသည် အသည်းအသန် တောင်းပန်လိုက်သည်။ “ကျန်းရှောင်ဖန် ... ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးပါ၊ ငါ့ကို မြန်မြန် သေခွင့်ပေးပါ”
“ဖြန်း”
ပြင်းထန်လှသော လက်ဝါးရိုက်ချက်တစ်ခု ချန်ယီ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ လုချန်သည် ချန်ယီ၏ ဆံပင်များကို အားဖြင့် ဆွဲလိုက်ရာ ဦးရေခွံများပါ ပြုတ်ထွက်လာပြီး ဖြူဖွေးသော ဦးခေါင်းခွံရိုးကြီး ပေါ်လာသည်။
“အမှိုက်ကတော့ အမှိုက်ပဲ။ အခုထိ ငါ့ယောက်ျားကို ဖြားယောင်းချင်နေသေးတယ်ပေါ့”
လူရုပ်မပေါ်အောင် နှိပ်စက်ခံထားရသော ချန်ယီမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ရန်ပင် အားမရှိတော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ အမြန်ဆုံးသေရန်သာ ဆုတောင်းနေမိတော့သည်။
……