သောက်တော်ရေခွက်တွေကို အလဲအထပ် လုပ်နိုင်တယ်
Vol. 15 Ch. 203
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် ဝမ်ရွှမ်ကျန့်နှင့် ပြန်လည် ပေါင်းစည်းသွားကြပြီ ဖြစ်သည်။
ဝမ်ရွှမ်ကျန့်သည် တုံ့ဆိုင်းသည့် အမူအရာဖြင့် သူ့လက်ထဲရှိ သံသောက်တော် ရေခွက်အား စစ်ဆေးကြည့် နေလေသည်။
“စီနီယာဝမ်ကတော့ သောက်ကြမ်းပဲ”
လျှိုချင်ဟွမ်သည် သွားအဖြီးသားဖြင့် ချီးမွမ်းလိုက်သည်။
ဝမ်ရွှမ်ကျန့်သည် ခပ်ပါးပါးပြုံးလိုက်ပြီးနောက် …
“ဒီသောက်တော်ရေခွက်ကို ရပြီးတော့ အမှတ် ၁ မှတ် ရလိုက်တယ်။ သီအိုရီအရဆိုရင်တော့ ဒီသောက်တော်ရေခွက်က ငါတို့အတွက် အဖိုးမတန်တော့ဘူး။ ဒါပေမဲ့လည်း ဒီခွက်မှာ လျှို့ဝှက်ချက်တချို့ ရှိနေမယ်လို့ ခံစားနေမိတယ်”
“လျှို့ဝှက်ချက်တွေ ဟုတ်လား”
လျှိုချင်ဟွမ်သည် သူမ၏ လက်ချောင်း သွယ်သွယ်လေးများဖြင့် သောက်တော်ရေခွက်အား ပွတ်လိုက်သည့်အခါ သောက်တော်ရေခွက်၏ မျက်နှာပြင်တွင် အဖြူရောင် သင်္ကေတများ ပေါ်လာသည်။
“ဟမ် ... ဒီခွက်ပေါ်က သွေးကြောပုံစံတွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။ အတော်လေး ချောမွေ့ပြီး ရှုပ်ထွေးနေပေမဲ့ အဓိကအမှတ်တွေမှာ ရပ်တန့်သွားကြတယ်။ ကြည့်တဲ့သူကို မပြည့်စုံမှုကို ခံစားရစေတယ်”
သူမသည် ခွက်အား ကြည့်နေရင်း ပိုမိုစိတ်ဝင်စားလာမိသည်။
ဝမ်ရွှမ်ကျန့်သည် အဆိုပါခွက်မှ မည်သည့်အရာကိုမျှ ကောက်ချက်မချနိုင်ပေ။
အန်လင်းသည် နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား အသုံးပြုကာဖြင့် သောက်တော်ရေခွက်အား ကြည့်လိုက်သည့်အခါတွင် …
“သံသောက်တော်ရေခွက်၊ စားသုံးရန်မသင့်” ဟူသည်မှအပ အခြားမည်သည့်အရာကိုမျှ သိရှိလာရခြင်း မရှိပေ။ ထိုကြောင့် သူ၏ နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား နောက်တဖန် အယုံအကြည် ကင်းမဲ့လာမိသည်။
သူတို့နှစ်ဦးစလုံးတွင် မည်သည့် အကြံဉာဏ်မျှ မရှိကြသဖြင့် သောက်တော်ရေခွက်အား လျှိုချင်ဟွမ်ထံ ပေးအပ်ကာဖြင့် ထပ်မံစစ်ဆေးစေ ပြန်သည်။
ထို့နောက်တွင် သူတို့သုံးဦးသားသည် အဖြူရောင်ဘုံကျောင်းထံ ဆက်လက် ချီတက်ကြလေသည်။
များမကြာမီတွင် ငြိမ့်ညောင်းစွာ စီးဆင်းလျက်ရှိသည့် မြစ်ငယ်တစ်စင်းအား မြင်တွေ့လိုက်ရသည်။
လျှိုချင်ဟွမ်သည် သံသောက်တော် ရေခွက်အား မြစ်ထဲသို့ ပစ်လိုက်လေသည်။
“ပလုံ”
ရေပွက်ထသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
အန်လင်း : “ ... ”
ဝမ်ရွှမ်ကျန့် : “ ... ”
နှစ်ဦးစလုံးမှာ လျှိုချင်ဟွမ်အား ကြည့်ကာ ဆွံ့အနေမိကြသည်။ သို့သော်လည်း လျှိုချင်ဟွမ်သည် မြစ်ထဲသို့သာ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေလေသည်။
“ဟမ် ... မဟုတ်သေးပါဘူး။ မြစ်စောင့်နတ်က ရေထဲကနေ ထွက်လာပြီး ‘ကဝေမလေး မင်းက ရွှေသောက်တော် ရေခွက်ကို ပစ်ချလိုက်တာလား၊ ငွေသောက်တော် ရေခွက်ကို ပစ်ချလိုက်တာလား’ လို့ မေးသင့်တယ် မဟုတ်ဘူးလား”
လျှိုချင်ဟွမ်သည် သူမ၏မေးအားပွတ်ကာဖြင့် ဝေခွဲမရနိုင်စွာ ရှိနေလေသည်။
အန်လင်းသည် သူမပြောနေသည်အား နားလည်သဘောပေါက် သွားသည့်အခါ လျှိုချင်ဟွမ်အား တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်သည်။ လူတစ်ယောက်သည် ထိုမျှလောက်အထိ အသိဉာဏ် ခေါင်းပါးရခြင်းအား အံ့အားသင့်နေမိခြင်း ဖြစ်သည်။
ဝမ်ရွှမ်ကျန့်သည် မျက်ခုံးနှစ်ဖက်အား နှိပ်ကာဖြင့် စိတ်ပင်ပန်းကြီးစွာ သက်ပြင်း ချလိုက်မိသည်။ ထို့ထက်ပို စကားပြောလိုစိတ် မရှိတော့ချေ။
တစ်မိနစ် ကြာပြီးသည့်နောက်တွင် မြစ်သည် ငြိမ်သက်ဆဲဖြစ်ပြီး မည်သည့်အရာမျှ ထွက်ပေါ်လာမည့် အရိပ်အယောင် မရှိချေ။
မြစ်စောင့်နတ် မရှိ။
ရွှေပုဆိန်၊ ငွေပုဆိန်လည်း မရှိ။
ထို့ကြောင့် သေချာပေါက် ရွှေသောက်တော်ရေခွက်၊ ငွေသောက်တော် ရေခွက်လည်း မရှိချေ။
စိတ်ပျက်မိသည်။ လျှိုချင်ဟွမ်သည် ရေထဲမှ သံသောက်တော် ရေခွက်အား ပြန်လည် ဆယ်ယူလိုက်ပြီးနောက် မှုန်မှိုင်းစွာဖြင့် ဆက်လက်လေ့လာ နေလေသည်။
သူတို့သုံးဦးသည် အဖြူရောင်ဘုံကျောင်း ဆက်လက်ချီတက်နေရင်း ပတ်ဝန်းကျင်အား နိုးနိုးကြားကြားဖြင့် သတိမပြတ် လေ့လာလျက်ရှိသည်။
သို့သော်လည်း ချစ်စဖွယ် တိရစ္ဆာန်ငယ်လေး အချို့မှလွဲ၍ အခြားပုံမှန် မဟုတ်သည်များကို မတွေ့ရှိရပေ။
မကြာမီတွင် အဖြူရောင်ဘုံကျောင်း၏ ခြေရင်းသို့ ရောက်ရှိလာကြသည်။
“ပုလဲဘုံကျောင်း တဲ့လား။ ဘာလို့ ဒီနာမည်က အရမ်းကိုလွဲမှားနေတဲ့ပုံ ပေါ်နေရတာလဲ”
အန်လင်းသည် ဘုံကျောင်းဝင်ပေါက်ရှိ ကျောက်ချပ်ပြားအား ကြည့်ကာဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။
ဘုံကျောင်းများသည် အင်မော်တယ်ဘုံကျောင်း၊ နတ်ဆိုးဘုံကျောင်း၊ မိစ္ဆာဘုံကျောင်း စသည့် အမည်နာမများ ပေးသင့်သည်။ ထို့နောက်တွင် သူတို့သည် မိစ္ဆာတပ်များ၊ မကောင်းဆိုးဝါး တပ်များနှင့် တိုက်ခိုက်ကာ အဆုံးတွင် ရွှေသောက်တော် ရေခွက်အား ရရှိနိုင်မည် ဖြစ်သည်။
အင်း ... ဟုတ်တယ်။ အဲဒီလိုပဲ ဖြစ်သင့်တယ်။
ပုလဲဘုံကျောင်းအား ဖွင့်လိုက်သည့်အခါတွင် ရေအကာတစ်လွှာသည် အတွင်းရှိအရာများအား မမြင်နိုင်အောင် ကာဆီးထားသည်ကို တွေ့လိုက်ရသည်။
ဝမ်ရွှမ်ကျန့်၏ မျက်လုံးမှ ရွှေရောင်အလင်းသည် ရေအကာအား ထွင်းဖောက်ကြည့် လိုက်သည်။
“ဟမ် ... အနည်းဆုံးတော့ ပထမအလွှာမှာ ပြောပလောက်တဲ့ အန္တရာယ်မျိုး မရှိပုံပဲ။ ဒါပေမဲ့လည်း တခြားအလွှာတွေမှာတော့ သက်ရှိပဲဖြစ်ဖြစ် ထောင်ချောက်ဗုံးတွေပဲ ဖြစ်ဖြစ် မရှိဘူးလို့ မပြောနိုင်ဘူး”
ဝမ်ရွှမ်ကျန့် စစ်ဆေးကြည့် လိုက်သည်။
အန်လင်းနှင့် လျှိုချင်ဟွမ်သည်လည်း ခေါင်းညိတ်လိုက်သည်။ ထောင်ချောက် မဟုတ်လျှင် စစ်ဆေးကြည့်ဖို့ရန် ထိုက်တန်ပေသည်။
ဤသို့ဖြင့် သူတို့သုံးဦးသည် ရေအကာလွှာအား ဖြတ်ကျော်ကာဖြင့် ပုလဲဘုံကျောင်း အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
“ဟားဟားဟား ဝင်သွားကြပြီလေ”
ပုလဲဘုံကျောင်းအနီးရှိ မြက်တောထဲတွင် ကျောက်ဘီးလူး တစ်ကောင်၏ ကားစက်ခေါင်း အသံကဲ့သို့ ရယ်မောသံ ထွက်ပေါ်လာသည်။
ကျုံးလုံတောင်တန်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူတို့သည် ချက်ချင်းဆိုသလိုပင် အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်း ဖြစ်သည့် ပုလဲဘုံကျောင်းအား မျက်စိအဖမ်းစား နိုင်ဆုံးသော နေရာတွင် နေရာချလိုက်ကာဖြင့် အခြားသော ပြိုင်ပွဲဝင် ကိုယ်စားလှယ်များ သူတို့၏ ထောင်ချောက်အတွင်း ကျရောက်မည်ကို စောင့်ဆိုင်းလျက် ရှိကြသည်။
ပုလဲဘုံကျောင်းအတွင်း၌ ထောင်ချောက်များ ဘေးအန္တရာယ်များ မရှိချေ။ ထို့ကြောင့် အတွင်းသို့ ဝင်ပြီးသည့်အခါ လူတိုင်း သတိလက်လွတ်ဖြစ်ဖို့ရန် လွယ်ကူလေသည်။
သို့သော်လည်း ဝင်ရောက်ပြီးသည်နှင့် ပြန်ထွက်ဖို့ ခက်လေသည်။ ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲနှင့် ဤဘုံကျောင်းသည် တစ်လမ်းသွားဖြစ်ကာ အဆင့်မြင့် စိတ်ဝိညာဉ် ပစ္စည်းများထက် မာကျောသည့် ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
“အထဲကို ရောက်သွားပြီဆိုတော့ ယူလိုက်ကြတော့မလား”
တုန်ယန်သည် အေးစက်စွာဖြင့် မေးလိုက်သည်။
ဟွမ်ရှန့် ခေါင်းယမ်းလိုက်ပြီးနောက်…
“ခဏကြာအောင် စောင့်လိုက်ကြတာပေါ့။ ဧဒင်ဥယျာဉ်က လူတွေသာ ထောင်ချောက်ထဲ ဝင်သွားမယ်ဆိုရင် ငါတို့အနိုင်ပဲ”
သူတို့သည် ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များအား ပြိုင်ဘက်ဟုပင် သဘောမထားကြချေ။ ထို့ကြောင့် သူတို့အတွက် အင်အားအကြီးဆုံးသော ပြိုင်ဘက်မှာ ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
သူတို့အနေဖြင့် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များ၏ ပြိုင်ဘက် မဟုတ်သည့်အပြင် အမှတ်ပေးဇယားတွင် သိသိသာသာ ကွာခြားနေခြင်းဖြစ်သည်။ ထို့ကြောင့် အောင်မြင်မှု ရရှိရန် မလွယ်ကူလှချေ။
ထိုအချိန်မှာပင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
“ဗုဒ္ဓလောကမှ ချင်ယန် ထုတ်ပယ်ခံရပြီ”
ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ် သုံးဦးတို့သည် ကြေညာချက်အား ကြားလိုက်သည့်အခါ တုံ့ဆိုင်းသွားကြပြီး ဟုန်သိုသည် ဟက်ဟက်ပက်ပက် ရယ်မောလာပြန်သည်။
“သူတို့က ကိုယ်စားလှယ် တစ်ယောက်တောင် ထွက်သွားရပြီ။ ဗုဒ္ဓလောက ကတော့ သေချာပေါက် နောက်ဆုံးပဲ။ ငိငိ”
နောက်ထပ်ကြေညာချက် တစ်ခု ထွက်ပေါ်လာပြန်သည်။
“ဂုဏ်ယူပါတယ်။ ဗုဒ္ဓလောကမှ ရမှတ် ၂ မှတ် ရရှိပါတယ်”
ဟုန်သို : “…”
ဟွမ်ရှန့်၏မျက်လုံးတွင် အေးစက်မှုများ ပေါ်လာပြီး …
“ငလူး ဟုန်သို မင်းထပ်ပြီး ရယ်မယ်ဆိုရင် သေအောင်ရိုက်ရလိမ့်မယ်။ ကြားလား”
ဟုန်သိုသည် လန့်ဖျပ်သွားပြီး သူ၏ရင်ဘတ်ရှိ မီးတောက်များ သည်လည်း မှေးမှိန်သွားလေသည်။ ထိတ်လန့်တကြား ခေါင်းညိတ်လိုက် ပြီးနောက် မည်သည့်စကားမျှ ပြန်မပြောရဲတော့ချေ။
တုန်ယန်သည် သက်ပြင်းချကာဖြင့် …
“ငါတို့က နောက်ဆုံးနေရာကို ရောက်သွားပြီ။ ဒီမှာပဲ တခြားသူတွေ ထောင်ချောက်မိအောင် ဆက်စောင့်နေ ကြမှာလား”
သူတို့၏ အစီအစဉ်မှာ ပြိုင်ဘက်များအား ထောင်ချောက်အတွင်း ကျရောက်သည်အထိ စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ အောင်မြင်ခဲ့လျှင် အံ့ဩဖွယ်ရာများ ဖြစ်လာမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရွေ့လျားနိုင်စွမ်းနှင့် သောက်တော် ရေခွက်များအတွက် တက်ကြွစွာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးရမည် ဖြစ်သည်။
ဗုဒ္ဓလောက၏ ရမှတ်များသည် သူတို့အား ဥဩဆွဲလိုက်သလို ဖြစ်ကာ သူတို့ရောက်ရှိနေသည့် အခြေအနေကို မီးမောင်းထိုးပြလိုက် သကဲ့သို့ပင်။
ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် သူတို့၏ထောင်ချောက်အတွင်း အခြားပြိုင်ပွဲဝင်များ မကျရောက်မီမှာပင် သောက်တော် ရေခွက်များအားလုံး ဆုံးရှုံးသွားနိုင်သည်။ ထိုသို့ဆိုလျှင် သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်သည်။
ဟွမ်ရှန့်၏လက်မှ ချီစွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ပုလဲဘုံကျောင်း၏ ချုပ်နှောင်စွမ်းအားကို ပြင်ဆင်လိုက်သည်။ သူ၏မျက်နှာတွင် ဝိရောဓိဖြစ်မှုများ ပေါ်နေလေသည်။
အချိန်အတော်ကြာ ပြီးနောက်တွင် ဆုံးဖြတ်ချက်တစ်ခု ပြုလိုက်သည်။
“နောက်ထပ် နှစ်နာရီ ထပ်စောင့်ကြတာပေါ့”
ကျုံးလုံတောင်တန်း တစ်နေရာတွင် တိမ်မြူခိုးများ ရစ်သိုင်းနေသည့် နေရာတစ်ခုရှိပြီး အန္တရာယ်များ အချိန်မရွေး ကျရောက်နိုင်ပုံရှိသည်။
ချင်ရှင်းသည် ချင်ကျစ်၏လက်မောင်းအား တွဲကာဖြင့် လျှောက်လှမ်းနေလေသည်။ နှစ်ဦးစလုံးမှာ သွေးများစွန်းပေကာဖြင့် ချုံးချုံးကျနေလေပြီ။ သူတို့၏ အော်ရာများမှာလည်း သိသိသာသာပင် ဆုတ်ယုတ်လာနေပြီ ဖြစ်သည်။
ချင်ကျစ်သည် အနောက်သို့ လှည့်ကြည့်လိုက် ပြီးနောက် နာကျင်ဟန်ဖြင့် …
“ချင်ယန်....”
အန္တရာယ် ထူပြောလှသည့် ဤနယ်မြေတွင် သူတို့သုံးဦးသည် အရိုးနဂါး၏ လိုက်လံဖမ်းဆီးခြင်း ခံရလေသည်။
သို့သော်လည်း သူတို့သည် ငွေသောက်တော် ရေခွက်အား ရရှိခဲ့သည်။
သို့ရာတွင် သောက်တော်ရေခွက် အတွက် တိုက်ခိုက်ရာ၌ ချင်ကျစ်သည် လျှို့ဝှက်နည်းစနစ်အား အသုံးပြုရန်အထိ ဖိအားပေးခံခဲ့ရပြီး ချင်ယန်မှာ သေဆုံးသွားခဲ့ရသည်။
“ဟင်း ... အခု ဘာလုပ်ကြမလဲ။ ငါတို့ နှစ်ယောက်ပဲ ကျန်တော့တယ်”
ချင်ကျစ်သည် သူ၏အားနည်းမှုအတွက် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။
ငွေသောက်တော် ရေခွက်အတွက် တိုက်ခိုက်ရာတွင် တစ်ဦး သေဆုံးသွားခဲ့ရပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရသည်။ ဤသို့သော အခြေအနေမျိုးတွင် အခြားပြိုင်ပွဲဝင်များ ဝင်ရောက်လာနိုင်သည်။
အခြားသော ကိုယ်စားလှယ်များသာ ရောက်ရှိလာမည်ဆိုလျှင် သူတို့အနေဖြင့် သောက်တော်ရေခွက်အား ထိခွင့်ပင် ရရှိလိုက်မည် မဟုတ်ပေ။
ကောင်းကင်ပြာရင်ပြင်၌ သောင်းချီသည့် ကျောင်းသားများသည် အန်လင်းနှင့် အခြားသူများအား စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြသည်။
ဟွမ်ရှန့်ချထားသည့် ပုလဲဘုံကျောင်း အတွင်းသို့ ကောင်းကင်ဘုံပိုင်နက်မှ ကိုယ်စားလှယ်များ ဝင်ရောက်သွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ ပြိုင်ပွဲပြီးဆုံးသည်အထိ အန်လင်းတို့အား လွှတ်ပေးမည့်ပုံ မရှိပေ။
“နတ်ဘုရား အန်တို့ လွတ်မြောက်နိုင်မယ်လို့ မင်းထင်လား”
“သေချာတာပေါ့။ အဲဒီ ဘုံကျောင်းလောက်နဲ့ နတ်ဘုရားအန်ကို ဖမ်းထားနိုင်မယ်ဆိုတာ ယုံကိုမယုံပေါင်”
“ဘာလို့များ ဖန်တီးခြင်းခန်းမရဲ့ ကိုယ်စားလှယ်တွေက အခုထိ ထွက်မသွားကြ သေးတာလဲ။ တခြားသူတွေ ထောက်ချောက်မိတာကို စောင့်နေကြသေးတာလား”
“ဟွန့် သောက်ရှက်ကို မဲ့လွန်းတယ်။ သောက်တော်ရေခွက်တွေ အတွက် တိုက်ခိုက်ရမဲ့အစား အောက်တန်းကျတဲ့ နည်းလမ်းတွေကို အသုံးပြုနေတယ်”
ကျောင်းသားအချို့သည် ဒေါသတကြီး ပြောဆိုကြလေသည်။
သို့သော်လည်း ဖန်တီးခြင်းခန်းမမှ လူများအားလုံးသည် ဂုဏ်ယူဝံ့ကြွားလျက် ရှိကြသည်။ သူတို့သည် အရှက်မဲ့ရုံသာမက အလွန်မောက်မာလျက်ရှိကြလေသည်။
သူတို့အတွက် နောက်ဆုံးသော ရလဒ်သည်သာလျှင် အဓိကဖြစ်သည်။
ကောင်းကင်ဘုံပိုင်နက်က ကောင်တွေက သောက်ကြမ်းတွေ ဖြစ်တော့ကော ဘာဖြစ်သလဲ။ နောက်ဆုံးတော့ ထောင်ချောက်မိသွားတာပဲ။ အဆုံးသတ်ကို လှမ်းမြင်နေရပြီ။ အဟက်
“ကြည့်ကြဟေ့။ နတ်ဘုရား အန် ကတော့ စပြီး လှုပ်ရှားပြီပဲ”
ကျောင်းသားအချို့ အော်ဟစ်ကြလေသည်။
***