← Chapters

သနားစရာကောင်းတဲ့ချန်ယီ

Vol. 10 Ch. 109

သနားစရာကောင်းတဲ့ချန်ယီ

Vol. 10 Ch. 109

“တော်တော့”

ကျန်းရှောင်ဖန်၏ ဒေါသတကြီး အော်ဟစ်ဟန့်တားသံကြောင့် လုချန်၏ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုများ ရုတ်တရက် ရပ်တန့်သွားသည်။ လုချန်က ကျန်းရှောင်ဖန်ဘက်သို့ လှည့်ကြည့်သည်၊ သူ့မျက်ဝန်းထဲတွင်တော့ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

“ဘာဖြစ်လို့လဲ .. သနားသွားတာလား .. ရင်ထဲမှာ နာကျင်နေပြီလား၊ ဘာလဲ ငါက နင့်အတွက် သူ့ကို ပြန်ကုပေးရမလား”

ကျန်းရှောင်ဖန်မှာ ဒေါသထွက်နေသော်လည်း ဖိအားတစ်ခုခုအောက်တွင် ရှိနေပုံရပြီး ဒေါသများမှာ ချက်ချင်းပင် လွင့်စင်သွားကာ လေသံပြန်ပျော့သွားသည်။

“ငါ အကြိမ်ကြိမ် ပြောပြီးပြီပဲ။ သူနဲ့ ငါ့ကြားက ကိစ္စတွေက ပြီးသွားတာ ကြာလှပြီ။ ဘာလို့ နင်က ဒါကိုပဲ ထပ်ခါတလဲလဲ ပြောနေရတာလဲ”

လုချန်က နှာခေါင်းရှုံ့လိုက်သည်။

“ဟွန့် .. ပြီးသွားပြီ ဟုတ်လား။ ပြောရတာတော့ လွယ်တာပေါ့။ နင်တို့နှစ်ယောက် တစ်နေ့နေ့မှာ ပတ်သက်မှုတွေ ပြန်ရှိမလာဘူးလို့ ဘယ်သူ သိမှာလဲ”

“နင် ..”

လုချန်၏ ဆင်ခြင်ကင်းမဲ့သော အပြုအမူကြောင့် ကျန်းရှောင်ဖန် နောက်တစ်ကြိမ် ဒေါသထွက်လာသော်လည်း ချက်ချင်းပင် ထိန်းချုပ်လိုက်ရသည်။ နောင်တရမည့် အလုပ်မျိုး မလုပ်မိစေရန် သူ့စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းထားရသည်။ လုချန်မှာ သူအပင်ပန်းခံ၍ ရအောင်ယူထားရသူဖြစ်ရာ အဆုံးရှုံးမခံနိုင်ပေ။ သူက လေသံကို နှိမ့်၍

“ချန်အာ .. ဒီပတ်ဝန်းကျင်မှာ လမ်းမှန်ဂိုဏ်းသားတွေ နေရာအနှံ့ ရှိနေတယ်။ ဒီမှာ ဆက်နေရင် ငါတို့အတွက် မဘေးကင်းဘူး။ ငါတို့မှာ အော်ရာဖုံးကွယ်တဲ့ ရတနာတွေ ရှိပေမဲ့ ချန်ယီမှာ မရှိဘူး။ လမ်းမှန်ဂိုဏ်းသားတွေကို ဆွဲဆောင်မိရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်”

လုချန်သည် ကျန်းရှောင်ဖန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး “လမ်းမှန်ကျင့်ကြံသူတွေအကြောင်း ပြောပြီး ငါ့စိတ်ကို ပြောင်းနိုင်မယ်လို့ မထင်နဲ့”ဟု ဆိုကာ မြေပြင်ပေါ် လဲကျနေသော ချန်ယီကို ညွှန်ပြလိုက်သည်။ “ကဲ ... ဒါဆို သူ့ကို ဘယ်လို စီရင်ချင်လဲ

ကျန်းရှောင်ဖန်သည် လူရုပ်မပေါ်လောက်အောင် နှိပ်စက်ခံထားရသော ချန်ယီကို ကြည့်လိုက်သည်။ ခေတ္တမျှ သူ၏ မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားရမှုနှင့် တွန့်ဆုတ်မှု အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် ၎င်းကို ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုဖြင့် ချက်ချင်း အစားထိုးလိုက်သည်။ သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ချန်ယီ၏ ရင်ဘတ်ကို ပွင့်ထွက်သွားစေခဲ့သည်။

အလောင်းချီစွမ်းအင်မှာ ချန်ယီ၏ ရင်ဘတ်အတွင်းသို့ ထိုးစိုက်ဝင်သွားရာ သူမ၏ ဘယ်ဘက်ရင်အုံမှာ ချက်ချင်းပင် ပွင့်ထွက်သွားပြီး အတွင်းကလီစာများ ပေါ်လာကာ နှလုံးသားမှာ နှစ်ခြမ်းကွဲသွားရသည်။ နောက်ဆုံးတွင်တော့ ချန်ယီသည် သူမ၏ ဝေဒနာများမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အသက်ဓာတ်မှာ ရုတ်ချည်း မှေးမှိန် ပျောက်ကွယ်သွားပါတော့သည်။

ကျန်းရှောင်ဖန်က ချန်ယီကို ရုတ်တရက် သတ်ပစ်လိုက်သည်ကို မြင်သောအခါ လုချန်က မကျေမနပ် ဖြစ်သွားသည်။

“နင် သူ့ကို ဒီလောက် လွယ်လွယ်ကူကူ သတ်လိုက်တာကို ကြည့်ရင် နင့်မှာ သူ့အပေါ် သံယောဇဉ်တွေ ကျန်နေသေးတာပဲ”

လုချန်စကားကို နားထောင်မနေဘဲ ကျန်းရှောင်ဖန်က ဂူဝဆီသို့ လှည့်ထွက်သွားသည်။ လုချန်သည် ကျန်းရှောင်ဖန်၏ ကျောပြင်ကို ကြည့်ပြီးနောက် ချန်ယီ၏ ရုပ်အလောင်းကို လှမ်းကြည့်လိုက်သည်။ သူမသည် ချန်ယီကို ဤမျှ သက်သက်သာသာနှင့် အသေစေလိုပေ။ ချန်ယီ၏ ဝိညာဉ်ကို ထုတ်ယူကာ စိတ်ကူးမယဉ်နိုင်လောက်သော နှိပ်စက်မှုများ ပြုလုပ်ချင်သေးသည်။

ထို့ကြောင့် သူမ၏ စီနီယာအကိုကြီးနှစ်ဦးဖြစ်သော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးဘက်သို့ လှည့်လိုက်သည်။

“စီနီယာအကိုကြီး ... ဒုတိယအကိုကြီး ... ကျွန်မ ဝိညာဉ်ထုတ်ယူတဲ့ပညာ မလေ့ကျင့်ရသေးဘူး။ ကျေးဇူးပြုပြီး သူ့ဝိညာဉ်ကို ထုတ်ပေးကြပါ။ ကျွန်မ သူ့ဝိညာဉ်ကို ဝိညာဉ်မီးအိမ် လုပ်ချင်တယ်။ သေရင်တောင် သူ့ကို အေးအေးဆေးဆေး မနေစေချင်ဘူး”

လုချန်၏ အသံတွင် အဆုံးမဲ့သော နာကျည်းမှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်။ သူမ၏ မကျေနပ်မှုမှာ ချန်ယီ လွယ်လွယ်နှင့် သေသွားခြင်းကြောင့်လော သို့မဟုတ် ကျန်းရှောင်ဖန် ရုတ်တရက် ထွက်သွားခြင်းကြောင့်လော ဆိုသည်မှာ မသဲကွဲလှပေ။

ထိုကျင့်ကြံသူနှစ်ဦးမှာ ရွှေအမြုတေဘိုးဘေးလု၏ အကြီးဆုံးနှင့် ဒုတိယမြောက် တပည့်များဖြစ်သည်။ သူတို့သည် လုချန်ကို ကြည့်ရှုစောင့်ရှောက်လာသူများ ဖြစ်သဖြင့် သူမ၏ တောင်းဆိုချက်မှန်သမျှကို ဖြည့်ဆည်းပေးလေ့ရှိသည်။ သို့သော် အကြီးဆုံးအကိုဖြစ်သူက ချန်ယီ၏ အလောင်းကို တစ်ချက်ကြည့်ကာ လုချန်ကို ပြောလိုက်သည်။

“တော်ပါတော့ ညီမလေး။ ကျန်းညီငယ် ပြောတာ မှန်တယ်။ ဒီနေရာမှာ လမ်းမှန်ဂိုဏ်းသားတွေ အများကြီးပဲ။ ဒီမှာ နတ်ဆိုးအတတ်တွေကို သုံးရင် သူတို့ရဲ့ သတိထားမိသွားလိမ့်မယ်”

လုချန်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဒုတိယအကိုကြီးက ဂူဝတွင် ရပ်နေသော ကျန်းရှောင်ဖန်ကို လက်ညွှန်ပြကာ “သေပြီးသား လူတစ်ယောက်အတွက်နဲ့ ကျန်းညီငယ်နဲ့ ဆက်ဆံရေး ပျက်စီးမခံပါနဲ့”ဟု ဖျောင်းဖျလာသည်။

လုချန်သည် ဒေါသများ မပြေသေးဟန်ဖြင့် ချန်ယီ၏ အလောင်းကို စိုက်ကြည့်လိုက်သည်။ လက်ကို ဝှေ့ယမ်းကာ အလောင်းချီစွမ်းအင် အသုံးပြုပြီး ချန်ယီ၏ အလောင်းကို လူပုံပင် မပေါ်တော့ဘဲ ကြေမွသွားအောင် ဖျက်ဆီးပစ်လိုက်ပါတော့သည်။ ထိုသို့ လုပ်ပြီးမှ အနည်းငယ် စိတ်ကျေနပ်ဟန်ဖြင့် ဂူထဲမှ ထွက်ခွာသွားသည်။

သူမ သတိမထားမိလိုက်သည်မှာ ဂူဝတွင် ကျောပေးရပ်နေသော ကျန်းရှောင်ဖန်၏ မျက်နှာတွင် ဒေါသနှင့် ရက်စက်မှုများ ပြည့်နှက်နေခြင်းပင်။ ကျန်းရှောင်ဖန်၏ မျက်နှာကြွက်သားများမှာ ထိန်းမရဘဲ တုန်ယင်နေပြီး သူ၏ ရင်ထဲတွင် ထုတ်ဖော်၍မရသော၊ ထုတ်ဖော်ရန် မဝံ့ရဲသော ဒေါသများ တောက်လောင်နေလေသည်။

…….

သင်္ဘောပျံပေါ်တွင် ရှိနေသော စုန့်ဝမ်သည် မဟူရာသံချပ်ကာကူမှတဆင့် အရာအားလုံးကို မြင်တွေ့နေရသော ချန်ယီ၏ ကံကြမ္မာဆိုးအတွက် စိတ်မကောင်း ဖြစ်မိရုံမှတပါး မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ကျန်းရှောင်ဖန်နှင့် ပတ်သက်မိခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းမှာ ချန်ယီအတွက် တကယ့်ကို မတရားမှု ဖြစ်သည်။ ထိုဆက်ဆံရေးမှာလည်း ကျန်းရှောင်ဖန်က အတင်းအဓမ္မ ဖန်တီးခဲ့ခြင်း မဟုတ်ပါလား။

စုန့်ဝမ်လည်း ယခင်ဘဝတွင် အချစ်ရေးကိစ္စများကြောင့် ဒုက္ခများစွာ ကြုံခဲ့ဖူးရာ၊ ဤလောကသစ်တို့ ရောက်ပြီးနောက်တွင် အဖော်ရှာရန် စိတ်ကူးမရှိတော့ပေ။ သူ့အတွက်မူ အဖော်ရှာခြင်းသည် မိမိဘဝကို လာရောက်ချုပ်ကိုင်မည့်သူကို ဖိတ်ခေါ်ခြင်းနှင့် တူနေပြီး မိမိကိုယ်တိုင် ဒုက္ခရှာခြင်းသာ ဖြစ်သည်ဟု မြင်သည်။ ကျင့်ကြံခြင်းလောကတွင် အဖော်ရှာခြင်းမှာ ပို၍ပင် အန္တရာယ်များလှသည်။

အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး ချန်ယီကို ကယ်တင်ရန် စဉ်းစားမိသော်လည်း ထိုအတွေးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။ ချန်ယီကို ကယ်တင်ရန်မှာ လက်တွေ့မကျကြောင်း သူ သိသည်။ ပထမအချက်မှာ လက်ရှိအခြေအနေအရ သင်္ဘောပျံပေါ်မှ ဆင်းရန် ခိုင်လုံသော အကြောင်းပြချက်ရှာဖို့ ခက်ခဲခြင်းဖြစ်သည်။ အတင်းအဓမ္မ ဆင်းရန် ကြိုးစားပါက မဟာကောင်းကင်ဓားဂိုဏ်းသားများ၏ သံသယဝင်ခြင်းကို ခံရလိမ့်မည်။ သင်္ဘောပျံပေါ်ရှိ လူအားလုံးကို သူ သတ်နိုင်သည်ဟု ယုံကြည်သော်လည်း ရံဖန်ရံခါ ပေါ်လာတတ်သော အဆင့်မြင့်ပညာရှင်များကြောင့် အမှားမခံဝံ့ပေ။ အကယ်၍ ရွှေအမြုတေအဆင့်နှင့် တိုးပါက လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ချေ။

ဒုတိယအချက်မှာ ကျန်းရှောင်ဖန်နှင့် သူ၏ အဖော်သုံးဦးကို အနိုင်ရနိုင်မည်ဟု မသေချာခြင်းပင်။ ထို့ကြောင့် ချန်ယီကို အသက်ရှင်လျက် ကယ်တင်ရန်မှာ အလွန်ခက်ခဲလှသည်။

စုန့်ဝမ်လည်း သင်္ဘောပျံကို စီးနင်းလိုက်ပါသွားရင်း ချန်ယီတစ်ယောက် ဆိုးရွားလွန်းလှသော ဝေဒနာများကြားတွင် သေဆုံးသွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် ချန်ယီအတွက်မူ ယခုကဲ့သို့ အမြန်သေဆုံးသွားရခြင်းမှာပင် ဝေဒနာများမှ လွတ်မြောက်မှုတစ်မျိုးဟု ဆိုနိုင်ပေသည်။

မိုင်အနည်းငယ် ပျံသန်းပြီးနောက် ရှေ့တွင် ပြင်းထန်သော ချီစွမ်းအင် လှုပ်ခတ်မှုများနှင့် တိုက်ပွဲသံများကို ကြားလိုက်ရသည်။

“အားလုံး သတိထားကြ၊ ရှေ့မှာ တိုက်ပွဲတစ်ခု ရှိနေတယ်”

တိုက်ပွဲကို သတိပြုမိသည်နှင့် အကြီးအကဲဝူက အော်ဟစ်လိုက်သည်။ သင်္ဘောပျံသည် တိုက်ပွဲဖြစ်ရာနေရာနှင့် နှစ်မိုင်ခန့်အကွာတွင် ရပ်တန့်သွားသည်။ ချက်ချင်းဆိုသလို နတ်ဆိုးကျင့်ကြံသူ ၁၀ ယောက်က လမ်းမှန်ကျင့်ကြံသူအချို့အား ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ နှစ်ဖက်စလုံးမှာ ချီစုစည်းခြင်းအဆင့်များ ဖြစ်ကြသည်။

“တပည့်တွေ ….. အားလုံး ငါ့နောက်က လိုက်ခဲ့ကြ။ ဒီမိစ္ဆာအကြွင်းအကျန်တွေကို အမြစ်ပြတ်ရှင်းရမယ်၊ တစ်ယောက်မှ လွတ်မသွားစေနဲ့”

ချက်ချင်းပင် သင်္ဘောပေါ်ရှိ လူနှစ်ဆယ်ကျော်မှာ လေထဲသို့ ပျံတက်ကာ အောက်ဘက်ရှိ တိုက်ပွဲမြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။ အောက်ဘက်ရှိ လမ်းမှန်ကျင့်ကြံသူများသည် စစ်ကူများ ရောက်လာသည်ကို မြင်သောအခါ အားတက်သွားကြပြီး တိုက်စစ်ကို မြှင့်လိုက်ကြသည်။ နတ်ဆိုးကျင့်ကြံသူများမှာမူ ပျာယာခတ်သွားကာ ခြေဦးတည့်ရာ ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။

အခွင့်အရေး ပေါ်လာသဖြင့် စုန့်ဝမ် ဝမ်းသာသွားသည်၊ အသာနောက်ချန်နေခဲ့ပြီး လမ်းမှန်ကျင့်ကြံသူအားလုံး သင်္ဘောပျံပေါ်မှ ဆင်းသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ အားလုံး ဆင်းသွားပြီးသည်နှင့် သင်္ဘောပျံ၏ နောက်ဘက်မှနေ၍ ခုန်ချလိုက်သည်။ ပေသုံးထောင်အမြင့်မှ ကျဆင်းနေစဉ် ညအမှောင်ထုကို အကာအကွယ်ယူ၍ ကိုယ်ယောင်ဖျောက်ထားလိုက်သည်။ မြေပြင်နှင့် နီးကပ်လာသောအခါ ချီစွမ်းအင် အနည်းငယ်ကို ထုတ်လွှတ်၍ လေဟုန်စီးကာ အရှိန်သတ်လိုက်ပြီး မြေပြင်ပေါ်သို့ အသံတိတ် ဆင်းသက်ခဲ့သည်။ မြေပြင်သို့ ရောက်သည်နှင့် ချီစွမ်းအင်ကို လုံးဝအသုံးမပြုတော့ဘဲ သန်မာလှသော ခန္ဓာကိုယ်အင်အားသက်သက်ကိုသာ အားပြု၍ တောအုပ်တွင်း ဝင်ရောက်ပြီး အဝေးသို့ ထွက်ခွာလာခဲ့သည်။

မိုင်ပေါင်းများစွာ သွားပြီးနောက်တွင် နောက်ယောင်ခံလိုက်သူ မရှိကြောင်း သေချာသွားမှသာ စုန့်ဝမ် အနည်းငယ် စိတ်အေးသွားသည်။ သူသည် ထိုသင်္ဘောပျံနှင့်အတူ မဟာကောင်းကင်ဓားဂိုဏ်းအထိ လိုက်သွားရန် အစီအစဉ် လုံးဝမရှိခဲ့ပေ။ ထိုနေရာတွင် သူ၏ လိမ်လည်မှုများကို ရိပ်မိနိုင်သည့် ရွှေအမြုတေအဆင့်များနှင့် ဝိညာဥ်သန္ဓေအဆင့် ဘိုးဘေးများ ရှိနေနိုင်သည်။ အကယ်၍သာ ယန်ယုရှန်နှင့် ထိပ်တိုက်တွေ့ပါက သူ၏ အယောင်ဆောင်မှုမှာ ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။ မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ရသော တိုက်ပွဲက သူ့အတွက် လွတ်မြောက်ရန် အခွင့်ကောင်းတစ်ခု ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။

စုန်ဝမ် ခေတ္တတုံ့ဆိုင်းနေပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ချန်ယီ သေဆုံးခဲ့သည့် လိုဏ်ဂူရှိရာဆီသို့ ဦးတည်ထွက်လာခဲ့သည်။ အတိတ်က ယန်မိသားစု၏ အဆိပ်ငွေ့ရွံ့နွံ့တောခရီးနှင့် ဖုန်ကောင်အသွင်ပြောင်း ဘေးဒုက္ခဖြေရှင်းရာတွင် ချန်ယီထံမှ အကူအညီကို ရရှိခဲ့ဖူးသဖြင့်၊ သူ့နောက်ဆုံးခရီးအတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်သည်ဟု ခံစားမိသည်။ ချန်ယီသည် ဤလောကတွင် သူ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ခဲ့သည်။ ချန်ဖေးဟဲကဲ့သို့ အကြံအစည်ဖြင့် ချဥ်းကပ်ရင်းနှီးခဲ့သူ မဟုတ်။ မကယ်တင်နိုင်ခဲ့သော်လည်း ရုပ်အလောင်းကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးချင်မိသည်။

ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ခရီးဆက်ရင်း နာရီဝက်ခန့် အကြာတွင် လိုဏ်ဂူရှိရာသို့ ရောက်လာခဲ့သည်။ မြေပြင်ပေါ်ရှိ ချန်ယီ၏ ရုပ်အလောင်းကို ကြည့်ကာ စုန့်ဝမ် သက်ပြင်းချလိုက်မိသည်။ မြင်ကွင်းက ဝိညာဥ်အာရုံဖြင့် တွေ့မြင်ရသည်ထက် ပိုမိုဆိုးရွားနေသည် မဟုတ်ပါလား။ ချန်ယီသည် လိမ်လည်လှည့်ဖြားမှုများ၊ ရက်စက်မှုများဖြင့် ပြည့်နှက်နေသော ကျင့်ကြံခြင်းလောကကို အမြဲတမ်း စိတ်ကုန်နေခဲ့သူဖြစ်သည်။ သူ့ပါရမီနှင့် အခွင့်အလမ်းမှာ သာမန်မျှသာဖြစ်ကြောင်း သိနားလည်ထားပြီး၊ လက်လှမ်းမမီသော ထာဝရရှင်သန်ခြင်း နောက်သို့ လိုက်ရင်း ပင်ပန်းမည့်အစား သာမန်လူသားတစ်ဦးကဲ့သို့ ရိုးရိုးရှင်းရှင်း နေထိုင်လိုသူဖြစ်သည်။ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ မိမိ၏ ဇာတိမြေသို့ ပြန်ကာ အေးအေးချမ်းချမ်း နေထိုင်သွားရန်သာ ဖြစ်သည်။

အချို့လူများက ကျင့်ကြံခြင်း အခွင့်အလမ်းများကို အသည်းအသန် ရှာဖွေနေကြသော်လည်း မတွေ့ရှိကြဘဲ၊ အချို့ကမူ ထိုလောကထဲမှ ထွက်ပြေးရန် နည်းလမ်းမျိုးစုံ ကြိုးစားနေကြသည်။ သို့သော် ကံကြမ္မာသည် ဆန္ဒနှင့် အမြဲတစေ ထပ်တူမကျတတ်ပေ။

စုန့်ဝမ်သည် ခေါင်းတလားတစ်ခု ထုတ်ယူကာ ချန်ယီ၏ ကြေမွနေသော ရုပ်အလောင်းကို ထည့်သွင်းလိုက်သည်။ ရုပ်အလောင်းကို သိမ်းဆည်းစဉ် ချန်ယီ၏ သိုလှောင်အိတ်ကို လုချန်တို့အဖွဲ့ ယူမသွားသဖြင့် သိမ်းဆည်းလိုက်သည်။ ပမာဏနည်းပါးလှသော ချန်ယီပိုင်ဆိုင်မှုက သူတို့မျက်စိထဲ အမှိုက်သာသာ ဖြစ်နေပေလိမ့်မည်။ သိမ်းဆည်းရှင်းလင်းပြီးသည်နှင့် အမှောင်ထုထဲတွင် ခရီးဆက်ခဲ့သည်။ လက်ရှိအခြေအနေအရ ဂိုဏ်းစစ်ပွဲ ဖြစ်ပွားနေရာ ထို့ချန်တောင်တန်းမှ ထွက်ခွာဖို့ စုန့်ဝမ် ရည်ရွယ်ထားသည်။

မိုးလင်းခါနီးတွင် စုန့်ဝမ်သည် မြစ်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ချန်ယီ၏ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို မြစ်ထဲသို့ မျှောရန် စဉ်းစားခဲ့သော်လည်း ချန်ယီ၏ သိုလှောင်အိတ်ကို စစ်ဆေးပြီးနောက် စိတ်ကူးပြောင်းသွားသည်။ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်၊ အဆင့်မြင့် ဆေးဖက်ဝင်အပင်အချို့နှင့် စာအုပ်နှစ်အုပ် ရှိနေသည်။

စာအုပ်တစ်အုပ်မှာ မိစ္ဆာအလောင်းနည်းစနစ် ဖြစ်ပြီး ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ထိသာ ပါဝင်သော မပြည့်စုံသည့် ကျင့်စဉ်စာအုပ် ဖြစ်သည်။ အခြားတစ်အုပ်မှာမူ ချန်ယီ၏ နေ့စဉ်မှတ်တမ်း ဖြစ်သည်။ ထိုမှတ်တမ်းထဲတွင် ဝိညာဉ်ပင်များ စိုက်ပျိုးပုံ၊ ရေလောင်းရမည့် အချိန်နှင့် မြေသြဇာကျွေးရမည့် အချိန်များကို အသေးစိတ် ရေးသားထားသည်။

ထို့အပြင် ကျန်းရှောင်ဖန်နှင့် ပတ်သက်သော စိတ်နာကျင်စရာ ဇာတ်လမ်းများကိုလည်း ရေးသားထားသည်။ စာအုပ်ထဲတွင် ကျန်းရှောင်ဖန်၏ ကလေးကို ကိုယ်ဝန်ဆောင်ခဲ့ဖူးကြောင်း ရေးထားသည်။ ထိုအချိန်က သူမ၏ ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာသော သက်ရှိလေးအတွက် သူမသည် ဝမ်းသာသလို ကြောက်လည်း ကြောက်နေခဲ့သည်။ ထိုနုနယ်သော အသက်လေးသည် အန္တရာယ်များလှသော ကျင့်ကြံခြင်းလောကကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု သူမ စိုးရိမ်ခဲ့သည်။

ကျန်းရှောင်ဖန်နှင့် ဆက်ဆံရေးမှာ အတင်းအဓမ္မ ဖိအားပေးမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ကိုယ်ဝန်ရလာပြီးနောက် သူမသည် သူ့ကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။ ထိုစဉ်က ကျန်းရှောင်ဖန်ကလည်း သူမကို အလွန်ပင် ဂရုစိုက်ခဲ့သည်။ ထိုကာလမှာ သူ့အတွက် အလောင်းကောင်မိစ္ဆာဂိုဏ်းအတွင်း အပျော်ရွှင်ဆုံးအချိန် ဖြစ်ခဲ့ပြီး၊ အဖော်တစ်ယောက်ရှိနေပါက ကျင့်ကြံခြင်းလမ်းခရီးမှာ ထင်သလောက် မခက်ခဲနိုင်ဟု သူမ စတင်တွေးတောမိခဲ့သည်။

သို့သော် ချန်ယီသည် လူ့သဘာဝကို လျှော့တွက်ခဲ့ပြီး ကျန်းရှောင်ဖန်၏ အချစ်ကို ယုံစားမိခဲ့သည်။ ပျော်ရွှင်စရာအချိန်မှာ သိပ်မကြာလိုက်ဘဲ ကျန်းရှောင်ဖန်သည် လုချန်နှင့် ပတ်သက်သွားခဲ့သည်။ ကျန်းရှောင်ဖန်သည် အာဏာရှိသော အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ချန်ယီနှင့် ပတ်သက်မှုကို လုချန် သိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သဘောထားသေးသိမ်သော လုချန်သည် ချန်ယီကို ကိုယ်ဝန်ပျက်ကျအောင် အတင်းအဓမ္မ လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် သူတို့၏ ပတ်သက်မှု ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း လုချန်သည် ရန်ငြိုးကြီးသူဖြစ်ရာ ထွက်ပြေးနေစဉ် ချန်ယီနှင့် လုချန်တို့အဖွဲ့ တိုးမိခဲ့ခြင်းမှာ တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် ဂူအတွင်းမှ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

စုန့်ဝမ်သည် မှတ်တမ်းထဲမှ ချန်ယီ၏ ဇာတိမြေလိပ်စာကိုလည်း တွေ့ရှိလိုက်သည်။ ၎င်းမှာ ကျောက်နိုင်ငံ၊ ကွမ်းမြို့၊ ဝမ်ကျားကျေးရွာ ဖြစ်သည်။

“ကျောက်နိုင်ငံလား ...” စုန့်ဝမ် တီးတိုး ရေရွတ်လိုက်သည်။

သားရဲသခင်ဂိုဏ်းပိုင် အရှေ့ဟွားဖန်စျေးသည် ကျောက်နိုင်ငံနှင့် မလှမ်းမကမ်းတွင် ရှိကြောင်း စုန့်ဝမ် သိထားသည်။ ထိုနေရာသို့သွားပြီး မဟူရာသံချပ်ကာကူကို အဆင့်မြင့်ကူအဖြစ် အဆင့်မြှင့်တင်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် သူ ဆုံးဖြတ်ထားသည်။ သားရဲသခင်ဂိုဏ်းမှာ ဝိညာဉ်သားရဲနှင့် ဝိညာဉ်ပိုးမွှားများကို ကိုင်တွယ်သူများဖြစ်ရာ သူတို့၏ နည်းပညာများထဲတွင် ကူပိုးကောင်မွေးမြူနည်းများကို ရှာတွေ့နိုင်မည်ဟု စုန့်ဝမ် တွက်ဆထားသည်။

ထို့ပြင် မှတ်မိသလောက်ဆိုလျှင် စီနီယာအကိုရှူ၏ မိသားစုသည်လည်း ကျောက်နိုင်ငံတွင်ပင် ရှိနေသည်။

“ဒါဆို အဲဒီကိုပဲ သွားကြတာပေါ့။ စီနီယာအကိုရူရဲ့ မိသားစုဆီကိုလည်း တစ်ခါတည်း ဝင်တွေ့လို့ရတာပေါ့။ သူ့ကိုလည်း ငါကတိပေးခဲ့ဖူးတာပဲ”

ဆုံးဖြတ်ပြီးသည်နှင့် စုန့်ဝမ်လည်း ကျောက်နိုင်ငံဘက်သို့ ခရီးဆက်ခဲ့သည်။ နောက်ထပ် နှစ်ရက်ခန့် ခရီးနှင်ပြီးနောက် ထို့ချန်တောင်တန်း နယ်မြေမှ လွတ်မြောက်ခဲ့သည်။ ရှေ့ရှိ တောင်ထိပ်များမှာ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး မြေပြင်မှာလည်း ကုန်းမြင့်များ မဟုတ်တော့ပေ။ ဤနေရာသည် နတ်ဆိုးဂိုဏ်းနယ်မြေ မဟုတ်တော့သဖြင့် အရင်ကကဲ့သို့ သတိကြီးကြီးထားရန် မလိုတော့ပေ။ စုန့်ဝမ်သည် လှေပျံကို ထုတ်ယူပြီး သက်ရှည်ကျင့်စဉ်ကို အသက်သွင်း၍ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

..................

All Chapters