လမ်းမှန်ဂိုဏ်းတွေလည်း သိပ်မထူးပါဘူး
Vol. 10 Ch. 111
အရှေ့ဟွာဖန်းစျေးသို့ ရောက်ကတည်းက စုန့်ဝမ်သည် နတ်ဆိုးပညာရပ်များကို မကျင့်ကြံတော့ဘဲ သက်ရှည်ပညာကိုသာ အာရုံစိုက် လေ့ကျင့်နေခဲ့သည်။ ဤပညာရပ်မှာ အလင်းဂိုဏ်းနယ်မြေတွင် အသုံးအများဆုံးဖြစ်ပြီး အသက်ရှည်ခြင်းကို အားပေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ညံ့ဖျင်းသည်။ သို့သော် စုန့်ဝမ်ကမူ “ရန်သူကို မနိုင်ရင်တောင် သူတို့ထက် အသက်ရှည်ရှည်နေပြီး သူတို့သင်္ချိုင်းပေါ်မှာ ကပြနိုင်ရင် ဒါဟာ လက်စားချေခြင်းတစ်မျိုးပဲ”ဟု ယူဆထားသည်။
သို့သော် ထိုပညာရပ်ကို ကျင့်ကြံရသည်မှာ အလွန်တရာ နှေးကွေးလှသည်။ နှစ်လကြာ လေ့ကျင့်သော်လည်း တိုးတက်မှု အလွန်နည်းသည်။ အရှေ့ဟွာဖန်းစျေးကဲ့သို ဝိညာဥ်စွမ်းအင် ပေါကြွယ်ဝသောနေရာတွင်၊ ဝိညာဥ်ကျောက်နဲ့ ဆေးလုံးများ လိုသလောက် သုံးစွဲပြီး ကျင့်ကြံပါသော်လည်း တိုးတက်မှုက အလွန်တရာ နှေးကွေးလှသည်။ တွက်ချက်ကြည့်ရသလောက် ဤပညာရပ်ဖြင့် အခြေတည်အဆင့်သို့ ရောက်ရန် အနည်းဆုံး ၃ နှစ်ခန့် ကြာဦးမည်ဖြစ်သည်။ ထို့ကြောင့် သွေးချီဆေးပြားကို အသုံးပြု၍ ကျင့်ကြံခြင်းကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ သိုလှောင်လက်စွပ်ထဲတွင် သွေးအဆီအနှစ် ပုလင်းပေါင်း ၁၆၀ ရှိနေသဖြင့် ကျင့်ကြံရန် လုံလောက်သော အရင်းအမြစ် ရှိနေသည်။
စုန့်ဝမ်အတွက် အထူးအဆင်ပြေစေသည်မှာ အမျိုးအမည်မသိ လျှို့ဝှက်စွမ်းအင်ကြောင့်ပင် ဖြစ်သည်။ သူ့ဒန်တန်တွင် သက်ရှည်ပညာ၏ ဝိညာဥ်ချီရော၊ အလောင်းဘုရင်သွေးသန့်စင်ပညာ၏ အလောင်းချီပါ ကိန်းဝပ်နေသော်လည်း ဆန့်ကျင်ဘက်အရာနှစ်ခု ပွတ်တိုက်ခြင်း မရှိ၊ ယှဥ်တွဲတည်ရှိနေကြသည်။ နည်းစနစ်တစ်ခု အသက်သွင်းပါက သက်ဆိုင်ရာချီ ထွက်ပေါ်လာပြီး၊ အခြားတစ်ခုက မတည်ရှိသည့်အလား ပျောက်ကွယ်နေတတ်သည်။ ထိုအချက်ကြောင့် စုန့်ဝမ်အတွက် နတ်ဆိုးနယ်မြေတွင်ရော၊ လမ်းမှန်ဂိုဏ်းနယ်မြေတွင်ပါ အခက်အခဲမရှိ နေထိုင်နိုင်ခြင်း ဖြစ်သည်။
အသက်ရှည်နည်းစနစ်ကလည်း ထူးခြားသည်။ အရှေ့ဟွာဖန်းဈေးတွင် ရနိုင်သော တစ်ခုတည်းသော အခြေတည်အဆင့်အထိ အပြည့်အစုံ ပါဝင်သော ကျင့်ကြံမှုနည်းစနစ်မှာ သက်ရှည်ပညာတစ်ခုတည်းပင် ဖြစ်သည်။ အရှေ့ဟွာဖန်ဈေးတွင် သက်ရှည်နည်းစနစ်မှ လွဲ၍ အခြေတည်အဆင့်ထိ ကျင့်ကြံနိုင်သော နည်းစနစ်များ ရောင်းချခြင်းမရှိပေ။ ၎င်းသည် လေလွင့်ကျင့်ကြံသူများကို ဂိုဏ်းသို့ဝင်ရောက်စေရန် လမ်းမှန်ဂိုဏ်းများက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သော ဗျူဟာတစ်ခုဖြစ်သည်ဟု စုန့်ဝမ် ယူဆသည်။ လေလွင့်ကျင့်ကြံသူများသည် အခြေတည်အဆင့်သို့ ရောက်ရှိသည်နှင့် အခြေတည်အဆင့် ကျင့်ကြံမှုနည်းစနစ်များ ရရှိရန် မဖြစ်မနေ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက နည်းစနစ်မရှိခြင်းကြောင့် ၎င်းတို့၏ ကျင့်ကြံမှုသည် ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။
စုန့်ဝမ်သည် အဆောင်ပြုလုပ်ရာအခန်းထဲသို့ ဝင်ကာ စားပွဲပေါ်မှ မီးတောက်အဆောင် ၉ ခုနှင့် ပျံသန်းခြင်းအဆောင် ၁ ခုကို ယူပြီး စျေးထဲ ထွက်လာခဲ့သည်။ တိုက်ပွဲများကြောင့် စျေးလမ်းမများမှာ အနည်းငယ် ခြောက်ကပ်နေသည်။ သူသည် အဆောင်လက်ဖွဲ့များကို စုစုပေါင်း အဆင့်နိမ့်ဝိညာဉ်ကျောက် ၉ တုံးဖြင့် ရောင်းချလိုက်ပြီး ဆေးဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့သည်။
“မိတ်ဆွေ ... ဘာများ အလိုရှိပါသလဲ”ဟု ဆိုင်ရှင်က မေးသည်။
“သွေးချီဆေးလုံး ရှိလား”
“ရှိတာပေါ့... ဘယ်နှစ်လုံး ယူမလဲ”
စုန့်ဝမ်က ဆေးပြားကို အရင်ကြည့်ချင်သည်ဟု ပြောသဖြင့် ဆိုင်ရှင်က ကျောက်စိမ်းပုလင်းကို ထုတ်ပေးသည်။ စုန့်ဝမ် စစ်ဆေးကြည့်သောအခါ ထိုဆေးပြားမှာ သူယခင်က သုံးခဲ့သော ကျိယင်ဖော်စပ်ခဲ့သည် ဆေးပြားများလောက် အာနိသင်မပြင်းသည်ကို တွေ့ရသည်။
“ဒါ တစ်လုံး ဘယ်လောက်လဲ”
“ဝိညာဥ်ကျောက် ၁၀ တုံးပါ”
“ဘာလို့ ဒီလောက်စျေးကြီးရတာလဲ”
စုန့်ဝမ် အံအားသင့်သွားသည်။
ဆိုင်ရှင်က ထိုဆေးပြားမှာ ကျင့်ကြံသူများ အဆင့်တက်ရန် အထောက်အကူပြုကြောင်းနှင့် ဖော်စပ်ရန် ခက်ခဲကြောင်း ရှင်းပြသည်။ စုန့်ဝမ်က အမှန်တရားကို သိနေသည်။ ဤဆေးပြားကို ဖော်စပ်ရန် ကုန်ကျစရိတ်မှာ ဝိညာဥ်ကျောက် ၂ တုံးခန့်သာ ရှိသော်လည်း ၁၀ တုံးဖြင့် ရောင်းနေခြင်းမှာ လေလွင့်ကျင့်ကြံသူများကို အဆမတန် ခေါင်းပုံဖြတ်နေခြင်းပင် ဖြစ်တော့သည်။
စုန့်ဝမ်သည် ဆေးပြားနှစ်လုံးအတွက် ကျောက်တုံး ၂၀ ပေးချေကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ လမ်းမှန်ဂိုဏ်းနယ်မြေမှ ကျင့်ကြံသူများ အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုမှာ နတ်ဆိုးဂိုဏ်းများထက်ပင် ပိုမိုဆိုးရွားနေသည်။ ယခင်က အလောင်းနတ်ဆိုးဂိုဏ်းနယ်မြေ တောင်ခြေစျေးသို့ လာရောက် ရောင်းဝယ်ဖောက်ကားသော ကျင့်ကြံသူများထဲတွင် လမ်းမှန်ကျင့်ကြံသူများ ပါဝင်နေသည်မှာ မဆန်းတော့ပေ။
ကံကောင်းသည်မှာ စုန့်ဝမ်၏ အဆောင်ဆရာအဖြစ် ဟန်ဆောင်ထားမှုသည် အကာအကွယ်တစ်ခုသာ ဖြစ်နေခြင်းပင်။ အကယ်၍ သူသာ အသက်မွေးဝမ်းကျောင်းအတွက် အဆောင်ရေးဆွဲခြင်းကို တကယ်အားကိုးနေရပါက ကျင့်ကြံခြင်းအဆင့်မှာ လုံးဝရပ်တန့်နေပေလိမ့်မည်။
စုန့်ဝမ် တုတန်းဖျော်ဖြေရေးဂေဟာ အဆောက်အဦးဘေးမှ ဖြတ်လာစဉ် အတွင်းမှ ထွက်လာသော အိုက်ခွင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည်။
ခြေလှမ်းပင် သေချာမလှမ်းနိုင်အောင် မောပန်းနေသော အိုက်ခွင်းကို ကြည့်ရင်း စုန့်ဝမ် ခေါင်းခါလိုက်မိသည်။
“စီနီယာအိုက် ... ခင်ဗျားဟာက ပြောသလောက်လည်း မဟုတ်ပါလား။ ကျနော်တို့ လမ်းခွဲခဲ့တာ ၁၅ မိနစ်ပဲ ရှိသေးတယ်။ ခင်ဗျား သုံးလိုက်တဲ့ ဝိညာဉ်ကျောက်တုံး ၃ တုံးကတော့ သိပ်တန်ပုံမရဘူးနော်”
အိုက်ခွင်း၏ မျက်နှာမှာ နီမြန်းသွားသည်။
“မင်း ဘာသိလို့လဲ၊ ငါ့အရွယ်တွေထဲမှာ ဒီကိုလာနိုင်သူ တော်တော်ရှားနေပြီ။ ဒီနေ့က အခြေအနေ သိပ်မကောင်းလို့ အမြန်အဆုံးသတ်လိုက်ရတာ။ ပုံမှန်ရက်ဆို အနည်းဆုံး နာရီဝက်လောက် အစွမ်းပြနိုင်တယ်ကွ”
အိုက်ခွင်း၏ ကြွားလုံးများကို နားထောင်ရင်း သူတို့နှစ်ဦး အိမ်ပြန်လာခဲ့ကြသည်။ အိုက်ခွင်းသည် စုန့်ဝမ်နှင့် လမ်းတစ်လမ်းတည်း နေထိုင်သူဖြစ်ပြီး၊ အိမ်ချင်းလည်း ကပ်နေဖြင့် အိမ်နီးနားချင်းမိတ်ဆွေဟု ဆိုနိုင်သည်။
ထိုစဉ် ကောင်းကင်ယံတွင် ပျံသန်းလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသဖြင့် သူတို့အာရုံမှာ ထိုသူတို့ဆီသို့ ရောက်သွားကြသည်။ အမျိုးသားမှာ သန့်ပြန့်သော ရုပ်ရည်ရှိပြီး နှာတံပေါ်ကာ တည်ကြည်ခံ့ညားသူ ဖြစ်သည်။ သူ၏ ခန့်ညားထည်ဝါမှုနှင့်အတူ လျှပ်စီးလက်နေသကဲ့သို့ တောက်ပသော မျက်ဝန်းများက ဆွဲဆောင်မှုရှိလှသည်။
အမျိုးသမီးမှာမူ တောက်ပသော မျက်ဝန်း၊ ဖြူစင်သော သွားတန်းများနှင့် မိုးမခရွက်ကဲ့သို့ လှပသော မျက်ခုံးများ ရှိသည်။ သူမ၏ အသားအရေမှာ နို့နှစ်ရောင်ကဲ့သို့ ဝင်းပနေပြီး နတ်မိမယ်တစ်ပါးကဲ့သို့ စင်ကြယ်လှပနေသည်။ သူမအလှမှာ လေပြေတွင် ဝဲလွင့်နေသော ဆီးနှင်းပွင့်များကဲ့သို့ မှင်သက်ရှုမောဖွယ် ကောင်းလွန်းလှသည်။
အမျိုးသားမှာ အခြေတည်အဆင့် အစောပိုင်းတွင် ရှိနေပြီး ဓားပျံစီးနင်းထားသည်။ အမျိုးသမီးမှာမူ ချီစုစည်းခြင်း နဝမအဆင့်တွင် ရှိနေပြီး ပျံသန်းခြင်းမန္တန် မသုံးဘဲ ထူးဆန်းသော သားရဲတစ်ကောင်ကို စီးနင်းပျံသန်းနေသည်။ ထိုသားရဲမှာ နွားလားဥသဘနှင့် တူပြီး တစ်ကိုယ်လုံး ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း ဦးချိုမပါရှိပေ။ ၎င်း၏ ခွာလေးဖက်မှာ တိမ်တိုက်တစ်ခုပေါ်တွင် နင်းထားပုံရပြီး ထိုတိမ်တိုက်ထဲတွင် လျှပ်စီးကြောင်းများ ပါဝင်နေသဖြင့် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ ကောင်းကင်တွင် ပျံသန်းနေသော ထိုသူနှစ်ဦးမှာ စျေးအတွင်းရှိ လူအများ၏ အံ့သြချီးကျူးသော အကြည့်များကို ချက်ချင်းပင် ဖမ်းစားလိုက်တော့သည်။
“နှိုင်းယှဉ်စရာမရှိတဲ့ အလှတရားပါပဲ”
စုန့်ဝမ်၏ အာရုံမှာ ကောင်းကင်ရှိ လူနှစ်ယောက်ထံသို့ ရောက်နေသည်ကို မြင်သောအခါ၊ မိမိကိုယ်ကို ဗဟုသုတကြွယ်ဝသူအဖြစ် ကြွားဝါလိုသော အိုက်ခွင်းက “အဲဒါ ဘယ်သူတွေလဲဆိုတာ မင်းသိလား” ဟု မေးလိုက်သည်။
စုန့်ဝမ် ခေါင်းခါပြသည်ကို မြင်သောအခါ သူက ဆက်ပြောပြသည်။
“အဲဒီလူက လေ့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် လေ့ထျန်းယုပဲ။ သူက အသက် ၁၅ နှစ်မှာတင် အခြေတည်အဆင့်ကို ရောက်နေပြီ။ သူရဲ့ မိုးကြိုးနည်းစနစ်တွေက တကယ့်ကို ပြောင်မြောက်တာ။ လက်ရှိခေတ် လေ့မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ ပါရမီအရှိဆုံးသူပဲ။ အမျိုးသမီးက သားရဲသခင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ခို့ချန်။ သူက အသက် ၂၀ အရွယ်မှာတင် ချီစုစည်းခြင်း အဆင့် ၉ ကို ရောက်နေပြီ။ ဒါတင်မကသေးဘူး၊ သူ့ပဋိညာဉ်သားရဲ အဇူရာနွားလားက ရှေးဟောင်းနတ်သားရဲခွိုင်နိူရဲ့ သွေးမျိုးဆက် ပါဝင်တယ်လို့ ဆိုကြတယ်။ အဲဒီနွားလည်း လွန်ခဲ့တဲ့ နှစ်နှစ်က အဆင့် ၅ ဝိညာဉ်သားရဲအဖြစ် တိုးတက်သွားခဲ့တာ၊ အခြေတည်အဆင့် ကျင့်ကြံသူနဲ့ ရင်ဘောင်တန်းနိုင်တယ်”
စုန့်ဝမ်သည် အိုက်ခွင်း၏ စကားများကို သိပ်ပြီး အာရုံမထားလှပေ။ သူ၏ အကြည့်ကို တကယ်တမ်း ဆွဲဆောင်နေသည်မှာ လေ့ထျန်းယုထံမှ ထွက်ပေါ်နေသော အလွန်အားနည်းသည့် နတ်ဆိုးအငွေ့အသက်ပင် ဖြစ်သည်။ အတွက်မမှားလျှင် လေ့ထျန်းယုသည် မကြာသေးမီက သူတစ်ပါး၏ သွေးအဆီအနှစ် အမြောက်အမြားကို ဝါးမြိုခဲ့ပုံရသည်။ အခြားသူများ သတိမထားမိနိုင်သော်လည်း သူတစ်ပါး၏ သွေးအဆီအနှစ်ကို အမြဲတမ်း ဝါးမြိုနေသူ စုန့်ဝမ်အဖို့မူ ဤသို့သော အငွေ့အသက်ကို အလွယ်တကူ အာရုံခံမိပြီး ချက်ချင်း ခွဲခြားနိုင်စွမ်း ရှိသည်။ သို့မဟုတ်လျှင်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားသော ကျင့်ကြံသူများက လေ့ထျန်းယုထံမှ ထိုနတ်ဆိုးအငွေ့အသက်ကို သတိပြုမိမှာ သေချာသည်။ မိမိတို့နှင့် မသက်ဆိုင်သဖြင့် အသံတိတ်နေခြင်း ဖြစ်နိုင်သည်။ လမ်းမှန်ကျင့်ကြံခြင်း လောကသည်လည်း အများထင်သလောက် သန့်ရှင်းဟန် မရှိချေ။
ထို့ပြင် လေ့ထျန်းယုမှာ လေ့မိသားစုမှ ဖြစ်သဖြင့် သူ့ထံတွင် လေ့မိသားစု၏ လျှို့ဝှက်မိုးကြိုးနည်းစနစ်များ ရှိပေလိမ့်မည်။ မိုးကြိုးမှော်အဆောင်၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီးနောက် စုန့်ဝမ်သည် မိုးကြိုးနည်းစနစ်များအပေါ် အစွဲအလမ်းကြီးစွာ တွေးတောနေမိသည်။
နောက်ဆုံးတွင် စုန့်ဝမ် သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ အိုက်ခွင်းဘက်သို့ လှည့်ကာ “စီနီယာအိုက် ... မိုးကြိုးနည်းစနစ်တွေအကြောင်း ဘယ်လောက် သိထားသလဲ။ ဘာလို့ အချို့လူတွေပဲ အဲဒီပညာကို ကျင့်ကြံနိုင်ပြီး၊ အချို့လူတွေကျတော့ စတင်ဖို့တောင် မဖြစ်နိုင်ရတာလဲ” ဟု မေးလိုက်သည်။
အိုက်ခွင်းက စုန့်ဝမ်ကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ “ဘာလဲ … မင်းက မိုးကြိုးနည်းစနစ်ကို စိတ်ဝင်စားနေတာလား၊ မိုးကြိုးနည်းစနစ်ရဲ့ စွမ်းအားက ကြီးမားပေမဲ့ ကျင့်ကြံဖို့ အရမ်းခက်ခဲတယ်။ လူသိအများဆုံးဖြစ်တဲ့ မိုးကြိုးလက်ဝါးမန္တန်ကို ကျင့်ကြံသူ အများကြီး ကြိုးစား လေ့ကျင့်ခဲ့ကြပေမဲ့ တကယ်တမ်း တတ်မြောက်သူကတော့ မရှိသလောက် နည်းတယ်” ဟု ဖြေလိုက်သည်။
အံသြဟန်ဖြင့် ငေးကြည့်နေသော စုန့်ဝမ်ကို အိုက်ခွင်းက ဟန်ပန်အပြည့်ဖြင့် ဆက်ရှင်းပြနေသည်။
“မိုးကြိုးအတတ် ကျင့်ကြံအောင်မြင်သူတွေက များသောအားဖြင့် မီးဓာတ်ဝိညာဉ်အမြစ် ရှိသူတွေလို့ ဆိုကြတယ်။ ဒါပေမဲ့ မီးဓာတ်ဝိညာဥ်အမြစ်ရှိတဲ့ ကျင့်ကြံသူတိုင်းလည်း မိုးကြိုးနည်းစနစ်ကို မတတ်မြောက်နိုင်ပြန်ဘူး။ တချို့က မိုးကြိုးနည်းစနစ် ကျင့်ကြံနိုင်ဖို့အတွက် မီးဓာတ်ဝိညာဉ်အမြစ်ကနေ အသွင်ပြောင်းပြီး မိုးကြိုးဓာတ် ဝိညာဉ်အမြစ် ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ ဒီလို အသွင်ပြောင်း ဝိညာဉ်အမြစ်မျိုးကို စမ်းသပ်လို့မရနိုင်ဘူး၊ မိုးကြိုးအတတ်ကို တကယ်ကျင့်ကြံကြည့်မှသာ အတည်ပြုနိုင်တာ။”
လေ့ထျန်းယုနှင့် ခို့ချန်တို့ အဆောက်အအုံများနောက်သို့ ဆင်းသက်ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း စုန့်ဝမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
“မိုးကြိုးလက်ဝါးမန္တန် ကျင့်ကြံဖို့ ကြိုးစားကြည့်လိုက်ရင် ငါ မိုးကြိုးနည်းစနစ်တွေကို ကျင့်နိုင်၊ မကျင့်နိုင် သိရမှာပဲ”
အိုက်ခွင်းနှင့် လမ်းခွဲပြီးနောက် စုန့်ဝမ် အိမ်ပြန်လာခဲ့သည်။ ရောက်ရောက်ချင်း တင်ပလ္လင်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် သွေးချီဆေးလုံး တစ်လုံးကို သောက်လိုက်သည်။ ဆေးလုံး၏ အစွမ်းမှာ စုန့်ဝမ်အတွက် အားရစရာ မရှိလှပေ။ မျှော်လင့်ထားသည့်အတိုင်းပင်၊ စျေးမှ ဝယ်လာသော ထိုဆေးလုံးများသည် သွေးအဆီအနှစ်ကို အလွန်နည်းပါးစွာသာ သုံးစွဲသည်။ အကယ်၍ စုန့်ဝမ်သာ မိမိ၏ သွေးအဆီအနှစ်များကို အမြဲတမ်း စောင့်ကြည့်မနေပါက ထိုအနည်းငယ်မျှသော လျော့နည်းမှုကို သတိပြုမိလိမ့်မည်ပင် မဟုတ်ပေ။ သွေးအဆီအနှစ် သုံးစွဲမှု အလွန်နည်းပါးသဖြင့် ရရှိလာသော ဝိညာဉ်စွမ်းအား တိုးတက်မှုမှာလည်း အနည်းငယ်မျှသာ ရှိတော့သည်။
စုန့်ဝမ်သည် ကျန်ရှိနေသော ဆေးလုံးကို ကိုင်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
“ငါကိုယ်တိုင် ဆေးဖော်စပ်ဖို့ လိုနေပြီ ထင်တယ်”
ကျိယင်ကို သတ်ပြီးနောက် သွေးချီဆေးလုံး ဖော်စပ်နည်းနှင့် အတွေ့အကြုံများကို အသေးစိတ် ရေးသားထားသော မှတ်တမ်းကို ရရှိထားခဲ့သည်။ နောက်ဆုံး တွေးထားသည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ စုန့်ဝမ်သည် မိမိကိုယ်ကို ချီစုစည်းခြင်း စတုတ္ထအဆင့်ရှိသော လူငယ်ကျင့်ကြံသူအဖြစ် အသွင်ပြောင်းလိုက်ပြီး ခြံဝင်းအပြင်ဘက်တွင် မည်သူမျှ မရှိကြောင်း သေချာအောင် ကြည့်ပြီးမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
စုန့်ဝမ် စျေးအတွင်း လှည့်လည်သွားလာရင်း ဝိညာဉ်ကျောက်တုံး ၅၀ အကုန်ခံပြီး သွေးချီဆေးလုံး ဆယ်ကြိမ်စာဖော်စပ်ရန် လိုအပ်သော ဆေးပင်များကို စုဆောင်းလိုက်သည်။ ထို့နောက် ပစ္စည်းဆိုင်တစ်ခုသို့ ဝင်ကာ ဝိညာဉ်ကျောက်တုံး ၈၀၀ ကို အသုံးပြု၍ အလယ်အလတ်အဆင့် ဆေးမီးဖို တစ်ခုကို ဝယ်ယူလိုက်သည်။
…………..