မိုးကြိုးအခြေခံနည်းစနစ်များ
Vol. 10 Ch. 112
ဆိုင်မှ ထွက်လာသောအခါ စုန့်ဝမ်သည် လေထျန်းယုနှင့် ခို့ချန်တို့ကို ထပ်မံတွေ့မိပြန်သည်။ သူတို့နှစ်ဦးမှာ ဝိညာဉ်သားရဲဆိုင်တစ်ခုတွင် ရှိနေကြခြင်း ဖြစ်သည်။ လေ့ထျန်းယုသည် ဝိညာဉ်ကျောက်တုံးများ အပြည့်ပါသော အိတ်တစ်အိတ်ကို ဆိုင်ရှင်အား ပေးအပ်လိုက်ရာ ဆိုင်ရှင်က ကျောက်စိမ်းပုလင်းတစ်လုံးကို ခို့ချန်ထံ ပေးအပ်လိုက်သည်။
ခို့ချန်သည် သူမ လိုချင်သောအရာကို ရရှိသွားသဖြင့် လေ့ထျန်းယုကို ချိုသာစွာ ပြုံးပြလိုက်သည်။ လေ့ထျန်းယုမှာ လခြမ်းကွေးကဲ့သို့ လှပသော ခို့ချန်း၏ မျက်ဝန်းများကို ငေးမောရင်း ပတ်ဝန်းကျင်ကို မေ့နေပါတော့သည်။
လေ့ထျန်းယုသည် ခို့ချန်ကို မြတ်နိုးယုယစွာ ကြည့်လိုက်သည်။
“ညီမလေးခို့ ... တခြား ဘာများ လိုချင်သေးလဲ”
လေ့ထျန်းယုက အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ အသံအနည်းငယ် ကျယ်သွားပါက ခို့ချန်အပေါ် အများ၏ အထင်အမြင် ထိခိုက်သွားမည်ကို စိုးရိမ်နေပုံရသည်။
ခို့ချန်က ချိုသာကြည်လင်သော အသံလေးဖြင့် ပြန်ဖြေသည်။
“ကျေးဇူးတင်ပါတယ် အကိုကြီးလေ့ … ဒါပေမဲ့ အခုလောလောဆယ် ဘာမှ မလိုတော့ပါဘူး။ ဒီနေ့တင် အကိုကြီးက ညီမအတွက် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် သုံးပေးခဲ့ပြီးပြီပဲ။ ညီမ တကယ်ပဲ အားနာမိပါတယ်။ ညီမမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိလာတဲ့အခါ အရင်က အကြွေးတင်နေတဲ့ ဝိညာဉ်ကျောက်တုံး ၁၃၂၁၁ တုံးရော အခုဟာတွေကိုပါ မပျက်မကွက် ပြန်ဆပ်ပါ့မယ်”
လေ့ထျန်းယုက လက်ကို အကြိမ်ကြိမ် ဝေ့ယမ်းကာ စိုးရိမ်တကြီး ပြောရှာသည်။
“ညီမလေးခို့ .. အဲဒီလို မပြောပါနဲ့။ ငါတို့ ဆက်ဆံရေးနဲ့ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ဆိုတာ ဘာမှ မဟုတ်ပါဘူး”
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ခို့ချန်းသည် အဇူရာနွားလားကို စီး၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် လေ့ထျန်းယုက အသံကျယ်ကျယ်ဖြင့် လှမ်းအော်ပြောသည်။
“ညီမလေးခို့ ... နောက်နာရီဝက်နေရင် စျေးထဲက လေလံပွဲမှာ အခြေတည်ဆေးလုံး ၃ လုံး ပါလိမ့်မယ်။ ညီမလေး အခြေတည်အဆင့်ကို အမြန်ဆုံး ရောက်နိုင်အောင် ဆေးလုံးတစ်လုံးကို ရအောင် လေလံဆွဲပေးမယ်”
ထိုအချိန်တွင် အဇူရာနွားလားသည် မြေပြင်မှ ပေအနည်းငယ် မြင့်တက်နေပြီ ဖြစ်သည်။ လေ့ထျန်းယု၏ စကားကို ကြားသောအခါ ခို့ချန်သည် အဇူရာနွားလားကို ဆက်မတက်အောင် ချက်ချင်း ထိန်းလိုက်ပြီး ခေါင်းကို လှည့်ကာ အလွန်တရာ နူးညံ့လှပသောအပြုံးလေး ပြုံးပြလိုက်သည်။
“တကယ်လား၊ ကျေးဇူးအများကြီးတင်ပါတယ် ကိုကြီးလေ့။ ကိုကြီးရဲ့ ကြင်နာတဲ့ စိတ်ရင်းကို ညီမ တကယ်ပဲ ကျေးဇူးတင်မိပါတယ်ရှင့်”
ပြောနေရင်း ခို့ချန်၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။ နီမြန်းသော နှုတ်ခမ်းလေးကို အသာအယာ ကိုက်လိုက်ပြီး အားနာဟန်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူမြန်လာပြီး ရင်အစုံမှာလည်း တညိမ့်ညိမ့်လှုပ်နေသည်။
“ဟို .. ဟိုလေ … ကိုကြီးလေ့သာ အခြေတည်ဆေးလုံးကို တကယ်ရအောင် ယူပေးနိုင်ရင် ... ကိုကြီး ခိုင်းတာမှန်သမျှ ညီမ အကုန်လုပ်ပေးပါ့မယ်”
စကားဆုံးသည်နှင့် ခို့ချန်သည် အဇူရာနွားကို နတ်မိမယ်တစ်ပါးကဲ့သို့ တင့်တယ်စွာ စီးနင်းရင်း ကောင်းကင်ပြာထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ခို့ချန် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လေ့ထျန်းယုသည်လည်း ဓားပျံကို စီးနင်းကာ ပျံသန်းသွားလေတော့သည်။
သူတို့ ထွက်သွားမှပဲ စုန့်ဝမ်တစ်ယောက် ရသမျှချူရဲသော ခို့ချန်နှင့် ဘာမဆို အမ်းချင်သော လေ့ထျန်းယုတို့ကို ငေးကြည့်နေမိရာက ပြန်သတိဝင်လာသည်။
စုန့်ဝမ်လည်း စျေးအတွင်းဘက်သို့ လျှောက်လာခဲ့ပြီး တိတ်ဆိတ်သော ထောင့်တစ်နေရာတွင် သူ၏ ရုပ်သွင်ကို ပြောင်းလဲကာ မှော်အဆောင်နှင့် မန္တန်အရောင်းဆိုင် တစ်ခုထဲသို့ ဝင်ခဲ့သည်။ ဆိုင်၏ တံခါးအထက်တွင် “လေ့မိသားစု အဆောင်၊ မန္တန်ခန်းမဆောင်” ဟု စာလုံးကြီးများဖြင့် ရေးထားသော ဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည်။
ထိုဆိုင်မှာ အတော်လေး ကျယ်ဝန်းပြီး ဝယ်ယူသူများကို ဧည့်ခံရန် ဆွဲဆောင်မှုရှိသော အရောင်းဝန်ထမ်း မိန်းကလေး ဆယ်ယောက်ကျော် ရှိသည်။ ထိုမိန်းကလေးများမှာ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်လှဘဲ အားလုံးမှာ ချီစုစည်းခြင်း အစောပိုင်းအဆင့်များသာ ဖြစ်ကြသည်။
“စီနီယာ ... ဘာများ ဝယ်ယူချင်ပါသလဲရှင့်”
ဝန်ထမ်းမိန်းကလေးတစ်ဦးက ချိုသာသော အပြုံးဖြင့် ချဉ်းကပ် မေးမြန်းလာသည်။
ယခုအချိန်တွင် စုန်ဝမ်သည် ချီစုစည်းခြင်း စတုတ္ထအဆင့် လေလွင့်ကျင့်ကြံသူအသွင် အယောင်ဆောင်ထားသည်။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးလက်ဝါးမန္တန်ကို ကျင့်ကြံရန် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။
“မင်းတို့ဆီမှာ မိုးကြိုးလက်ဝါးနည်းစနစ် ရှိသလား?”
ဝန်ထမ်းမိန်းကလေးက ပြုံးရွှင်စွာ ပြန်ဖြေလာသည်။
“လေ့မိသားစုက မိုးကြိုးနည်းစနစ်တွေကြောင့် နာမည်ကြီးတာပါ။ ကျွန်မတို့ဆိုင်မှာ မိုးကြိုးလက်ဝါးနည်းစနစ်ကို ရောင်းချပေးနေပါတယ်ရှင့်”
“ဈေးက ဘယ်လောက်လဲ”
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ပါ”
စုန့်ဝမ်သည် ထိုမိန်းကလေးကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်သည်။ ဤမျှ ဈေးပေါပေါနှင့် ရောင်းနေသည်လား။ အမှန်တကယ်က မိုးကြိုးနည်းစနစ်များကို ကျင့်ကြံနိုင်သူ ရှားပါးခြင်းနှင့် အခြားသော ပျံသန်းခြင်းမန္တန် သို့မဟုတ် မီးတောက်မန္တန်များကဲ့သို့ လူသုံးမများခြင်းတို့ကြောင့် လေ့မိသားစုက မိုးကြိုးလက်ဝါးမန္တန်ကို ဈေးနှုန်း လျှော့ချထားခြင်း ဖြစ်သည်။
ဝန်ထမ်းမိန်းကလေးက စျေးနှုန်း မမှားကြောင်း အတည်ပြုပြီးနောက် စုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ကမ်းပေးလိုက်ပြီး “တစ်ခု ယူမယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာ၊ ခဏလောက် စောင့်ပေးပါရှင့်”
မိန်းကလေးသည် ဝိညာဉ်ကျောက်တုံးများကို ယူကာ ဆိုင်အလယ်ရှိ ကောင်တာဆီသို့ လျှောက်သွားသည်။
ခဏအကြာတွင် ထိုမိန်းကလေးသည် ကျောက်စိမ်းပြား တစ်ခုနှင့် ဝိညာဉ်ကတိစာချုပ် တစ်ခုကို ယူဆောင်လာခဲ့သည်။
“စီနီယာ ... ဒါက ဝိညာဉ်ကတိစာချုပ်ပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါ။ အဆင်ပြေတယ်ဆိုရင် စာချုပ်မှာ လက်မှတ်ရေးထိုးပေးပါ၊ ဒါဆိုရင် အရောင်းအဝယ် ပြီးမြောက်ပါပြီ”
စုန်ဝမ်သည် စာချုပ်ကို ဂရုတစိုက် စစ်ဆေးလိုက်ရာ ၎င်းမှာ မန္တန်ဆိုင်များတွင် အသုံးပြုလေ့ရှိသော ပုံမှန်စာချုပ်မျိုးသာ ဖြစ်ကြောင်း တွေ့ရသည်။ ကျောက်စိမ်းပြားကိုလည်း စစ်ဆေးပြီး ကျင့်စဉ် မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ဝန်ထမ်းမိန်းကလေး၏ အကူအညီဖြင့် စာချုပ်တွင် လက်မှတ်ထိုးကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ပြန်ထွက်လာရင်း စုန့်ဝမ် မျက်နှာမှာ တဖြည်းဖြည်း တင်းမာလာသည်။ သူဝယ်လာသော ကျောက်စိမ်းပြားထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အမှတ်အသား ပါဝင်နေသည်။ ဤအချက်က လေ့မိသားစုဆိုင်များအပေါ် စုန့်ဝမ်၏ အမြင်ကို ပို၍ပင် ဆိုးရွားစေခဲ့သည်။ ဝိညာဉ်ကျောက်တုံး ငါးဆယ်သာ တန်ဖိုးရှိသော အရာလေးအပေါ်မှာပင် ဤမျှ လှည့်ကွက်သုံးထားသည့် လေ့မိသားစု၏ အပြုအမူသည် ရဲတင်းလွန်းလှသည်။ လေ့မိသားစုသည် သူတို့ဆိုင်မှ ကျင့်စဉ်ဝယ်ယူသော ကျင့်ကြံသူတိုင်းကို အမှတ်အသား ပြုလုပ်ထားရန် ကြံစည်နေကြခြင်းလော။
စုန့်ဝမ်သည် နောက်ယောင်ခံလိုက်သူ မရှိစေရန် စျေးအတွင်း တစ်နာရီနီးပါး လှည့်လည်သွားလာခဲ့ပြီးနောက် ကျောက်စိမ်းပြားပေါ်ရှိ ဝိညာဉ်အမှတ်အသားကို တိတ်တဆိတ် ဖျက်ဆီးပစ်လိုက်သည်။ လူသူမရှိသော နေရာတစ်ခုသို့ ရောက်သောအခါ သူ၏ အယောင်ဆောင်မှုကို ဖယ်ရှားပြီး အသက် ၃၀ အရွယ် သူ၏ မူလရုပ်သွင် ပြန်ပြောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။
ခြံဝင်း၏ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ် သန်မာထွားကြိုင်းသူ တစ်ယောက်ကို တွေ့လိုက်ရသည်။
“ဆရာကြီးကျန်း ... လတ်ဆတ်တဲ့ သားရဲအသားလေးတွေ ဝယ်ဦးမလား”ဟု ထိုသူက မေးသည်။
ဤလူမှာ စုန့်ဝမ်၏ အိမ်နီးနားချင်း စွန်းတာရှုံ ဖြစ်သည်။ သူ၏ နာမည်အတိုင်းပင် စွန်းတာရှုံမှာ အရပ်ရှည်၍ သန်မာထွားကြိုင်းပြီး သားရဲများကို အမဲလိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုသော ချီစုစည်းခြင်း သတ္တမအဆင့်ရှိသူ ဖြစ်သည်။ စွန်းတာရှုံတွင် သမီးတစ်ဦးရှိပြီး သူမမှာ ဖခင်၏ ထွားကြိုင်းကြမ်းတမ်းသော ရုပ်ရည်နှင့် လုံးဝဆန့်ကျင်စွာ နုနုနယ်နယ်နှင့် လှပသည်။ အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း သူမ၏ လှပမှုကြောင့် ဤလမ်းထဲတွင် လူသိများသူ ဖြစ်သည်။
“ဘာသားရဲအသားလဲ”
စုန့်ဝမ်က ဝတ်ကြေတန်းကြေ မေးလိုက်သည်။ အမှန်တော့ စုန်ဝမ်သည် သားရဲအသားကို စိတ်မဝင်စားလှပေ။ အများအမြင်တွင် သံသယမဖြစ်စေရန်သာ စွန်းတာရှုံထံမှ ရံဖန်ရံခါ ဝယ်ယူခြင်း ဖြစ်သည်။ သားရဲသွေးများသည် အလွန်ပြင်းထန်သော်လည်း တူညီသောအဆင့်ရှိ ကျင့်ကြံသူများ၏ သွေးလောက် အစွမ်းမထက်သဖြင့် စိတ်မဝင်စားခြင်း ဖြစ်သည်။
စုန့်ဝမ်သည် စိတ်မပါသော်လည်း လုံးလုံးလျားလျား ငြင်းပယ်ခြင်း မပြုသည်ကို မြင်သောအခါ စွန်းတာ့ရှုံက အမြန်ပင် ဆက်ပြောသည်။
“ဝိညာဉ်မြေခွေးသားပါ ဆရာကြီး။ ချီစုစည်းခြင်း အလယ်အလတ်အဆင့် ဝိညာဉ်မြေခွေးပါ။ တစ်ပိဿာကို ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းပါ။ ဆရာကြီးကျန်း ... ဒီလောက်စျေးပေါတဲ့ ဝိညာဉ်မြေခွေးသားကို တခြားဘယ်မှာမှ ရှာမရနိုင်ဘူးနော်”
မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ စွန်းတာ့ရှုံက အသားရောင်းဖို့ တက်တက်ကြွကြွ လာပြောတိုင်း အမြဲတမ်း အညံ့စားတွေပဲ ဖြစ်နေတတ်သည်။ အရည်အသွေးကောင်းသော သားရဲအသားများကို စျေးထဲရှိ စားသောက်ဆိုင်များတွင် ဈေးကောင်းကောင်းနှင့် ရောင်းချကြသည်။ ဝိညာဉ်မြေခွေး၏ တန်ဖိုးရှိသော အစိတ်အပိုင်းမှာ အရေခွံသာ ဖြစ်ပြီး၊ အသားမှာမူ အနံ့အသက်ဆိုးကာ ချဉ်စူးစူးအရသာ ရှိသဖြင့် စားရန် အလွန်ခက်ခဲသည်။ ငွေမတတ်နိုင်သူများ သို့မဟုတ် ခန္ဓာကိုယ်ကျင့်ကြံသူကဲ့သို့ သားရဲအသား အမြောက်အမြား လိုအပ်သူများသာ ဝယ်ယူကြခြင်း ဖြစ်သည်။
“မဝယ်တော့ဘူး။ ဒီရက်ပိုင်း ဝိညာဉ်ကျောက်တုံးတွေ ပြတ်နေလို့ အိမ်လခတောင် အနိုင်နိုင် ပေးနေရတာ”
စုန်ဝမ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး စွန်းတာရှုံကို လှည့်ပင်မကြည့်ဘဲ ခြံတံခါး တွန်းဖွင့်ကာ ဝင်သွားသည်။ သူ့တွင် ဝိညာဉ်ကျောက်တုံး မရှားပါးသလို ရန်လည်း မဖြစ်ချင်ပေ၊ သို့သော် စွန်းတာရှုံသည် သူ့ကို လူအအောက်မေ့ကာ အညံ့စား အသားများကို အကြိမ်ကြိမ် လာရောင်းနေခြင်းကြောင့် စိတ်ခုနေခြင်း ဖြစ်သည်။
စွန်းတာရှုံကလည်း စုန့်ဝမ်၏ ငြင်းပယ်မှုကို ဂရုမစိုက်ဘဲ အခြားအိမ်နီးနားချင်း တစ်ဦး၏ တံခါးကို သွားခေါက်ပြန်သည်။ ဝိညာဉ်မြေခွေးတစ်ကောင်တွင် အသား ပိဿာနှစ်ဆယ်ကျော် ပါရှိသည်။ သူ့သမီးမှာ ထိုအသားနံ့ကို မခံနိုင်သလို သူကိုယ်တိုင်လည်း ရိုးအီနေပြီဖြစ်သည်။ စျေးထဲတွင်လည်း မည်သူမျှ မဝယ်သဖြင့် အိမ်နီးနားချင်းများကိုသာ လိုက်ရောင်းနေရခြင်း ဖြစ်သည်။ တစ်ပိဿာကို ကျောက်တုံးဝက်နှင့် ရောင်းရလျှင်ပင် ဝိညာဉ်ကျောက်တုံး အချို့ရရှိမည်ဖြစ်ရာ တစ်လစာ အိမ်လခအတွက် လုံလောက်ပေလိမ့်မည်။
သူ၏ သမီးမှာ ကျင့်ကြံခြင်း ပါရမီ ကောင်းမွန်သူဖြစ်သည်။ လွန်ခဲ့သော နှစ်လကမှ ချီစုစည်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမိုလိုအပ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သမီးဖြစ်သူသည် မိုးကြိုးလက်ဝါးနည်းစနစ်ကို ကျင့်ကြံချင်ကြောင်း ပြောခဲ့သော်လည်း စွန်းတာရှုံတွင် ထိုစဉ်က ငွေမလောက်သဖြင့် ဝယ်မပေးနိုင်ခဲ့ပေ။
သို့သော် မကြာသေးမီက အဖြူရောင်အမွှေးအမျှင်ရှိသော ဝိညာဉ်မြေခွေးတစ်ကောင်ကို ဖမ်းဆီးရရှိခဲ့ပြီး အရေခွံမှာလည်း အနာအဆာ မရှိပေ။ ထိုအရေခွံကို ရောင်းချပြီးနောက် ယခုတွင် သမီးဖြစ်သူအတွက် မိုးကြိုးလက်ဝါးနည်းစနစ် ဝယ်ပေးရန် ဝိညာဉ်ကျောက်တုံးများ စုမိသွားခဲ့ပြီ ဖြစ်သည်။
စွန်းတာရှုံ၏ နောက်ကွယ်တွင် ခြံတံခါးတစ်ခု ရုတ်တရက် ပွင့်လာပြီး လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ သူ့ဖခင် အိမ်နီးနားချင်းများအား မြေခွေးသား လိုက်လံရောင်းချနေသည်ကို မြင်သောအခါ စွန်းရူ သက်ပြင်းချလိုက်မိသည်။ ဝိညာဉ်မြေခွေးသားမှာ စားရဆိုးသည့်အပြင် ဈေးလည်း မချိုလှပေ။ မည်သူက ဝယ်ချင်ပါမည်နည်း။ ဘေးအိမ်မှ ဆရာကြီးကျန်း တစ်ယောက်သာ ဤနေရာသို့ အသစ်ရောက်လာသူဖြစ်သဖြင့် သူမဖခင်၏ လှည့်ဖြားမှုကို နှစ်ကြိမ် ခံခဲ့ရခြင်း ဖြစ်သည်။
……….