← Chapters

လမ်းမှန်ဂိုဏ်းတွေလည်း ဒီလိုပါပဲလား

Vol. 10 Ch. 113

လမ်းမှန်ဂိုဏ်းတွေလည်း ဒီလိုပါပဲလား

Vol. 10 Ch. 113

စုန့်ဝမ်က စွန်းမျိုးနွယ်သားအဖကို စိတ်မဝင်စားဖို့ အချိန်မရှိပါ။ အခန်းထဲ ပြန်ရောက်လာပြီးနောက် မိုးကြိုးလက်ဝါးနည်းစနစ်ပါ ကျောက်စိမ်းပြားကို ထုတ်ယူပြီး နဖူးတွင် ကပ်လိုက်သည်။

ချက်ချင်းဆိုသလို အချက်အလက် အမြောက်အမြား စုန့်ဝမ်၏ စိတ်အာရုံထဲ တိုးဝင်လာတော့သည်။ ခဏအကြာတွင် ကျောက်စိမ်းပြားမှာ အမှုန့်အဖြစ် ကြေမွသွားပြီး မိုးကြိုးလက်ဝါးကျင့်စဉ်၏ အချက်အလက်အားလုံး စုန့်ဝမ်၏ အသိစိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ပြီးနောက် စုန့်ဝမ်သည် မျက်လုံးများ မှိတ်ကာ မိုးကြိုးလက်ဝါးကျင့်စဥ်၏ အနှစ်သာရကို ဂရုတစိုက် ဆင်ခြင်သုံးသပ်နေမိသည်။ နာရီပေါင်းများစွာ ကြာပြီးနောက်တွင် မျက်လုံးများ ဖွင့်လိုက်ပြီး စမ်းသပ်အသုံးပြုရန် ပြင်ဆင်လိုက်သည်။

အသင့်ဖြစ်သည်နှင့် မန္တန်ကို တီးတိုးလေး ရွတ်ဆိုကာ လက်ကွက်စည်းတံဆိပ်ကို ဖော်ဆောင်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ ရှိမလာပေ။ ဗလာဖြစ်နေသော မိမိ၏ လက်ဝါးကို ကြည့်ကာ စုန့်ဝမ် သက်ပြင်းချလိုက်မိသည်။ မိုးကြိုးနည်းစနစ်တွေ ကျင့်ကြံဖို့ ပါရမီ မပါတာများလား။ သို့သော် အရှုံးမပေးဘဲ ထပ်မံ ကြိုးစားပြန်သည်။

အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြိုးစားပြီးနောက် လက်ဝါးထဲ၌ သေးငယ်လှသော ငွေရောင်လျှပ်စစ်အလင်းတန်းလေး တစ်ခု လက်ခနဲ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ခဏအကြာတွင် ထိုငွေရောင်အလင်းတန်းလေး ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။

သို့သော် စုန့်ဝမ်၏ မျက်ဝန်းများ တောက်ပသွားသည်။ မိုးကြိုးလက်ဝါးမန္တန်ကို အောင်မြင်စွာ အသက်မသွင်းနိုင်သေးသော်လည်း မိုးကြိုးစွမ်းအင် အစအနလေးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ရာ၊ ၎င်းက သူ့တွင် မိုးကြိုးအတတ်ကို ကျင့်ကြံနိုင်သည့် ပါရမီ ရှိနေကြောင်း သက်သေပြခြင်းပင် မဟုတ်ပါလား။

သို့သော် ပါရမီမှာ ကန့်သတ်ချက်တော့ ရှိနေပုံရသည်။ အခြေတည်အဆင့် အထွတ်အထိပ်ထိ ရောက်ရှိနေသော သူ၏ ဝိညာဉ်စွမ်းအင်အရဆိုလျှင် ဤကဲ့သို့ အလယ်အလတ်အဆင့် ကျင့်စဉ်ကို သင်ယူရန်မှာ အလွန်လွယ်ကူသင့်သော်လည်း၊ လျှပ်စစ်အလင်းတန်း အစအနလေး ထွက်ပေါ်လာရန်ပင် အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြိုးစားခဲ့ရသည်။

မိမိတွင် မိုးကြိုးအတတ်အတွက် ပါရမီရှိကြောင်း သိလိုက်ရသဖြင့် စုန့်ဝမ်သည် မိုးကြိုးလက်ဝါးနည်းစနစ်ကို တတ်မြောက်ရန် စိတ်မလောတော့ပေ။ သူ၏ လက်ရှိအစွမ်းအရ ဤနည်းစနစ်ကို တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ကွာခြားမှု သိပ်မရှိလှပေ။ ထို့ပြင် ကျင့်စဉ်တစ်ခုကို တတ်မြောက်ရန်မှာ တစ်ညတည်းနှင့် ဖြစ်နိုင်သောအရာ မဟုတ်။

စုန့်ဝမ် ကျင့်ကြံမှုကို ခဏရပ်နားပြီး ကျိယင်၏ မှတ်တမ်းကို ထုတ်ယူကာ သွေးချီဆေးလုံး ဖော်စပ်သည့် အတွေ့အကြုံမှတ်တမ်းကို ဂရုတစိုက် စတင်လေ့လာသည်။ မကြာမီ စတင်မည့် သူ၏ ပထမဆုံးသော ဆေးဖော်စပ်မှုအတွက် လမ်းညွှန်ပြသပေးမည့်သူ မရှိသဖြင့် မှတ်တမ်းထဲမှ အချက်အလက်များကို အတတ်နိုင်ဆုံး စုဆောင်းရမည်ဖြစ်သည်။

အချိန်များ ကုန်လွန်သွားပြီး စုန်ဝမ်သည် မှတ်တမ်းကို ဘေးသို့ ချလိုက်သည်။ ယခုအခါ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ကာ ကောင်းကင်ယံမှာလည်း လင်းထိန်နေပြီ ဖြစ်သည်။ ကျိယင်၏ မှတ်တမ်းကို ပြန်လည်သုံးသပ်ပြီးနောက် စုန့်ဝမ်သည် ဆေးဖော်စပ်ရာတွင် လိုအပ်သော အရာတစ်ခု ကျန်နေသေးကြောင်း သတိပြုမိသည်။ ၎င်းမှာ ဆေးဖိုအတွက် လောင်စာအဖြစ် သုံးရမည့် ထင်းပင် ဖြစ်သည်။

စုန့်ဝမ်သည် ထင်းဝယ်ရန် စျေးထဲ ထွက်လာခဲ့သည်။ ကျိယင်၏ ဆေးဖော်စပ်မှု နည်းလမ်းတွင် ရေပြာပင်ဟုခေါ်သော သစ်သားတစ်မျိုးကို အသုံးပြုထားသဖြင့် သူလည်း ဆေးမီးဖိုအတွက် လောင်စာအဖြစ် သုံးရန် ထိုသစ်သားကိုပင် ဝယ်ယူရန် စီစဉ်ထားသည်။

ထို့အပြင် ဆေးဖော်စပ်စဉ်အတွင်း ဖြစ်ပေါ်လာမည့် စွမ်းအင်လှုပ်ခတ်မှုများနှင့် ပုံမှန်မဟုတ်သော အခြေအနေများကို ဖုံးကွယ်ရန် အဆင့်နိမ့် အော်ရာဖုံးကွယ်အစီအရင် တစ်ခုကိုလည်း ဝယ်ယူရန် ရည်ရွယ်ထားသည်။ ရှိထားသော အစီအရင်က အဆင့်မြင့် အစီအရင် ဖြစ်သဖြင့် ထိရောက်သော်လည်း ကုန်ကျစရိတ် မြင့်မားလွန်းလှသည်။

ဆေးဖော်စပ်ရာတွင် ကျရှုံးပါက ဆေးဖိုပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ခြင်းကဲ့သို့သော မတော်တဆမှုများ ဖြစ်ပေါ်တတ်သည်။ စုန့်ဝမ်သည် မိမိ ဆေးဖော်စပ်နေသည်ကို လူအများ သိသွားခြင်းကို မလိုလားပေ။ ဤအစီအရင်မှာ ပထမအဆင့်မျှသာ ဖြစ်သော်လည်း စျေးအတွင်းရှိ ကျင့်ကြံသူ အများစုကို သူ၏ လှုပ်ရှားမှုများအား သတိမပြုမိအောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

အခြေတည်အဆင့်နှင့် ထို့ထက်မြင့်သော ကျင့်ကြံသူများအဖို့ ဆေးဖော်စပ်နေသည်ကို သတိထားမိနိုင်သော်လည်း စုန့်ဝမ် မစိုးရိမ်ပေ။ ဆေးဖော်စပ်ခြင်းသည် မိစ္ဆာကျင့်ကြံခြင်း မဟုတ်သဖြင့် သတိပြုမိလျှင်ပင် သူတို့ အာရုံစိုက်နေလိမ့်မည် မဟုတ်ပေ။

နာရီဝက်အကြာတွင် စုန့်ဝမ် အိမ်ပြန်ရောက်လာသည်။ ရောက်ရောက်ချင်း ဧည့်ခန်းအတွင်းမှ စားပွဲနှင့် ကုလားထိုင်များကို ဖယ်ရှားလိုက်ပြီး အော်ရာဖုံးကွယ်အစီအရင် တပ်ဆင်လိုက်သည်။ ထို့နောက် ဆေးမီးဖိုကို အခန်းအလယ်တွင် ထားရှိကာ ဆေးဖော်စပ်ရန် ပြင်ဆင်တော့သည်။

ဆေးဖိုအောက်တွင် ရေပြာပင်သစ်သားများကို ထည့်ကာ မီးညှိပြီးနောက် ဆေးဖက်ဝင်အပင်များကို ဆေးမီးဖိုထဲသို့ စတင်ထည့်သွင်းလိုက်သည်။ နာရီဝက်အကြာတွင် ဆေးမီးဖိုသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး မည်းနက်သော မီးခိုးများ အလုံးအရင်းနှင့် ထွက်ပေါ်လာရာ စုန့်ဝမ်တကိုယ်လုံးတွင် မှိုင်းများ စွဲထင်သွားတော့သည်။

ပထမဆုံးသော ဆေးဖော်စပ်မှု ကြိုးပမ်းချက်မှာ ကျရှုံးမှုဖြင့် အဆုံးသတ်ခဲ့ရသည်။ အမှန်တကယ်တွင် စုန့်ဝမ်သည် ဆေးဖက်ဝင်အပင်များ၏ ထက်ဝက်ကိုသာ ထည့်ရသေးခြင်း ဖြစ်သည်။ စုန့်ဝမ်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး လေထဲတွင် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လေပြည်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုလေပြည်က မီးခိုးများကို သယ်ဆောင်သွားပြီး ကျောက်စိမ်းပုလင်းထဲသို့ ထည့်သွင်းလိုက်သည်။ အခန်းထဲတွင် ပြည့်နှက်နေသော မီးခိုးများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

စုန့်ဝမ် နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် ပြင်ဆင်နေစဉ်မှာပင် တံခါးဆီမှ ရုတ်တရက် ကျယ်လောင်သော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ အော်သံတစ်ခုကလည်း ချက်ချင်း ကပ်ပါလာသည်။

“တာအိုရောင်းရင်းကျန်း ... တံခါးဖွင့်ပါဦး။ ဒီနေ့ ခင်ဗျားကို အဆောင်ပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမလို့”

စုန့်ဝမ်လည်း ဆေးမီးဖိုထဲသို့ ထည့်ရန် ပြင်ထားသော ဆေးဖက်ဝင်အပင်များကို ပြန်သိမ်းကာ မီးကို ငြှိမ်းသတ်လိုက်သည်။ ဆေးမီးဖိုကိုပါ ထုပ်ပိုးသိမ်းဆည်းပြီးမှ တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။

အိုက်ခွင်း၏ အနှောင့်အယှက်ကြောင့် ယနေ့အတွက် ဆေးလုံးဖော်စပ်ရန် မျှော်လင့်ချက် မရှိတော့ပေ။ သို့သော် ဆေးဖော်စပ်ခြင်းကို အလောတကြီး မလုပ်သင့်ပေ။ ဤသည်မှာ အနားယူရန်နှင့် စိတ်အခြေအနေကို ပြန်လည်ညှိယူရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။ ထို့ပြင် အိုက်ခွင်းပြောသော မှော်အဆောင်ပညာရှင်နှင့် တွေ့ဆုံရန်မှာလည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်သည်။ သူသည် အဆောင်ဆရာအဖြစ် အယောင်ဆောင်ထားသူ ဖြစ်ရာ ထိုကဲ့သို့သော ပညာရှင်နှင့် တွေ့ဆုံရန် အခွင့်အရေးကို ငြင်းပယ်ပါက အကဲခတ်သူများ၏ သံသယကို ခံရနိုင်ချေ ရှိသည်။

ခြံတံခါး ဖွင့်လိုက်သောအခါ စုန်ဝမ် ဘာမှမပြောရသေးမီ အိုက်ခွင်းက အလောတကြီး ပြောလာသည်။

“မြန်မြန်လာ … သားရဲသခင်ဂိုဏ်းရဲ့ အဆောင်တောင်ထိပ်က စီနီယာဖန်းနင်က စျေးထဲက လေလွင့်ကျင့်ကြံသူ အဆောင်ဆရာတွေကို သူရဲ့ အတွေ့အကြုံတွေ မျှဝေပေးမလို့တဲ့။ မင်းသွားနားထောင်သင့်တယ်၊ အဲဒါက မှော်အဆောင် ရေးဆွဲတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”

မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျင့်ကြံသူများ စုဝေးလေ့ရှိသည့် တည်းခိုခန်းတစ်ခုအတွင်းရှိ သီးသန့်ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြသည်။ ခြံဝင်းအတွင်းသို့ ဝင်လိုက်သောအခါ မြေပြင်ပေါ်တွင် ထိုင်နေကြသော လေလွင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တွေ့လိုက်ရသည်။ အဖွဲ့၏ အရှေ့ဆုံးတွင် သားရဲသခင်ဂိုဏ်းမှ တပည့်ဖြစ်သူ၊ အသက် ၂၈ နှစ်ခန့်ရှိသော သူတစ်ဦး ထိုင်နေသည်။ ထိုသူမှာ အိုက်ခွင်းပြောသော ဖန်းနင်ပင် ဖြစ်သည်။ သူသည် ချီစုစည်းခြင်း အဋ္ဌမအဆင့် ရှိပြီး ပထမအဆင့်ရှိ မန္တန်အားလုံးနီးပါးကို ရေးဆွဲနိုင်သူဖြစ်ရာ မန္တန်ပညာတွင် အတော်ပင် ပါရမီရှိသူ ဖြစ်သည်။

ဆယ်ယောက်ကျော်သော ထိုလူစုသည် မန္တန်ရေးဆွဲခြင်းနှင့် ပတ်သက်၍ မိမိတို့၏ အတွေ့အကြုံများကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ အချို့မှာ ကြာမြင့်စွာကတည်းက ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်သွားပုံရသဖြင့် ဝမ်းသာအားရ ပြုံးနေကြပြီး၊ အချို့မှာမူ အမြင်မတူသဖြင့် အဆုံးမရှိ ငြင်းခုံနေကြသည်။

စုန့်ဝမ်နှင့် အိုက်ခွင်း ဝင်လာသည်ကို မြင်သောအခါ လူအချို့က အိုက်ခွင်းကို ခင်မင်ရင်းနှီးစွာ ခေါင်းညိတ်ပြကြသည်။ အိုက်ခွင်း၏ နောက်ကွယ်မှ ပါလာသော စုန့်ဝမ်ကိုမူ လူအများက လုံးဝလျစ်လျူရှုထားကြသည်။ သူတို့က စုန့်ဝမ်ကို သင်ခန်းစာများကို ခိုးယူနားထောင်ရန် လိုက်ပါလာသူတစ်ဦးဟုသာ ထင်မြင်နေကြသဖြင့် မည်သူမျှ နွေးထွေးစွာ ဧည့်မခံကြခြင်း ဖြစ်သည်။

အိုက်ခွင်းသည် မြေပြင်ပေါ်တွင် ဝင်ထိုင်ကာ အခြားသူများနှင့် အမြင်များကို စတင်ဖလှယ်တော့သည်။ စုန့်ဝမ်ကမူ သူ့နောက်တွင် ထိုင်ကာ ဝေမျှဆွေးနွေးနေသော အတွေ့အကြုံများကို နားထောင်နေခဲ့သည်။ တဖြည်းဖြည်းနှင့် စုန့်ဝမ် သတိထားမိလာသည်မှာ ဤလူများသည် သူတို့၏ လျှို့ဝှက်ချက်များကို အကုန်အစင် မပြောကြသော်လည်း အဆောင်ပညာနှင့် ပတ်သက်သော စစ်မှန်သည့် အသိပညာများကို များစွာ မျှဝေနေကြခြင်း ဖြစ်ရာ သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

ဖန်းနင်မှာ ဤလေလွင့်ကျင့်ကြံသူများ၏ လေးစားမှုကို ခံရသူဖြစ်ရာ သူ့ပတ်လည်တွင် လမ်းညွှန်မှု တောင်းခံသူများဖြင့် ဝိုင်းနေတော့သည်။ ဖန်းနင်ကလည်း သဘောထားကြီးစွာဖြင့် မေးခွန်းများကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။

အချိန် လျင်မြန်စွာ ကုန်လွန်သွားပြီး နှစ်နာရီခန့် ကြာသွားသည်။ မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ လေလွင့်ကျင့်ကြံသူများ ပိုမိုရောက်ရှိလာသဖြင့် စုစုပေါင်း လူနှစ်ဆယ်နီးပါး ဖြစ်လာသည်။

ဖန်းနင်သည် ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“အားလုံးပဲ ... အချိန်လည်း တော်တော်လင့်သွားပြီဆိုတော့ ဒီနေ့ ဆွေးနွေးပွဲကို ဒီမှာတင် ရပ်နားကြရအောင်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးနဲ့ ဆွေးနွေးချင်တဲ့ နောက်ထပ် အကြောင်းအရာတစ်ခု ရှိပါသေးတယ်။ အခု လမ်းမှန်လမ်းစဥ်နဲ့ နတ်ဆိုးလမ်းစဥ်ကြား စစ်ပွဲက အခြေအနေ တင်းမာနေတုန်းပဲ။ ရှေ့တန်းမှာ မှော်အဆောင် လိုအပ်ချက်က တိုးလာနေတယ်။ ခင်ဗျားတို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ နတ်ဆိုးကျင့်ကြံသူတွေကို အမြစ်ပြတ်ချေမှုန်းတဲ့နေရာမှာ ပါဝင်ကူညီကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယခင်က ရင်းနှီးဖော်ရွေသော အငွေ့အသက်များမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။ အဆောင်ဆရာအားလုံး မျက်နှာပျက်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာမှမပြောကြတော့ပေ။ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်မဖြေကြားခဲ့ပေ။ အမှန်စင်စစ် ဤလောကတွင် အလကားရသော ထမင်းဟူသည် မရှိပေ။ ဖန်းနင်သည် သူ၏ အဆောင်ပညာရပ် အသိပညာများကို အကြောင်းမဲ့ မျှဝေနေခြင်း မဟုတ်ကြောင်း ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။

လူစုလူဝေး၏ အပြောင်းအလဲကို မြင်သော်လည်း ဖန်းနင်က ဒေါသမထွက်ဘဲ ဆက်ပြောသည်။

“စိတ်မပူကြပါနဲ့၊ ခင်ဗျားတို့ကို အလကား ခိုင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သားရဲဘုရင်ဂိုဏ်းက အဆောင်တစ်ခုစီကို ပေါက်စျေးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းနဲ့ ဝယ်ယူပါ့မယ်။ ခင်ဗျားတို့ရဲ့ အမြတ်ဝေစု လျော့သွားနိုင်ပေမဲ့ လိုအပ်ချက်တဲ့ ပမာဏက အရမ်းများတဲ့အတွက် အဆင်ပြေမှာပါ။ အထူးသဖြင့် ပျံသန်းခြင်းအဆောင်၊ အရှိန်မြှင့်အဆောင်၊ သရဲသတ်အဆောင်၊ နတ်ဆိုးနှိမ်အဆောင်နဲ့ ဝိညာဉ်ဓားအဆောင်တွေကို အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူသွားမှာပါ”

လေလွင့်ကျင့်ကြံသူများ၏ မျက်နှာများမှာ အနည်းငယ် ပြေလျော့သွားသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။ လမ်းမှန်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းကြား စစ်ဖြစ်ကတည်းက ဝိညာဉ်ပစ္စည်းများနှင့် ဆေးဝါးများ၏ ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အဆောင်ရေးဆွဲရန် လိုအပ်သော ပစ္စည်းများ၏ ကုန်ကျစရိတ်မှာလည်း များစွာ မြင့်တက်လာခဲ့သည်။

အဆောင်များကို သားရဲသခင်ဂိုဏ်းသို့ ပေါက်စျေး၏ ၇၀ ရာခိုင်နှုန်းနှင့် ရောင်းချရပါက အဆောင်ဆရာများအတွက် အမြတ်မကျန်သလောက် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် မကြာသေးမီက အဆောင်များမှာ အလွန်ပင် အရောင်းသွက်နေသဖြင့် သူတို့သည် သားရဲသခင်ဂိုဏ်းသို့ ဈေးလျှော့၍ မရောင်းချလိုကြပေ။ သို့သော် စွမ်းအားရှိသူ၏ စကားကသာ အတည်ဖြစ်သည်။ သားရဲသခင်ဂိုဏ်းသည် လေလွင့်ကျင့်ကြံသူများ၏ ရင်ထဲတွင် အကြောက်တရားကို အမြဲတမ်း သွတ်သွင်းထားခဲ့သူဖြစ်ရာ သူတို့တွင် သဘောတူ ခေါင်းညိတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အရှေ့ဟွာဖန်းစျေးသည်လည်း သားရဲသခင်ဂိုဏ်း ပိုင်ဆိုင်သောစျေးပင် မဟုတ်ပါလား။

လူတိုင်း မကျေမနပ်နှင့် ခေါင်းညိတ်လိုက်ကြသည်ကို မြင်သောအခါမှ ဖန်းနင် စိတ်အေးသွားတော့သည်။ ဖန်းနင်အား အဆောင်တောင်ထိပ် အကြီးအကဲမှ ဤတာဝန်ကို ပေးအပ်စဉ်က သတ်မှတ်စျေးနှုန်းမှာ ပေါက်စျေး၏ ရှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။ ဤ ၁၀ ရာခိုင်နှုန်း ကွာခြားချက်က သူ့အား အလွန်အမင်း ချမ်းသာစေပေလိမ့်မည်။ သူ၏ အမြတ်ထဲမှ အချို့ကို ဂိုဏ်းအတွင်း လာဘ်ထိုးရန် သုံးရမည်ဖြစ်သော်လည်း သူ၏ အိတ်ထဲသို့ ဝင်လာမည့် ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလှပေမည်။

ထိုအခိုက်အတန့်တွင် ဖန်းနင်၏ တစ်ခုတည်းသော ဆန္ဒမှာ ဤစစ်ပွဲကြီး အဆုံးမရှိ ဆက်လက်ဖြစ်ပွားနေရန်သာ ဖြစ်လေတော့သည်။

………..

All Chapters