← Chapters

အခန်း (၂၆၁)

Vol. 27 Ch. 261

အခန်း (၂၆၁)

Vol. 27 Ch. 261

သို့သော် ကျူးဝူယာသည် မတူညီပေ ၊ သူသည် သူ၏အသက်ကို အလွန်အမင်း တန်ဖိုးထားသူ ဖြစ်သဖြင့် ၊ ကျင့်ကြံရန် အခိုက်အတန့်တိုင်းကို ဆုပ်ကိုင်ထားခဲ့သည်။

သို့သော် တစ်ယောက်က သေမှာကြောက်၍ သိုင်းပညာ လေ့ကျင့်ပြီး ၊ နောက်တစ်ယောက်က သေမှာမကြောက်ဘဲ သိုင်းပညာ လေ့ကျင့်ခဲ့ကြရာ ရလဒ်သည် လုံးဝ ကွာခြားသွားခဲ့သည်။

ကျူးဝူယာသည် အချို့သော သိုင်းပညာလမ်းစဉ်များသည် သေမင်းတံခါးဝတွင်သာ နားလည်သဘောပေါက်နိုင်ပြီး အဆင့်တက်နိုင်သည်ကို ဘယ်တော့မှ သိရှိမည် မဟုတ်ပေ။

လီဝမ်ဟွေ့သည် သိုင်းပညာ လေ့ကျင့်ချိန်၌ ကျူးဝူယာလောက် အချိန်မပေးနိုင်ခဲ့သော်လည်း သူသည် သေမင်းတံခါးဝတွင် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သူဖြစ်သည်။

ထို့ကြောင့် လီဝမ်ဟွေ့၏ ဓားသည် ကျူးဝူယာထက် အများကြီး ပိုမို ရက်စက်ပြတ်သားသည်။ လီဝမ်ဟွေ့၏ ကျင့်ကြံခြင်း တိုးတက်မှုသည်လည်း ကျူးဝူယာကို ကျော်လွန်သွားခဲ့သည်။

“အားးး ၊ အားးး ၊ အားးး” ပြင်းထန်သော ထိုးနှက်ချက်ကို မခံနိုင်တော့ဘဲ ကျူးဝူယာသည် အကြိမ်ပေါင်းများစွာ အော်ဟစ်ပြီးနောက် တိုက်ရိုက် သတိလစ်မေ့မြောသွားသည်။

လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။ “သူ့ကို ရိုးရိုးရှင်းရှင်း ပတ်တီးစည်းပြီး ကုသပေးလိုက် ၊ မသေစေနဲ့။ ကွေ့လင်စီရင်စုက အရှေ့ဘက်ကွပ်ကဲရေးရုံး အကျဉ်းထောင်ကို ခေါ်သွား”

လီဝမ်ဟွေ့သည် ရုတ်တရက် တုပိုင်အကြောင်းကို သတိရသွားသည်။ ယခုချိန်လောက်ဆိုလျှင် စာမေးပွဲကြီး ဖြေနေလောက်ပြီဟု သူတွေးလိုက်မိ၏။ သူသည် သူ့မွေးစားသားကို တကယ် သတိရနေပြီး အတောင်ပံသာပါလျှင် ကွေ့လင်စီရင်စုသို့ ချက်ချင်း ပျံသန်းသွားချင်နေသည်။

လီဝမ်ဟွေ့ ကျူးဝူယာကို ခေါ်ထုတ်သွားရန် ပြင်လိုက်ချိန်တွင် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားတစ်စုသည် သူတို့ကို ဝိုင်းရံလိုက်ပြီး အော်ဟစ်လိုက်ကြသည်။ “မင်းတို့ ကျောင်းအုပ်ကြီးကို ခေါ်သွားလို့ မရဘူး”

“ဟုတ်တယ် ၊ မင်းတို့ ကျောင်းအုပ်ကြီး ကျူးဝူယာကို ခေါ်သွားလို့ မရဘူး”

“အကယ်၍ ကျောင်းအုပ်ကြီးကို ခေါ်သွားချင်ရင် ၊ ငါတို့ အလောင်းတွေကို ကျော်သွားရမယ်”

“ရွှီးးးး”

သူ့စကား မဆုံးခင်မှာပင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝူချန်ချို၏ စစ်ဓားသည် ပြင်းထန်စွာ ပိုင်းချလိုက်ပြီး ထိုကျောင်းသားကို တိုက်ရိုက် နှစ်ပိုင်းပိုင်းလိုက်သည်။

“မင်းတို့က လူသတ်ရဲတယ်ပေါ့ ၊ ညီအစ်ကိုတို့ ၊ သူတို့နဲ့ သေရှင်တိုက်ပွဲ နွှဲကြမယ်” နောက်ထပ် နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ရွှီးးးး” ဘေးနားရှိ တပ်မှူး ရွှီဂွမ်ချန်သည် ပြင်းထန်သော ဓားချက်ဖြင့် ထိုလူ၏ ခေါင်းကို တိုက်ရိုက် ဖြတ်ချလိုက်သည်။

လူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် အခြေအနေသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

လီဝမ်ဟွေ့သည် ထူထပ်များပြားလှသော နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသား နှစ်ထောင်ကျော်ကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“နောက်ထပ် ရှိသေးလား” သူနှင့် အကြည့်ခြင်းဆုံသွားသည့် ကျောင်းသားတိုင်းသည် မျက်လွှာချလိုက်ကြ၏။ သူတို့ထံတွင် လီဝမ်ဟွေ့နှင့် အကြည့်ခြင်းပင် စုံရဲသော သတ္တိမရှိကြရာ မည်ကဲ့သို့ တိုက်ခိုက်ရဲမည်နည်း။

အချို့လူများ လှုပ်လှုပ်ရွရွ ဖြစ်သွားသော်လည်း မည်သူမျှ ရှေ့တိုးမလာရဲကြတော့ပေ။

“ငါ့ကို တားဆီးဖို့ ထွက်လာချင်တဲ့လူ နောက်ထပ် ရှိသေးလား။ မြန်မြန်လုပ် ၊ ငါ့ သွေးတွေ ထွက်နေလို့ မြင်းရထားပေါ်ပြန်ပြီး သွေးတိတ်အောင် လုပ်ရဦးမယ်” လီဝမ်ဟွေ့က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

ဤအခြေအနေတွင် မည်သူမျှ ရှေ့တိုးမလာရဲကြတော့ပေ။ သတ်ဖြတ်ခြင်းကို ရပ်တန့်ရန် သတ်ဖြတ်ခြင်း ၊ ဤသည်မှာ ရက်စက်သော်လည်းပဲ အမှန်တကယ် ထိရောက်သည့် နည်းလမ်းပင် ဖြစ်သည်။

“မရှိရင်လည်း ငါသွားတော့မယ်” လီဝမ်ဟွေ့က ပြောလိုက်သည်။

ထို့နောက် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် တစ်ထောင်ကျော်ကို ဦးဆောင်လျက် ကျူးဝူယာကို ခေါ်ဆောင်ကာ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ခမ်းနားထည်ဝါစွာ ထွက်ခွာပြီး ကွေ့လင်စီရင်စုသို့ ပြန်လာခဲ့သည်။

သူ ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားများသည် နောက်ဆုံးတွင် အော်ဟစ်လိုက်ကြသည်။ “မိန်းမစိုးဂိုဏ်းက တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတာ ၊ လူတိုင်း သူတို့ကို အပြစ်ပေးသင့်တယ်”

ထို့နောက် မရေမတွက်နိုင်သော လူများက ပဲ့တင်ထပ်လိုက်ကြသည်။

“မိန်းမစိုးဂိုဏ်းက တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတာ ၊ လူတိုင်း သူတို့ကို အပြစ်ပေးသင့်တယ်”

ထပ်ခါထပ်ခါ အော်ဟစ်ရင်း သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း နွေးထွေးလာသည်ကို ခံစားလိုက်ရပြီး တရားမျှတမှုနှင့် သတ္တိများ သူတို့ထံ ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။

မြင်းစီးစာမေးပွဲကွင်း အပြင်ဘက်တွင် ကြည့်ရှုနေသူများသည် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ဤအရာသည် ၊ ဤအရာသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည် ၊ ဤမြင်ကွင်းသည် ရိုးရှင်းစွာပင် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

ဤသည်မှာ မြင်းစီးခြင်း ၊ အလယ်ပိုင်းလွင်ပြင် အင်ပါယာအတွက် အခက်ခဲဆုံး မြင်းစီးခြင်း ဖြစ်သည်။

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ယခင် အမြင့်ဆုံး စံချိန်မှာ ၁၂ မှတ်သာ ရှိခဲ့ပြီး ၊ တုပိုင်သည် နောက်တစ်ကြိမ် အမှတ်ပြည့် ရရှိသွားပြန်သည်။

ထို့အပြင် သူသည် အလွယ်တကူ ပြီးမြောက်ခဲ့ပြီး သတ်မှတ်ထားသော အချိန်၏ လေးပုံတစ်ပုံပင် မကုန်ဆုံးဘဲ စာမေးပွဲကို ဖြေဆိုပြီးစီးခဲ့သည်။

သူ့ပုံစံကို ကြည့်ရသည်မှာ ငြိမ်သက်ပစ်မှတ် ပစ်ခတ်ခြင်းနှင့် မည်သို့မျှ ကွာခြားမှု မရှိသကဲ့သို့ ဖြစ်နေသည်။ ပါရမီရှင် ၊ ဉာဏ်ကြီးရှင် ၊ တကယ်ကို သူလုပ်ချင်တာ လုပ်နိုင်တဲ့သူ။ တုပိုင်ကို အားလုံးက ရုတ်တရက် လေးစားသွားကြသည်။

ရုတ်တရက် မိန်းမစိုးဂိုဏ်း ကျောင်းသားတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ “ဆရာသခင်ကြီးတုပိုင်က တကယ်ကို မိုက်တာပဲ”

ထိုစကား ထွက်ပေါ်လာသည်နှင့် ထန်ယန် သွေးအန်လုမတတ် ဖြစ်သွားသည်။

‘တုပိုင်က ဘယ်တုန်းက ဆရာသခင်ကြီး ဖြစ်သွားတာလဲ။ ဆရာသခင်ကြီးဆိုတာ ငါ ၊ ထန်ယန်တစ်ယောက်တည်းရဲ့ သီးသန့်ဘွဲ့ထူး မဟုတ်ဘူးလား။ မင်းတို့ ပရိသတ်တွေမှာ သိက္ခာတရားဆိုတာ မရှိကြတော့ဘူးလား။ ဘယ်လိုလုပ်ပြီး ဘက်ပြောင်းသွားရတာလဲ’

သို့သော် ထိုကျောင်းသားက ဆရာသခင်ကြီးတုပိုင်ဟု ပြောလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ မိန်းမစိုးဂိုဏ်း ကျောင်းသားများသည် မည်သည့် ကန့်ကွက်မှုကိုမျှ မပြုလုပ်ကြဘဲ အားလုံး ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။ “ဟုတ်တယ် ၊ သူက တကယ် မိုက်တာပဲ”

ရာပေါင်းများစွာသော မိန်းမစိုးဂိုဏ်း ကျောင်းသားများသည် တုပိုင်ကို လေးစားအားကျမှုများဖြင့် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တူပိုင်သည် ရိုးရှင်းစွာပင် စပယ်ရှယ် သောက်ရမ်းကို မိုက်လွန်းနေသောကြောင့် ဖြစ်သည်။

လူတို့၏ သဘောသဘာဝမှာ ဤကဲ့သို့ပင် ဖြစ်လေသည်။ ဥပမာအားဖြင့် သင်၏ အိမ်နီးချင်းက တစ်နှစ်လျှင် နှစ်သိန်း ရှာဖွေနိုင်ပြီး ၊ သင်က တစ်နှစ်လျှင် ငါးသိန်း ရှာဖွေနိုင်ပါက ၊ သူသည် သင်ကို မနာလိုဝန်တို ဖြစ်ပေမည်။ ထို့ပြင် အငြိုးအတေးပင် ထားရှိကောင်း ထားရှိပေလိမ့်မည်။ မင်းလိုကောင်က ဘာလို့ ငါ့ထက် ပိုရှာနိုင်ရတာလဲဟုပင် သူ တွေးတောပေလိမ့်မည်။

သို့သော် သင်က တစ်နှစ်လျှင် သိန်းငါးရာခန့် ရှာဖွေနိုင်ပါက ၊ သူ၏ မနာလိုဝန်တိုမှုများ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး လုံးဝ လေးစားအားကျမှုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့ပြင် သူသည် သင်ကို သိကျွမ်းရသည်ကိုပင် ဂုဏ်ယူနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပန်းတိုင်သည် သူ့တစ်သက်တာလုံး မည်သည့်အခါမျှ မရောက်ရှိနိုင်သော အရာဟု ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။

တုပိုင်၏ စွမ်းဆောင်ရည်သည် ရိုးရှင်းစွာပင် ကောင်းကင်ကို အာခံနိုင်လွန်းနေသဖြင့် သူ၏ အတန်းဖော်များအား မနာလိုစိတ် လုံးဝ မဖြစ်ပေါ်စေတော့ဘဲ ၊ အစားထိုးအနေဖြင့် သူတို့က သူ့ကို စတင် ကိုးကွယ်လာကြသည်။

ဤအခြေအနေသည် ထန်ယန်အတွက် အလွန် အဆင်မပြေပေ။ သူ့ဂုဏ်သတင်း ကျဆင်းမှုကို ပြန်လည် ပြောင်းလဲပစ်ရမည်။

မကြာမီ ဖြေဆိုရမည့် သူ၏ မြင်းစီးစာမေးပွဲတွင်လည်း သူသည် ပထမတန်းစား စွမ်းဆောင်ရည်ကို အသေအချာ ပြသရမည် ဖြစ်ပြီး ၊ သေချာပေါက် အမှတ်ပြည့် ရယူရမည် ၊ ထိုသို့ဆိုမှသာ သူသည် တုပိုင်နှင့် ယှဉ်ပြိုင်နိုင်ပေမည်။

တစ်နာရီ ပြည့်ပြီးနောက် နောက်ဆုံးတွင် မြင်းစီးစာမေးပွဲအတွက် ထန်ယန်၏ အလှည့် ရောက်ရှိလာသည်။ နောက်တစ်ကြိမ်တွင် မျက်လုံးအားလုံးသည် သူ့အပေါ်သို့ ရောက်ရှိနေကြသည်။

ဖြေဆိုသူအားလုံးနီးပါး လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသည်။ ဤသည်မှာ တုပိုင်နှင့် ထန်ယန်တို့ကြား ပိုင်ဆိုင်သော စစ်မြေပြင်ဖြစ်ပြီး ၊ နိုင်ခြင်းရှုံးခြင်းတိုင်းသည် သူတို့နှစ်ဦး၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည်။

ထန်ယန် စာမေးပွဲကွင်းထဲသို့ ဝင်ရောက်လိုက်သည်။ တောကြက်ရိုင်း ၁၅ ကောင်ကို လွှတ်ပေးလိုက်သည်။ မြင်းစီးစာမေးပွဲ စတင်ပြီ ဖြစ်သည်။

ထန်ယန်သည် မြင်းကို အရှိန်တင်လိုက်ပြီး ၊ စိတ်စွမ်းအင်ကို စုစည်းကာ ပစ်မှတ်များကို ချိန်ရွယ်လိုက်ပြီး ၊ စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

ထန်ယန်၏ စိတ်စွမ်းအင်သည် တုပိုင်ထက် အမှန်တကယ်ပင် ပိုမို အားကောင်းကြောင်း ဝန်ခံရပေမည်။ တုပိုင် ချိန်ရွယ်၍ မရသော ပစ်မှတ်များကို သူ ချိန်ရွယ်နိုင်ခဲ့သည်။

“ရွှီးးး ရွှီးးး ရွှီးးးး ရွှီးးးး”

သူ၏ မြှားများသည် တုပိုင်ကဲ့သို့ပင် လျင်မြန်စွာ ဆက်တိုက် ထွက်ခွာသွားသည်။

သူ၏ လီတစ်ထောင်မြင်းသည် မရပ်မနား ဒုန်းစိုင်းပြေးနေသည်။ တိုတောင်းသော စက္ကန့် ၃၀ အတွင်းမှာပင် သူသည် စာမေးပွဲကွင်းထဲမှ ပြေးထွက်လာခဲ့ပြီး မြှား ၁၅ စင်း ပစ်ခတ်ကာ စာမေးပွဲကို ပြီးမြောက်ခဲ့သည်။

သူ၏ စွမ်းဆောင်ရည်သည်လည်း အလွန် အံ့မခန်း ဖြစ်သည်။ သို့သော် ၊ သူ့တွင် ဆရာသခင်ကြီး နင်ဇောင်ဝူကဲ့သို့ ဆရာမျိုး မရှိသဖြင့် ၊ သူသည် အချိန်နှေးကွေးစေခြင်း နည်းစနစ်ကို မသိရှိပေ။

သူ၏ စိတ်စွမ်းအင်သည် တုပိုင်ထက် သာလွန်ပြီး ၊ သူ၏ စိတ်အာရုံစူးစိုက် ပစ်ခတ်ခြင်းနည်းစနစ်သည်လည်း တုပိုင်ထက် သာလွန်သော်လည်း ၊ သူ စက္ကန့် ၃၀ အတွင်း မြှား ၁၅ စင်း ပစ်ခတ်ရာတွင် တောကြက်နှစ်ကောင်ကို အဓိကနေရာများသို့ မထိမှန်ခဲ့ဘဲ မသေဆုံးခဲ့ပေ။

ဤအချိန်တွင် မြှားစိုက်ဝင်နေသော ထိုတောကြက်နှစ်ကောင်သည် သွေးများ နေရာအနှံ့ ပြန့်ကျဲလျက် အသည်းအသန် ရုန်းကန်နေကြသည်။

“ထန်ယန်ရဲ့ မြင်းစီးစာမေးပွဲ ပြီးဆုံးသွားပါပြီ။ ပစ်မှတ် ၁၅ ခုစလုံး ထိမှန်ပြီး ၊ ၁၃ ကောင် ပွဲချင်းပြီး သေဆုံးပါတယ်။ ရမှတ် ၁၄ မှတ်ပါ” စာမေးပွဲ ကြီးကြပ်ရေးမှူးချုပ် ကုန်းကုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အပြင်ဘက်တွင် နောက်တစ်ကြိမ် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ဤရမှတ်သည် ကောင်းကင်ကို အာခံနိုင်နေဆဲ ဖြစ်ပြီး ၊ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ မြင်းစီးမြှားပစ် သမိုင်းဝင် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ကာ ၊ ၂ မှတ်တိတိ သာလွန်နေသည်။

သို့သော် အသုံးမဝင်ပေ ၊ အဘယ်ကြောင့်ဆိုသော် သူ တုပိုင်ကို ရှုံးနိမ့်သွားသောကြောင့် ဖြစ်သည်။ မြင်းစီးမြှားပစ် ဘာသာရပ်တွင် တုပိုင်က ၁၅ မှတ် အမှတ်ပြည့် ရရှိခဲ့ပြီး ၊ ထန်ယန်က ၁၄ မှတ် ရရှိခဲ့သည်။

ချက်ချင်းပင် လေးစားအားကျမှုများသည် တုပိုင်ဘက်သို့ နောက်တစ်ကြိမ် ယိမ်းယိုင်သွားကြသည်။ ခေတ်သစ်ကမ္ဘာမြေ၏ စကားလုံးများဖြင့် ပြောရလျှင် ထန်ယန်သည် ပရိသတ်များကို လျင်မြန်စွာ ဆုံးရှုံးနေရခြင်း ဖြစ်သည်။

မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသား အများအပြားသည် တုပိုင်နှင့် ပတ်သက်ပြီး ဤကဲ့သို့ ခံစားနေရပုံ ပေါက်သည်။ ‘မင်း ဘာလို့ ဒီလောက် မိုက်နေလဲဆိုတာ ငါမသိပေမဲ့ ၊ ငါ သိစရာလည်း မလိုပါဘူး။ မင်းက လုံလောက်အောင် မိုက်တယ်ဆိုတာ သိရင်ပဲ ရပါပြီ။’

သူ၏ မြင်းစီးမြှားပစ် စာမေးပွဲ ရမှတ်ကို သိရှိပြီးနောက် ထန်ယန် စကားတစ်ခွန်းမှ မပြောဘဲ ထွက်ခွာသွားသည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးနေတတ်သော သူ၏ မျက်နှာသည် ပထမဆုံးအကြိမ်အဖြစ် ခက်ထန်သွားသည်။

ဤအချိန်တွင် တုပိုင်သည် နောက်ထပ် ၁ မှတ် အမီလိုက်နိုင်လာသည်။ လက်ရှိတွင် ဘွဲ့ယူစာမေးပွဲကြီးအတွက် ထန်ယန်၏ စုစုပေါင်းရမှတ်မှာ ၃၁၁.၅ မှတ် ဖြစ်ပြီး ၊ တုပိုင်၏ စုစုပေါင်းရမှတ်မှာ ၃၀၀ မှတ် ဖြစ်ရာ ၊ ကွာဟချက်သည် ၁၃ မှတ်မှ ၁၁.၅ မှတ်သို့ ကျုံ့သွားခဲ့သည်။

တုပိုင်သည် အလွန် ခက်ခဲစွာဖြင့် အမီလိုက်နေရသော်လည်း ၊ ယခုအချိန်အထိ ကောင်းကင်ကို အာခံနိုင်ဆုံး အချက်မှာ သူသည် ဘာသာရပ်တိုင်းတွင် အမှတ်ပြည့်ကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

ထန်ယန် ထွက်ခွာသွားပြီးနောက် ၊ သူသည် အဆောင်သို့ ပြန်မသွားဘဲ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ နောက်ဘက်တောင်ထိပ်သို့ တစ်ယောက်တည်း သွားရောက်ကာ ထိုနေရာတွင် ငြိမ်သက်စွာ ၊ မလှုပ်မယှက် ထိုင်နေခဲ့သည်။

ကျောင်းအုပ်သစ်သည် သူ့ထံသို့ သွားရောက်ခဲ့သော်လည်း နှစ်သိမ့်ပေးစရာ စကားတစ်လုံးမှ ရှာမတွေ့ခဲ့ပေ။ ထန်ယန် လုံလောက်အောင် မထူးချွန်သောကြောင့် မဟုတ်ဘဲ ၊ တုပိုင်က လွန်လွန်းနေသောကြောင့် ဖြစ်သည်။

နောက်တစ်နေ့တွင် စာမေးပွဲ နေ့ရက်သစ် တစ်ခု နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ဤသည်မှာ ဘွဲ့ယူစာမေးပွဲကြီး၏ ဒုတိယမြောက်နေ့ ဖြစ်လေသည်။

အပိုင်း ၂၆၁ ပြီး။

All Chapters