← Chapters

အခန်း (၂၆၅)

Vol. 27 Ch. 265

အခန်း (၂၆၅)

Vol. 27 Ch. 265

လန်ထင်သည် အလွန်အမင်း ထိတ်လန့်သွားပြီး လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

“ဘုန်းးးးး”

နှစ်ယောက်စလုံး သူတို့၏ အင်အားများကို အကုန်ထုတ်သုံးလိုက်ကြပြီး ၊ လက်သီးချင်း ထိမိသွားရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

ချက်ချင်းပင် လန်ထင်၏ လက်သီးတစ်ခုလုံး ကြေမွသွားသည်။

သူ၏ လက်မောင်းတစ်ခုလုံးသည် လုံးဝ စုတ်ပြဲသွားပြီး ၊ ဘောလုံးကဲ့သို့ လေထဲတွင် သွေးများ ဖြန်းပက်ကာ လွင့်ထွက်သွားပြီးနောက် ၊ မြေပြင်ပေါ်သို့ မလှုပ်မယှက် ပြုတ်ကျသွားသည်။

“ငါ ထပ်ပြောမယ် ၊ ဘွဲ့ယူစာမေးပွဲကြီးကို တုပိုင် ပြန်လာပြီးမှ ပြန်စမယ်” လီဝမ်ဟွေ့က လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်ပြီး ထွက်ခွာသွားသည်။

“ငါတို့ သဘောတူတယ်” မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူ ၂၀၀ ကျော်ထဲမှ တစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် လူ ၂၀၀ ကျော်ကလည်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ “လူတိုင်း ၊ သူတို့ကို လိုက်ပို့လိုက်ကြ”

“တုပိုင် ခြုံခိုတိုက်ခိုက်ခံရတဲ့ နေရာရဲ့ မိုင်အနည်းငယ်အတွင်းမှာ ရှိတဲ့ မြေလက်မမကျန် ရှာဖွေကြ။ မြေကြီး သုံးပေလောက် တူးရရင်တောင် လုပ်ကြံသူကို မိအောင် ဖမ်းရမယ်”

“မင်းတို့ လုပ်ကြံသူကို မဖမ်းမိရင် ၊ ငါ့ဆီကို အရှင် ပြန်မလာနဲ့”

“နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူပဲ ဖြစ်နေပါစေ ၊ ကမ္ဘာ့အဆုံးထိ ပုန်းနေရင်တောင် ၊ ငါ ဖမ်းမယ် ၊ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ် ၊ ပြီးတော့ အဲခွေးသတောင်းစားရဲ့ ဆွေစဉ်မျိုးဆက်ပါမကျန် သတ်ပစ်မယ်”

သူ၏ ဒေါသများကြားတွင် လီဝမ်ဟွေ့သည် အေးစက်သော အမိန့်များကို ဆက်တိုက် ထုတ်ပြန်လိုက်သည်။

“ဟုတ်ကဲ့ပါ”

ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ထောင်မှူးများသည် စစ်မြေပြင်ကတိသစ္စာ ပြုလိုစိတ်များဖြင့် အံကို ကြိတ်လိုက်ကြသည်။

လီဝမ်ဟွေ့၏ အမိန့်ကို ရရှိပြီးနောက် သူတို့ ချက်ချင်း ထွက်ခွာသွားကြသည်။

ခဏအကြာတွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းပညာရှင် တစ်ထောင်ကျော်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ထိန်းချုပ်ထားသော ဂိုဏ်းသား ထောင်ပေါင်းများစွာကို စေလွှတ်လိုက်ပြီး ၊ ကွေ့လင်စီရင်စု၏ နေရာတိုင်းကို ရူးသွပ်မတတ် ရှာဖွေလေတော့သည်။

ကွေ့လင်စီရင်စု တစ်ခုလုံးသည် မုန်တိုင်းမလာခင် လေငြိမ်နေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ထပ် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွား၏။ အလွန်ကြီးမားသော ဖြစ်ရပ်ကြီး ဖြစ်သည်။

လမ်းမများပေါ်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ဖွဲ့များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြတ်သန်းသွားလာနေကြသည်။ လူတိုင်း အသက်အောင့်ထားကြရပြီး ၊ လမ်းပေါ်ရှိ ခွေးများပင် ကျယ်လောင်စွာ မဟောင်ရဲကြပေ။

ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များသည် ကွေ့လင်စီရင်စု တစ်ခုလုံးအပေါ် လွှမ်းခြုံထားသည်။ နောက်ထပ် ၁၅ မိနစ်လောက် အကြာမှာပင် မရေမတွက်နိုင်သော ခေါင်းများ ပြုတ်ကျတော့မည့်အတိုင်း ၊ သွေးများသည် ကောင်းကင်သို့ ပန်းထွက်လာတော့မည့်အတိုင်း ဖြစ်နေသည်။

လွန်ခဲ့သော လအနည်းငယ်ကမှ သူတို့သည် သတ်ဖြတ်ပွဲကြီး တစ်ခုကို မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုအချိန်က လေထုအခြေအနေသည် ယနေ့လောက် ကြောက်စရာ မကောင်းခဲ့ပေ။

**--**--**--**--**--**--**--**

ထိုအချိန်တွင် မိုင်တစ်ထောင်အကွာရှိ ကွမ်ကျိုး ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးအတွင်း၌ ဖြစ်သည်။

ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ဤနေရာတွင် ပုန်းအောင်းနေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး နေ့တိုင်း သတင်းကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

မကြာမီ သတင်း ရောက်ရှိလာပေတော့မည်။ သူ၏ ယုံကြည်ရဆုံး အဆင့် ၄ သိုင်းပညာရှင် သုံးဦး လှုပ်ရှားသည် ဖြစ်ရာ ၊ မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ခွေးကုန်းကုန်းတစ်ကောင်အား သတ်ဖြတ်ရန်မှာ သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူသည် ကြောက်မက်ဖွယ် အကောင်းဆုံး ၊ အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံး အဆိပ်ကို အသုံးပြုထားလေသည်။ အနည်းငယ် ထိမိရုံမျှဖြင့် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။

တုပိုင် သေဆုံးသွားပြီဟူသော သတင်း ရရှိသည်နှင့် ၊ သူသည် ချက်ချင်းပင် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြား နယ်မြေများသို့ ရွက်လွှင့်သွားတော့မည် ဖြစ်သည်။ ထို့နောက် သူ၏ အရာရှိဘဝကို ဆက်လက် လျှောက်လှမ်းကာ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ကျက်သရေများကို ဆက်လက် ခံစားတော့မည် ဖြစ်သည်။

သူသည် ကောင်းကင်ဘုံအင်ပါယာမှ ထွက်ခွာပြီး ပင်လယ်ရပ်ခြားသို့ သွားတော့မည် ဖြစ်သောကြောင့်သာ ၊ စည်းမျဉ်းများကို လျစ်လျူရှုပြီး လီဝမ်ဟွေ့၏ ပြောင်းပြန်အကြေးခွံကို ထိပါးရဲခြင်း ဖြစ်သည်။

“လီဝမ်ဟွေ့ ၊ မင်း ငါ့ကို ဒီလောက်တောင် ဒုက္ခပေးခဲ့တာ ၊ ငါက လက်တုံ့မပြန်ရင် ဘယ်လိုလုပ် ယောကျာ်းကောင်း ဖြစ်နိုင်မှာလဲ”

“မင်းရဲ့ မွေးစားသား တုပိုင်က မင်းရဲ့ ပြောင်းပြန်အကြေးခွံ ၊ မင်းရဲ့ မျှော်လင့်ချက် အားလုံးလို့ မင်း အမြဲ ပြောခဲ့တယ်လေ။ အခု ငါ သူ့ကို သတ်လိုက်ပြီဆိုတော့ မင်း ဘာလုပ်နိုင်သေးလဲ”

“ငါက ရွက်လွှင့်ပြီး ကောင်းကင်ဘုံအင်ပါယာကနေ ထွက်ခွာတော့မှာ ၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ဟားဟားဟား”

“ငါက ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ်ရုံးထဲမှာ ရှိနေတာ ၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ မင်းရဲ့ မွေးစားသား ငါ့လက်ချက်နဲ့ သေသွားပြီဆိုတော့ ၊ တော်တော် နာကျင်နေလောက်ပြီပေါ့ ၊ ဟုတ်လား။ ဒါပေမဲ့ ငါကတော့ တော်တော်လေး လန်းဆန်းသွားတာပဲ”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် တုပိုင် သတိလစ်နေဆဲ ဖြစ်သည်။

တုပိုင်၏ ဦးနှောက်နက်ရှိုင်းသော နေရာမှ ထူးဆန်းသော အလင်းအရိပ်သည် နောက်တစ်ကြိမ် လင်းလက်လာသည်။

“ဒီလုပ်ကြံမှုကို မင်း ကြိုမမြင်နိုင်ဘူးလား”

“မြင်နိုင်ပါတယ်”

“ဒါဆို ဘာလို့ ငါ့ကို ကြိုသတိမပေးတာလဲ”

“ဘာလို့လဲဆိုတော့ ဒီလုပ်ကြံခံရမှုက မင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပဲ။ ဒါက နောက်ဆုံးအဆင့် တိုက်ခိုက်ရေး သိုင်းပညာ ဘွဲ့ယူစာမေးပွဲကြီးမှာ ထန်ယန်ကို အနိုင်ယူဖို့ သော့ချက် ဖြစ်သလို ၊ အဲဒါထက် ပိုလွန်ပြီး မင်းရဲ့ သိုင်းပညာ လျှို့ဝှက်သတ်ကွက် ဖြစ်လာမှာမို့လို့ပဲ”

**--**--**--**--**--**--**--**

လီဝမ်ဟွေ့ တုပိုင်ကို ပွေ့ချီပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး ၊ မင်းကြီးအိမ်တော်သို့ ပြန်ရောက်ပြီးနောက် နှစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်အတွင်း လီဝမ်ဟွေ့သည် ကွေ့လင်ရှိ အဂ္ဂိရတ်ပညာရှင်များနှင့် ဆရာဝန်အားလုံးကို ဆင့်ခေါ်ခဲ့သည်။ ဆွဲဆောင်စည်းရုံး၍ မရသူများကိုမူ တိုက်ရိုက် ဖမ်းခေါ်လာခဲ့သည်။

သို့သော် လူတိုင်းသည် တုပိုင်၏ အဆိပ်ကို ကုသရန် အရာမထင် ဖြစ်နေကြသည်။ သူ့ကို မကယ်တင်နိုင်ရုံသာမက သူ မည်သည့်အဆိပ် မိနေသည်ကိုပင် မသိရှိကြပေ။

တုပိုင်သည် ကုတင်ပေါ်တွင် သတိလစ်နေပြီး သူ၏ မျက်နှာအဆင်းသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ လီဝမ်ဟွေ့သည် နောက်တစ်ကြိမ် တုပိုင်၏ ဘေးတွင် အိပ်စက်ခြင်းမရှိဘဲ စောင့်နေခဲ့သည်။

ယခုတစ်ကြိမ်တွင် သူသည် ပို၍ ပိန်ကျသွားပြီး သူ့ရင်ဘတ်ပေါ်တွင် တစ်ပေကျော် ရှည်သော ဒဏ်ရာတစ်ခု ရှိနေသည်။ ပတ်တီးစည်းပြီး ချုပ်ထားသော်လည်း သွေးများ စိမ့်ထွက်နေဆဲ ဖြစ်သည်။

ကွမ်ရှီးပြည်နယ်ရှိ လီမိသားစု၏ အမာခံစခန်းများကို သူ စတင် သတ်ဖြတ်ရှင်းလင်းခဲ့သည်မှာ တစ်လခန့် ရှိပြီ ဖြစ်သည်။ သူသည် သေမင်းနှင့် အမြဲ ရင်ဆိုင်နေခဲ့ရပြီး ကုတင်ပေါ်တွင် ကောင်းမွန်စွာ အိပ်စက်ရသည့်ရက် ဟူ၍ တစ်ရက်မျှ မရှိခဲ့ပေ။ အများဆုံး မြင်းပေါ်တွင်သာ မှေးစက်ခဲ့ရသည်။

တုပိုင် သူ့ကို စတွေ့ခဲ့စဉ်ကနှင့် ယှဉ်လျှင် လီဝမ်ဟွေ့သည် ပေါင် ၂၀ ခန့် ပိန်သွားပြီး ၊ ဆယ်နှစ်နီးပါး အိုစာသွားကာ လုံးဝ ပိန်လှီခြောက်ကပ်နေသည်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးနှစ်လုံးသာ တောက်ပနေပြီး ၊ ထိုအထဲတွင် မီးများ တောက်လောင်နေသကဲ့သို့ ဖြစ်နေသည်။

ခေတ်သစ်ကမ္ဘာမြေမှ ကျောင်းသားများ စာစီစာကုံး ရေးသောအခါ ၊ ကိုယ်ကျိုးစွန့်သူများကို ဖယောင်းတိုင်များနှင့် နှိုင်းယှဉ်လေ့ ရှိကြသည်။ အခြားသူများကို အလင်းပေးရန် မိမိကိုယ်ကို လောင်ကျွမ်းခံသူများ ဟူ၍ ဖြစ်သည်။

လီဝမ်ဟွေ့သည် အတိအကျပင် မိမိအသက်ကို လောင်ကျွမ်းခံနေသူ တစ်ဦး ဖြစ်သည်။ ယခုတစ်ကြိမ်တွင် တုပိုင် နိုးလာသည်အထိ သူ တုပိုင်ဘေးမှ ခွာမည် မဟုတ်ပေ။ သူ ထွက်သွားလိုက်လျှင် တုပိုင် ဘယ်တော့မှ ပြန်မနိုးလာတော့မည်ကို သူ ကြောက်ရွံ့နေသည်။

နာရီအနည်းငယ် အလိုက လီဝေသည် မြောက်လေတိုက် ခံတပ်ဂိတ်သို့ အမြန်န်မြင်းဖြင့် သွားရောက်ခဲ့ပြီး ၊ တုပိုင်ကို ကယ်တင်ပေးရန် ဆရာသခင်ကြီး နင်ဇောင်ဝူကို သွားရောက် ပင့်ဖိတ်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ ကိုယ်တိုင်သည်လည်း လွန်ခဲ့သော လဝက်ခန့်က လက်တစ်ဖက် ပြတ်တောက်သွားသဖြင့် ပြင်းထန်သော ဒဏ်ရာမှ ပြန်လည် သက်သာလာစသာ ရှိသေးသည်။ ဤအချိန်သည် သူ ပြန်လည် ကျန်းမာလာရန် အရေးကြီးသော အချိန်ဖြစ်သော်လည်း ၊ နောက်တစ်ကြိမ် လှုပ်ရှားရန် တောင်းဆိုခံရသဖြင့် လီဝမ်ဟွေ့ အလွန် အားနာမိသည်။

မြောက်လေတိုက် ခံတပ်ဂိတ်သည် လီ ရာပေါင်းများစွာ ဝေးကွာပြီး အသွားအပြန် တစ်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။ လီဝမ်ဟွေ့သည် နတ်ဘုရားများနှင့် ဘုရားသခင်များကို ဆုတောင်းရုံသာ တတ်နိုင်ပြီး ၊ ဆရာသခင်ကြီး ရောက်လာသည်အထိ တုပိုင် တောင့်ခံနိုင်ပါစေကြောင်း မျှော်လင့်နေမိသည်။

သို့သော် နာရီဝက်ခန့် အကြာတွင် ဖုန်မှုန့်များ ပေကျံနေသော ဆရာသခင်ကြီးသည် တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။ ဤအချိန်တွင် သူ၏ ညာဘက်လက်မောင်းကို ပတ်တီးများ တင်းကျပ်စွာ စည်းနှောင်ထားဆဲ ဖြစ်သည်။

လီဝမ်ဟွေ့ လန့်သွားသည်။ ‘သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ။ လီဝေ ထွက်သွားတာ နှစ်နာရီတောင် မပြည့်သေးဘူး။’

“ငါက တုပိုင်ရဲ့ ဘွဲ့ယူစာမေးပွဲအတွက် စိတ်ပူနေတာ။ သူက အဂ္ဂိရတ်ပညာနဲ့ တိုက်ခိုက်ရေး သိုင်းပညာကို မသင်ရသေးဘူးလေ ၊ ဒါကြောင့် ငါ အမြန် ပြန်လာခဲ့တာ” ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒါပေမဲ့ မိန်းမစိုးဂိုဏ်းအကယ်ဒမီကို ရောက်တော့ ကိစ္စတစ်ခု ဖြစ်သွားမှန်း သိလိုက်ရလို့ ၊ ဒီကို အမြန် လာခဲ့တာ”

လီဝမ်ဟွေ့ သက်ပြင်းချလိုက်ပြီး ဆရာသခင်ကြီး နင်ဇောင်ဝူကို လေးနက်စွာ ဦးညွှတ်လိုက်သည်။ ဤဆရာသခင်ကြီးသည် အပြင်ပန်းတွင် အေးစက်သော်လည်း တကယ်တမ်းတွင် နွေးထွေးသော နှလုံးသား ရှိသူ ဖြစ်ပြီး ၊ တုပိုင်အတွက် သူနှင့်မခြား စိုးရိမ်ပူပန်ပေးရှာသည်။

ဆရာသခင်ကြီး ရှိနေသဖြင့် သူ စိတ်သက်သာရာ ရသွားသည်။ လီဝမ်ဟွေ့၏ စိတ်ထဲတွင် ဆရာသခင်ကြီး တစ်ပါးသည် တန်ခိုးရှင်နီးပါး ဖြစ်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူသည် တုပိုင်၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ၊ စကားတစ်ခွန်းမျှ မပြောဘဲ သွေးခုန်နှုန်း စမ်းသပ်လိုက်သည်။ သူသည် အလိုအလျောက် ညာဘက်လက်ကို ဆန့်ထုတ်လိုက်သော်လည်း မရနိုင်မှန်း သိလိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ခါးသက်သွားပြီး ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

သွေးခုန်နှုန်း စမ်းပြီးနောက် ဆရာသခင်ကြီး နင်ဇောင်ဝူ မျက်မှောင်ကြုတ်လိုက်သည်။ တုပိုင်၏ သွေးခုန်နှုန်းသည် အလွန် ဆိုးရွားနေသည် ၊ အလွန်အမင်း ဆိုးရွားနေသည်။

ထို့နောက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် တုပိုင်၏ မျက်ခွံကို လှန်ကြည့်လိုက်ရာ သူ၏ မျက်နှာထားသည် ချက်ချင်း ပိုဆိုးသွားသည်။ နောက်ဆုံးတွင် သူသည် တုပိုင်၏ အင်္ကျီကို လှန်လိုက်ပြီး ရင်ဘတ်ပေါ်မှ ဒဏ်ရာကို ကြည့်ကာ အနည်းငယ် ရှူရှိုက်ကြည့်လိုက်သည်။

ထို့နောက် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး ၊ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားသည်။

လီဝမ်ဟွေ့ တုန်ရီစွာဖြင့် ပြောလိုက်သည်။ “ဆရာသခင်ကြီးနင် ၊ အခြေအနေ သိပ်ဆိုးနေလား”

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ငါ တုပိုင်ကို စတွေ့တဲ့အချိန်တုန်းက ဒီလို အဆိပ်ပြင်းမျိုး မဟုတ်ပါစေနဲ့လို့ ဆုတောင်းခဲ့တာ ၊ ဒါပေမဲ့ တကယ်ပဲ ဒီအဆိပ်ပြင်း ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး”

“ဘာအဆိပ်လဲ” လီဝမ်ဟွေ့ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ပေ။

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ဝိညာဥိအရိပ် ”

သို့သော် လီဝမ်ဟွေ့ ဒီအဆိပ်ပြင်းအကြောင်း တစ်ခါမှ မကြားဖူးပေ။ ဤအဆိပ်သည် အလွန် ရှားပါးပြီး ၊ ထို နာမည်သည် စစ်မှန်သော သိုင်းပညာ ဆရာသခင်ကြီးများကြားတွင်သာ ပျံ့နှံ့လေ့ရှိသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒီလောကမှာ အဆိပ်တွေ အများကြီး ရှိတယ် ၊ ဝိညာဉ်လို့ ခေါ်တဲ့ အဆိပ်တွေလည်း မနည်းဘူး။ ဒါပေမဲ့ အဲဒါတွေက တင်စားခေါ်ဝေါ်မှုတွေပဲ။ ဝိညာဉ်အရိပ်ကသာ တကယ့်ကို ဝိညာဉ်ဖြစ်စေတာ။ ဒီအဆိပ်ပြင်းက အလင်းပြန်တဲ့ အရည်တစ်မျိုး ဖြစ်ပေမဲ့ ၊ တကယ်တမ်းကျတော့ စွမ်းအင်အနေနဲ့ အလုပ်လုပ်တာ”

ဆရာသခင်ကြီး နင်ဇောင်ဝူသည် စကားလုံးများကို စီစဉ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

“အကယ်၍ ဒီ ဝိညာဉ်အရိပ် ကို စားလိုက်ရင် ပြဿနာ သိပ်မကြီးဘူး ၊ အစာအိမ်ထဲ ရောက်တာနဲ့ တိုက်ရိုက် ပျက်စီးသွားမှာ။ ဒါပေမဲ့ သွေးထဲကို ရောက်သွားပြီဆိုရင် ၊ ဒီအဆိပ်ပြင်းက သွေးနဲ့အတူ ဦးနှောက်ဆီကို သွားပြီး ၊ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ကာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ စိတ်စွမ်းအင်ကို လုံးဝ ဖိနှိပ်ပစ်လိုက်ပြီး ၊ ချက်ချင်းနီးပါး သေဆုံးစေတယ်။ ဒါက ဒီလောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အရှားပါးဆုံး အဆိပ်ပြင်းတွေထဲက တစ်ခုပဲ”

လီဝမ်ဟွေ့က မေးလိုက်သည်။ “ဒါဆိုရင် ဖြေဆေးရှိလား”

အပိုင်း ၂၆၅ ပြီး။

All Chapters