အခန်း (၂၆၈)
Vol. 27 Ch. 268
တုပိုင် ထပ်မေးလိုက်သည်။ “ငါ အောင်မြင်လား။ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ငါ အသက်သွင်းနိုင်လိုက်ပြီလား”
“တစ်ဝက်လောက်ပဲလို့ ပြောရမယ်”
“ဘာလို့ တစ်ဝက်လောက်ပဲလို့ ပြောတာလဲ”
“အခုလောလောဆယ် မင်းက ရန်သူရဲ့ စိတ်နဲ့ ဦးနှောက်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ၊ ရိုးရာတိုက်ခိုက်နည်းတွေ ဖြစ်တဲ့ ဓားချီ ၊ ဒါမှမဟုတ် လက်သီးကန်ရှန် စတဲ့ အတွင်းအား တိုက်ခိုက်မှုတွေကတစ်ဆင့် ဝိညာဉ်အရိပ် စွမ်းအင်ကို ထုတ်လွှတ်ပြီး တိုက်ခိုက်ရဦးမှာ။ ဒါပေမဲ့ စစ်မှန်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုဆိုတာ ထင်းရှူးသီးပုံဂလင်း ကနေ အသက်သွင်းပြီး ၊ စိုက်ကြည့်လိုက်ရုံနဲ့ တိုက်ခိုက်နိုင်တာမျိုး”
စိုက်ကြည့်ရုံမျှဖြင့်လော။ ရန်သူအား ကြည့်လိုက်ရုံမျှဖြင့် အစွမ်းထက်သော စိတ်စွမ်းအင် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ပြီး ၊ ရန်သူ၏ ဝိညာဉ်နှင့် စိတ်ကို သေစေလောက်သည့် ဒဏ်ရာ ရရှိစေနိုင်ပါသလော။
ဤအရာသည် အလွန်အမင်း ကောင်းကင်ကို အာခံလွန်းနေပြီ ဖြစ်သည်။ အတွင်းအားနှင့် ဓားချီ အဆင့်မျှသာ ရှိသေးသော တာ့နင်အင်ပါယာ သိုင်းလောကတွင် ၊ ဤအရာသည် လက်တွေ့မကျသော သေနတ်တစ်လက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ထိုမြင်ကွင်းကို တွေးတောမိပြီး တုပိုင် တုန်လှုပ်သွားရလေသည်။ ဤကဲ့သို့သော စွမ်းအားမျိုးသည် ရိုးရှင်းစွာပင် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ဖြစ်နေလေသည်။ ဤအရာသည် ဝိညာဉ်သားရဲလောက်နီးပါး အစွမ်းထက်နေပြီ ဖြစ်သည်။
တုပိုင် မေးလိုက်သည်။ “စစ်မှန်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှု အဆင့်ကို ရောက်ဖို့ ဘယ်လို အခြေအနေတွေ လိုအပ်လဲ”
“မင်းရဲ့ စိတ်စွမ်းအင်က ၉၀ အထိ ရောက်ရှိပြီး ၊ မင်းရဲ့ ကျင့်ကြံမှုကလည်း အတိုင်းအတာ တစ်ခုအထိ ရောက်ရှိတဲ့အချိန်ပေါ့”
ကိုးဆယ်တောင်တဲ့လား...။ တုပိုင်တစ်ယောက် အသက်ရှူပင် မှားသွားရသည်။ အရာရာကို ပိုသိလာရလေလေ၊ မိမိရည်မှန်းချက်တချို့နှင့် ပိုပြီးဝေးကွာသွားလေလေ ဆိုသည်ကို သူ ကောင်းကောင်းကြီး သဘောပေါက်လိုက်မိသည်။ စိတ်စွမ်းအင် ကိုးဆယ်ဆိုသည်မှာ စကားလုံးတစ်လုံးတည်းဖြင့် တင်စားရလျှင် ကောင်းကင်ဘုံက မိုးတိမ်တိုက်တွေကြားထဲ ရောက်နေသကဲ့သို့ မြင့်မားလွန်းလှပေသည်
ဆရာသခင်ကြီး နင်ဇောင်ဝူလို ကြောက်မက်ဖွယ် ကောင်းတဲ့သူတောင်မှ စိတ်စွမ်းအင် ၇၇ သာ ရှိပြီး ၊ ထိုသည်တောင်မှ သန်းပေါင်းများစွာထဲမှာ တစ်ယောက် ရှိခဲလှသည်။
တုပိုင် မေးလိုက်သည်။ “အနာဂတ်မှာ စိတ်စွမ်းအင်ကို မြှင့်တင်ပေးမဲ့ မစ်ရှင်တွေ ပိုများလာမှာ မဟုတ်လား”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီလိုမစ်ရှင်မျိုးတွေက အရမ်း ရှားပါးတယ်။ ငါပေးချင်တိုင်း ပေးလို့ရတဲ့အရာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာပေါ် မူတည်တယ်”
“ငါ နားလည်ပါပြီ” တုပိုင်က ပြောလိုက်သည်။ “ဥပမာ ၊ ခွေးအိမ်သခင်ကြီး သေဆုံးမှုလိုမျိုးပေါ့”
ထို့နောက် တုပိုင် ဆက်ပြောလိုက်သည်။ “အော် ၊ ဟုတ်သားပဲ ၊ ခွေးအိမ်သခင်ကြီးက သူ့ရဲ့ စိတ်စွမ်းအင်တွေကို ငါ့ဆီ လွှဲပြောင်းပေးတုန်းက ၊ မှတ်ဉာဏ် အပိုင်းအစ တစ်ခုကိုလည်း ငါ့ဦးနှောက်ထဲ ထည့်ပေးခဲ့သေးတယ်”
“အဲဒီ မှတ်ဉာဏ်ကို ဖတ်မလား ၊ မဖတ်ဘူးလား ဆိုတာ မင်းသဘောပဲ။ ဒါပေမဲ့ အခု မကြည့်ဖို့ ငါ အကြံပေးချင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအထဲက အကြောင်းအရာတချို့က အရမ်း ဆန့်ကျင်ဘက် ဖြစ်နေလို့ပဲ။ အခု ကြည့်လိုက်ရင် အကျိုးထက် အဆိုးပဲ ဖြစ်လာလိမ့်မယ်”
တုပိုင်က ပြောလိုက်သည်။ “ငါ ပိုင်ဆိုင်ထားတာက စစ်မှန်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှု မဟုတ်ရင်တောင် ၊ ထန်ယန်ကို အနိုင်ယူပြီး ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမရနိုင်သေးတယ် မဟုတ်လား”
“မှန်တယ်” ထူးဆန်းသော အလင်းအရိပ်က လုံးဝ သေချာသော အဖြေကို ပေးလိုက်သည်။
ထို့နောက် ထူးဆန်းသော အလင်းအရိပ်က ဆက်ပြောလိုက်သည်။ “ငါ မင်းကို ပြောပြရမဲ့ အရာတစ်ခု ရှိသေးတယ်။ မင်းရဲ့ ဒန်တျန်ထဲမှာ ရှိတဲ့ ဝိညာဉ်အရိပ် စွမ်းအင်က အရမ်း တန်ဖိုးရှိပြီး ရှားပါးတယ်။ အဲဒါက သုံးပြီးရင် ပြန်ပြည့်မာမဲ့ စွမ်းအင် မဟုတ်ဘူး။ တစ်ခါသုံးပြီးတာနဲ့ ကုန်သွားမှာ။ ဒါကြောင့် လုံးဝ အရေးကြီးတဲ့ အချိန် မဟုတ်ရင် မသုံးနဲ့”
တုပိုင် ဤရလဒ်အတွက် စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ “ကောင်းပြီ ၊ ဒါဆို အဲဒါကို ပြန်ဖြည့်လို့ ရလား” တုပိုင် မေးလိုက်သည်။
“ပြန်ဖြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဝိညာဉ်အရိပ် စွမ်းအင်က အရမ်း ရှားပါးပြီး ရဖို့ ခက်ခဲတယ်။ အဓိကက ကံတရားပေါ် မူတည်တာ။ ဒါပေမဲ့ အခွင့်အရေး ရှိလာတာနဲ့ ၊ မင်းကို လက်လွတ်ခံခိုင်းမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါက မင်းရဲ့ အရေးကြီးဆုံးအရာ ဖြစ်လာမှာမို့လို့ပဲ။ အတွင်းအားတွေ ၊ ရွှမ်းချီတွေနဲ့ တန်းတူနီးပါး အရေးပါလာလိမ့်မယ်”
တုပိုင်က ပြောလိုက်သည်။ “ငါ့ အရမ်း ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ရနေတယ်”
“မင်း ဘာခံစားနေရလဲ ဆိုတာ ငါ သိတယ်”
တုပိုင်က ပြောလိုက်သည်။ “ဒီကမ္ဘာ့ရဲ့ သိုင်းပညာလမ်းစဉ်က ဓားတွေ ၊ လှံတွေ အဆင့်မှာပဲ ရှိသေးတယ်။ ဓားချီတွေ ၊ အတွင်းအားတွေရဲ့ ဘောင်ကို မကျော်လွန်သေးဘူး။ ငါ အရင်က ဖတ်ဖူးတဲ့ သိုင်းဝတ္ထုတွေနဲ့ တူတယ်။ ဒါပေမဲ့ ငါတစ်ယောက်တည်းကတော့ ရွှမ်းဟွမ်သိုင်းလောကထဲကို ခြေလှမ်းဝင်ရောက်နေသလိုပဲ ၊ ပြီးတော့ ငါတစ်ယောက်တည်းပဲ”
ဟုတ်သည် ၊ အတိအကျပင် ထိုသို့ ခံစားနေရခြင်း ဖြစ်သည်။ ထူးဆန်းသော အလင်းအရိပ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“အဲဒီလိုသာ မဟုတ်ရင် ၊ ဒီခက်ခဲပြီး ကြီးမားတဲ့ တာဝန်ကို မင်း ဘယ်လိုလုပ် ပြီးမြောက်နိုင်မှာလဲ။ ဒါ့အပြင် မင်းပြောသလို ရွှမ်းဟွမ် စွမ်းအင်လောကထဲ ဝင်ရောက်နိုင်တဲ့ ဒီလို အစွမ်းထက်တဲ့ အစပြုမှုမျိုး မင်း ပိုင်ဆိုင်ထားရတာက အရင် စနစ်ရှင် အများကြီးက လမ်းခင်းဖို့အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြလို့ပဲ”
တုပိုင် မေးလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့ တာဝန်က ဘာလဲဆိုတာ ပြောပြလို့ ရမလား။ တာ့နင်အင်ပါယာကို ကယ်တင်ဖို့ တစ်ခုတည်းလား”
“အဲဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ် ၊ အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပေါ့” ထူးဆန်းသော အလင်းအရိပ်က ပြောလိုက်သည်။
“ငါ ပြောပြနိုင်တာကတော့ ၊ မင်းရဲ့ တာဝန်က အရမ်း ကြီးမားတယ်။ မင်း စိတ်ကူးယဉ်နိုင်တာထက် အများကြီး ပိုပြီး ကြီးမားတယ်။ ပြီးတော့ မင်းက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မင်း ကျရှုံးသွားတာနဲ့ ၊ လုံးဝ ကျရှုံးသွားတာပဲ။ ငါတို့ နောက်ထပ် စနစ်ရှင် တစ်ယောက် ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ အချိန်လည်း သိပ်မကျန်တော့ဘူး”
“ကောင်းပြီ ၊ ဒီလောက်ပဲ ငါ ပြောပြနိုင်မယ်”
ထူးဆန်းသော အလင်းအရိပ်က ပြောလိုက်သည်။ “မင်းရဲ့ တာဝန်က အရမ်း ကြီးမားတယ်ဆိုတာပဲ သိထားဖို့ လိုတယ်။ ပိုသိရင် မင်းအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ ပြီးတော့ အနာဂတ်မှာ ၊ မစ်ရှင် ကျရှုံးရင် မင်းကို စွန့်ပစ်မယ်လို့ ငါပြောတဲ့အခါ စိတ်မဆိုးပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒါက မင်း လမ်းကြောင်းကနေ လုံးဝ သွေဖည်သွားလို့ပဲ။ ငါတို့ မင်းကို စွန့်ပစ်လိုက်ရပြီ ဆိုတာနဲ့ ၊ တကယ်တမ်း စိတ်အပျက်ရဆုံး လူတွေက ငါတို့ပဲ”
တုပိုင် ရုတ်တရက် မေးလိုက်သည်။ “မင်း... အသက်ရှိသေးလား”
ထူးဆန်းသော အလင်းအရိပ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “သေပြီလို့ပဲ ယူဆရမှာပေါ့”
ထို့နောက် ထူးဆန်းသော အလင်းအရိပ်က ပြောလိုက်သည်။
“ကောင်းပြီ ၊ ဒီနေ့ စကားပြောတာ များသွားပြီ။ ဒါက ငါတို့နှစ်ယောက်စလုံးအတွက် မကောင်းဘူး။ ဒီမှာပဲ ရပ်လိုက်ကြစို့။ နောက်ထပ် ဘာမှ မမေးနဲ့တော့။ လာမယ့် မစ်ရှင်ကိုပဲ အာရုံစိုက်ပါ။ ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမ ရယူပြီး ၊ အောင်ပွဲရဲ့ အသီးအပွင့်တွေကို ခံစားပါ။ မမေ့နဲ့ဦး ၊ မင်းက ထန်ယန်နောက်မှာ ၆.၅ မှတ် ပြတ်ကျန်နေသေးတယ်”
**--**--**--**--**--**--**--**
စာအုပ်များထဲတွင် ရွှေစင်ရုပ်ကဲ့သို့ လှပသော မိန်းမလှလေးများ ရှိသည်ဟူသော ဆိုရိုးစကားမှာ ဤကမ္ဘာတွင်မူ အလုံးစုံ မှန်ကန်ပေသည်။ သင်သည် မည်မျှပင် နိမ့်ကျသော မျိုးရိုးမှ ဆင်းသက်လာပါစေ၊ စာပေလေ့လာလိုက်စားပြီး နာမည်ကျော်ကြားလာသည်နှင့် တစ်ပြိုင်နက် သို့မဟုတ် ကျင်ရှီစာမေးပွဲကို အောင်မြင်လိုက်သည်နှင့် သင့်အိမ်ရာသို့ မိန်းမလှလေးတစ်ဦး ရောက်ရှိလာပေလိမ့်မည်။
ထိုအမျိုးသမီးမှာ သိုင်းပညာ၌ အလွန်ထူးချွန်သလို ကျက်သရေအပေါင်းနှင့်လည်း ပြည့်စုံကာ ဘက်စုံတော်သည့် နတ်ဘုရားမအဆင့် အလှပဂေးလေး ဖြစ်သည်။
သင်က ခေါင်းတစ်ငြိမ့်တည်း လက်ခံလိုက်ရုံဖြင့် ထိုအမျိုးသမီးမှာ သင့်ပိုင်ဆိုင်မှု ဖြစ်လာ၏။ တင်တောင်းလက်ဆောင် တစ်ပြားတစ်ချပ်မှ ပေးရန်မလိုသည့်အပြင် သူမဘက်မှ ပါလာမည့် များပြားလှသော မိဘပေးလက်ဖွဲ့များကိုပင် ပိုင်ဆိုင်ရဦးမည်။ ထို့ပြင် သူမသည် သန့်ရှင်းစင်ကြယ်သော အပျိုစင်လေးဖြစ်ကြောင်းလည်း အာမခံချက် ရှိပေသည်။
“ခင်ဗျားမှာ စေ့စပ်ထားသူ ရှိလား”
“မရှိဘူးလား။ ဒါဆို ဂုဏ်ယူပါတယ်။ အခုကစပြီး ခင်ဗျားမှာ စေ့စပ်ထားသူ ရှိသွားပြီ”
“ဘာ ၊ ခင်ဗျားမှာ ဇနီး ရှိပြီးသား ဟုတ်လား။ ဒါဆို သူ့ကို ကွာရှင်းပြီး ၊ ပိုလှတဲ့ ဇနီးတစ်ယောက် ယူဖို့ စဉ်းစားဖူးလား”
“ဘာ ၊ ခင်ဗျားက ဆင်းရဲတုန်းက အတူရှိခဲ့တဲ့ ဇနီးသည်ကို မစွန့်ပစ်နိုင်ဘူး ဟုတ်လား။ လွယ်ပါတယ်။ ဒါဆို နောက်ထပ် ဇနီးတစ်ယောက် ထပ်ယူဖို့ စဉ်းစားဖူးလား”
“တရားဝင် ဇနီးနှစ်ယောက် မရဘူးလား။ ဒါဆိုရင် မယားငယ် ထပ်ယူဖို့ရော စဉ်းစားဖူးလား။ သူက ခင်ဗျားအတွက် အိပ်ရာ နွေးပေးနိုင်တယ် ၊ ဘယ်လို အနေအထားမဆို ရတယ်။ ပြီးတော့ သက်တော်စောင့်လည်း လုပ်ပေးနိုင်တယ်။ အပြင်ထွက်ရင်လည်း မျက်နှာပန်းလှသလို ၊ အိမ်ပြန်ရောက်ရင်လည်း အသုံးဝင်တယ်”
သင်က ဆင်းရဲသော မိသားစုမှ ဆင်းသက်လာပြီး ကျင်ရှီစာမေးပွဲကို အောင်မြင်သည်နှင့် ၊ ဒီလို စကားပြောခန်းမျိုးကို သေချာပေါက် ကြားရပေလိမ့်မည်။ ထို့နောက် အလွန် လှပပြီး သိုင်းပညာ ထူးချွန်သော အမျိုးသမီးတစ်ဦး သင့်ဘေးနားသို့ ရောက်ရှိလာလိမ့်မည်။ သူတို့အားလုံးသည် ပေမင်ဓားဂိုဏ်းမှ အမျိုးသမီး တပည့်များ ဖြစ်ကြပြီး ၊ အားလုံးက မိဘမဲ့များ ဖြစ်ကြကာ ၊ ပေမင်ဓားဂိုဏ်းသည် သူတို့၏ တစ်ခုတည်းသော မိသားစု ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ပေမင်ဓားဂိုဏ်းသည် တိုင်းပြည်၏ အရပ်ဘက်အရာရှိအုပ်စု နှင့် သွေးသားရင်းချာသဖွယ် ဆက်နွှယ်လာသည်။
ဤသည်သာမကသေးဘဲ ၊ မည်သည့် ဂုဏ်သရေရှိ မိသားစုမှ သားသမီးမဆို ပေမင်ဓားဂိုဏ်းတွင် သိုင်းပညာ လာရောက် သင်ယူနိုင်ပြီး ၊ ဆရာသခင်ကြီးများ ကိုယ်တိုင် သင်ကြားပေးကာ ကျွမ်းကျင်ပညာရှင် ဖြစ်လာစေရန် အာမခံပေးထားသည်။
ဆယ်စုနှစ်များ ၊ ရာစုနှစ်များစွာ ကြာလာသောအခါ ၊ ပေမင်ဓားဂိုဏ်းသည် ကြီးမားသော ဩဇာအာဏာရှိသည့် အင်အားစုကြီး တစ်ခုအဖြစ် ပြောင်းလဲလာသည်။ သူတို့က အရာရာကို လွှမ်းမိုးထားသည်ဟု ပြောလျှင်ပင် ၊ ပေမင်ဓားဂိုဏ်း၏ အာဏာကို လျှော့တွက်ရာ ရောက်နေလိမ့်ဦးမည်။
သို့သော် ယေဘုယျအားဖြင့် ပြောရလျှင် ၊ အရပ်ဘက်အရာရှိအုပ်စု က ရှင်းရှင်းလင်းလင်း တောင်းဆိုခြင်း မရှိသရွေ့ ၊ ပေမင်ဓားဂိုဏ်းသည် အရှေ့ဘက်ကွပ်ကဲရေးရုံး အပါအဝင် အစိုးရနှင့် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခြင်းကို ရှောင်ရှားလေ့ ရှိသည်။
**--**--**--**--**--**--**--**
ကွမ်ရှီးဘုရင်ခံ လော့ဝမ်၏ အိမ်တော်အတွင်း။
ကွမ်ရှီးဘုရင်ခံ လော့ဝမ်တွင် အလွန် လှပသော မယားငယ်တစ်ဦး ရှိပြီး ၊ သူသည် သိုင်းပညာလည်း အလွန် ထူးချွန်ကာ ၊ ပေမင်ဓားဂိုဏ်း၏ အမျိုးသမီး တပည့်တစ်ဦးလည်း ဖြစ်သည်။
သေချာသည်မှာ သူမ၏ သိုင်းပညာ ဘယ်လောက်ပဲ မြင့်မားပါစေ ၊ လီဝမ်ဟွေ့ကို ယှဉ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယခုအချိန်တွင် သူမ၏ လက်သွေးကြောများ ဖျက်ဆီးခံလိုက်ရပြီး ၊ မြေပြင်ပေါ်တွင် ဒူးထောက်နေရသည်။
သူမ တစ်ယောက်တည်း မဟုတ်ပေ ၊ လော့ဝမ်၏ သားသုံးယောက်လုံးလည်း မြေပြင်ပေါ်တွင် ဒူးထောက်နေကြရသည်။ အကြီးဆုံးသားမှာ ၂၈ နှစ် ဖြစ်ပြီး ၊ အငယ်ဆုံးသားမှာ ၁၈ နှစ် ဖြစ်သည်။
အပိုင်း ၂၆၈ ပြီး။