အခန်း (၂၆၉)
Vol. 27 Ch. 269
လော့ဝမ်၏ သားအကြီးဆုံးမှာ အိမ်ထောင်ကျပြီးဖြစ်ကာ သုံးနှစ်အရွယ် သမီးငယ်လေးတစ်ဦးပင် ရှိနေပြီ ဖြစ်သည်။ ယခု ထိုကလေးငယ်မှာ သူမ၏ မိခင်ရင်ခွင်ထဲတွင် ရောက်ရှိနေသည်။
လော့ဝမ်၏ ချွေးမဖြစ်သူမှာ ကွမ်ရှီးပြည်နယ်၏ အင်အားကြီး စစ်ဘက်မိသားစုဖြစ်သော လင်းမိသားစုမှ တရားဝင် သမီးအရင်း ဖြစ်သည်။ သူမသည် သူမ၏ မကောင်းမှုများကြောင့် နာမည်ကျော်ကြားသော ချွေ့ဖိန်ထင်ထက်ပင် ပို၍ ဆိုးသွမ်းသော မိန်းမပျိုတစ်ဦး ဖြစ်သည်။
လော့ဝမ်၏ မိသားစုဝင် တစ်ဒါဇင်ကျော်သည် ခြံဝင်းအတွင်း၌ ဒူးထောက်နေကြရသည်။ ထိုအထဲတွင် လော့ဝမ်၏ ညီအစ်ကိုများနှင့် တူအချို့လည်း ပါဝင်ပြီး ၊ သူတို့သည် လော့ဝမ်၏ လက်မရွံ့လက်ပါးစေများ ဖြစ်ကြသည်။ လော့ဝမ် ကိုယ်တိုင် လုပ်ရန် မသင့်တော်သော ကိစ္စများစွာကို ဤတူများကို ခိုင်းစေလေ့ရှိသည်။
လီဝမ်ဟွေ့က မေးလိုက်သည်။ “လော့ဝမ်က တုပိုင်ကို လုပ်ကြံဖို့ သုံးခဲ့တဲ့ ဝိညာဉ်အရိပ် စွမ်းအင်က မင်းတို့ ပေမင်ဓားဂိုဏ်းက ပေးလိုက်တာလား”
ပေမင်ဓားဂိုဏ်းမှ အမျိုးသမီးတပည့်ဖြစ်သူ လော့ဝမ်၏ မယားငယ်က ပြောလိုက်သည်။ “ကျွန်မ တခါတုန်းက လျှို့ဝှက်ဈေးကွက်တစ်ခုမှာ ဒီအဆိပ်ကို မတော်တဆ တွေ့ခဲ့လို့ ငွေတုံး သုံးထောင်နဲ့ ဝယ်ယူခဲ့တာပါ။ မူလက ပေမင်ဓားဂိုဏ်းကို ပေးအပ်မလို့ပါပဲ။ ဒါပေမဲ့ ခင်ပွန်းသည်က မြင်သွားပြီး ဘာလဲလို့ မေးတယ်။ ကျွန်မက ရှားပါးအဆိပ်လို့ ပြောပြလိုက်တော့ သူ ယူသွားခဲ့တာပါ”
လီဝမ်ဟွေ့က ညင်သာစွာ ပြောလိုက်သည်။ “သခင်မ ၊ ကျုပ်က ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းကို အရမ်း မုန်းတယ်။ ခင်ဗျားတို့ ဂိုဏ်းက တာ့နင်အင်ပါယာရဲ့ တွင်းနက်ကြီး တစ်ခုလို့တောင် ခေါ်လို့ရတယ်။ အခွင့်အရေးသာ ရမယ်ဆိုရင် ၊ ကျုပ် ခင်ဗျားတို့ ဂိုဏ်းတစ်ခုလုံးကို အပြတ်ရှင်းပစ်ချင်တယ်”
ထိုစကားကို ကြားသောအခါ လော့ဝမ်၏ မယားငယ်က မျက်လုံးအနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း ၊ ချက်ချင်းပင် ဟန်ဆောင် ဖုံးကွယ်လိုက်သည်။
ပေမင်ဓားဂိုဏ်းအပေါ် ထားရှိသည့် သူမ၏ သစ္စာတရားမှာ ခိုင်မြဲလှသည်။ ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးလိုသူ မည်သူမဆို သူမ၏ ရန်သူပင်။ သို့သော် သူမ၏ စိတ်ထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်သွားသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ဤခွေးကုန်းကုန်းက ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးချင်တယ် ဆိုတာ ရယ်စရာ ကောင်းလွန်းနေသည်။
ပေမင်ဓားဂိုဏ်း မည်မျှ အင်အားကြီးမားကြောင်းကို မည်သူမှသိချေ။ စတုတ္ထအဆင့်သာရှိသော ခွေးတစ်ကောင်က ဤဂိုဏ်းကြီးကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။
လီဝမ်ဟွေ့က ထိုအမျိုးသမီး၏ အကြည့်ကို သတိမထားမိသကဲ့သို့ ပုံစံဖြင့် ညင်သာစွာ ဆက်ပြောလိုက်သည်။ “ခင်ဗျားနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး ၊ ကွမ်ရှီးဘုရင်ခံ လော့ဝမ်ရဲ့ မိသားစုဝင်တွေနဲ့လည်း ဘာရန်ငြိုးမှ မရှိပါဘူး”
လော့ဝမ်၏ မယားငယ်က ပြောလိုက်သည်။ “ဒါဆို ကျွန်မကို ပြန်လွှတ်ပေးပြီး ပေမင်ဓားဂိုဏ်းကို ပြန်ခွင့်ပြုလိုက်ပါ။ ကျွန်မတို့ ပေမင်ဓားဂိုဏ်းရဲ့ အင်အားကို ရှင် သိသင့်ပါတယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ငြိမ်းချမ်းရေး မင်းကြီးလောက်နဲ့ ပြဿနာရှာလို့ရတဲ့ အရာ မဟုတ်ဘူး။ ရှင် ကျွန်မကို ထိခိုက်အောင် လုပ်လိုက်တာနဲ့ ၊ နောင်တကြီးကြီး ရလိမ့်မယ်”
“ငါ့ကိုလည်း လွှတ်ပေး” လော့ဝမ်၏ ချွေးမဖြစ်သူ ၊ အင်အားကြီး လင်းမိသားစုမှ သခင်မလေးက အော်ပြောလိုက်သည်။ “ငါတို့ လင်းမိသားစုက စစ်သည်သောင်းချီကို ထိန်းချုပ်ထားတာ။ ကွမ်ရှီး ၊ ကွမ်တုံ နဲ့ ယွန်းနန် ပြည်နယ် သုံးခုရဲ့ စစ်တပ် လေးပုံတစ်ပုံက ငါတို့ လင်းမိသားစု လက်ထဲမှာ ရှိတယ်။ နင့်လို စတုတ္ထအဆင့် အရာရှိလေးက ငါတို့ကို ပြဿနာရှာဖို့ မတန်ဘူး။ ငါ့ကို လင်းမိသားစုဆီ အခုချက်ချင်း ပြန်ပို့ပေး”
သူမ၏ အဖိုးဖြစ်သူ မွေးနေ့ပွဲ ကျင်းပတိုင်း ၊ စတုတ္ထအဆင့် စစ်ဘက်အရာရှိများသည် ထိုင်ခုံပင် မရဘဲ မတ်တတ်ရပ်နေရသည်ကို လော့ဝမ်၏ ချွေးမက ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သူမ၏ ရှေ့မှ လီဝမ်ဟွေ့သည် စတုတ္ထအဆင့် အရာရှိမျှသာ ဖြစ်သည်။ သူမ၏ ယောက္ခမ လော့ဝမ်သည် ငွေတုံး သန်းပေါင်းများစွာ အလွဲသုံးစားလုပ်မှုဖြင့် ဖော်ထုတ်ခံရပြီး သွားပြီဖြစ်ကြောင်း သူမ သိသည်။ သို့သော် ထိုအရာက သူမအနေဖြင့် လီဝမ်ဟွေ့လို စတုတ္ထအဆင့် အရာရှိတစ်ယောက်ကို အထင်ကြီးလာစေမည့် အကြောင်းပြချက် မဟုတ်ပေ။
လီဝမ်ဟွေ့ မည်မျှကြောက်းစရာကောင်းကြောင်းကို လော့ဝမ်က သူမကိုမပြောပြခဲ့ဖူးချေ။ ထို့အတွက်ကြောင့် သူမယခု အသံကောင်းဟစ်နေနိုင်သည်မှာလည်း မထူးဆန်းပေ။ မဟုတ်ပါက သူမ ကြောက်ရွံ့လွန်း၍ ဆီးများထွက်ကျနေပေလိမ့်မည်။
သူမ၏ လောဘကြီးပြီး ရိုင်းစိုင်းသော ကမ္ဘာအမြင်တွင် လူများကို ရာထူးအဆင့်အတန်းဖြင့်သာ တိုင်းတာလေ့ရှိသည်။ စတုတ္ထအဆင့် အရာရှိလေး တစ်ယောက်ကို သူမ မျက်လုံးထဲတွင် အဖတ်မလုပ်သည်မှာ အဆန်းမဟုတ်ပေ။
ဤသည်မှာ မမှားသော်လည်း ၊ သူမသည် လီဝမ်ဟွေ့ ဆိုသော ဤစတုတ္ထအဆင့် အရာရှိကို အကြီးအကျယ် နားလည်မှု လွဲနေခြင်း ဖြစ်သည်။
လီဝမ်ဟွေ့က လင်းမိသားစု သခင်မလေးကို လစ်လျူရှုကာ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ လော့ဝမ်က လူလွှတ်ပြီး ငါ့မွေးစားသား တုပိုင်ကို လုပ်ကြံတာက ငါ့ရဲ့ ပြောင်းပြန်အကြေးခွံကို လုံးဝ ထိပါးလိုက်တာပဲ။ ငါ ကမ္ဘာလောကကြီးကို သွေးတွေနဲ့လွှမ်းပစ်ပြီး နောက်တစ်ကြိမ် ထပ်ပြောရဦးမယ်။ ငါ့မွေးစားသားကို ဘယ်သူပဲ ထိထိ ၊ ငါ့ရဲ့ ပြောင်းပြန်အကြေးခွံကို ဘယ်သူပဲ ထိထိ ၊ ရလာမယ့် ရလဒ်ကတော့ သူတို့ မိသားစုတစ်ခုလုံး အသတ်ခံရတာပဲ ဖြစ်လိမ့်မယ်”
ထိုစကားကြောင့် လော့ဝမ်၏ မယားငယ် ၊ သားများ ၊ ချွေးမနှင့် အခြားသူများအားလုံး ကြောင်အသွားကြသည်။
“ငါက ပေမင်ဓားဂိုဏ်းကပဲ။ ရှင်သာ ငါ့ကို သတ်ရဲရင် ၊ ပေမင်ဓားဂိုဏ်းက ရှင့်ကို တစ်စစီ ဆွဲဖြဲပစ်လိမ့်မယ်” လော့ဝမ်၏ မယားငယ်က အေးစက်စွာ ပြောလိုက်သည်။
“ငါက လင်းမိသားစုကပဲ။ နင့်လို စတုတ္ထအဆင့် အရာရှိလေးက ငါ့ကို ဘယ်လိုလုပ် ထိရဲမှာလဲ။ နင် သေချာပေါက် သေရလိမ့်မယ်။ နင့်မိသားစု တစ်ခုလုံး သေရလိမ့်မယ်” လော့ဝမ်၏ ချွေးမ ၊ လင်းမိသားစု သခင်မလေးက စူးဝါးစွာ အော်ဟစ်လိုက်သည်။
လီဝမ်ဟွေ့၏ အသံက ပို၍ ညင်သာလာသည်။ “ငါ တကယ်ပဲ မင်းတို့ကို မသတ်ချင်ပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာ မရှိတော့ဘူး”
ထို့နောက် လီဝမ်ဟွေ့ မတ်တတ်ရပ်လိုက်ပြီး ကျောခိုင်းကာ ပြောလိုက်သည်။ “ကလေးမကို ခေါ်ထုတ်သွားလိုက်။ ညင်ညင်သာသာ လုပ်ပါ ၊ ကလေးကို မခြောက်လှန့်နဲ့။ မင်းနဲ့ မင်းဇနီးက ကလေးမရနိုင်ဘူးမလား။ ဒီနေ့ကစပြီး ဒီကလေးက မင်းသမီးပဲ”
“ဟုတ်ကဲ့ပါ” ဝူချန်ချို ရှေ့တိုးလာပြီး လော့ဝမ် ချွေးမဘေးရှိ အထိန်းတော်လက်ထဲမှ သုံးနှစ်အရွယ် ကလေးငယ်ကို လွှဲပြောင်းယူလိုက်သည်။
“ဦးဦးက သကြားလုံး သွားကျွေးမယ်နော် ၊ ဟုတ်ပြီလား” ဝူချန်ချိုက ချော့မြှူလိုက်သည်။
ဝူချန်ချိုက ကလေးမလေး၏ နားကို အုပ်ကာ ၊ မည်သည့်အရာကိုမှ မမြင်ရ မကြားရစေရန် ပွေ့ချီပြီး ထွက်ခွာသွားသည်။
လီဝမ်ဟွေ့က လော့ဝမ် မိသားစုတစ်ခုလုံး၏ အချက်အလက်များကို နောက်တစ်ကြိမ် ထုတ်ကြည့်လိုက်သည်။ မိသားစုဝင်များ၏ နှစ်များစွာကြာ ကျူးလွန်ခဲ့သော မကောင်းမှုများကို ကြည့်လိုက်သည်။
တကယ်လည်း သူတို့က မကောင်းမှုများနှင့် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ အထူးသဖြင့် လော့ဝမ်၏ ချွေးမနှင့် မယားငယ်တို့ ဖြစ်သည်။ ဤနူးညံ့သိမ်မွေ့သော အမျိုးသမီးနှစ်ယောက်၏ လက်ထဲတွင် လူ့အသက်ပေါင်းများစွာ ရှိနေမည်ဟု ဘယ်သူ ထင်ထားမည်နည်း။ အများစုမှာ လော့ဝမ်နှင့် သူ့သားများ၏ အမြှောင်မယားများကို သတ်ဖြတ်ထားခြင်း ဖြစ်သည်။
ဤလူများသည် လော့ဝမ်ကို အမှီပြုပြီး အနိုင်ကျင့် ဗိုလ်ကျကာ မကောင်းမှု များစွာ ကျူးလွန်ခဲ့ကြသည်။ နှစ်ခါပြန် သတ်လျှင်ပင် နည်းနေလိမ့်ဦးမည်။
“လော့ဝမ်ရဲ့ ဒီတူကို သတ္တုတွင်းကို ပို့ပြီး တစ်သက်လုံး အလုပ်ကြမ်း လုပ်ခိုင်းလိုက်။ သေတဲ့အထိပဲ” လီဝမ်ဟွေ့က စာရင်းထဲမှ အပြစ်နည်းသော တူတစ်ယောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ၁၉ နှစ်အရွယ် လော့ဝမ်၏ တူဖြစ်သူ ဆွဲခေါ်ခံလိုက်ရသည်။
“ကျန်တဲ့ ၁၁ ယောက်ကို လက်မှတ်ထိုး လက်ဗွေနှိပ်ခိုင်းပြီးတာနဲ့ အကုန် သတ်ပစ်လိုက်” လီဝမ်ဟွေ့က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချက်ချင်းပင် လော့ဝမ်၏ မယားငယ်နှင့် ချွေးမတို့က ကျယ်လောင်စွာ ဆဲဆိုကြပြီး ခြိမ်းခြောက်ကြတော့သည်။
“ငါ့ရဲ့ ပေမင်ဓားဂိုဏ်းက နင့်ကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး။ နင့်ကို သတ်ရုံတင် မကဘူး ၊ နင့်မွေးစားသား တုပိုင်ကိုပါ တစ်စစီ ဆွဲဖြဲပစ်မှာ”
“ငါ့ရဲ့ လင်းမိသားစုက နင့်မိသားစု တစ်ခုလုံးကို သေချာပေါက် သတ်ပစ်မှာ ၊ တစ်ဆွေလုံး တစ်မျိုးလုံး မျိုးဖြုတ်ပစ်မှာ”
မျက်ရည်များနှင့် ဒေါသတကြီး ဆဲဆိုသံများကြားတွင် လော့ဝမ်၏ မိသားစုဝင် ၁၁ ဦး မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။
“ရွှပ်”
ဓားသွားများ ကျဆင်းသွားသည်။
ခေါင်း ၁၁ လုံး မြေပေါ် လိမ့်ဆင်းသွားပြီး ၊ လော့ဝမ်၏ မယားငယ် ၊ သားများ ၊ တူများနှင့် ညီအစ်ကိုများအားလုံး လုံးဝ သတ်ဖြတ်ခံလိုက်ရသည်။
“ငါ့ရဲ့ ပြောင်းပြန်အကြေးခွံကို ဘယ်သူထိထိ ၊ ငါ့မွေးစားသားကို ဘယ်သူထိထိ ၊ သူတို့ မိသားစုတစ်ခုလုံးကို ငါ သေချာပေါက် သတ်ပစ်မယ်။”
ထိုသည်က လီဝမ်ဟွေ့ ကမ္ဘာလောကကြီးကို နောက်တစ်ကြိမ် သတိပေးလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်တုန်းက ကန်ရှန်က လီချန်ချန် ခွင့်ပြုချက်မရှိဘဲ တုပိုင်ကို ပစ်သတ်ရန်ကြိုးစားခဲ့သည့် အတွက်ကြောင့် သူကိုယ်၌ရော သူ့အစ်ကိုပါ လီဝမ်ဟွေ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဤတစ်ကြိမ် လော့ဝမ်က တုပိုင်ကို လုပ်ကြံခဲ့သည့်အတွက် ၊ သူ့မိသားစုတစ်ခုလုံး လီဝမ်ဟွေ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
“ဒီခေါင်း ၁၁ လုံးကို ယူခဲ့။ လက်ရွေးစင် အကျဆုံး စစ်သည် ၈၀၀ ကို စုစည်းပြီး ငါနဲ့အတူ ကွမ်ကျိုးစီရင်စု ၊ ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ်ရုံးကို လိုက်ခဲ့ကြ။ ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို သွားသတ်မယ်”
“ဟုတ်ကဲ့ပါ”
လီဝမ်ဟွေ့သည် ငြိမ်းချမ်းရေးမင်းကြီး အိမ်တော်သို့ ပြန်လာခဲ့ပြီး ၊ တုပိုင် သတိမရသေးသော်လည်း မျက်နှာ အရောင်အဝါ ပြန်လည် ကောင်းမွန်လာကာ အသက်ရှူနှုန်းလည်း ပုံမှန် ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ဆရာသခင်ကြီး နင်ဇောင်ဝူ စောင့်ရှောက်ပေးနေသဖြင့် သူ စိတ်ချလိုက်သည်။ လီဝမ်ဟွေ့က တုပိုင်၏ လက်ကို ကိုင်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သားလေး ၊ အဖေက သားအတွက် တရားမျှတမှု သွားယူပေးမယ်”
“ကျားလှိုဏ်ဂူ ဖြစ်နေပါစေ ၊ နဂါးအင်းအိုင် ဖြစ်နေပါစေ ၊ အဖေက လော့ဝမ်ကို ဆွဲထုတ်ပြီး ဒူးထောက် အပြစ်ဝန်ခံခိုင်းမယ်။ သားကို မလုပ်ကြံသင့်ခဲ့ဘူးလို့ နောင်တရခိုင်းပြီးမှ သူ့ခေါင်းကို ဖြတ်ပစ်မယ်”
“သားရဲ့ ဆံပင်တစ်မျှင်ကိုတောင် ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ မထိခိုက်ဖို့ လောကကြီးကို အဖေ သတိပေးရမယ်။ သားက အဖေရဲ့ ပြောင်းပြန်အကြေးခွံ ဖြစ်ကြောင်း ၊ သားကို ထိတဲ့ ဘယ်သူမဆို မိသားစုလိုက် သေရမယ် ဆိုတာကို ကမ္ဘာလောကကြီး သိအောင် သက်သေပြမယ်”
“ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ၊ အဖေက သားအတွက် တရားမျှတမှုကို ရယူပေးမယ်။ အဖေ ပြန်လာတာကို စောင့်နေနော်”
လီဝမ်ဟွေ့ ခေါင်းငုံ့လိုက်ပြီး တုပိုင်၏ ဆံပင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။ ထို့နောက် သူ လှည့်ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ လက်ရွေးစင် စစ်သည် ၈၀၀ စုစည်းပြီး ဖြစ်သည်။
“ထွက်ခွာမယ်” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။
စစ်သည် ၈၀၀ လုံး စစ်မြင်းများကို စီးနင်းပြီး အရှေ့ဘက်ရှိ ကွမ်ကျိုးစီရင်စုဆီသို့ ဒုန်းစိုင်း ထွက်ခွာသွားကြသည်။
လီဝမ်ဟွေ့သည် ကွေ့လင်သို့ ပြန်ရောက်ကာစ ရှိသေးသော်လည်း ၊ တစ်ခဏမျှပင် မနားရဘဲ လီတစ်ထောင်ခရီးကို ထပ်မံ နှင်ရပြန်သည်။ ထို့အပြင် ဤတစ်ခါ သူ သတ်မည့်သူက လက်ရှိ တာဝန်ထမ်းဆောင်နေသော ကွမ်ရှီးဘုရင်ခံ ဖြစ်သည်။
သူ ရင်ဆိုင်ရမည့်သူက အင်ပါယာ၏ နယ်စားမင်း ၊ ပထမအဆင့် အရာရှိကြီး ၊ အရပ်ဘက်အရာရှိအုပ်စု၏ ထိပ်သီးခေါင်းဆောင် ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်း ဖြစ်သည်။
ကောင်းထင်းဆိုသည်မှာ မိုးကောင်းကင်ကို ထိလုနီးပါး ကြီးမားသော ပုဂ္ဂိုလ်ကြီး ၊ ဧကရာဇ်မင်းမြတ်ကိုပင် ကြိုးကိုင်ရဲသော လက်ကြီးသမားများထဲမှ တစ်ယောက် ဖြစ်သည်။
**--**--**--**--**--**--**--**
နှစ်ရက်နှင့် နှစ်ည ကြာပြီးနောက် လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ လက်ရွေးစင် စစ်သည် ၈၀၀ ကို ဦးဆောင်ပြီး ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံး စိုက်ရာ ကွမ်ကျိုးမြို့သို့ ရောက်ရှိလာသည်။
သူ သတ်ဖြတ်မည့် ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် အင်ပါယာ တောင်ဘက်ပိုင်း၏ အထွတ်အထိပ် အာဏာဗဟိုချက်ဖြစ်သော ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံး အတွင်း၌ ရှိနေဆဲပင် ဖြစ်သည်။
အပိုင်း ၂၆၉ ပြီး။