အခန်း (၂၇၂)
Vol. 28 Ch. 272
ယခုတစ်ကြိမ်တွင် တုပိုင်သည် အမှန်တကယ်ပင် အခွင့်ထူးခံလူတန်းစား တစ်ရပ်အနေဖြင့် ပြုမူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ပြန်မရောက်လာမချင်း ဘွဲ့ယူစာမေးပွဲကို ဆက်လက်ကျင်းပနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
မိန်းမစိုးခွေးများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အုပ်စုတစ်စု ဖြစ်သည့်အားလျော်စွာ မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ ပြန်ရောက်သည့်အခါ အေးစက်သော အကြည့်များစွာဖြင့် ကြိုဆိုခံရမည်ဟု တုပိုင် မျှော်လင့်ထားခဲ့သည်။
သို့သော် သူ မိန်းမစိုးဂိုဏ်းအကယ်ဒမီအတွင်းသို့ ခြေချလိုက်သည်နှင့် သူ့ကို မြင်လိုက်ရသော မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများသည် ဦးစွာ မှင်သက်သွားကြပြီး ၊ ထို့နောက် အံ့သြသွားကြကာ ၊ “ဆရာသခင်ကြီး တုပိုင် လာပြီဟေ့ ၊ ဆရာသခင်ကြီး တုပိုင် လာပြီဟေ့” ဟု အော်ဟစ်ကာ ပြေးလွှားသွားကြလေသည်။
ထို့နောက် လူအများအပြားသည် သူ့အနားသို့ ဝိုင်းအုံလာကြသည်။ မည်သူ စတင်လိုက်မှန်း မသိသော်လည်း လူအများအပြားသည် လက်ခုပ်တီးလာကြသည်။
“အပြည့်အဝ ပြန်လည်သက်သာလာတဲ့အတွက် ၊ ဂုဏ်ယူပါတယ် အမတ်မင်းတုပိုင်”
“အပြည့်အဝ ပြန်လည်သက်သာလာတဲ့အတွက် ၊ ဂုဏ်ယူပါတယ် ဆရာသခင်ကြီး တုပိုင်”
မိန်းမစိုးခွေးများသည် ဟန်ဆောင်မှုအကောင်းဆုံး လူအုပ်စု ဖြစ်သော်လည်း ဤအချိန်တွင် တုပိုင်သည် သူတို့၏ မျက်လုံးများနှင့် အမူအရာများတွင် မည်သည့် ဟန်ဆောင်မှုကိုမျှ မမြင်တွေ့ရဘဲ ၊ ရိုးသားစစ်မှန်မှုကိုသာ တွေ့မြင်နေရသည်။
ဤလူများထဲတွင် သူ့ကို အနိုင်ကျင့်ခဲ့ဖူးသူများ ၊ သူ့စောင်ပေါ်သို့ ဆီးသွားခဲ့သည့် အခန်းဖော်များ ၊ တုပိုင်က လက်တုံ့ပြန်သည့်အနေဖြင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်ခိုင်းခဲ့ရသူများလည်း ပါဝင်နေသည်။ သို့သော် ယခုအချိန်တွင် သူတို့သည် တုပိုင်ကို ပြင်းပြသော လေးစားမှုဖြင့် ကြည့်ရှုနေကြပြီး အားကုန် လက်ခုပ်တီးနေကြသည်။
ထိုအခိုက်အတန့်တွင် တုပိုင် နားလည်လိုက်သည်။ မိန်းမစိုးခွေးများသည် သဘာဝအရ အားနည်းသူများ ဖြစ်ကြသည်။ သူတို့သည် အင်အားကြီးသူများအပေါ် မှီခိုအားထားလိုစိတ် ရှိကြပြီး ၊ အားကြီးသူများနှင့် ပူးပေါင်းလိုကြကာ ၊ အစွမ်းထက်သော ပုဂ္ဂိုလ်များကို တောင့်တကြသည်။
သူတို့၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် မိန်းမစိုးဂိုဏ်းမှ သူရဲကောင်းတစ်ဦး ပေါ်ထွက်လာရန် အထူး မျှော်လင့်နေကြပြီး ၊ သို့မှသာ ထိုသူကို မှီခိုအားထားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယခင်က ထန်ယန်သည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီရှိ လူတိုင်း၏ စံပြဖြစ်ခဲ့ဖူးသည်။ ယခုအခါ ထိုစံပြသည် တုပိုင် ဖြစ်လာခဲ့ပြီး ၊ တုပိုင် ပြန်လည်သက်သာလာကာ ဆက်လက်၍ တောက်ပနေမည်ကို သူတို့ စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။
မိန်းမစိုးခွေးများသည် လူ့သဘာဝ၏ ကောင်းကွက်နှင့် ဆိုးကွက် နှစ်ခုစလုံးကို ချဲ့ကားတတ်သော အုပ်စုတစ်စု ဖြစ်သည်။ သူတို့ ယုတ်မာသောအခါ အလွန်အမင်း ရက်စက်ကြပြီး အခွင့်အရေးသမားများ ဖြစ်ကြသည်။
သူတို့ သစ္စာရှိသောအခါ ပုံပျက်ပန်းပျက် သစ္စာရှိမှုကို ပြသတတ်ကြသည်။ ထိုအခိုက်အတန့်တွင် တုပိုင်သည် ဤလူများကို လက်ခံလိုက်သည်။ လူတစ်ယောက်သည် တစ်ယောက်တည်း တိုက်ခိုက်၍ မရနိုင်ဘဲ ၊ လူတစ်စုနှင့်အတူ တိုက်ခိုက်ရမည် ဖြစ်သည်။
ဤမိန်းမစိုးခွေးလေးများသည် မွေးရာပါ အပြစ်အနာအဆာ အမျိုးမျိုး ရှိကောင်းရှိနိုင်သော်လည်း ၊ တစ်နေ့တွင် သူသည် ဧရာမ သစ်ပင်ကြီးတစ်ပင် ဖြစ်လာကာ ၊ ဤအုပ်စုကို မိုးဒဏ်လေဒဏ်မှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ ပြီးလျှင် ဤအုပ်စုသည် သူ့အတောင်ပံအောက်တွင် တိုက်ခိုက်သတ်ဖြတ်ကြပေလိမ့်မည်။
တုပိုင်သည် မတ်မတ်ရပ်လိုက်ပြီး မိန်းမစိုးဂိုဏ်း ကျောင်းသားများအုပ်စုကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။ ချက်ချင်းပင် ရာပေါင်းများစွာသော ဤကျောင်းသားများသည် တုပိုင်ကို ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။ ထိုအချိန်တွင် ပြတင်းပေါက်မှ စောင့်ကြည့်နေသော ကျောင်းအုပ်နှင့် ထန်ယန်တို့၏ မျက်နှာထားများသည် အလွန် တင်းမာနေကြသည်။
ကျောင်းအုပ်က ပြောလိုက်သည်။
“လူတွေရဲ့ စိတ်နှလုံးက ရေလိုပဲ ၊ လူထုရဲ့ လှုပ်ရှားမှုက မီးခိုးငွေ့လိုပဲ။ ဒါတွေအားလုံးက အရေးမကြီးပါဘူး။ အရေးကြီးတာက ဘွဲ့ယူစာမေးပွဲရဲ့ နောက်ဆုံးရလဒ်ပဲ။ မင်း ပထမရနေသရွေ့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ နေရာတစ်နေရာ ရမှာဖြစ်လိမ့်မယ် ၊ မင်းရဲ့ စမှတ်က တခြားလူတွေထက် ပိုမြင့်မားနေလိမ့်မယ်။ လူတိုင်း မင်းဆီ ပြန်ပြီး ကပ်လာကြလိမ့်မယ်”
ထန်ယန် ခေါင်းညိတ်လိုက်သည်။ တုပိုင်သည် သူ့နောက်တွင် ၆.၅ မှတ် ပြတ်ကျန်နေသေးရာ ၊ ဤရမှတ်ကို အထွေထွေပညာရပ် တစ်ခုတည်းဖြင့် အမီလိုက်ရန် မဖြစ်နိုင်ပေ။ တိုက်ဆိုင်စွာပင် ထန်ယန်သည်လည်း အထွေထွေပညာရပ်အတွက် အဂ္ဂိရတ်ပညာကို ရွေးချယ်ထားပြီး ၊ သူ၏ အဂ္ဂိရတ်ပညာ စွမ်းရည်မှာလည်း အလွန် ထူးချွန်သည်။
သို့သော် သူသည် တုပိုင်၏ အဂ္ဂိရတ်ပညာ အဆင့်အတန်းကို သေချာ မသိပေ။ နောက်ဆုံးရလဒ်ကို သိုင်းပညာ တိုက်ခိုက်မှုဖြင့် အဆုံးအဖြတ်ခံရန် သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သိုင်းပညာ တိုက်ခိုက်မှု ဆိုသည်မှာ သိုင်းပြိုင်ပွဲ ဖြစ်သည်။ ထန်ယန် သေချာပေါက် နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အဆင့် ၆ အလယ်အလတ်အဆင့် သိုင်းပညာရှင် ဖြစ်ပြီး ၊ တုပိုင်သည် အများဆုံး အဆင့် ၇ ထက် မကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
သိုင်းပညာသည် အလွန် ရက်စက်သော ဘာသာရပ်တစ်ခု ဖြစ်သည် ၊ အင်အားသည် အင်အားသာ ဖြစ်ပြီး လှည့်စားရန် နေရာမရှိပေ။ တုပိုင်သည် အစွမ်းထက်သော ဉာဏ်ကြီးရှင် ဖြစ်နေလျှင်ပင် သိုင်းပညာ တိုက်ခိုက်မှုတွင် ထန်ယန်ကို လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ထန်ယန်သည် ဤဘွဲ့ယူစာမေးပွဲတွင် ပထမရမည်မှာ သေချာနေဆဲ ဖြစ်သည်။ အဂ္ဂိရတ်စာမေးပွဲတွင်ပင် တုပိုင်သည် တကယ်တမ်း လေ့လာထားပုံမရသဖြင့် သူ ရှုံးနိမ့်မည် မဟုတ်ဟု ထန်ယန် ခံစားနေရသည်။
ကျောင်းအုပ်သစ်က ပြောလိုက်သည်။
“မနက်ဖြန်ကျင်းပမယ့် သိုင်းပညာ တိုက်ခိုက်မှု စာမေးပွဲက မင်းနဲ့ တုပိုင်ရဲ့ အဆုံးအဖြတ် တိုက်ပွဲပဲ။ မှတ်ထားပါ ၊ သူ့ကို မသတ်နဲ့ ၊ ဒါပေမဲ့ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လို့ရတယ် ၊ ပြီးတော့ မင်း သူ့ကို သေချာပေါက် ဒဏ်ရာပြင်းထန်အောင် လုပ်ကိုလုပ်ရမယ်။ မင်း သူ့ရဲ့ ဂုဏ်ရောင်ကို ဖျက်ဆီးပစ်ရမယ်။ ဒီလိုဆိုရင် ကွမ်ရှီး မိန်းမစိုးခွေးဂိုဏ်းက ကောင်လေးတွေ မင်းရဲ့ အလံအောက်ကို ပြန်ရောက်လာလိမ့်မယ်”
ထန်ယန်က မေးလိုက်သည်။
“အကယ်၍ တုပိုင် ဒဏ်ရာရသွားရင် လီဝမ်ဟွေ့က ဘယ်လိုလုပ်မလဲ”
ကျောင်းအုပ်သစ်က ပြန်ဖြေလိုက်သည်။
“လီဝမ်ဟွေ့က စည်းကမ်းလိုက်နာတဲ့ လူတစ်ယောက်ပါ။ အကယ်၍ ပုံမှန် သိုင်းပြိုင်ပွဲမှာ တုပိုင် ဒဏ်ရာရသွားရင် သူ မင်းကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် သူက အခု လမ်းဆုံးကို လျှောက်နေတာ”
**--**--**--**--**--**--**--**
နံနက်ပိုင်းတွင် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲ၏ ဒုတိယမြောက် နောက်ဆုံးဘာသာရပ် ဖြစ်သော အထွေထွေပညာရပ် သီအိုရီစာမေးပွဲ တရားဝင် စတင်လေသည်။ တုပိုင်သည် အဂ္ဂိရတ်ပညာကို ရွေးချယ်ထားသဖြင့် အဂ္ဂိရတ်ပညာ အခြေခံ သီအိုရီ ကို ဖြေဆိုရသည်။
ဤသည်မှာ အလွန် သာမန်စာမေးပွဲတစ်ခု ဖြစ်ပြီး မေးခွန်းများသည် မခက်ခဲသလို မလွယ်ကူလှပေ။ တုပိုင်နှင့် ထန်ယန် နှစ်ဦးစလုံး အမှတ်ပြည့် ၂၀ ရရှိခဲ့ကြသည်။ ဤနှစ်ယောက်သာမက အခြားသော ဖြေဆိုသူ တစ်ဒါဇင်ကျော်လည်း အမှတ်ပြည့် ရရှိခဲ့ကြသည်။ ယန်ရှီမှာမူ ရမှတ်မရှိပေ ၊ အဘယ်ကြောင့်ဆိုသော် သူသည် သေသွားကြောင့်ဖြစ်လေ၏။ (ရေးနေရင်း ထရယ်မိတယ်။ 😂)
အထွေထွေပညာရပ် သီအိုရီစာမေးပွဲအတွက် အမှတ်ပြည့်မှာ ၂၀ ဖြစ်ပြီး ၊ နေ့လယ်ပိုင်းတွင် ကျင်းပမည့် လက်တွေ့စာမေးပွဲသည်သာ အဓိကဖြစ်ကာ ရမှတ် ၃၀ ပေးထားသည်။ မြားပစ်ကဲ့သို့ပင် အဂ္ဂိရတ်ပညာသည် ရမှတ်နည်းသော်လည်း အလွန်တရာ ခက်ခဲသော ဘာသာရပ်တစ်ခု ဖြစ်သည်။
ရိုးရိုး အောင်မှတ်ရရန် လွယ်ကူသော်လည်း ၊ မြင့်မားသော ရမှတ်ရရှိရန်မှာ ကောင်းကင်သို့ တက်ရသည်ထက် ခက်ခဲသည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် အဂ္ဂိရတ်ပညာသည် သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခု သာမက ၊ အနုပညာတစ်ခုလည်း ဖြစ်သောကြောင့် ဖြစ်သည်။
ပြီးပြည့်စုံသော ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်အတွက် ကုန်ကြမ်းများ ၊ အပူချိန် ထိန်းချုပ်မှု ၊ ဖော်မြူလာ ၊ အချိန်စသည်တို့ အားလုံးသည် လုံးဝ တိကျမှန်ကန်နေရမည်။ အနည်းငယ်သော အမှားအယွင်းကိုပင် ခွင့်မလွှတ်နိုင်ပေ ၊ သို့မဟုတ်ပါက ကြိုးပမ်းမှုအားလုံး အချည်းနှီး ဖြစ်သွားနိုင်သည်။
ဥပမာအားဖြင့် ကင်ဆာကတုံးဇာတ်လမ်းတွဲထဲမှ ဇာတ်လိုက်သည် အခြားလူများထက် သန့်စင်မှုနှင့် အရည်အသွေး ပိုမိုမြင့်မားသော ထုတ်ကုန်ကို ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ သူသည် ဓာတုဗေဒဆိုင်ရာ ဆရာသခင်ကြီး တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာသည် နည်းပညာအပေါ်သာမက ခံစားမှုနှင့် ကံတရားအပေါ်လည်း မူတည်နေသည်။
ထို့အပြင် လီဝမ်ဟွေ့သည် ဘွဲ့ယူစာမေးပွဲကို ရွှေ့ဆိုင်းခဲ့သဖြင့် စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ အများအပြား မကျေမနပ် ဖြစ်နေကြသည်။ ထို့ကြောင့် ဤအဂ္ဂိရတ် စာမေးပွဲသည် အလွန်အမင်း ခက်ခဲပြီး နက်နဲနေပေလိမ့်မည်။
တစ်ဖက်တွင် လီဝမ်ဟွေ့၏ မွေးစားသား တုပိုင်ကို သူတို့၏ အစွမ်းအစအား မြည်းစမ်းစေရန် ဖြစ်ပြီး ၊ အခြားတစ်ဖက်တွင်မူ တုပိုင်သည် မည်မျှ ထူးချွန်သော ဉာဏ်ကြီးရှင် ဖြစ်ကြောင်း စမ်းသပ်ရန်လည်း ဖြစ်သည်။
နေ့လယ်ပိုင်းတွင် အဂ္ဂိရတ် လက်တွေ့စာမေးပွဲ တရားဝင် စတင်လေ၏။ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲက ကြေညာလိုက်သည်။
“အဂ္ဂိရတ် လက်တွေ့စာမေးပွဲကတော့ ကိုးဆင့်ရွှေဆေးလုံးကို ဖော်စပ်ရမှာ ဖြစ်တယ်” ထိုစကား ထွက်လာသည်နှင့် ထန်ယန် အပါအဝင် ခန်းမတစ်ခုလုံး အံ့သြတကြီး ဖြစ်သွားကြသည်။ ဤစာမေးပွဲသည် ရိုးရှင်းစွာပင် အလွန်တရာ ခက်ခဲလွန်းလှသည်။ ကိုးဆင့်ရွှေဆေးလုံး ဆိုသည်မှာ နာမည်နှင့်တင် အထင်ကြီးစရာ ကောင်းလှပြီး ၊ စားသုံးလိုက်လျှင် အတွင်းအားကို များစွာ တိုးတက်စေမည့်အရာဟု ထင်ရသည် မဟုတ်ပါလော။
တကယ်တော့ ဤဆေးသည် စားသုံးရန်အတွက် မဟုတ်ဘဲ အလွန်တရာ ဈေးကြီးသော အဆင်တန်ဆာ ပစ္စည်းတစ်ခုသာ ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ သရဖူနှင့် မင်းသားများ၏ သရဖူများတွင် ကိုးဆင့်ရွှေဆေးလုံး တစ်လုံးစီ ပါရှိတတ်သည်။
ဤရွှေဆေးလုံးမျိုးသည် ရွှေကဲ့သို့ ဝါရွှေနေရုံသာမက ပယင်းကျောက်ကဲ့သို့ ကြည်လင်နေရမည် ဖြစ်ပြီး ၊ အလင်းရောင် ထွက်ပေါ်နေသော ပုလဲကဲ့သို့ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေကာ ၊ မင်းမျိုးမင်းနွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အလင်းကွင်းများ လှည့်ပတ်နေရမည် ဖြစ်သည်။
ကြယ်ငါးပွင့်အဆင့် ကိုးဆင့်ရွှေဆေးလုံး တစ်လုံးသည် တူညီသော ရွှေပမာဏထက် တန်ဖိုးပိုကြီးသည်။ ကြယ်ကိုးပွင့်အဆင့် ကိုးဆင့်ရွှေဆေးလုံး ဆိုလျှင် တန်ဖိုးဖြတ်မရနိုင်လောက်အောင် ဖြစ်ပြီး ၊ ဧကရာဇ်မင်းမြတ်သည် ယင်းကို အသုံးပြု၍ ရွှေပလ္လင် ပြုလုပ်နိုင်သည် သို့မဟုတ် လက်အောက်ခံ နိုင်ငံများမှ ဘုရင်များကို အဖိုးတန် ရတနာအဖြစ် ချီးမြှင့်နိုင်သည်။
နှစ်စဉ်နှစ်တိုင်း ဧကရာဇ်မင်းမြတ်သည် ကိုးဆင့်ရွှေဆေးလုံး ပမာဏ အတော်အတန် လိုအပ်လေ့ရှိပြီး ၊ ကိုယ်တိုင် အသုံးပြုရန် မဟုတ်ဘဲ ဒေသခံ လက်အောက်ခံ ဘုရင်များနှင့် ဆက်သလာသော နိုင်ငံများ၏ တော်ဝင်မိသားစုများကို ချီးမြှင့်ရန် ဖြစ်သည်။
ထိုမင်းသားများနှင့် ဘုရင်များတွင် သားသမီး ရရှိသောအခါ သို့မဟုတ် အမွေခံ ခန့်အပ်သောအခါ အဆင့်အတန်း မတူညီသော ကိုးဆင့်ရွှေဆေးလုံးများကို ချီးမြှင့်လေ့ရှိသည်။
သို့သော် ကိုးဆင့်ရွှေဆေးလုံးကို တော်ဝင်ဆေးလုံးဗျူရိုမှ အဂ္ဂိရတ် ဆရာသခင်ကြီးများကသာ အထူးတလည် ဖော်စပ်လေ့ရှိသည်။ သာမန် အဂ္ဂိရတ်ပညာရှင်များသည် ဤအရာကို ထိပင် မထိရဲကြသလို ၊ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများသည်လည်း ကိုးဆင့်ရွှေဆေးလုံးကို သီးသန့် လေ့လာခဲလှသည်။
ယင်းသည် ဆေးလုံးအမျိုးအစားထဲပင် မပါဝင်သော ၊ အလွန်တရာ နက်နဲသိမ်မွေ့သော ဆေးလုံးတစ်မျိုး ဖြစ်သည်။ မထင်မှတ်ဘဲ ယခုနှစ် အဂ္ဂိရတ်စာမေးပွဲတွင် ဤအရာကို ဖော်စပ်ခိုင်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း ၊ လူတိုင်း အံ့အားသင့်သွားကြသည်မှာ မဆန်းပေ။
ဤသည်က အလွန်ခက်ခဲသော စာမေးပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
စနစ်အားကိုး ပုဆိန်ရိုးဖြင့် တုပိုင်အတွက်တော့ ခက်ခဲလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယမန်နေ့တုန်းက ဤအဂ္ဂိရတ်စာမေးပွဲကို အိမ်မက်နယ်ပယ်ထဲတွင် အကြိမ်ပေါင်းများစွာ ဖြေဆိုပြီးထားသောကြောင့်ပင်ဖြစ်လေ၏။ အိမ်မက်ထဲမှာ သူသည် ကိုးဆင့်ရွှေဆေးလုံးကို ဖော်စပ်ရန် လအတန်ကြာ အချိန်ကုန်ဆုံးခဲ့သည်။
သူ အကြိမ်ထောင်ပေါင်းများစွာ ကျရှုံးခဲ့ပြီး ၊ မရေမတွက်နိုင်သော ကျရှုံးမှု အတွေ့အကြုံများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိကာ နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။
“ဒေါင်” အဂ္ဂိရတ်စာမေးပွဲ တရားဝင် စတင်လေ၏။ အချိန်ကန့်သတ်ချက်မှာ သုံးနာရီ ဖြစ်သည်။
ကိုးဆင့်ရွှေဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်းများမှာ အလွန်အမင်း ဈေးမကြီးလှသလို ၊ ဖော်မြူလာမှာလည်း သိပ်ပြီး မရှုပ်ထွေးလှပေ။ သို့သော် အပူချိန် ထိန်းချုပ်မှုနှင့် လုပ်ဆောင်ပုံအဆင့်ဆင့်အပေါ် လိုအပ်ချက်များမှာ အလွန်တရာ မြင့်မားလွန်းလှသည်။
အပိုင်း ၂၇၂ ပြီး။