အခန်း (၂၇၃)
Vol. 28 Ch. 273
လူတစ်ယောက်စီတိုင်းမှာ ကုန်ကြမ်းပစ္စည်း တစ်စုံစီပဲ ရှိတာကြောင့် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိလေ၏။ ထို့ကြောင့် ဖြေဆိုသူတွေ အားလုံးက အလွန်အမင်း သတိထားနေကြပြီး ၊ မစတင်ခင် အဆင့်တိုင်းကို သေချာ စီစဉ်နေရသဖြင့် စတင်ရန်ပင် ကြောက်ရွံ့နေကြသည်။
စနစ်အားကိုး ပုဆိန်ရိုး တုပိုင်ကတော့ ကုန်ကြမ်းတွေကို တိုက်ရိုက် ကြိတ်ချေလိုက်၏ ၊ မီးရှို့လိုက်၏ ၊ အရည်ကျိုလိုက်၏ ၊ ရောစပ်လိုက်၏ ထို့နောက် ပေါင်းတင်လိုက်၏။ လုပ်ငန်းစဉ် တစ်ခုလုံးက အရင်တုန်းက အကြိမ်ရေ မရေမတွက်နိုင်အောင် လေ့ကျင့်ထားသလို ချောမွေ့လွန်းလှပေသည်။ အဆင့်တိုင်းက လုံးဝ တိကျသေချာနေပြီး ၊ ကုန်ကြမ်းပစ္စည်းတိုင်းရဲ့ အလေးချိန်က လုံးဝ တိကျနေကာ ၊ အပူချိန် ထိန်းချုပ်မှု အကြိမ်တိုင်းကလည်း လုံးဝ တိကျနေသည်။
၁၅ မိနစ် ကြာပြီးနောက် တုပိုင် စာမေးပွဲ ဖြေဆိုပြီးစီးသွားပြီး ကိုးဆင့်ရွှေဆေးလုံး တစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေ၏။ သူ့လက်ဖဝါးထဲက ဆေးလုံးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။
“ဒါက တော်ဝင်မိသားစုကို ကိုယ်စားပြုတဲ့ ကိုးဆင့်ရွှေဆေးလုံးပါလား။”
ယင်းသည် ရွှေကဲ့သို့ မြင့်မြတ်မှု ၊ ပယင်းကျောက်ကဲ့သို့ ကြည်လင်မှုနှင့် အလင်းရောင် ထွက်ပေါ်နေသော ပုလဲကဲ့သို့ လှည့်ပတ်နေသော အလင်းကွင်းများ အမှန်တကယ် ပါရှိနေသည်။ ရွှေပုတီးစေ့တွေနဲ့ ပုလဲတွေရဲ့ နေရာကို လုံးဝ အစားထိုးနိုင်တာ အံ့သြစရာ မဟုတ်တော့ပေ။ တန်ဖိုးမရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ရွှေထက် ပိုတန်ဖိုးကြီးတဲ့ ကိုးဆင့်ရွှေဆေးလုံး အဖြစ် ပြောင်းလဲသွားလေသည်။
တုပိုင်သည် ဖော်စပ်ပြီးသော ကိုးဆင့်ရွှေဆေးလုံးကို သေတ္တာထဲသို့ ထည့်လိုက်ပြီး သော့ခတ်ကာ ၊ သေတ္တာအပြင်ဘက်ကို တိပ်နှင့် ချိပ်ဖယောင်းတို့ဖြင့် ပိတ်လိုက်ပြီး အဖြေလွှာကို တရားဝင် အပ်နှံလိုက်သည်။
အယ် အဖြေလွှာ အပ်နှံခြင်းမဟုတ်ဘဲ ၊ ဆေးလုံး အပ်နှံလိုက်ခြင်းဖြစ်လေ၏။ စာမေးပွဲ တစ်ခုလုံးသည် သုံးနာရီ ကြာမြင့်သော်လည်း တုပိုင်သည် ၁၅ မိနစ် အတွင်း ပြီးစီးသွားခဲ့သည်။
ဤအချိန်တွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူများ အားလုံးသည် သူ့ကို ထိတ်လန့်တုန်လှုပ်မှုဖြင့် သာမက ၊ အဆုံးမဲ့ လေးစားအားကျမှုများဖြင့်ပါ ကြည့်ရှုနေကြလေ၏။.ညနေပိုင်းတွင် တော်ဝင်ဆေးလုံးဗျူရိုမှ အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းသုံးဦးသည် အဂ္ဂိရတ် စာမေးပွဲကို အမှတ်ပေးနေကြသည်။
ရလဒ်များကတော့ ရိုးရှင်းစွာပင် ကြည့်ပျော်ရှုပျော် မရှိလှပေ။ “ဒါတွေက ဘာတွေလဲ။”
“ဒါက ရွှေရောင်လား။ ဒါက အစိမ်းရောင် သန်းနေတဲ့ ချီးဝါရောင် ကြီးလေ။”
“ဒါက ရွှေဆေးလုံးလား။ မျက်နှာပြင်က ချိုင့်ခွက်တွေနဲ့ ၊ မီးလောင်ထားတဲ့ အရာတွေတောင် ပါနေသေးတယ်။”
အမှတ်ပေးရန် တာဝန်ရှိသော အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းသုံးဦးမှာ အမှန်တကယ်ပင် စိတ်ဆင်းရဲနေရသည်။ ဤဖြေဆိုသူများ ဖော်စပ်ထားသော ကိုးဆင့်ရွှေဆေးလုံးများသည် ပုံသဏ္ဍာန် လုံးဝ မကျဘဲ အလွန် အရည်အသွေး ညံ့ဖျင်းလွန်းလှသည်။
ရုတ်တရက် သေတ္တာတစ်လုံး ပွင့်သွားပြီး သူတို့မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်း တစ်ခု ပေါ်လာသည်။ ချက်ချင်းပင် သဲကန္တာရထဲတွင် စိမ်းလန်းသော နေရာကွက်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ၊ အိုအေစစ် တစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ ထိုခံစားချက်သည် အလွန်တရာ ကောင်းမွန်လှပေသည်။
ဤကိုးဆင့်ရွှေဆေးလုံးကို ထုတ်ယူလိုက်ရာ ရွှေဝါရောင်သည် ပြီးပြည့်စုံနေပြီး ၊ လုံးဝ သန့်စင်ကာ ရွှေနှင့် ယှဉ်နိုင်လောက်သည်။ ကြည်လင်မှုသည်လည်း မဆိုးလှပေ ၊ အနည်းငယ် မှုန်ဝါးနေရုံသာ ရှိသည်။ လှည့်ပတ်နေသော အလင်းကွင်းလည်း ပါရှိသော်လည်း အနည်းငယ် တောင့်တင်းနေသည်။
“ဒါက ကြယ်ခုနစ်ပွင့်အဆင့် ရွှေဆေးလုံး ဖြစ်လောက်တယ်” အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းတစ်ဦးက ပြောလိုက်သည်။ “ဒေသခံ လက်အောက်ခံ ဘုရင်တစ်ပါးရဲ့ သားတော်ကို ချီးမြှင့်ဖို့ လုံလောက်ပါတယ်”
“တကယ်ပဲ ၊ ကိုးဆင့်ရွှေဆေးလုံးက ဒီလောက် နက်နဲသိမ်မွေ့တာကို ၊ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီက လူတစ်ယောက်က ဒီလောက်ကောင်းမွန်တဲ့ ရွှေဆေးလုံးကို ဖော်စပ်နိုင်လိမ့်မယ်လို့ တကယ် မထင်ထားဘူး”
“အမှတ်ပြည့် သုံးဆယ်မှာ ဒီရွှေဆေးလုံးက ၂၄ မှတ်လောက်တော့ ရသင့်တယ်”
“ငါ ၂၄ မှတ်ကို သဘောတူတယ်”
“ငါလည်း ၂၄ မှတ်ကို သဘောတူတယ်”
ထို့နောက် လူတိုင်း သေတ္တာအတွင်းရှိ နာမည်ကို ဖွင့်ကြည့်လိုက်ကြသည်။
ထန်ယန်ဖြစ်၏။
“တကယ်ပဲ ဒီဘက်စုံထူးချွန်တဲ့ကောင်လေး ဖြစ်နေတာပဲ။ သူ့ရဲ့ အဂ္ဂိရတ်ပညာကတောင် ဒီလောက် ထူးချွန်နေတာ ၊ တကယ် ရှားပါးတယ်” အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းတစ်ဦးက မှတ်ချက်ချလိုက်သည်။
“ဒီအဂ္ဂိရတ်စာမေးပွဲမှာ သူ အမှတ်အများဆုံး ရလောက်တယ် ၊ ဒါပေမဲ့ အသက်ရှည်ပွဲတော်အတွက် မီးဒြပ်စင်ဆေးလုံး အပိုစာမေးပွဲမှာလည်း သူ ပထမရခဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ကျောင်းအုပ်သစ်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သေချာသည်မှာ သူတို့ သေတ္တာတစ်လုံးပြီး တစ်လုံး ဖွင့်ကြည့်လိုက်ရာ အတွင်းရှိ ကိုးဆင့်ရွှေဆေးလုံးများသည် တဖြည်းဖြည်း ပိုဆိုးလာကြသည်။
ဤကဲ့သို့ စိတ်ပျက်စရာ ကောင်းနေသော အခြေအနေအလယ်တွင် အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းတစ်ဦးသည် သေတ္တာတစ်လုံးကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။
ရုတ်တရက် ၊ မှိန်ဖျော့နေသော အခန်းသည် လင်းထိန်သွားလေ၏။ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်း တစ်ခုသည် ဝုန်းကတည်း ဖြာထွက်လာသည်။ ဖွင့်ကြည့်လိုက်သောအခါ ပြီးပြည့်စုံသော ကိုးဆင့်ရွှေဆေးလုံး တစ်လုံးသည် အတွင်း၌ တည်ရှိနေသည်။ ယင်း၏ အရွယ်အစား ၊ အရောင် ၊ ကြည်လင်မှုနှင့် အလင်းကွင်း အားလုံးသည် အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်နေသည်။
အဂ္ဂိရတ်ပညာရှင် ကုန်းကုန်းသုံးဦးမှာ မှင်သက်သွားကြပြီး ၊ ကြောင်တောင်တောင်ဖြင့် အချင်းချင်း ကြည့်လိုက်မိကြသည်။
“အမှားအယွင်းများ ရှိနေတာလား။ တော်ဝင်ဆေးလုံးဗျူရိုက ဆရာသခင်ကြီးများ လာလုပ်သွားတာလား”
“ဒါက ကြယ်ကိုးပွင့်အဆင့် ကိုးဆင့်ရွှေဆေးလုံး နီးပါး ဖြစ်နေပြီ။ အိမ်ရှေ့စံမင်းသားဘုရားရဲ့ သရဖူအတွက် ရွှေပုလဲအဖြစ် ချီးမြှင့်ဖို့တောင် လုံလောက်နေပြီ”
“ဒါကို ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီက ကျောင်းသားတစ်ယောက် ဖော်စပ်ခဲ့တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သုံးဆယ်မှာ သုံးဆယ်လား”
“သုံးဆယ်မှာ သုံးဆယ်ပဲ”
“သုံးဆယ်မှာ သုံးဆယ်”
သေတ္တာအတွင်း ပိတ်ထားသော နာမည်ကို ခွာကြည့်လိုက်ရာ စာလုံးနှစ်လုံး ပေါ်လာသည်။
တုပိုင်ဖြစ်၏။
ထို့ကြောင့် အဂ္ဂိရတ်စာမေးပွဲ ရလဒ်များ ထွက်ပေါ်လာခဲ့သည် ၊ တုပိုင်သည် သီအိုရီစာမေးပွဲတွင် အမှတ်ပြည့် ၊ အဂ္ဂိရတ် လက်တွေ့စာမေးပွဲတွင် အမှတ်ပြည့် ရရှိခဲ့သဖြင့် စုစုပေါင်း ရမှတ် ငါးဆယ် ရရှိခဲ့သည်။
ထန်ယန်သည် အဂ္ဂိရတ် သီအိုရီစာမေးပွဲတွင် ၂၀ မှတ်နှင့် လက်တွေ့စာမေးပွဲတွင် ၂၄ မှတ် ရရှိခဲ့သဖြင့် စုစုပေါင်း ၄၄ မှတ် ရရှိခဲ့သည်။ ယခုအချိန်ထိ တုပိုင်၏ ဘွဲ့ယူစာမေးပွဲ စုစုပေါင်းရမှတ်မှာ လေးရာမှတ် ဖြစ်ပြီး ၊ အမှတ်ပြည့်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
ထန်ယန်၏ ဘွဲ့ယူစာမေးပွဲ စုစုပေါင်းရမှတ်မှာ ၄၀၀.၅ မှတ် ဖြစ်ပြီး ၊ တုပိုင်ကို ၀.၅ မှတ်ဖြင့် ဦးဆောင်နေဆဲ ဖြစ်သည်။
“အဂ္ဂိရတ်စာမေးပွဲ ရလဒ်တွေ ထွက်လာပြီ။ မင်းက ၄၄ မှတ် ၊ တုပိုင်က အမှတ်ပြည့် ၅၀ ဆိုတော့ မင်းက သူ့ကို ၀.၅ မှတ်ပဲ ဖြတ်ထားနိုင်တော့တယ်”
ထန်ယန်၏ မျက်နှာ ကြွက်သားများ ပြင်းထန်စွာ တစ်ဆက်ဆက်ဖြင့် တုန်ယက်သွားသည်။ ကျောင်းအုပ်သစ်က ပြောလိုက်သည်။
“မင်းရဲ့ သိုင်းပညာက သူ့ထက် အများကြီး မြင့်မားတယ်။ မနက်ဖြန်ကျင်းပမယ့် နောက်ဆုံးစာမေးပွဲ ၊ သိုင်းပညာ တိုက်ခိုက်မှုမှာ သူ့ကို ဘယ်လိုအခွင့်အရေးမှ မပေးနဲ့။ တစ်ချက်တည်းနဲ့ သူ့ကို သတ်ပစ် ၊ သူ့ကို အချိန်တစ်ခဏလေးတောင် မပေးနဲ့ ၊ သေချာပေါက် တစ်ချက်တည်း အပြတ်ရှင်းရမယ်”
ထန်ယန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “စိတ်ချပါ ၊ ကျွန်တော် လုပ်ပါ့မယ်”
ထိုအချိန်တွင် အလွန်တရာ ချောမောလှပသော ပုံရိပ်တစ်ခုသည် သူတို့နှစ်ဦးရှေ့သို့ အဝေးမှ လျှောက်လှမ်းလာသည်။ ပေမင်ဓားဂိုဏ်းမှ ဆရာသခင်ကြီးအဆင့် ကျွမ်းကျင်ပညာရှင် ၊ လီတောက်ကျိန်းဖြစ်၏။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ” လီတောက်ကျိန်းက မေးလိုက်သည်။
ထန်ယန်က ပြန်ဖြေလိုက်သည်။ “အဆင့် ၆ အလယ်အလတ်အဆင့်ပါ”
လီတောက်ကျိန်းက သူ့ကို သေတ္တာတစ်လုံး ပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီထဲမှာ ဆေးလုံးတစ်လုံး ရှိတယ်။ စားပြီးသွားရင် မင်းရဲ့ အတွင်းအား ကျင့်ကြံခြင်းက ၁၅ မိနစ်ဆိုတဲ့ အချိန်တိုလေးအတွင်း ချက်ချင်း ၃၀ ရာခိုင်နှုန်းလောက် တိုးတက်လာလိမ့်မယ်။ ပြီးရင်တော့ ပြန်လည်သက်သာဖို့ တစ်လလောက် အချိန်ယူရလိမ့်မယ်”
ထန်ယန်က သူ့သိုင်းပညာသည် တုပိုင်ထက် အမှန်တကယ် မြင့်မားနေသဖြင့် နိုင်မည်မှာ သေချာသောကြောင့် လိုအပ်မည်မထင်ကြောင်း ပြောရန် ပြင်လိုက်သည်။ သို့သော် လီတောက်ကျိန်းက သူ့ကို စကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။
“ငါ မင်းကို ဓားသိုင်းကွက် တစ်ကွက် သင်ပေးမယ် ၊ တစ်ကွက်တည်းပဲ ၊ ခပ်ဝေးဝေးကနေ တိုက်ခိုက်လို့ရပြီး ပြိုင်ဘက်ရဲ့ ဒန်တျန်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်တယ်။ တုပိုင်ကို သိုင်းပညာ လေ့ကျင့်ခွင့် ထာဝရ ဆုံးရှုံးသွားစေနိုင်တဲ့ ဓားကွက်မျိုးပဲ”
ထန်ယန် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် တုပိုင်ထက် များစွာသန်မာသည်ဖြစ်ရာ ဤမျှအထိ လုပ်ဆောင်ရန်လိုအပ်သည်လော။
ကျောင်းအုပ်သစ်က ပြောလိုက်သည်။
“တုပိုင်က သိပ်ကို ဉာဏ်ကြီးလွန်းတဲ့ ပါရမီရှင်ပဲ။ ငါတို့ အောင်ပွဲခံနိုင်ဖို့ ရာနှုန်းပြည့် ၊ ချက်ချင်း အနိုင်ယူနိုင်ဖို့ ၊ ဖျက်ဆီးပစ်ဖို့တောင် လိုအပ်တယ်”
“ငါတို့ လိုချင်တာက တုပိုင်ကို ရာနှုန်းပြည့် အနိုင်ရဖို့ မဟုတ်ဘူး ၊ ရာခိုင်နှုန်း နှစ်ရာ ၊ ရာခိုင်နှုန်း သုံးရာ အနိုင်ရဖို့ပဲ”
“ငါတို့ လိုချင်တာက လုံးဝ သေချာမှုပဲ”
**--**--**--**--**--**--**--**
ကွမ်ကျိုးစီရင်စု ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးတော်။
ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းက မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အကယ်၍ ငါ သဘောမတူရင်ရော”
လီဝမ်ဟွေ့သည် အမိန့်တော်ပြန်တမ်း တစ်စောင်ကို ထုတ်လိုက်ပြီး ဖတ်ပြလိုက်သည်။
“ကောင်းကင်ဘုံအမိန့်အရ ဧကရာဇ်မင်းမြတ် အမိန့်ထုတ်ပြန်လိုက်သည်။ ကွမ်ရှီးပြည်နယ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားနေသည်။ လီဝမ်ဟွေ့ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန်နှင့် အခြေအနေအရ လိုအပ်သလို အရေးယူဆောင်ရွက်ရန် အမိန့်ပေးလိုက်သည်”
ထို့နောက် ကောင်းထင်းကို တုံ့ပြန်ခွင့် မပေးဘဲ သူ တိုက်ရိုက် အမိန့်ပေးလိုက်သည်။
“ဘုရင်ခံချုပ်ရုံးတော်ထဲ ဝင်ပြီး ဖမ်းဆီးကြ”
ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ရှစ်ရာသည် ဘုရင်ခံချုပ်ရုံးတော် အတွင်းသို့ ဝင်ရောက်စီးနင်းရန် ပြင်လိုက်ကြသည်။
“ဒါ ဘုရင်ခံချုပ်ရုံးတော်ကွ ၊ မင်းတို့ တော်တော် ရဲတင်းပါလား။ မင်းတို့ ပုန်ကန်ချင်နေတာလား” ဘုရင်ခံချုပ်ရုံးတော်၏ ကာကွယ်ရေးကို ဦးဆောင်သူမှာ အဆင့် ၄ စစ်ဘက်အရာရှိ တစ်ဦး ဖြစ်ပြီး ၊ ဘုရင်ခံချုပ်ရုံးတော်တွင် တပ်စွဲထားသော စစ်သည် နှစ်ရာကို ကွပ်ကဲသူ ဖြစ်သည်။
ယခုအချိန်တွင် သူသည် ဘုရင်ခံချုပ်ရုံးတော်၏ အဓိက တံခါးမကြီးကို ကာကွယ်ရန် ဤစစ်သည် နှစ်ရာကို စုစည်းထားလိုက်သည်။
“လက်နက်ချပြီး အခုချက်ချင်း အဖမ်းခံကြ ၊ မဟုတ်ရင် ညှာတာမှုမရှိဘဲ သတ်ပစ်မယ်” အဆင့် ၄ စစ်ဘက်အရာရှိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် စစ်သည် နှစ်ရာသည် ပြိုင်တူ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဘုရင်ခံချုပ်ရုံးတော် အတွင်းမှ နယ်စားမင်းများနှင့် မှူးမတ် ရာကျော် ထွက်ပေါ်လာကြသည်။ သူတို့သည် ချမ်းသာသော ကုန်သည်များ ၊ အရာရှိများနှင့် တော်ဝင်မျိုးနွယ်များ ဖြစ်ကြပြီး ၊ နန်ဟိုင်သိုင်းသင်တန်းကျောင်းတွင် အသတ်ခံလိုက်ရသော ကျောင်းသားများ၏ ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။
သူတို့သည် လီဝမ်ဟွေ့ကို ဦးစွာ ဖမ်းဆီးပြီးမှ ဧကရာဇ်မင်းမြတ်ထံ တင်ပြရန် တိုက်တွန်းဖို့ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းထံ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ ဤရာပေါင်းများစွာသော နယ်စားမင်းများနှင့် မှူးမတ်များသည် လီဝမ်ဟွေ့ထံသို့ ပြေးသွားကြပြီး သူ့ကို လုံးဝ ဝိုင်းရံလိုက်ကြလေ၏။
အပိုင်း ၂၇၃ ပြီး။