အခန်း (၂၇၆)
Vol. 28 Ch. 276
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၇၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သိုင်းကွက်သရုပ်ပြခြင်း ကဏ္ဍတွင် အဆင့် A သိုင်းပညာရပ်ကို ရွေးချယ်ပြီး ရမှတ် ၉၀ ရာခိုင်နှုန်းနှင့် အထက် ရရှိသူများသာ လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍသို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ၊ နောက်ဆုံးရမှတ် ၂၀ အတွက် ယှဉ်ပြိုင်ခွင့် ရှိမည် ဖြစ်သည်။
ထို့အပြင် ရက်စက်စွာပင် ၊ လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍသို့ လူမည်မျှပင် ဝင်ရောက်ပါစေ ၊ ပထမရသူ တစ်ဦးတည်းသာလျှင် ရမှတ် ၂၀ လုံးကို ရရှိမည် ဖြစ်ပြီး ၊ ကျန်လူများ အားလုံး သုညသာ ရရှိကြမည် ဖြစ်သည်။
နောက်ဆုံး လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍသည် အနိုင်ရသူ အကုန်ယူ ၊ ရှုံးသူ အကုန်ဆုံးရှုံး ဆိုသည့် သဘောတရားကို အပြည့်အဝ ဖော်ဆောင်ထားလေ၏။
ဤ ဘွဲ့ယူစာမေးပွဲကြီးသည် အလွန်တရာ ထူးခြားလွန်းလှပြီး ၊ ယခုအချိန်တွင် တုပိုင်နှင့် ထန်ယန်တို့၏ စစ်မြေပြင် သက်သက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ တစ်ခုတည်းသော ရင်ခုန်စရာမှာ နောက်ဆုံးတွင် မည်သူ အနိုင်ရရှိမည်နည်း ဆိုသည့် အကြောင်းပင်ဖြစ်လေ၏။
စိတ်ခံစားချက်အရ လူတိုင်းသည် တုပိုင်ဘက်တွင် ရှိနေကြသည် ၊ အဘယ်ကြောင့်ဆိုသော် သူသည် အံ့ဖွယ်ရာ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က သူသည် ဘာသာရပ်တိုင်းတွင် နောက်ဆုံး ဖြစ်ခဲ့သော်လည်း ၊ ယခု သူ၏ ဖြစ်တည်မှုသည် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားအားလုံး၏ စိတ်ကူးယဉ် အာဇာနည် သူရဲကောင်းပုံရိပ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေလေသည်။
သို့သော် အကျိုးအကြောင်း ဆင်ခြင်တုံတရားအရ ကြည့်မည်ဆိုလျှင်တော့ ၊ လူတိုင်း တုပိုင် ရှုံးမည်ဟုသာ လောင်းကြေးထပ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာ အဆင့်အတန်းနှင့် ရွှမ်းချီ အဆင့်အတန်းတို့တွင် ဖြတ်လမ်းနည်း အမှန်တကယ် မရှိသောကြောင့် ဖြစ်သည်။ ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်လျှင်ပင် ရွှမ်းချီ ကျင့်ကြံခြင်းကို တစ်ညတည်းနှင့် တိုးတက်အောင် မလုပ်နိုင်ပေ။ ထန်ယန်၏ သိုင်းပညာ ကျင့်ကြံမှု အဆင့်အတန်းသည် ရိုးရှင်းစွာပင် အလွန် မြင့်မားလွန်းလှသည်။ ကြားထဲမှ ကွာဟချက်သည် ဉာဏ်ကြီးရှင်ဟူသည့် ဂုဏ်ပုဒ်သက်သက်ဖြင့် စေ့ယူ၍မရချေ။
သို့သော် တိုက်ဆိုင်စွာပင် ယနေ့ သိုင်းကွက်သရုပ်ပြခြင်း ကဏ္ဍတွင် တုပိုင်နှင့် ထန်ယန် နှစ်ယောက်တည်းသာ အဆင့် A သိုင်းပညာရပ်ကို ရွေးချယ်ခဲ့ကြသည်။
ရှင်းလင်းစွာပင် ၊ မည်သူမျှ တုပိုင်နှင့် ထန်ယန်တို့၏ စစ်မြေပြင် အတွင်းသို့ ဝင်ရောက်ရန် မဝံ့ရဲကြပေ။
ထို့ကြောင့် ယနေ့ ဘွဲ့ယူစာမေးပွဲကြီး၏ အဆုံးသတ်တွင် ၊ လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍသို့ ဝင်ရောက်မည့်သူ နှစ်ဦးသာ ရှိတော့သည်။ တုပိုင်နှင့် ထန်ယန်တို့ဖြစ်လေ၏။
သရုပ်ပြမည့် သိုင်းပညာရပ်များကို ကြေညာပြီးနောက် ၊ မဲနှိုက်ခြင်း အစီအစဉ် စတင်လေ၏။ ကံတရားကြောင့်လား မပြောတတ် ၊ ထန်ယန်က နံပါတ် ၉ ကို မဲပေါက်ပြီး ၊ တုပိုင်က နံပါတ် ၁၀ ကို မဲပေါက်သည်။ သိုင်းကွက်သရုပ်ပြ ကွင်းပြင်ကြီးသည် လူအများဖြင့် တစ်ဖန် ပြည့်ကျပ်သွားပြန်သည်။
ယခုတစ်ကြိမ်တွင် ဘွဲ့ယူစာမေးပွဲ ဖြေဆိုနေကြသည့် ဖြေဆိုသူ နှစ်ရာကျော်သာ မကဘဲ ၊ မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် ဆရာတစ်ရာခန့်တို့လည်း လာရောက် ကြည့်ရှုနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တုပိုင်နှင့် ထန်ယန်တို့၏ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သောကြောင့်ပင်။
ထန်ယန်နှင့် တုပိုင်တို့သည် နံပါတ် ၉ နှင့် ၁၀ အသီးသီး ဖြစ်နေသောကြောင့် ၊ ပထမဆုံး လူ ၈ ဦး၏ ဖျော်ဖြေမှုများသည် အရံလူများ၏ ဖျော်ဖြေမှုသဖွယ် ဖြစ်သွားခဲ့ရသည်။ မည်သူမျှ ဂရုမစိုက်ကြတော့ဘဲ ၊ အမှတ်ပေး ဒိုင်လူကြီးများ ဖြစ်ကြသော သိုင်းပညာရှင် ကုန်းကုန်းများပင်လျှင် ထိုသူများကို လုံးဝ လစ်လျူရှုမိသလို မဖြစ်စေရန် အာရုံစိုက်မှုကို အတင်းအကြပ် ကြိုးစားနေရလေသည်။
လူတိုင်းသည် ထန်ယန်၏ သရုပ်ပြမှုကိုသာ စောင့်မျှော်နေကြသည်။ နောက်ဆုံးတွင် ပထမ ရှစ်ဦး၏ သရုပ်ပြမှုများ ပြီးဆုံးသွားခဲ့ပြီး ၊ သူတို့၏ ရမှတ်များကို မည်သူမျှ ဂရုပင် မစိုက်ကြတော့ချေ။ ဤ ဘွဲ့ယူစာမေးပွဲကြီး၏ ပထမ ဇာတ်လိုက်ကျော် ဖြစ်သော ထန်ယန်သည် နောက်ဆုံးတွင် စင်မြင့်ထက်သို့ တက်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူ ရွေးချယ်ထားသော အဆင့် A ဓားသိုင်းမှာ မဟာကရုဏာ ဓားသိုင်း ဖြစ်လေသည်။ ဤဓားသိုင်း၏ အမည်ကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ၊ လူတိုင်း အံ့သြတကြီး ဖြစ်သွားကြသည်။ ဤသည်မှာ အလွန် အစွမ်းထက်ပြီး အလွန် လွှမ်းမိုးမှုရှိသော ဓားသိုင်း တစ်ခု ဖြစ်သည်။
ယင်းသည် အလွန်တရာ ခမ်းနားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
ဤဓားသိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်သောအခါ ၊ အားကောင်းသော ဓားချီသည် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ၊ ပြင်းထန်စွာ ပြန်ကန်ထွက်လာကာ ၊ မရေမတွက်နိုင်သော ဖုန်မှုန့်များကို စမ်းရေပန်းသဖွယ် ကောင်းကင်သို့ ထိုးတက်သွားစေသည်။ ထို့အတူ ၊ ဤသည်မှာ လူအနည်းငယ်သာ သင်ယူသော ဓားသိုင်းလည်း ဖြစ်သည်။
ယင်း၏ အရှိန်အဝါ သက်ရောက်မှုသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ခမ်းနားပြီး သေစေနိုင်သော စွမ်းအားမှာ အံ့မခန်း ဖြစ်သော်လည်း ၊ အတွင်းအား ကုန်ဆုံးမှုမှာ အလွန် များပြားလွန်းလှသည်။
ထန်ယန်က ဤဓားသိုင်းကို ရွေးချယ်လိုက်ခြင်းမှာ သံသယ ဖြစ်စရာ မလိုဘဲ လူတိုင်းကို ချက်ချင်း အနိုင်ယူရန် ၊ လူတိုင်းကို မှင်သက်သွားစေရန် နှင့် မရေမတွက်နိုင်သော လေးစားအားကျမှုများကို ပြန်လည် ရယူရန်အတွက်ပင် ဖြစ်သည်။ ထန်ယန်သည် သရုပ်ပြ ကွင်းပြင်အတွင်းသို့ ခြေလှမ်း ဝင်ရောက်လာခဲ့၏။
သူသည် ဦးစွာ ပရိသတ်ကို ဦးညွှတ်လိုက်ပြီး ၊ ထို့နောက် သူ၏ မျက်နှာထား ပြောင်းလဲသွားကာ ၊ မျက်လုံးများသည် လျှပ်စီးကဲ့သို့ တောက်ပလာပြီး ၊ လူတစ်ကိုယ်လုံးသည် ဓားတစ်လက်အသွင် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရသည်။
သူသည် ခြေထောက်ကို ခပ်ဖွဖွလေး တို့လိုက်ရာ ၊ ဖုန်မှုန့်များ ချက်ချင်း ထကြွလာသည်။ ထန်ယန်သည် မဟာကရုဏာ ဓားသိုင်း ကို စတင် သရုပ်ပြလေတော့၏။ ရုတ်ချည်းပင် ဓားရိပ်များသည် နဂါးများကဲ့သို့ ၊ ဓားသံများသည် မိုးကြိုးများကဲ့သို့ ဖြစ်ပေါ်လာသည်။
လူအုပ်ကြီးမှာ ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ငေးကြည့်နေမိကြသည်။ ဤဓားသိုင်း၏ အမည်မှာ မဟာကရုဏာ ဓားသိုင်း ဟု ခေါ်သော်လည်း ၊ ကရုဏာ သက်ညှာခြင်း အလျဉ်း မရှိချေ။ အဆုံးမဲ့သော လွှမ်းမိုးချုပ်ကိုင်မှုသာ ရှိသည်။ ထို လျှပ်စီးလက်ခြင်းနှင့် မိုးချိန်းသံများ ၊ ထို မြေကြီးနှင့် လေထုကို ပြင်းထန်စွာ ရိုက်ခတ်မှုများသည် ၊ ကြည့်နေရုံဖြင့် လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။
သူတို့ရှေ့မှ ထန်ယန်သည် လုံးဝကို ထိပ်တန်းအဆင့် ဖျော်ဖြေသူ တစ်ဦးဖြစ်၏။။ စက္ကန့်သုံးဆယ်မျှ ကြာပြီးနောက် ၊ ထန်ယန်၏ မဟာကရုဏာ ဓားသိုင်း သရုပ်ပြမှု ပြီးဆုံးတော့မည် ဖြစ်သည်။ မကြာမီ ၊ ရင်သပ်ရှုမောဖွယ် အကောင်းဆုံး မြင်ကွင်း ၊ အထွတ်အထိပ် အခိုက်အတန့် ရောက်ရှိလာတော့မည်။
“ဘုန်းးး”
နောက်ဆုံးတွင် ၊ သူ့တစ်ကိုယ်လုံးရှိ ဓားချီများ ပေါက်ကွဲထွက်လာပြီး ၊ မြေကြီးထဲသို့ ထိုးဆင်းသွားကာ ပြင်းထန်စွာ ပြန်ကန်ထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားချီသည် မရေမတွက်နိုင်သော ဖုန်မှုန့်များကို မွှေနှောက်ကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
စမ်းရေပန်းသဖွယ် ၊ မီတာ ဆယ်ဂဏန်း အမြင့်သို့ ပန်းထွက်သွားပြီး စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ၊ ကောင်းကင်အပြည့် လွှမ်းသွားသော တုန်ခါမှုလှိုင်းကိုလည်း ဖြစ်ပေါ်စေသည်။ ဤသည်မှာ မိုးထိအောင် မြင့်မားသော ဓားချီအရှိန်အဝါ ပင် ဖြစ်လေ၏။ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် တုန်လှုပ်ဖွယ် ကောင်းပြီး ၊ အံ့မခန်း ရင်သပ်ရှုမောဖွယ်ရာပင်။
ပရိသတ် ထောင်ပေါင်းများစွာမှာ အံ့သြလွန်းသဖြင့် ကျောချမ်းသွားကြပြီး ၊ ပါးစပ်အဟောင်းသားနှင့် ပြန်ပိတ်ရန်ပင် မေ့လျော့နေကြသည်။ ခဏကြာမှ မိုးချိန်းသံပမာ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အမှန်တကယ်ကို အံ့မခန်းလွန်းလှသည်။ ကြီးကြပ်ရေးမှူးချုပ် ကုန်းကုန်း အနည်းငယ်သည် အချင်းချင်း ကြည့်လိုက်ကြပြီး ၊ မတ်တတ်ရပ်ကာ လက်ခုပ်တီးလိုက်ကြသည်။
မကြာမီ ၊ ထန်ယန်၏ မဟာကရုဏာ ဓားသိုင်း သရုပ်ပြမှုအတွက် ရမှတ် ထွက်ပေါ်လာသည် ၊ ငြင်းပယ်၍ မရနိုင်သော အမှတ်ပြည့် ၊ ၈၀ မှတ် တိတိ။ ဤဓားသိုင်းသည် ထန်ယန်အတွက် မရေမတွက်နိုင်သော လေးစားအားကျမှုများကို ပြန်လည် ရရှိစေခဲ့သည် ၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် ရိုးရှင်းစွာပင် ထူးချွန်လွန်းသောကြောင့် ဖြစ်သည်။
လူတိုင်း၏ အကြည့်များက တုပိုင်ထံသို့ ရောက်ရှိသွားကြသည် ၊ ယခုအချိန်တွင် တုပိုင်သည် ကြီးမားသော ဖိအားအောက်တွင် ရှိနေမည်ဟု သူတို့ ခံစားမိကြသည် ၊ အဘယ်ကြောင့်ဆိုသော် ထန်ယန်ကို ကျော်ဖြတ်ရန်မှာ ရိုးရှင်းစွာပင် ခက်ခဲလွန်းသောကြောင့် ဖြစ်သည် နံပါတ် ၁၀ မဲပေါက်ထားသော တုပိုင်သည် သရုပ်ပြ ကွင်းပြင်ပေါ်သို့ တက်ရောက်လာခဲ့သည်။
ထို့နောက် တုပိုင်သည် သူ သရုပ်ပြမည့် ဓားသိုင်းကို ကြေညာလိုက်သည် ၊ မိစ္ဆာနှိမ်နင်းခြင်း ဓားကိုးသွယ်ဖြစ်လေ၏။
ဤဓားသိုင်း၏ အမည်ကို ကြားလိုက်ရသည်နှင့် ၊ ပရိသတ် တစ်ခုလုံး လုံးဝ မှင်သက်သွားကြသည်။
အစွန်းကုန် ရင်သပ်ရှုမောဖွယ် ကောင်းသလို ၊ ဒေါသထွက်စရာ ကောင်းလောက်အောင် ခက်ခဲသော ဓားသိုင်းကို တုပိုင်ရွှေးချယ်လိုက်သည်လော။ ထို့အပြင် ၊ ဤဓားသိုင်းကို မည်သူမျှ မသင်ယူခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည် ၊ လူအများအပြားက ပျောက်ဆုံးသွားပြီဟုပင် ထင်မှတ်ထားကြသည်။
အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ၊ တုပိုင်သည် မိစ္ဆာနှိမ်နင်းခြင်း ဓားကိုးသွယ် ကို စတင် သရုပ်ပြလေတော့၏။ ရုတ်ချည်းပင် ၊ လူတိုင်း အသက်ရှူအောင့်ထားလိုက်ကြပြီး ၊ မျက်တောင်ပင် မခတ်ရဲကြတော့ပေ။
တုပိုင်၏ ဓားသိုင်းသည် ထူးဆန်းပြီး ခန့်မှန်းရခက်သည်။
မိစ္ဆာတစ်ကောင် ကခုန်နေသကဲ့သို့ ပြောင်းလဲ ရွေ့လျားနေသည်။ ဓားအလင်းရောင်များ လက်ကနဲ ဖြစ်သွားပြီး ၊ မည်းမှောင်သော အရိပ်များသည် လေကဲ့သို့ လွင့်ပျံနေသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ကျက်သရေရှိသော ပုံရိပ်တစ်ခု ၊ ထူးဆန်းသော ဓားအလင်းရောင် တစ်ခုတည်းသာ ရှိတော့သကဲ့သို့ ဖြစ်နေသည်။
အရာအားလုံးသည် အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ ယခုအချိန်အထိ ၊ တုပိုင် သရုပ်ပြသော ဓားသိုင်းနှင့် ထန်ယန်၏ ဓားသိုင်းတို့သည် ပုံစံ ကွဲပြားကြသော်လည်း ၊ တစ်ခုက လွှမ်းမိုးချုပ်ကိုင်မှု ရှိသည် ၊ တစ်ခုက ထူးဆန်းဆန်းကြယ်သည် ၊ တုန်လှုပ်ဖွယ် ကောင်းခြင်းနှင့် ရင်သပ်ရှုမောဖွယ် ကောင်းခြင်းတို့တွင် အတူတူပင် ဖြစ်နေသည်။
လာတော့မည် ၊ တုပိုင်၏ နောက်ဆုံး သိုင်းကွက် လာတော့မည် ၊ အံ့မခန်းအကောင်းဆုံး မြင်ကွင်း လာတော့မည်။
“ရွှပ် ရွှပ် ရွှပ်”
ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ခမ်းနားသော အလင်းယိုင် ပုံရိပ်ယောင်များထွက်ပေါ်လာ၏ ၊ လူတိုင်း၏ မျက်လုံးထဲတွင် ၊ တုပိုင်နှစ်ယောက်နှင့် ဓားရိပ်နှစ်ခု ရုတ်တရက် ပေါ်လာလေ၏ ၊ ကွင်းပြင်တစ်ခုလုံး ရုတ်ချည်းပင် သေလူများကဲ့သို့ တိတ်ဆိတ်သွားသည်။
နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။ ဤကဲ့သို့ ထူးဆန်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို မည်သူမျှ မမြင်ဖူးခဲ့သည်မှာ နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။
အမှတ်ပေးနေကြသော သိုင်းပညာရှင် ကုန်းကုန်း အနည်းငယ်မှာ အလွန် အံ့အားသင့်သွားကြသဖြင့် မတ်တတ်ပင် ထရပ်လိုက်မိကြသည်။ ဤဓားသိုင်းကို ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော လူငယ်လေးတစ်ဦးက ပြန်လည် ဖော်ထုတ်ပြသနိုင်ခဲ့လေသည်။
ထန်ယန်လည်း ချက်ချင်ပင် မှင်သက်သွားရသည်။ သူသည် ဤဓားသိုင်းကို လေ့ကျင့်ရန် စဉ်းစားခဲ့ဖူးသော်လည်း ၊ နောက်ဆုံးတွင် လက်လျော့ခဲ့ရသည်။ တုပိုင်က ဤဓားသိုင်းကို အမှန်တကယ် ရွေးချယ်ပြီး ၊ ဤမျှ ပြီးပြည့်စုံစွာ သရုပ်ပြနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
သူ့တွင် ဤမျှ ခက်ခဲသော မိစ္ဆာနှိမ်နင်းခြင်း ဓားကိုးသွယ် ကို နားလည်သဘောပေါက်ရန် အချိန် ရိုးရှင်းစွာ မရှိခဲ့ပေ။ တုပိုင်က မည်သို့ပြုလုပ်ခဲ့သည်နည်း။
ထန်ယန်၏ မဟာကရုဏာ ဓားသိုင်း မှ မိုးထိအောင် မြင့်မားသော ဓားချီအရှိန်အဝါသည် ခမ်းနားသော်လည်း ၊ အမြင်အာရုံ ဖမ်းစားမှုနှင့် မျက်စိပဒေသာ ဖြစ်မှုတို့တွင် တုပိုင်၏ မိစ္ဆာနှိမ်နင်းခြင်း ဓားကိုးသွယ် မှ အလင်းယိုင် ပုံရိပ်ယောင်များကို မယှဉ်နိုင်ပေ။ တုပိုင်၏ သရုပ်ပြမှု ပြီးဆုံးသွားသောအခါ ၊ ကွင်းပြင်တစ်လျောက် မိုးချိန်းသံပမာ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ဓားသိုင်းအရှိန်အဝါ ယှဉ်ပြိုင်မှုတွင် ၊ တုပိုင်သည် မရေမတွက်နိုင်သော လေးစားမှုများကို နောက်တစ်ကြိမ် ရရှိသွားပြန်သည် ၊ ကံတရားအကြေးခွံသည် သူ့ဘက်သို့ နောက်တစ်ကြိမ် ယိမ်းယိုင်သွားပြန်ပြီ မကြာမီ ၊ တုပိုင်၏ သရုပ်ပြ ရမှတ် ထွက်ပေါ်လာသည် ၊ သိသာလှစွာပင် ပြီးပြည့်စုံသော အမှတ်ပြည့် ၈၀ တိတိရရှိ၏။
ယခုအချိန်တွင် ၊ သူနှင့် ထန်ယန်၏ စုစုပေါင်း ရမှတ်သည် ၀.၅ မှတ်သာ ကွာဟနေပြီး ၊ တုပိုင်က ၀.၅ မှတ် လျော့နည်းနေဆဲ ဖြစ်သည်။
နှစ်ယောက်စလုံး နောက်ဆုံး လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍသို့ ဝင်ရောက်နိုင်ခဲ့ကြပြီး ၊ ထိုကဏ္ဍသို့ လူနှစ်ယောက်တည်းသာ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
အနိုင်ရသူက အမှတ် ၂၀ လုံးကို ရရှိမည် ဖြစ်ပြီး ၊ ရှုံးသူက ဘာမှရမည် မဟုတ်ပေ။ လက်တွေ့ယှဉ်ပြိုင်ခြင်းတွင် အနိုင်ရသူ မည်သူမဆို ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲကြီး၏ ပထမဆုရှင် ဖြစ်လာပေလိမ့်မည်။
မီတာ တစ်ရာအကွာမှနေ၍ ၊ ထန်ယန်သည် တုပိုင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ၊ သူတို့၏ အကြည့်များ ဆုံမိပြီး မီးပွားများ လွင့်ပျံလာသကဲ့သို့ ဖြစ်သွားသည်။
'တုပိုင် ၊ ငါက အဆင့် ၆ သိုင်းပညာရှင် တစ်ယောက် ၊ ငါ့မှာ ဝိညာဉ်ဆရာသခင် လီတောက်ကျိန်း ပေးထားတဲ့ ယွမ်စွမ်းအင်ပေါက်ကွဲဆေးလုံး ရှိတယ် ၊ ပြီးတော့ ဝိညာဉ်ဆရာသခင် လီတောက်ကျိန်းရဲ့ မျိုးသုဉ်းခြင်း ဓား လည်း ရှိတယ်။ ဒါကြောင့် လာမယ့် ပြိုင်ပွဲမှာ ရလဒ်တစ်ခုတည်းပဲ ရှိလိမ့်မယ် ၊ မင်း ငါ့လက်ချက်နဲ့ ချက်ချင်း ပျက်စီးသွားရမှာပဲ'
အပိုင်း ၂၇၆ ပြီး။