← Chapters

အခန်း (၂၇၇)

Vol. 28 Ch. 277

အခန်း (၂၇၇)

Vol. 28 Ch. 277

ကွမ်ကျိုး ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးအတွင်း။

ဘုရင်ခံချုပ် ကောင်းထင်းသည် မြေပြင်ပေါ်ရှိ လော့ဝမ်၏ ခေါင်းပြတ်ကို စိုက်ကြည့်နေသည်။ သူ့ဘေးနားရှိ လီကျင်းဌာန ငြိမ်းချမ်းရေးမင်းကြီးမှာ မျက်လုံးများ ပြူးကျယ်လျက် ရှိပြီး ၊ ယခုအချိန်အထိ အဖြစ်အပျက်ကို တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ လီဝမ်ဟွေ့က လော့ဝမ်ကို ဖမ်းဆီးခြင်းမှာ နားလည်ပေးနိုင်သော်လည်း ၊ ဘုရင်ခံချုပ်၏ ရှေ့မှောက်တွင် လော့ဝမ်ကို သတ်ဖြတ်လိုက်ခြင်းမှာ ဘာသဘောနည်း။

လီဝမ်ဟွေ့သည် အရူးတစ်ယောက် မဟုတ်ပေ ၊ ဤကဲ့သို့လုပ်ပါက အကျိုးဆက်များစွာရှိသည်ကို သိသော်လည်း လုပ်လိုက်ဆဲဖြစ်သည်။

အတော်ကြာပြီးနောက် ၊ ဘုရင်ခံချုပ် ကောင်းထင်းက ပြောလိုက်သည်။ “မင်းတို့အားလုံး ထွက်သွားကြ။ ငါ လီဝမ်ဟွေ့နဲ့ ခဏလောက် သီးသန့် နေချင်တယ်။”

လီကျင်းဌာန ငြိမ်းချမ်းရေးမင်းကြီးမှာ လန့်ဖျပ်သွားပြီး အာမေဋိတ် ပြုလိုက်သည်။ “အရှင်မင်းကြီး”

“ထွက်သွားကြ” ဘုရင်ခံချုပ် ကောင်းထင်းက အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် ၊ ရာပေါင်းများစွာသော လီကျင်းဌာန စစ်သည်တော်များသည် လုံးဝ ဆုတ်ခွာသွားကြသည်။

လီဝမ်ဟွေ့ကလည်း လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။ “ထွက်သွားကြ”

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်တော်များသည်လည်း လုံးဝ ဆုတ်ခွာသွားကြသဖြင့် ၊ ခြံဝင်းတစ်ခုလုံးတွင် ဘုရင်ခံချုပ် ကောင်းထင်းနှင့် လီဝမ်ဟွေ့တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

ဘုရင်ခံချုပ် ကောင်းထင်းသည် လီဝမ်ဟွေ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။ “ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်လာရတာလဲ”

“ခင်ဗျားက ကျွန်တော့်ကို လော့ဝမ်ကို နေရာတင် သတ်ဖို့ ဖိအားပေးခဲ့တာ မဟုတ်ဘူးလား။ အဲဒီလိုမှ မလုပ်ရင် ကျွန်တော် ဘုရင်ခံချုပ်ရုံးကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ” လီဝမ်ဟွေ့က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ၊ ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားကို အရှင်မင်းမြတ်ကို အကျပ်ကိုင်ဖို့ အခွင့်အရေး ထပ်မပေးတော့ပါဘူး”

ကောင်းထင်းက ပြောသည်။ “ခင်ဗျား ဘာလို့ ကိစ္စတွေကို ဒီလောက်တောင် အလျင်စလိုနဲ့ ရက်ရက်စက်စက် လုပ်နေရတာလဲ”

လီဝမ်ဟွေ့က ပြန်ဖြေသည်။ “အချိန်မရှိတော့ဘူးလေ။ အင်ပါယာကို သစ္စာဖောက်ဖို့ ခင်ဗျားရဲ့ အရှိန်အဟုန်က မြန်ဆန်လွန်းတယ်။ ခြေတစ်လှမ်း မှားတာနဲ့ အများကြီး ထိခိုက်သွားနိုင်တယ်။ လီရူဟိုင် ပြင်းထန်စွာ ဒဏ်ရာရပြီးတဲ့နောက် ၊ လီဝမ်ဝမ်က ရှားလုံရွှိုကို ဒီလောက်မြန်မြန် အနိုင်ယူပြီး အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ဒီလောက်မြန်မြန် စုစည်းနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ကျွန်တော်က ခြေလှမ်းအများကြီးကို တစ်ပြိုင်တည်း လှမ်းမှ ရတော့မယ့် အခြေအနေကို ရောက်သွားပြီ”

ဘုရင်ခံချုပ် ကောင်းထင်းတွင် ပြောစရာ စကား မရှိတော့သကဲ့သို့ ဖြစ်သွားပြီး ၊ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “အမတ်မင်းဝမ်ဟွေ့ ၊ ခင်ဗျား သေစရာ မလိုပါဘူး။ ခင်ဗျား ပင်လယ်ရပ်ခြားကို သွားချင်လား”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “ကျယ်ပြန့်သော ကောင်းကင်အောက်တွင် ရှင်ဘုရင် မပိုင်သော မြေဟူ၍ မရှိ ၊ မြေပြင်နယ် အတွင်းတွင် ရှင်ဘုရင်၏ လက်အောက်ခံ မဟုတ်သူဟူ၍ မရှိပေ”

ဘုရင်ခံချုပ် ကောင်းထင်းက ပြောသည်။ “ကမ္ဘာသစ် တစ်ခု တည်ဆောက်တာ မကောင်းဘူးလား”

လီဝမ်ဟွေ့က တုံ့ပြန်လိုက်သည်။ “ခင်ဗျားတို့ ပြောတဲ့ ကမ္ဘာသစ် ဆိုတာက ဒီနေရာရဲ့ မနေ့တစ်နေ့က အဖြစ်အပျက်တွေပါပဲ။ ခင်ဗျားတို့ စွန့်ပစ်ချင်တဲ့ ကမ္ဘာဟောင်း ဆိုတာက ခင်ဗျားတို့ရဲ့ မနက်ဖြန် ဖြစ်လာမှာ။ ပြီးတော့ ၊ ဒီနေရာမှာ ခင်ဗျားက ကမ္ဘာဟောင်းပဲ။ ဒါ့အပြင် ခင်ဗျားတို့က ပူးပေါင်းကြံစည်ပြီး အာဏာလုမယ့် သူပုန်တွေ သက်သက်ပဲ ၊ ကမ္ဘာသစ်လို့ ခေါ်လို့ မရဘူး”

ဘုရင်ခံချုပ် ကောင်းထင်းက ပြောသည်။ “ကျွန်တော်တို့ လျှောက်တဲ့လမ်းတွေ မတူတော့ဘူး ၊ ဒါကြောင့် အတူတူ ကြံစည်လို့ မရတော့ဘူးပေါ့။ ဒါပေမဲ့ အမတ်မင်းဝမ်ဟွေ့ ၊ ဘာလို့ အတ္တကင်းမဲ့လွန်းနေရတာလဲ။ ကိုယ့်အတွက်ကိုယ် တွေးတာ မကောင်းဘူးလား”

လီဝမ်ဟွေ့က ပြောသည်။ “ကျွန်တော့်ရဲ့ မသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ၊ ဘယ်လိုလုပ် ကိုယ့်အတွက်ကိုယ် ရှိနိုင်တော့မှာလဲ”

ဘုရင်ခံချုပ် ကောင်းထင်းသည် စကားဆွံ့အသွားပြီး လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အမတ်မင်းဝမ်ဟွေ့ ၊ နှုတ်ဆက်ပါတယ်။ နောင်တစ်ချိန်မှာ အဝေးကနေ ခင်ဗျားအတွက် ကျွန်တော် သေချာပေါက် ယဇ်ပူဇော်ပါ့မယ်”

လီဝမ်ဟွေ့သည် ကွမ်ရှီးဘုရင်ခံ လော့ဝမ်၏ ခေါင်းပြတ်ကို သယ်ဆောင်ကာ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံး အတွင်းမှ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်တွင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်တော် ရှစ်ရာနှင့် လီကျင်းဌာန စစ်သည်တော် ရှစ်ရာတို့သည် ထိပ်တိုက်ရင်ဆိုင်နေကြပြီး ၊ ပဋိပက္ခ ဖြစ်ပွားရန် နှုတ်ခမ်းဝဲ ရောက်နေကြပြီ ဖြစ်သည်။

လီဝမ်ဟွေ့သည် မြင်းပေါ်သို့ တက်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ကွမ်ရှီးပြည်နယ်ကို ပြန်မယ်”

ကွမ်တုံ လီကျင်းဌာန ငြိမ်းချမ်းရေးမင်းကြီး လန့်ဖျပ်သွားပြီး ဘုရင်ခံချုပ် ကောင်းထင်းကို ချက်ချင်း လှမ်းကြည့်ကာ အော်ပြောလိုက်သည်။ “အရှင်မင်းကြီး”

ကောင်းထင်းသာ အမိန့်ပေးလိုက်လျှင် ၊ လီကျင်းဌာနသည် သူတို့ကို တားဆီးပြီး သတ်ဖြတ်ရန် ချက်ချင်း လှုပ်ရှားကြပေလိမ့်မည်။

သို့သော် ကောင်းထင်းသည် နှုတ်ဆိတ်နေပြီး ၊ လီဝမ်ဟွေ့ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ၊ မြေကြီးများ တုန်ခါသွားပြီး ၊ ထောင်ပေါင်းများစွာသော တပ်စောင့်တပ်ဖွဲ့များ ဒုန်းစိုင်း ဝင်ရောက်လာကာ ရပ်တန့်လိုက်ကြသည်။ ကွမ်ကျိုး လက်ထောက်ဗိုလ်ချုပ်ကြီးသည် ကောင်းထင်းထံသို့ အပြေးအလွှား သွားရောက်ပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “ဒီဗိုလ်ချုပ် နှောင့်နှေးသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။ အမိန့်သာ ပေးလိုက်ပါ ၊ ဒီဗိုလ်ချုပ်က ဟောဒီ မိန်းမစိုးခွေးတွေကို မျိုးဖြုတ်ပစ်လိုက်ပါ့မယ်”

ဘုရင်ခံချုပ် ကောင်းထင်းသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး ၊ ကွမ်ကျိုး လက်ထောက်ဗိုလ်ချုပ်ကြီးကို မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ထားထားလိုက်သည်။

ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များ၏ အကြည့်အောက်တွင် ၊ လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်တော် ရှစ်ရာကို ဦးဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ခဏကြာသောအခါ ၊ နောက်ထပ် တပ်ဖွဲ့တစ်ဖွဲ့ ဒုန်းစိုင်း ရောက်ရှိလာပြီး ၊ လီဝမ်ဟွေ့၏ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တော်များထံသို့ ဦးတည်သွားလေသည်။

ယွန်းနန်ပြည်နယ် တော်ဝင်မြင်းဇောင်းဦးစီးဌာနမှ လီယွီထန် ဖြစ်လေ၏။ သူသည် မြင်းစီးတပ်သား တစ်ထောင့်ငါးရာကို ဦးဆောင်ကာ ၊ နေ့ရောညပါ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ ဦးစွာ ကွေ့လင်သို့ ရောက်ရှိခဲ့ပြီး ၊ လီဝမ်ဟွေ့ မရှိသည်ကို တွေ့ရသဖြင့် ကွမ်ကျိုးစီရင်စုအထိ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် တော်ဝင်မြင်းဇောင်းဦးစီးဌာနမှ မြင်းစီးတပ်သားများကို ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ပုံမှန် တပ်စောင့်တပ်ဖွဲ့ မဟုတ်သော်လည်း ၊ ဧကရာဇ်၏ အမိန့်တော် မပါဘဲ ပြည်နယ်နှစ်ခုကို ဖြတ်ကျော်ကာ စစ်သည်များကို ဦးဆောင်လာခြင်းသည် အလွန် ကြီးလေးသော ကိစ္စဖြစ်သည်။ သို့သော် သူသည် တရားဝင် စာရွက်စာတမ်းများကို ပြင်ဆင်ထားပြီး ဖြစ်ကာ ၊ ကွမ်ကျိုးသို့ သူလာရောက်ခြင်းမှာ သူ့သခင်အတွက် စစ်မြင်းများ သယ်ယူပို့ဆောင်ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်မြင်း အကောင်နှစ်ဆယ်ကို သယ်ဆောင်ရန် မြင်းစီးတပ်သား တစ်ထောင့်ငါးရာဖြင့် လိုက်ပါ စောင့်ရှောက်လာခြင်းသည် လက်ဆောင်ပစ္စည်းလေး တစ်ခုအတွက် ခရီးရှည်ကြီး နှင်လာခြင်းဟု ယူဆနိုင်ပေသည်။

လီဝမ်ဟွေ့ကို မြင်လိုက်ရသောအခါ ၊ ယွန်းနန်ပြည်နယ် တော်ဝင်မြင်းဇောင်းဦးစီးဌာနမှ လီယွီထန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လီဝမ်ဟွေ့ ၊ ဒါ ဘာသဘောလဲ။ ခင်ဗျားက ကျုပ်ကို အကျိုးဆက်တွေကို ထည့်မတွက်တတ်တဲ့ အရူးလို့ အမြဲ ပြောနေကျနော် ၊ အခု ဘယ်သူက တကယ် အရူးလဲ ၊ ခင်ဗျားလား ကျုပ်လား။ ခင်ဗျားကို ကယ်ဖို့အတွက် ၊ ကျုပ် မိုင်ထောင်ချီတဲ့ ခရီးကို ရက်ပိုင်းအတွင်း ရောက်အောင် လာခဲ့ရတာ။ ခင်ဗျားသာ ကွမ်ကျိုးစီရင်စုမှာ သေသွားရင် ၊ ကျုပ် မွေးစားအဖေကို ဘယ်လို ရှင်းပြရမလဲ”

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၌ လေးနာရီ ကြာမြင့်ပြီးနောက် ၊ ဖြေဆိုသူ နှစ်ရာကျော်အတွက် သိုင်းပညာ စာမေးပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ထပ် အစီအစဉ်မှာ လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍ ဖြစ်လေသည်။

ဤစာမေးပွဲ ကဏ္ဍသို့ လူနှစ်ဦးတည်းသာ ဝင်ရောက်နိုင်ခဲ့သည် ၊ တုပိုင်နှင့် ထန်ယန်တို့ဖြစ်၏။ လက်တွေ့ယှဉ်ပြိုင်ခြင်းသည် စုစုပေါင်း ရမှတ် ၂၀ တန်ကြေးရှိပြီး ၊ အနိုင်ရသူ အကုန်ယူ ၊ ရှုံးသူ ဘာမှမရပေ။ အနိုင်ရသူ မည်သူမဆို ဘွဲ့ယူစာမေးပွဲကြီး၏ ပထမဆုရှင် ဖြစ်လာပေလိမ့်မည်။ မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ဆရာများနှင့် ကျောင်းသားများ အားလုံးသည် ယှဉ်ပြိုင်ရေးကွင်းပြင်ကို ဝိုင်းရံထားကြသဖြင့် ၊ ဖြတ်သန်းသွားလာရန်ပင် မဖြစ်နိုင်တော့ပေ။

ဤသည်မှာ ကွမ်ရှီးပြည်နယ်ရှိ လူငယ် မိန်းမစိုးဂိုဏ်းဝင်များကြား ဘုရင်အဖြစ် သတ်မှတ်ခံရမည့် တိုက်ပွဲ ဖြစ်သည်ဟု ယူဆနိုင်သည်။.အနိုင်ရသူ မည်သူမဆို ကွမ်ရှီးပြည်နယ်ရှိ လူငယ် မိန်းမစိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ ဤ လူငယ် မိန်းမစိုးဂိုဏ်း ကျောင်းသားများ၏ နှလုံးသားထဲရှိ ချိန်ခွင်လျှာသည် တုပိုင်ဘက်သို့ ယိမ်းယိုင်နေကြပြီး ၊ သူ့ကို အနိုင်ရစေချင်ကြသည်။

သို့သော် လူတိုင်းနီးပါး ထိုမျှော်လင့်ချက်ကို မထားရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာတွင် ဖြတ်လမ်းနည်း မရှိသောကြောင့် ဖြစ်သည်။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးနျူသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသော်လည်း အောင်မြင်မှုအတွက် ယုံကြည်ချက် အပြည့်ရှိနေသည်။

ယခုအချိန်တွင် ထန်ယန် မည်မျှ အစွမ်းထက်ကြောင်း သူတစ်ယောက်တည်းသာ သိလေသည်။ သူသည် ဆရာသခင်ကြီး လီတောက်ကျိန်း ပေးထားသော ယွမ်စွမ်းအင်ပေါက်ကွဲဆေးလုံးကို သောက်သုံးထားပြီး ဖြစ်ကာ ၊ သူမ၏ မျိုးသုဉ်းခြင်း ဓားသိုင်း ကိုလည်း သင်ယူထားပြီး ဖြစ်သည်။

ထို့ကြောင့် ဤယှဉ်ပြိုင်ပွဲအတွက် ရလဒ်တစ်ခုတည်းသာ ရှိသည်။ တုပိုင်သည် ချက်ချင်း အပြတ်ရှင်းခြင်း ခံရပေလိမ့်မည်။ တုပိုင် တစ်ယောက်မက ၊ တုပိုင် ဆယ်ယောက် ရှိလျှင်ပင် ချက်ချင်း အသတ်ခံရပေလိမ့်မည်။ ထန်ယန်နှင့် တုပိုင်သည် ယှဉ်ပြိုင်ရေးကွင်းပြင်တွင် ဆယ်မီတာကျော် ကွာဝေးသော နေရာ၌ ရပ်နေကြသည်။

ယွမ်စွမ်းအင်ပေါက်ကွဲဆေးလုံး သောက်ထားသောကြောင့် ဖြစ်မည် ၊ ထန်ယန်၏ မျက်နှာတွင် သွေးရောင်လွှမ်းနေပြီး ၊ မျက်လုံးများတွင် ဖမ်းစားနိုင်သော အရိပ်အယောင်များ ရှိနေသည်။ သူသည် ယခင်ကထက် အနိုင်ရရန် ပိုမို ယုံကြည်ချက် ရှိနေသည်။

ယွမ်စွမ်းအင်ပေါက်ကွဲဆေးလုံးကို သောက်သုံးပြီးနောက် ၊ ဤ ၁၅ မိနစ် အတွင်းတွင် သူ့၏ အတွင်းအားသည် ၃၀ ရာခိုင်နှုန်း ချက်ချင်း တိုးတက်လာခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးများမှာ အတွင်းအား အလွန်အကျွံ သုံးစွဲမှု ဖြစ်သဖြင့် အတော်လေး ပြင်းထန်သော်လည်း ၊ ကိစ္စမရှိပေ။ သူသည် သူ့၏ အတွင်းအားနှင့် ရွှမ်းချီများကို အစွန်းကုန် စုစည်းထားလိုက်သည်။ ခေါင်းလောင်းသံ မြည်သည်နှင့် တပြိုင်နက် ၊ မျိုးသုဉ်းခြင်း ဓားချီသည် ချက်ချင်း ပစ်လွှတ်ထွက်ခွာသွားမည် ဖြစ်ပြီး ၊ တုပိုင်၏ ဒန်တျန်ကို ချက်ချင်း ဖျက်ဆီးကာ အနိုင်ယူနိုင်မည် ဖြစ်သည်။

ထန်ယန်နှင့် ယှဉ်လျှင် တုပိုင်သည် တည်ငြိမ်အေးဆေးနေပုံရပြီး ၊ အေးချမ်းသော မျက်နှာထားဖြင့် ရပ်နေလေသည်။ သူသည် သူ့၏ အတွင်းအားနှင့် ရွှမ်းချီများကို အစွန်းကုန် စုစည်းမထားဘဲ ၊ အစိတ်အပိုင်း တစ်ခုနှင့် ဝိညာဉ်အရိပ်စွမ်းအင် သုံးပုံတစ်ပုံကိုသာ စုစည်းထားသည်။

“ဒေါင်” ခေါင်းလောင်းသံ မြည်သွားသည်။

လက်တွေ့ယှဉ်ပြိုင်ပွဲ စတင်လေ၏။

“သေပေတော့ ၊ တုပိုင်” ထန်ယန်က စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။

သူ၏ အတွင်းအား အကုန်လုံးဖြင့် စုစည်းထားသော မျိုးသုဉ်းခြင်း ဓားချီသည် တုပိုင်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်း ဝင်ရောက်သွားသည်။

တုပိုင်သည် ဓားကို မြှောက်လိုက်ပြီး ၊ ဝိညာဉ်အရိပ်စွမ်းအင်နှင့် ရောစပ်ထားသော အတွင်းအားများကို ထန်ယန်ထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည် ၊ မကြုံစဖူးသော စိတ်စွမ်းအင် တိုက်ခိုက်မှု ၊ သမိုင်းတွင်မည့် စိတ်စွမ်းအင် တိုက်ခိုက်မှုကြီး တစ်ခုဖြစ်လေ၏။

“ရွှီးးးး”

ထန်ယန်သည် မျက်လုံးရှေ့တွင် ရုတ်တရက် မည်းမှောင်သွားသလို ခံစားလိုက်ရပြီး ၊ စိတ်အာရုံများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ ချက်ချင်းပင် ၊ သူ့ခန္ဓာကိုယ်အျပါ် ထိန်းချုပ်မှု အားလုံး ကင်းမဲ့သွားပြီး ၊ ပစ်လွှတ်လိုက်သော မျိုးသုဉ်းခြင်း ဓားချီသည်လည်း ချက်ချင်း လမ်းကြောင်းလွဲသွားသည်။

တုပိုင်သည် ရှေ့သို့ တိုးဝင်လာပြီး ၊ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ကာ လှုပ်ရှားလိုက်သည်။

“ရွှပ်” ထန်ယန်၏ ရင်ဘတ်မှ အဝတ်အစားများ ရုတ်တရက် ကွဲထွက်သွားပြီး ၊ သိပ်ပြီနက်ရှိုင်းသော ဓားဒဏ်ရာ တစ်ခု ပေါ်လာသည်။ ခြေကန်ချက် တစ်ချက်လည်း လျှပ်စီးလိုအမြန်နှုန်းဖြင့် ထွက်ပေါ်လာ၏။

ထန်ယန်၏ တစ်ကိုယ်လုံးသည် တုပိုင်၏ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး ၊ လေထဲတွင် သွေးများ အန်ထွက်ကာ ယှဉ်ပြိုင်ရေး စင်မြင့်ပေါ်မှ တိုက်ရိုက် လွင့်စဉ်ကျသွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ် ပြုတ်ကျသွားလေသည်။ ဤအချိန်တွင် ၊ လက်တွေ့ယှဉ်ပြိုင်ပွဲ ပြီးဆုံးသွားလေ၏။

ဘွဲ့ယူစာမေးပွဲကြီး ပြီးဆုံးသွားလေ၏။

ကျောင်းအုပ်ကြီးနျူနှင့် ထန်ယန်တို့ နှစ်ဦးစလုံး ပထမတစ်ဝက်ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြသည် ၊ ယှဉ်ပြိုင်ပွဲ၏ ရလဒ်သည် အမှန်တကယ်ပင် ချက်ချင်း အပြတ်ရှင်းခြင်း ဖြစ်ခဲ့သည်။ သို့သော် ချက်ချင်း အပြတ်ရှင်းခံလိုက်ရသူမှာ ထန်ယန် ဖြစ်နေခြင်းသာ ကွာခြားသွားသည်။

**--**--**--**--**--**--**--**

ကွမ်ရှီးပြည်နယ်သို့ အပြန်ခရီး။

လီယွီထန်သည် ဒေါသထွက်နေဆဲ ဖြစ်ပြီး အော်ဟစ်လိုက်သည်။ “လီဝမ်ဟွေ့ ၊ ခင်ဗျား ဘာတွေ တွေးနေတာလဲ။ ခင်ဗျား ရူးသွားပြီလား”

“နန်ဟိုင်သိုင်းသင်တန်းကျောင်းက ကျောင်းသား ရာပေါင်းများစွာကို ခင်ဗျား ဘယ်လိုလုပ် သတ်ရက်တာလဲ။ ကျုပ်တောင် အဲဒီလို မလုပ်ရဲဘူး အဲဒါက နှစ်ပေါင်း ရာနဲ့ချီအတွင်း မဖြစ်ဖူးတဲ့ ကိစ္စ”

“ပြီးတော့ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ၊ ခင်ဗျား သူ့ကို ဖမ်းသင့်တာ ၊ လူပုံအလယ်မှာ ၊ အထူးသဖြင့် ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ် ရှေ့မှာ သတ်ပြစရာ မလိုဘူးလေ။ သူက ဒုတိယအဆင့် နန်းတွင်းအရာရှိ တစ်ယောက်နော် ဒီလို လုပ်ရပ်က ပုန်ကန်မှုနဲ့ အတူတူပဲ ဆိုတာ ခင်ဗျား သိရဲ့လား”

“ခင်ဗျား ဘာတွေ တွေးနေတာလဲ။ အရင်တုန်းက တည်ငြိမ်တဲ့ ခင်ဗျား ဘယ်ရောက်သွားတာလဲ။ လူတိုင်းက ပြောကြတယ် ၊ ကျုပ် လီယွီထန်က အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ခွေးရူး ၊ မြင်သမျှလူ လိုက်ကိုက်တယ် ၊ ဦးနှောက်မရှိဘူးတဲ့။ ပြီးတော့ ခင်ဗျား လီဝမ်ဟွေ့က အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အဆိပ်ပြင်းတဲ့ မြွေ ၊ တည်ငြိမ်တယ် ၊ ပြတ်သားတယ် ၊ သေအောင် ပေါက်တတ်တယ်တဲ့။ ဒါပေမဲ့ အခုတော့ ကျုပ်ထက် ခင်ဗျားက ပိုပြီး ခွေးရူးနဲ့ တူနေတယ်လို့ ကျုပ် မြင်တယ်”

“ပြောစမ်းပါ ၊ ကျုပ်တို့ နောက်ဆက်တွဲ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲလို့”

အပိုင်း ၂၇၇ ပြီး။

All Chapters