← Chapters

အခန်း (၂၈၀)

Vol. 28 Ch. 280

အခန်း (၂၈၀)

Vol. 28 Ch. 280

တောင်ခါးပန်းတွင် ၊ ဆံဖြူမုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသည် တောင်ထိပ်ပေါ်သို့ ရူးသွပ်မတတ် အပြေးအလွှား တက်ရောက်လာနေလေသည်။ သူသည် ဆရာသခင်ကြီး အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သူ ၊ ဧကရာဇ်မင်းမြတ်၏ နောက်ဆုံးသော ကိုယ်ရံတော် ဖြစ်သည့် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်ကြီး လီလျန်တင်း ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင်မူ ၊ သူသည် သူ့၏ ပုံမှန် ခန့်ညားထည်ဝါမှုကို လုံးဝ ဆုံးရှုံးနေရ၏။ မျက်နှာတွင် ဖုန်များ ပေကျံနေပြီး ၊ မုတ်ဆိတ်နှင့် ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ ၊ အဝတ်အစားများမှာလည်း ဆူးငြိထားသဖြင့် စုတ်ပြဲနေလေသည်။ သားအကြောင်းကို ဖခင်ထက် ပိုသိသူ မရှိပေ။

လျှို့ဝှက် ကျီးကန်း စာတိုကို လက်ခံရရှိပြီး လီဝမ်ဟွေ့သည် နန်ဟိုင်သိုင်းသင်တန်းကျောင်းကို တိုက်ခိုက်ကာ ကျောင်းသား ရာပေါင်းများစွာကို သတ်ဖြတ်လိုက်ကြောင်း သိလိုက်ရချိန်တွင် ၊ သူ့ရင်ထဲတွင် ကွဲအက်မတတ် ခံစားလိုက်ရသည်။ လီဝမ်ဟွေ့ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို သူ ချက်ချင်း သိလိုက်သည်။

ဧကရာဇ်မင်းမြတ်နှင့် အရေးပေါ် တွေ့ဆုံပြီးနောက် ၊ သူသည် တစ်စက္ကန့်လေးပင် အချိန်မဆွဲဘဲ ၊ အမြန်ဆုံး အရှိန်ဖြင့် တောင်ဘက်သို့ ဦးတည်ကာ ၊ ရက်ပိုင်းအတွင်း မိုင်ထောင်ချီ ခရီးနှင်ပြီး ကွေ့လင်စီရင်စုသို့ ရောက်ရှိလာခဲ့သည်။

သို့သော် သူ လီဝမ်ဟွေ့ကို မတွေ့ရပေ ၊ ကွမ်ကျိုးစီရင်စုသို့ သွားသည်ဟု ကြားသိရသည်။ ထို့ကြောင့် လီလျန်တင်းသည် ကွမ်ကျိုးစီရင်စုဘက်သို့ အသည်းအသန်ဖြင့် ထပ်မံပြီး ဦးတည်လာခဲ့သည်။ ကွေ့လင်စီရင်စုမှ ထွက်ခွာလာပြီး မကြာခင် ၊ လမ်းပေါ်တွင် ခြေဗလာနှင့် ကောင်လေးတစ်ယောက် သူ့ရှေ့သို့ အပြေးအလွှား ရောက်လာပြီး ၊ ပန်းချီကားတစ်ချပ်နှင့် မြေပုံတစ်ခုကို ကိုင်ဆောင်လျက် ၊ သူ့လက်ထဲသို့ တိုက်ရိုက် ထိုးထည့်ကာ ပြောလိုက်သည်။ “ညွှန်ကြားရေးမှူးကြီး ၊ မြန်မြန် ၊ ကျွန်တော့်မွေးစားအဖေ လီဝမ်ဟွေ့ကို သွားကယ်ပေးပါ ၊ သူ ဒီတောင်ထိပ်ပေါ်မှာ ရှိနေပါတယ်”

လီလျန်တင်းသည် ထိုကောင်လေးကို စကားတစ်ခွန်းမျှပင် ပြောချိန်မရပေ။ မြေပုံနှင့် ပန်းချီကားကို ယူကြည့်လိုက်ပြီးနောက် ၊ လီဝမ်ဟွေ့ ရှိနေသော တောင်ဆီသို့ အပြေးအလွှား သွားခဲ့လေသည်။

လီဝမ်ဟွေ့သည် နေထွက်ချိန်၌ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟု သူ ချက်ချင်း ကောက်ချက်ချလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လီဝမ်ဟွေ့သည် သူ့ကို မေးဖူးသည်။ “မွေးစားအဖေ ၊ အင်ပါယာရဲ့ အခြေအနေက အရမ်း မည်းမှောင်ပြီး အုံ့မှိုင်းနေတယ် ၊ ဘာလုပ်သင့်သလဲ။ မျှော်လင့်ချက် မရှိသလိုပဲ”

လီလျန်တင်းက ဤကဲ့သို့ ပြန်ဖြေခဲ့သည်။ “မနက်တိုင်း ၊ နေထွက်တာကို ကြည့် ၊ အင်ပါယာကို နေမင်းကြီးလို့ပဲ သဘောထားလိုက် ၊ သူ့မှာ ဝင်ချိန်ရှိသလို ထွက်ချိန်လည်း ရှိမှာပဲ”

ထိုအချိန်မှစ၍ အခွင့်အရေး ရတိုင်း လီဝမ်ဟွေ့သည် နေထွက်သည်ကို ကြည့်လေ့ရှိသည်။ ထို့ကြောင့် သူသည် နေမင်းကြီးနှင့် အပြိုင် ပြေးလွှားနေရကြောင်း လီလျန်တင်း သိနေသည်။ နေမထွက်မီ သူ ရောက်ရှိရမည် ဖြစ်ပြီး ၊ နေမင်းကြီးသည် မြေပြင်ထက် တောင်ထိပ်ပေါ်တွင် စောစီးစွာ ပေါ်လာလေ့ ရှိသည်။

ထို့ကြောင့် သူသည် စစ်မြင်းကိုပင် မစီးတော့ဘဲ ၊ ဆရာသခင်ကြီး အဆင့် ကျင့်ကြံခြင်းနယ်ပယ်ကို တိုက်ရိုက် အသုံးပြုကာ ရူးသွပ်မတတ် ပြေးလွှားခဲ့ခြင်း ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် အလင်းတန်း တစ်ခုသဖွယ် လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။ သူ တောင်ထိပ်သို့ ရောက်ရှိချိန်တွင် ၊ ရင်ကွဲဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပျက်နေ၏။ လီဝမ်ဟွေ့သည် ဓားဖြင့် သူ့ရင်ဘတ်သူ ထိုးစိုက်လိုက်ပြီ ဖြစ်သည်။

အတော်လေး ဝေးကွာနေသေးသော်လည်း ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်ကြီး လီလျန်တင်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“သားမိုက် ၊ မင်း ဘယ်လိုတောင်လုပ်ရဲတာလဲကွ” သူ့အသံသည် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ၊ လီဝမ်ဟွေ့၏ ခန္ဓာကိုယ်ကို မီတာဆယ်ဂဏန်းလောက် လွင့်ထွက်သွားစေသည်။ ထို့နောက် ၊ သူသည် အစွမ်းကုန် အရှိန်မြှင့်လိုက်ပြီး လေထဲတွင် လီဝမ်ဟွေ့ကို ဖမ်းလိုက်သည်။

ရင်ဘတ်ထဲတွင် စိုက်ဝင်နေသော ကျိုးပဲ့နေသည့် ဓားကို မြင်လိုက်ရသောအခါ ၊ လီလျန်တင်း၏ ရင်ထဲတွင် မီးလောင်သလို ခံစားလိုက်ရပြီး ၊ မူးမေ့လဲမတတ် ဖြစ်သွားသည်။ သေချာ ကြည့်လိုက်သောအခါ ၊ ကျိုးပဲ့နေသော ဓားသည် တစ်လက်မခန့်သာ စိုက်ဝင်သွားပြီး ၊ သူ့ ဟိန်းဟောက်သံကြောင့် ဆက်မဝင်ဘဲ ရပ်တန့်သွားခြင်း ဖြစ်သည်။

သူ လီဝမ်ဟွေ့၏ နှလုံးခုန်သံနှင့် အသက်ရှူသံကို စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ ၊ ဤကလေး မသေသေးပေ။ ဓားကျိုးသည် နှလုံးကို မထိခိုက်ခဲ့ပေ။

ရက်နှင့်ချီ မိုင်ထောင်ချီ ခရီးနှင်လာသော လီလျန်တင်းသည် သက်ပြင်းချလိုက်ပြီးနောက် ၊ မြေပြင်ပေါ်သို့ ပြိုလဲမတတ် ဖြစ်သွားသည်။ တကယ်တော့ သူသည်လည်း အသက် ခုနစ်ဆယ် နီးပါး ရှိနေပြီ မဟုတ်ပါလော။

သီသီလေး ၊ တကယ်ကို သီသီလေးပင်။ လီလျန်တင်းသည် ဆံဖြူသူက ဆံနက်သူကို မြေမြှုပ်ရမည့် အဖြစ်ဆိုးနှင့် ကြုံရလုနီးပါး ဖြစ်သွားသည်။ သူသည် ဓားကျိုးကို ဆွဲထုတ်လိုက်ပြီး ၊ သွေးတိတ်စေရန် သွေးကြောများကို ပိတ်လိုက်ကာ ၊ လီဝမ်ဟွေ့၏ နားထင်များကို ရွှမ်းချီ အတွင်းအားဖြင့် နှိပ်နယ်ပေးလိုက်သည်။

ခဏအကြာတွင် ၊ လီဝမ်ဟွေ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ၊ ဖရိုဖရဲနှင့် ယခင်ထက်များစွာ အိုစာသွားသော လီလျန်တင်းကို တွေ့လိုက်ရသည်။ လီလျန်တင်း၏ မျက်လုံးများမှာ သွေးချင်းချင်း နီနေပြီး ၊ နှလုံးခုန်သံမှာ နာကျင်လောက်အောင် ပြင်းထန်နေသည်။ သူသည် လီဝမ်ဟွေ့ကို လက်ညှိုးထိုးပြီး တုန်တုန်ရီရီဖြင့် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ “သားမိုက် ၊ သားမိုက် ၊ ငါတောင် မသေသေးဘူး ၊ မင်းအလှည့် ဘယ်တုန်းက ရောက်သွားတာလဲ။ မင်းက ဘာအခွင့်အရေးနဲ့ သေရတာလဲ”

“မိဘစကား နားမထောင်တဲ့ကောင် ၊ ငါ မင်းကို နည်းနည်းလောက် ဆူလိုက်တယ် ၊ ကွမ်ရှီးပြည်နယ်ကို ပြန်သွား ၊ ငါ့ကို နောက်ထပ် လာမတွေ့နဲ့လို့ ပြောလိုက်တာနဲ့ ၊ မင်းက ဒီတိုင်း သွားသေလိုက်တော့တာလား”

“မင်းမှာ ရည်မှန်းချက်တွေ ကြီးမားလိုက်တာ လီဝမ်ဟွေ့ ၊ ဟမ် ၊ မင်းကနည်းနည်းတောင် အဆူ မခံနိုင်ဘူးလား”

“သစ္စာမရှိ ၊ မိဘစကား နားမထောင်တဲ့ အကောင်”

လီဝမ်ဟွေ့သည် သူ့ကို ဆဲဆိုနေသော မွေးစားအဖေ လီလျန်တင်းကို ကြည့်နေမိသည်။

သူ့မွေးစားအဖေကို ဤကဲ့သို့ အိုစာနေပြီး ဖရိုဖရဲဖြစ်နေသည့်ပုံကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

လီလျန်တင်းသည် နင်ဇောင်ဝူနှင့် မတူပေ ၊ နှစ်ယောက်စလုံး ဆရာသခင်ကြီး အဆင့်တွေ ဖြစ်ကြသော်လည်း ၊ လီလျန်တင်းက အမြဲတမ်း သပ်ရပ်ပြီး ခန့်ညားထည်ဝါသူ ဖြစ်သည်။

သို့သော် ယခုတော့ သူ့ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေပြီး တစ်ချိန်က ခန့်ညားခဲ့တဲ့ မျက်နှာပေါ်မှာ ဖုန်တွေ ပေကျံနေကာထိတ်လန့်မှုတွေ ကျန်ရစ်နေပြီး ယခင်ကလို ကြီးမြတ်တဲ့ အသွင်အပြင် လုံးဝ မရှိတော့ပေ။ လီဝမ်ဟွေ့သည် ဘာမှ ရှင်းပြမနေဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။

ဒေါသတကြီး ဆဲဆိုပြီးနောက် ၊ လီလျန်တင်း၏ ဒေါသ မပြေသေးပေ။ ကလေးတစ်ယောက်ကို ရိုက်သကဲ့သို့ ၊ လီဝမ်ဟွေ့၏ ကျောကုန်းကို အားပြင်းပြင်းဖြင့် အကြိမ်ကြိမ် ထုနှက်လိုက်သည်။ အားမရသေးသဖြင့် ၊ ခြေထောက်ဖြင့်ပါ ထပ်မံ ကန်ကျောက်လိုက်သေးသည်။

“မင်း သေချင်ရင်လည်း ၊ ပြတ်ပြတ်သားသား သွားသေလိုက်စမ်း။ မင်း ငါ့ကို ၊ မင်းရဲ့ မွေးစားအဖေကို ဘာကောင်မှတ်နေတာလဲ” လီလျန်တင်းက ဒေါသတကြီး ပြောသည်။ “ငါ လီလျန်တင်းက ဒီလောက် အသုံးမကျဘူးလား။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ သခင်ကြီး ဖြစ်တဲ့ ငါက ကိုယ့်သားကိုယ်တောင် မကာကွယ်နိုင်လောက်အောင် အရည်အချင်း ညံ့ဖျင်းနေလား”

လီဝမ်ဟွေ့သည် မြေပြင်ပေါ်တွင် မတ်မတ် ဒူးထောက်လျက် ၊ စကားတစ်ခွန်းမျှ မပြောဘဲ နေနေသည်။ လောကကြီးတွင် သူ့ကို မည်သူမျှ မကယ်တင်နိုင် ၊ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင် မကယ်တင်နိုင် ၊ သူ့မွေးစားအဖေ လီလျန်တင်းလည်း ချွင်းချက် မဟုတ်ပေ။ လီလျန်တင်းသည် ဆူပူကြိမ်းမောင်းပြီးနောက် ၊ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချကာ ၊ မောဟိုက်နေလေသည်။

လီဝမ်ဟွေ့သည် ဒူးတိုက်လျက် ရှေ့သို့ တိုးလာပြီး ၊ မွေးစားအဖေ လီလျန်တင်း၏ ရှေ့တွင် ဒူးထောက်ကာ ၊ မွေးစားအဖေ၏ ဖရိုဖရဲ ဖြစ်နေသော ဝတ်ရုံများကို သပ်ရပ်အောင် ပြုပြင်ပေးလိုက်သည်။

လီဝမ်ဟွေ့၏ ပိန်လှီနေသော မျက်နှာကို ကြည့်ရင်း ၊ လီလျန်တင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းမှာ ရည်မှန်းချက်တွေ ကြီးမားတယ်ဆိုတာ ငါသိပါတယ်။ အဲဒီနေ့က ငါ မင်းကို အဲဒီလို ရပ်တည်ချက် ရွေးခိုင်းဖို့ အတင်းအကျပ် မလုပ်ခဲ့သင့်ဘူး ၊ မင်းကို စကားနားမထောင်တဲ့ကောင်လို့လည်း မခေါ်ခဲ့သင့်ဘူး။ အဖေတစ်ယောက်အနေနဲ့ ၊ မင်းကို တောင်းပန်ပါတယ်။ ငါ တောင်းပန်ပါတယ်”

ထိုစကားကို ကြားသောအခါ ၊ လီဝမ်ဟွေ့သည် ချက်ချင်း ဦးခိုက်လိုက်ပြီး ၊ နဖူးနှင့် လီလျန်တင်း၏ ဖိနပ်ထိပ်ကို ထိကပ်ထားလိုက်သည်။

လီလျန်တင်းက ဆက်ပြောသည်။ “အဲဒီနေ့ကသာ ငါ မင်းကို စကားနားမထောင်တဲ့ကောင်လို့ မခေါ်ခဲ့ရင် ၊ နောက်ပိုင်း ကိစ္စတွေ ဖြစ်လာတဲ့အခါ မင်းရဲ့ ရွေးချယ်မှုတွေက ဒီလောက် ပြတ်သားခဲ့မှာ မဟုတ်ဘူး။ မင်းက ငါ့ကို စိတ်ဆိုးပြီး ၊ မင်းမှန်တယ် ဆိုတာကို သက်သေပြချင်ခဲ့တာ။ ပြီးတော့ မင်းရဲ့ သေဆုံးခြင်းကို သွေးစွန်းတဲ့ အသနားခံစာလွှာ အဖြစ် အသုံးပြုပြီး ၊ ငါ တုပိုင်ကို လက်ခံလာအောင် လုပ်ချင်ခဲ့တာ မဟုတ်လား”

လီဝမ်ဟွေ့၏ မျက်ရည်များ ဒလဟော စီးကျလာသော်လည်း ၊ စကားတစ်ခွန်းမျှ မပြောနိုင်ရှာပေ။

လီလျန်တင်းက မော့ကြည့်လိုက်ပြီး ပြောသည်။ “မင်းက ငယ်ငယ်ကတည်းက ရည်မှန်းချက် ကြီးမားခဲ့တာ။ ငါ မင်းကို ဘယ်တုန်းကမှ ဝေဖန်လို့ မရခဲ့ဘူး ၊ ဆူလို့ မရခဲ့ဘူး။ အရှင်မင်းမြတ် ငယ်ရွယ်စဉ်က ၊ တစ်ခါတုန်းက မတော်တဆ လူတစ်ယောက်ကို ကျွန်လို့ ခေါ်လိုက်မိတာနဲ့ ၊ မင်းက သူ့ကို လဝက်လောက် စကားမပြောဘဲ နေခဲ့တယ်။ နောက်ပိုင်းကျတော့ အရှင်မင်းမြတ်က မင်းရှေ့မှာ ၊ တခြား မိန်းမစိုးတွေကိုတောင် ကျွန်ဆိုတဲ့ စကားလုံး သုံးရမှာ ကြောက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်”

“အရှင်မင်းမြတ်က မင်းရဲ့ သခင် ၊ ပြီးတော့ မင်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေပဲ ၊ ပညာရှိတစ်ယောက်က သူ့ကို နားလည်ပေးနိုင်တဲ့ မိတ်ဆွေအတွက် အသက်ပေးရဲကြတာပေါ့” လီလျန်တင်းက ပြောသည်။ “မင်း သေလိုက်တာက ကြင်နာမှုနဲ့ တရားမျှတမှုအတွက် ပြည့်စုံသွားတယ်လို့ ထင်ရပေမဲ့ ၊ မင်းသာ ဒီလိုလုပ်လိုက်ရင် ၊ ငါနဲ့ အရှင်မင်းမြတ်က ဘယ်လို လုပ်ကြမလဲ”

လီဝမ်ဟွေ့က ရှိုက်ကြီးတငင် ပြောလိုက်သည်။ “အကယ်၍ သားသာ မသေရင် ၊ လူယုတ်မာ အများအပြားက အရှင်မင်းမြတ်ကို ထပ်ပြီး ဖိအားပေးကြမှာ သေချာပါတယ်။ ကျွန်တစ်ယောက် အနေနဲ့ ကိုယ့်ဧကရာဇ် အရှက်ရတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ သခင် အရှက်ရရင် ကျွန်သေရမယ်လေ”

လီလျန်တင်းက နာကျင်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းက ငါ့ရဲ့ မျှော်လင့်ချက် ၊ မင်းက အရှင်မင်းမြတ်ရဲ့ ပင်မတိုင်ကြီး ၊ မင်းက သူ့ရဲ့ လက်ရုံး ဆိုတာကိုရော ထည့်မစဉ်းစားဘူးလား။ မင်းသေသွားရင် ၊ ငါတို့ ဘာဖြစ်သွားမလဲ။ ငါ အသက် ၇၀ နီးပါး ရှိနေပြီ ၊ သားသမီး ဆုံးရှုံးရတဲ့ နာကျင်မှုကို ငါ ခံနိုင်ရည် ရှိမရှိ မင်း ထည့်မတွက်တော့ဘူးလား။ မင်း လီဝမ်ဟွေ့က တုပိုင်ကို ချစ်ခင်မြတ်နိုးသလို ၊ ငါ လီလျန်တင်းကရော ကျောက်တုံးနဲ့ လုပ်ထားတာမို့လို့လား ၊ ငါကရော မင်းကို မချစ်ဘူးများ ထင်နေသလား သားမိုက်ရ”

လီဝမ်ဟွေ့သည် နောက်ထပ်တစ်ကြိမ် ဦးညွှတ်ပြီး ပြောလိုက်သည်။ “မသေခင် မွေးစားအဖေကို ပြန်တွေ့ခွင့်ရတဲ့အတွက် သား နောင်တ မရတော့ပါဘူး ၊ ဒါပေမဲ့ သား သေမှ ဖြစ်မှာပါ။ သားသာ မသေရင် ၊ ဖိအားတွေ အားလုံးက အရှင်မင်းမြတ်ကို ဖိစီးနှိပ်စက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ၊ သား အကြိမ်ပေါင်း ၁၀၀ သေရင်တောင် အခြေအနေကို ပြန်အဖတ်ဆယ်လို့ ရမှာ မဟုတ်တော့ဘူး။ အဲဒီကျမှ သားက တကယ် သစ္စာမရှိ ၊ မိဘစကား နားမထောင်တဲ့ကောင် ဖြစ်သွားမှာ”

လီလျန်တင်းသည် သွားကြိတ်လိုက်ပြီး ၊ ဤမိုက်မဲသည့် မွေးစားသားကို သေလုနီးပါး ထပ်ရိုက်ချင်စိတ် ပေါက်သွားသည်။ ဤသားက ထူးချွန်သလောက် ဒေါသထွက်စရာလည်း ကောင်းလှသည်။ သူ မိုင်ထောင်ချီ ခရီးနှင်ပြီး ၊ ခက်ခက်ခဲခဲ လာကယ်သည်တောင် ၊ သေချင်သည့်ဆန္ဒက ပြတ်သားနေတုန်းပဲ ရှိသေးသည်။

လီလျန်တင်းသည် သူ့ရင်ဘတ်ထဲမှ အမိန့်တော်စာလွှာ တစ်စောင်ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ “လီဝမ်ဟွေ့ ၊ အမိန့်တော်ကို နာခံလော့”

လီဝမ်ဟွေ့ လန့်ဖျပ်သွားပြီး ၊ ကျောကို မတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်မြဲ ဒူးထောက်နေသည်။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ၊ ဧကရာဇ် အမိန့်ထုတ်ပြန်သည် ၊ လီဝမ်ဟွေ့အား ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး ရာထူးမှ ဖယ်ရှားပြီး ၊ ငါကိုယ်တော်၏ ကိုယ်စားလှယ် အဖြစ် အန်နမ်နိုင်ငံသို့ သွားရောက်ကာ ၊ မြို့တော် ပြောင်းရွှေ့ခြင်း ကိစ္စရပ်များတွင် အန်နမ်ဘုရင်ကို ကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်လိုက်သည်”

အန်နမ်နိုင်ငံတွင် မြို့တော် နှစ်ခု ရှိသည် ၊ လက်ရှိ မြို့တော်မှာ ရွှန်းဟွာစီရင်စု ဖြစ်ပြီး ၊ ဒုတိယ မြို့တော်မှာ သန်လုံစီရင်စု ဖြစ်လေသည်။

ယခုအခါ ၊ ရွှန်းဟွာစီရင်စုသည် သူပုန်များ၏ ဝိုင်းရံခြင်းကို ခံနေရပြီး ၊ ကျန်းနန်နယ်စားမင်းနှင့် အန်နမ်ဘုရင်၏ သိန်းချီသော မဟာမိတ်တပ်ဖွဲ့များ နှင့် ရွမ်မိသားစု သူပုန်များ၏ သိန်းချီသော တပ်ဖွဲ့များသည် ရွှန်းဟွာစီရင်စုတွင် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲတော့မည် ဖြစ်သည်။

ဤ အဆုံးအဖြတ် တိုက်ပွဲသည် အန်နမ်နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည် သာမက ၊ တာ့နင်အင်ပါယာကြီး၏ ကံကြမ္မာကိုလည်း လွှမ်းမိုးမှု ရှိစေကာ ၊ အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်သည်။

အပိုင်း ၂၈၀ ပြီး။

All Chapters