← Chapters

ဟုန်သိုရဲ့ဘုံကျောင်း ပေါက်ကွဲသွားပြီ

Vol. 15 Ch. 205

ဟုန်သိုရဲ့ဘုံကျောင်း ပေါက်ကွဲသွားပြီ

Vol. 15 Ch. 205

ကောင်းကင်ပြာရင်ပြင်တွင် ကျောင်းသားများသည် နောက်ထပ်တဖန် စိတ်လှုပ်ရှားလာ ကြလေသည်

သူတို့သည် ‘ဂိမ်း’ တိုက်ရိုက်ထုတ်လွှင့်နေမှုအား ကြည့်ရှုနေကြခြင်း ဖြစ်သည်။

လျှိုချင်ဟွမ်နှင့် ရှယ်လီတို့၏ League of Valor ပြိုင်ပွဲ။

“ဝါးးးး အစ်မလျှိုက သူမကို ၁၀ သက် အကျောပေး ထားတာတောင်မှ နိုင်နေတုန်းပဲ”

“ရှယ်လီလေးကတော့ ချာတူးလံမလေးပါကွာ။ ကြည့်ပါဦး မျက်ရည်တွေ ကျတော့မယ်ထင်တယ်။ သနားဖို့ကောင်းလိုက်တဲ့ ကောင်မလေးကွာ”

“အစ်မလျှိုက ဂိမ်းဆော့နေရင် အရမ်းလှတာပဲ”

“ရှယ်လီကကော ဘာထူးလဲ။ အသားလေးက ချောမွတ်၊ မျက်နှာလေးက လှပ၊ ရင်သားဖွံ့ဖွံ့နဲ အဲဒီအပြင်ကိုကွာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသေး အဟေး”

“ဟေ့ ဟေ့ မင့်တို့ကောင်တွေက ဘာတွေကို လိုက်ကြည့်နေ ကြတာတုန်း။ ငါတို့က သောက်တော်ရေခွက်တွေ ဘယ်သူအများဆုံး ရမလဲဆိုတာကို ကြည့်နေကြတာကော ဟုတ်ရဲ့လား။ ဟားဟားဟား”

“အဲဒါက သေမျိုးကမ္ဘာက ဂိမ်းတွေမဟုတ်လား။ သောက်ရမ်းမိုက်တယ်။ သေမျိုးကမ္ဘာကို ဆင်းခွင့်ကြုံရင်တော့ သေချာပေါက် ဆော့ပြီပဲ”

***

ကျောင်းသားများ အချင်းချင်း ဆွေးနွေးပြောဆို နေကြစဉ်တွင် အလင်းတောင်ပံ မျိုးနွယ်စုမှ လိုက်ပါလာကြသူများသည် အတော်လေး ရှက်ရွံ့နေမိကြသည်။

ရှယ်လီသည် အလျှော့မပေးဘဲ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုကောင်းမွန်စွာ ဆော့ကစားနေသော်ငြား ... များပြားလှသည့် ပရိသတ်အရှေ့တွင် အတော်လေး အကျည်းတန်လှသည်။

ဂိမ်းတစ်ခုပင် ဖြစ်လင့်ကစား သိက္ခာကျလွန်းသည် မဟုတ်ပါလား။

“သနားဖို့ကောင်းတဲ့ ရှယ်လီလေး ဆက်တောင် မကြည့်နိုင်တော့ဘူး”

“အဲဒီဂိမ်းက အတော်လေး မမျှတတာပဲ။ သူမက ဘာလို့များ ကြိုးကြိုးစားစား ဆက်ဆော့နေသေးတာလဲ ဆိုတာကို ငါတကယ်ကို နားမလည်နိုင်တော့ဘူး”

“ရှယ်လီက အတော်လေး ခေါင်းမာတယ်။ မနိုင်တာတောင်မှ ဆက်ဆော့နေတုန်းပဲ”

“အခက်အခဲကို အရှုံးပေးမဲ့အစား အခုလိုမျိုး ဆော့ကစားနေတာက ပိုကောင်းတယ်လို့ မင်းမထင်ဘူးလား”

“ဟူး ... အဲဒီလိုပဲ ဖြေသိမ့်ရတော့မှာပေါ့။ ဒါပေမဲ့လည်း ပြိုင်ပွဲပြီးတဲ့အထိ အခုလိုပဲ ပိတ်မိနေကြမှာလား”

အလင်းတောင်ပံ မျိုးနွယ်စုသာမက သောင်းနှင့်ချီသည့် ပရိသတ်များသည်လည်း ထိုအခြင်းအရာအား စိုးရိမ်မိနေကြခြင်း ဖြစ်သည်။

လှပသည့် အစ်မလျှိုအား ဤကဲ့သို့ မြင်တွေ့နေရခြင်းသည် လွန်စွာကောင်းမွန်လှ သော်လည်း ဖန်တီးခြင်းခန်းမမှ မျိုးမစစ်ကောင်များ ချန်ပီယံ ဖြစ်သွားမည်ဆိုလျှင် လွန်စွာဆိုးဝါးပေ လိမ့်မည်။

***

ကျုံးလုံတောင်တန်း အတွင်း၌ ဗုဒ္ဓလောကနှင့် ဖန်တီးခြင်းခန်းမမှ ကိုယ်စားလှယ်များ လွတ်လပ်စွာ သွားလာနေကြလေသည်။

ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များသည် ပို၍ငြိမ်သက်လျက် ရှိကြသည်။ ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးအချို့အား သုံးစွဲပြီးသည့်နောက်တွင် လိုဏ်ဂူတစ်ခု ရှာဖွေကာ ဒဏ်ရာများအား ပြန်လည် ကောင်းမွန်လာစေရန် ကုသလျက်ရှိကြသည်။

မည်သို့ပင်ဆိုစေ အလျင်မလိုချေ။ အခြားသောအဖွဲ့များ သောက်တော်ရေခွက် ရရှိကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းလည်း မရှိချေ။

ထို့ကြောင့် နောက်ထပ် သောက်တော်ရေခွက်များ မရှာဖွေမီ ဒဏ်ရာများအား ပြန်လည် သက်သာလာစေရန် ပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထိုအချိန်တွင် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များသည် သောက်တော် ရေခွက်များအား တက်ကြွစွာ ရှာဖွေလျက်ရှိကြသည်။ မြန်နိုင်သမျှ မြန်မြန် အမှတ်ကွာခြားချက်အား လျှော့ချနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

ပုလဲဘုံကျောင်းအတွင်း၌ League of Valor မှ ထွက်ပေါ်လာသည့် အသံများမှအပ တိတ်ဆိတ်လျက်ရှိသည်။

အချိန်တစ်ခု ကုန်လွန်သွားပြီးသည့် နောက်တွင် ဩဂတ်စ်သည် လက်သီးတင်းတင်း ဆုပ်လိုက်သည်။ တစ်စုံတစ်ခုအား စိတ်ပိုင်းဖြတ်ပြီးပုံရသည်။

အန်လင်းထံသို့ လျှောက်လှမ်းသွားပြီးနောက် အလေးအနက် ပြောလေသည်။

“အန်လင်း အခုလိုမျိုး ဆက်ဖြစ်နေဖို့က သိပ်တော့မကောင်းဘူး။ မင်းရဲ့ နျူလျှပ်လက်သီးကို သုံးလိုက်”

အားလုံးသည် သူ့အား တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လာကြသည်။

“ဩဂတ်စ်ရေ အလျင်မလိုပါနဲ့။ ငါတို့တခြားနည်းလမ်း စဉ်းစားကြမယ်လေ”

ရှယ်လီ ဖျောင်းဖျပြောဆို လေသည်။

နျူလျှပ်လက်သီး၏ ကြောက်မက်ဖွယ် စွမ်းအားကို လူတိုင်းသိထားပြီး ဖြစ်သည်။ ဤကဲ့သို့ အလုံပိတ်နေရာတွင် နျူလျှပ်လက်သီးအား အသုံးပြုမည်ဆိုပါက သူတို့အားလုံး ပေါက်ကွဲသွားပေလိမ့်မည်။

ဩဂတ်စ်သည် ခေါင်းယမ်းကာဖြင့်…

“မင်းတို့ စိုးရိမ်နေတာကို ငါသတိပြုမိပါတယ်။ ဒါပေမဲ့လည်း ငါ့မှာ ပေါက်ကွဲမှုတွေကို ထိန်းထားနိုင်တဲ့ တားမြစ်မန္တန်ရှိတယ်”

လူတိုင်း ခေတ္တတိတ်ဆိတ် သွားကြသည်။

“ဖြစ်နိုင်တာက ... မင်း မွန်မြတ်ပေးဆပ်ခြင်း နည်းစနစ်ကို သုံးဖို့ စီစဉ်နေတာလား”

အာသာ၏မျက်လုံးများ ပြူးကျယ်ကာဖြင့် လွန်စွာစိတ်လှုပ်ရှား နေပုံရသည်။

“အဲလိုမလုပ်ပါနဲ့ ဩဂတ်စ်ရယ်။ အဲဒီ တားမြစ်မန္တန်ကို သုံးမယ်ဆိုရင် နင့်ရဲ့ စိတ်စွမ်းအင်တွေ လျော့ကျသွားမှာတင် မဟုတ်ဘဲ သတိလစ်သွားဦးမှာလေ။ နင်မရှိဘဲနဲ့ ငါတို့ အနိုင်မရနိုင်ဘူးဆိုတာ သိတယ်မဟုတ်လား”

ရှယ်လီသည် ခေါင်းယမ်းကာဖြင့် တားမြစ်လေသည်။

ဩဂတ်စ်သည် ပေါ့ပါးစွာ ပြုံးကာဖြင့်…

“ဟုတ်ပါပြီ။ ငါတို့အားလုံးက ဒီမှာပိတ်မိနေတယ်လေ။ ဒါကို ဖောက်မထွက်နိုင်ဘူးဆိုရင် ငါတို့မှာ အခွင့်အရေးဘာမှ ရှိတော့မှာ မဟုတ်ဘူး။ ငါက အချိန်ခဏလေးပဲ သတိလစ်နေမှာလေ။ ပြိုင်ပွဲကလေ အဲဒီလောက်မြန်မြန် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး”

ထို့နောက် အန်လင်းတို့အား ကြည့်ကာဖြင့် …

“ငါတို့ သဘောတူထားဖို့တော့ လိုမယ်။ မွန်မြတ်ပေးဆပ်ခြင်း နည်းစနစ်ကို သုံးမယ်ဆိုရင် ငါက သတိလစ်သွားလိမ့်မယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ဧဒင်ဥယျာဉ် အဖွဲ့သားတွေကို မတိုက်ခိုက်ပါနဲ့”

အန်လင်းတို့သည် ထိုတောင်းဆိုချက်အား ငြင်းပယ်ရန်မရှိပေ။ ချက်ချင်းဆိသလို သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဩဂတ်စ်သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ သံသယမရှိတော့ချေ။

ကောင်းကင်ဘုံပိုင်နက် အနေဖြင့် သူတို့၏ ကတိစကားကို ချိုးဖောက်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ။ ကောင်းကင်ပြာရင်ပြင်တွင် သောင်းနှင့်ချီသည့် ပရိသတ်များသည် သူတို့၏ အပြုအမူများ စကားလုံးများအား တိုက်ရိုက်ကြည့်ရှု နေကြသည် မဟုတ်ပါလား။ သူတို့ကတိစကားကို ချိုးဖောက်ခဲ့လျှင် အနိုင်ရရှိသွားမည် ဆိုလျှင်ပင် ပရိသတ်၏ အဆိုးမြင်ခြင်းအား ခံရနိုင်ကာ ဂုဏ်သိက္ခာမဲ့သည့် အောင်ပွဲ ဖြစ်သွားပေလိမ့်မည်။

“အဲဒါဆိုရင် စလိုက်တော့ အန်လင်း”

“ငါက မွန်မြတ်ပေးဆပ်ခြင်း နည်းစနစ်ကိုသုံးပြီး လူတိုင်းရဲ့ ခန္ဓာကိုယ်ကို ခဏဖျောက်ထားလိုက်မယ်။ အဲဒါဆိုရင် ပေါက်ကွဲမှုဒဏ်တွေကို ခံစရာမလိုတော့ဘူး”

ဩဂတ်စ် ဖြည်းညင်းစွာ ရှင်းပြနေစဉ်မှာပင် သူ၏လက်နှစ်ဖက်တွင် အဖြူရောင်အလင်းများ ထွက်ပေါ်လာသည်။

အန်လင်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ယုံကြည်မှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ဩဂတ်စ်သည် သူ၏ ဧဒင်ဥယျာဉ်မှ အဖွဲ့သားများကိုသာ ကာကွယ်ပေးထားမည် ဆိုလျှင် ကောင်းကင်ဘုံပိုင်နက်မှ ကိုယ်စားလှယ်အားလုံး သေဆုံးသွားရမည် ဖြစ်သည်။

ကောင်းကင်ပြာရင်ပြင်ရှိ ပရိသတ်သောင်းချီသည် သူတို့၏ အပြုအမူနှင့် စကားလုံးများကို ကြည့်ရှုနေကြသည် ဟူသော အချက်ပေါ်တွင် မှီခိုနိုင်သည်။

အပြာရောင် လျှပ်စီးကြောင်းများသည် ရွှေရောင်လက်သီးနှင့် စတင်ပေါင်းစပ်လာသည်။ တစ်ချိန်တည်းမှာပင် မူလအမှောင်ထုအား ရောယှက်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာ ပြောင်းလဲမှုအား ဖြစ်ပေါ်လာစေသည်။

ပုလဲဘုံကျောင်း၏ အပြင်ဘက်တွင် ဖန်တီးခြင်းခန်းမမှ ကိုယ်စားလှယ်များသည် သောက်တော်ရေခွက် တစ်ခွက်အား ရှာဖွေတွေ့ရှိ လိုက်ကြသည်။

သူတို့အားလုံးသည် ပီတိဝေဖြာကာဖြင့် ပြေးဝင်သွားကြသည်။

သောက်တော်ရေခွက်သည် ပေတစ်ရာကျော် အလျားရှိမည့် မီးတောက်စပါးအုံးကြီး၏ ဦးခေါင်းထက်တွင် ရှိနေလေသည်။ ယင်းသည် အလွန်အားကောင်းသည့် အော်ရာများ ဖော်ထုတ်ထားပြီး မြွေတို့၏ ဘုရင်သဖွယ်ရှိကာ လူသားသုံးယောက်အား အထင်အမြင်သေးစွာဖြင့် ကြည့်နေလေသည်။

ဤသန္ဓေပြောင်းသားရဲသည် လွန်စွာစွမ်းအား ကြီးလှသည်။

ဟွမ်ရှန့်၊ ဟုန်သိုနှင့် တုန်ယန်တို့သည် ခက်ခဲကြမ်းတမ်းမည့် တိုက်ပွဲအား ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။

ပုလဲဘုံကျောင်းသည် အနည်းငယ် တုန်ခါနေလေသည်။ သို့သော်လည်း ဟုန်သို၏ အာရုံမှာ အခြားသို့ရောက်ရှိနေသည်ကြောင့် ထိုအခြင်းအရာကို သတိပြုမိခြင်း မရှိချေ။

ဘုံကျောင်းအတွင်း၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်တစ်ခုသည် ပေါက်ကွဲသွားပြီး ဖြစ်သည်။

ဩဂတ်စ်သည် သူ၏လက်နှစ်ဖက်အား ဖြန့်လိုက်ပြီးနောက် လေးနက်သည့် အမူအရာဖြင့် တစ်စုံတစ်ခုအား ရွတ်ဆိုနေပုံရှိသည်။

သူ၏ နောက်ကျောဘက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာပြီးနောက် မြင့်မြတ်သည့် အလင်းတန်းများသည် လူတိုင်းအပေါ် လွှမ်းခြုံလာလေသည်။

ရွှေရောင် အလင်းတန်းသည် ဘုံကျောင်းအတွင်း၌ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခုသဖွယ် ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ ဘုံကျောင်း၏ ရေအကာအရံအား ပူပေါင်းတစ်ခုကဲ့သို့ ဖောင်းကြွလာစေပြီး ပြင်းထန်စွာ ဖိနှိပ်ထားလျက် ရှိသည်။

ခလွပ်

ဟုန်သိုသည် ပုံမှန်မဟုတ်သည့် အသံကို ကြားလိုက်ရသဖြင့် တုန်ယင်လာသည်။

ပုလဲဘုံကျောင်းအား ကြည့်လိုက်သည့်အခါ ဘုံကျောင်းသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲလျက်ရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထိုးထွက်လာနေသည်။

ဟုန်သိုသည် မျက်လုံးပြူးကာဖြင့် ဘုံကျောင်းအား ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအား ကိုင်ထားမိသည်ဟု ခံစားမိလိုက်သည်။

“ခေါင်းဆောင်ရေ ... ဘုံကျောင်းက တစ်ခုခု ဖြစ်နေပြီ”

အော်ဟစ်ကာဖြင့် ဘုံကျောင်းအား အာလူးပူပူသဖွယ် ဟွမ်ရှန့်ထံ ပစ်လိုက်လေသည်။

ဟွမ်ရှန့်သည် စပါးအုံးအား အပြည့်အဝအာရုံစိုက်နေခြင်း ဖြစ်သည့်အတွက် ဟုန်သိုထံသို့ လှည့်ကြည့်လိုက်သည့် အခါတွင် သူ့ထံသို့ ရောက်ရှိလာသည့် ပုလဲဘုံကျောင်းအား မြင်လိုက်ရသည်။

ဘုံကျောင်းတစ်ခုလုံးတွင် အက်ကွဲကြောင်းများ ပြည့်နေပြီး အဖျက်အဆီး စွမ်းအားများ ထိုးထွက်လာနေခြင်း ဖြစ်သည်။

“ဟုန်သို ခွေးမသား မင်းကိုသတ်မယ်”

ယင်းမှာ ဟွမ်ရှန့်၏ နောက်ဆုံးစကားများ ဖြစ်လေသည်။

ပုလဲဘုံကျောင်း ပေါက်ကွဲသွားလေပြီ။

ရွှေရောင် အလင်းတန်းများသည် ချိန်ကိုက်ဗုံး တစ်လုံးသဖွယ် ပေါက်ကွဲသွားပြီး ဘုံကျောင်းပတ်လည်ရှိ အရာအားလုံးကို ချေမွပစ်လိုက်သည်။

မြေပြင်တွင် ကြီးမားသည့် ချောက်ကမ်းပါးတစ်ခု ပေါ်လာပြီးနောက် မှိုတိမ်တိုက်ကြီးသည် လေထုထဲသို့ မြင့်တက်သွားလေသည်။

***

All Chapters