← Chapters

ယောင်ယောင်၏စွမ်းအင်

Vol. 53 Ch. 731

ယောင်ယောင်၏စွမ်းအင်

Vol. 53 Ch. 731

ဆန်းကြယ်သောနေရာငယ်၏ အပြင်ဖက်၌

ဖြစ်ပေါ်နေလျက်ရှိသော ပြင်းထန်လှသည့် တိုက်ပွဲများအားလုံး ချက်ချင်းဆိုသလို ရပ်တန့်သွားကာ လူအားလုံးမှ အံ့အားသင့်စွာဖြင့် ဆန်းကြယ်သောနေရာငယ်အား တစ်ပြိုင်နက်တည်း ကြည့်ရှုလိုက်ကြသည်။

မည်သူကမှ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

မြင့်မြတ်သောနန်းတော်၏ ခန်းဆောင်သခင်များအနက် အထူးချွန်ဆုံးဟု လူအများ သိရှိထားကြသည့် ထျန်းရှန်ခန်းဆောင်သခင်၏ ရင်းမြစ်အခြေတည် စွမ်းအင်ဗဟိုမှာ ဖျက်စီးခံလိုက်ရခြင်း ဖြစ်သည်။

လူတိုင်းမှာ ထိုအရာအား မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။

"ကလန်ခေါင်းဆောင် ချင်းယန်....သူမက ခင်ဗျားတို့ ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်မလား။ ဘယ်လိုလုပ် သူမက...." ဓားလမ်းစဉ်ကလန်၏ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းမှ ကူကယ်ရာမဲ့စွာဖြင့် ကလန်ခေါင်းဆောင် ချင်းယန်အားကြည့်ကာ မေးမြန်းလိုက်ကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ ခါးသက်သက်ပြုံးရင်းဖြင့် စကားဆိုလိုက်သည်။ "ဟုတ်တယ်။ သူမက ငါတို့ကန်ရွှမ်းကလန်ကပဲ။"

ကလန်ခေါင်းဆောင် ချင်းယန်မှာ ပထမဆုံး စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ယောင်ယောင်မှာ သာမန်သူတစ်ယောက် မဟုတ်ကြောင်း သိရှိနေခဲ့သည်။ သူမသည် စွမ်းအင်တစ်စုံတစ်ရာအား ဖုံးကွယ်ထားသည်ကို သိရှိနေခဲ့ပါသော်လည်း မည်သည့်စုံစမ်းဖော်ထုတ်မှုမှ မပြုလုပ်ခဲ့ပေ။ ကန်ရွှမ်းကလန်အား ထိခိုက်နစ်နာမှု မဖြစ်စေမချင်း သူမသည် ကလန်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ချင်းယန်မှ ယူတထားသည်။

ထို့ကြောင့် ယောင်ယောင်သည် မည်သည့်တောင်ထွတ်ကိုမှ ရွေးချယ်ခြင်းမပြုသည်ကို ကလန်ခေါင်းဆောင် ချင်းယန်မှ လက်ခံပေးခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယောင်ယောင်အား လျှော့တွက်ခဲ့မိပုံ ရသည်။

ယောင်ယောင့်ထံမှ ထွက်ပေါ်လာသော စွမ်းအင်များမှာ လောကကိုကြီးစိုးခြင်း အဆင့်ထက်ပင် အဆပေါင်းများစွာ သာလွန်နေလေသည်။

"ခင်ဗျားတို့ ကန်ရွှမ်းကလန်က တကယ်ထူးခြားတာပဲ။" ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြတ်သောအရှင် ကုကျင်းတို့မှ သက်ပြင်းချလိုက်ကြသည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များ လျှို့ဝှက်ထားခဲ့သော ယောင်ယောင်ဟူသည့် ဝှက်ဖဲမှာ ကြောက်စရာပင် ဖြစ်သည်။

ယခုဆိုလျှင် ကန်ရွှမ်းကလန်၏ အခြေအနေမှာ များစွာကောင်းမွန်သွားပြီ ဖြစ်သည်။ အစောပိုင်း၌ အကြိမ်ရေ အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက်တွင် နန်းဆောင်သခင် ရှမ့်ယွမ်မှာ ရွှေရည်စိမ် သူတော်စင်အဆင့်သာ ရှိသေးပါသော်လည်း ၎င်းတို့အားလုံးထက် တိုက်ပွဲစွမ်းရည် သာလွန်နေသည်ကို သိရှိခဲ့ရသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အားယူ၍ပြုံးလျက် သက်ပြင်းချလိုက်မိသည်။ ယောင်ယောင်သည် ကန်ရွှမ်းကလန်အား ကူညီပေးစရာ အကြောင်းမရှိပေ။

ယခင်တည်းက ယောင်ယောင်မှာ ကန်ရွှမ်းကလန်၏ အခြေအနေများကို အနည်းငယ်မျှပင် စိတ်ဝင်တစား မရှိခဲ့ဖူးချေ။ ဇူယွမ်ကြောင့်သာ မဟုတ်ပါက ကန်ရွှမ်းကလန်မှပင် ထွက်ခွာသွားလောက်ပြီ ဖြစ်သည်။

သို့သော် ယောင်ယောင်၏စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခြင်းက ကန်ရွှမ်းကလန်အား ကောင်းကျိုးများစွာ ရရှိစေသည်။

တစ်ဖက်တွင်မူ မြင့်မြတ်သောနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့မှာ အနည်းငယ် တွေဝေသွားကြရလေပြီ။

နန်းဆောင်သခင် ရှမ့်ယွမ်သည်ပင် အထူးတဆန်းဖြင့် ထိုဆန်းကြယ်သောမိန်းမငယ်လေးအား ကြည့်ရှုနေမိသည်။ ယင်းမိန်းမငယ်လေးထံမှ ထွက်ပေါ်လာသော စွမ်းအင်များသည် သူ့အား မဖော်ပြနိုင်သော ကြောက်ရွံ့မှုအား ပေးစွမ်းနေလျက် ရှိသည်။

"ဒီကောင်မလေးက ဘယ်သူလဲ။ အရင်တုန်းက ကန်ရွှမ်းကလန်မှာ ဒီလိုလူမျိုး ရှိတယ်လို့ မကြားဖူးပါဘူး။"

ကန်ရွှမ်းကလန်ကို မဆိုထားနှင့်၊ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးတွင်ပင် ထိုကဲ့သို့ အဆင့်မြင့်မားလွန်းသော ကျင့်ကြံသူတစ်ဦးရှိရန် မလွယ်ကူပေ။

သို့သော် ထိုသို့မဖြစ်နိုင်ဟု ထင်မှတ်ရသောအရာမှာ ၎င်းတို့ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်၌ နန်းဆောင်သခင် ရှမ့်ယွမ်သည်ပင် မည်သည်ကိုမှ မဆင်မခြင် မပြုလုပ်ရဲ ဖြစ်နေရသည်။

ဤသို့ဖြင့် မိုးကြိုးလျှပ်စီးကန် အပြင်ဖက်ရှိ ကြောက်မက်ဖွယ် တိုက်ပွဲများမှာ ကသိကအောက်ဖြစ်စရာ အခြေအနေနှင့် ရပ်တန့်သွားရလေသည်။

ဆန်းကြယ်သောနေရာငယ်အတွင်း၌

ယောင်ယောင်မှာ ခြေဗလာဖြင့် လေထုအတွင်း ပျံဝဲနေလျက် ရှိသည်။ သူမ၏ ရွှေရောင်ဆံနွယ်များမှာ လေညင်းများနှင့်အတူ ယိမ်းနွဲ့ကခုန်နေပြီး လှပရွှန်းစိုသော မျက်ဝန်းများမှာ ကြယ်ရောင်စုံသော သန်းခေါင်ယံညကဲ့သို့ တောက်ပလေးနက်နေလေသည်။

သူမ၏အမူအရာမှာ အေးစက်ခက်ထန်နေလျက် ရှိသည်။

လှေကားအဆုံးတွင် ရှိနေသော ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများအား သုတ်လိုက်သည်။ သူ၏ရင်ဘတ်တွင် ရှိနေသော ကြီးမားလှသည့် ဆုတ်ပြဲရာမှာ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားမှ ထွက်ပေါ်နေသော အသက်စွမ်းအင်များကြောင့် ဖြည်းညင်းစွာဖြင့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

သူသည် ယောင်ယောင်အားကြည့်ကာ တည်ငြိမ်စွာ ပြုံးလိုက်ရင်းဖြင့် တိုးညင်းစွာ စကားဆိုလိုက်သည်။ "အခု အဆင်ပြေသွားပြီလေ ယောင်ယောင်...အရင်ပုံစံ ပြန်ပြောင်းလိုက်ပါလား။"

လက်ရှိအချိန်တွင် ယောင်ယောင်မှာ အလွန်စွမ်းအားကြီးနေသောကြောင့် ဇူယွမ်မှာ နေရခက်နေရသည်။

ထို့အပြင် ဆရာသခင်ကန်းယွမ်သည် ယောင်ယောင်၏ ချိပ်စည်းအား ဖယ်ရှားခြင်း မပြုရန် အထပ်ထပ်အခါခါ သတိပေးခဲ့သည်။ ဆရာသခင်ကန်းယွမ်၏ လေးနက်လွန်းသော အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စသည် အရေးကြီးလိမ့်မည်မှာ မုချမလွဲပင်။

ဇူယွမ်၏အသံအား ကြားလိုက်ရသောအခါတွင် ယောင်ယောင်၏ မျက်ဝန်းများ၌ အတွေးစအချို့ ဖြတ်ပြေးသွားသည်။

သူမသည် ခေါင်းအားညင်သာစွာခါယမ်းလျက် ဇူယွမ်သာ ကြားနိုင်လောက်မည့်အသံဖြင့် ပြောလိုက်သည်။ "ဇူ...ဇူယွမ်...နင့်အတွက် ဒီပြဿနာတွေကို ငါဖြေရှင်းပေးမယ်။"

သူမသည် ဇူယွမ်အား လေးနက်စွာ ကြည့်ရှုလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဆန်းကြယ်သောနေရာငယ်အတွင်းမှထွက်၍ မိုးကြိုးလျှပ်စီးကန် အပြင်ဖက်သို့ သွားလိုက်သည်။

"ယောင်ယောင်.....မသွားပါနဲ့...." ဇူယွမ်မှာ စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်လေသည်။

သို့သော် သူ့အနေဖြင့် ယောင်ယောင်အား မည်သို့တားနိုင်ပါမည်နည်း။ ဇူယွမ်မှာ လှေကားထစ်များကို အားယူတက်လိုက်ပါသော်လည်း ရင်ဘတ်မှ နာကျင်မှုကြောင့် ဒူးထောက်ကျသွားရသည်။

"ဟာကွာ..."

ဇူယွမ်မှာ မျက်ဝန်းများ နီရဲလာရပြီးနောက် ဒေါသထွက်စွာဖြင့် မြေပြင်အား ထိုးနှက်လိုက်သည်။

သူ့ကြောင့်သာမဟုတ်လျှင် ယောင်ယောင်မှာ အကာအကွယ် ချိပ်စည်းအား ဖယ်ရှားရန် လိုအပ်ခဲ့မည် မဟုတ်။ ဤနေရာအား သူ့အနေဖြင့် လာကိုမလာခဲ့သင့်ပေ။

ယခုအခါတွင် ချိပ်စည်းပျက်ပြယ်သွားပြီဖြစ်သောကြောင့် မည်သည့်အကြောင်းအရာများ ဆက်လက်ဖြစ်ပေါ်လာမည်ကို မသိရှိနိုင်တော့ချေ။

"ဝူ...."

သားရဲငယ်လေးတစ်ကောင်မှ ဇူယွမ့်အနီးသို့လာကာ သေးငယ်သော လက်ကလေးဖြင့် ပုတ်လိုက်သည်။ ထိုသည်မှာ ထန်ထန်ပင် ဖြစ်သည်။

ထန်ထန်သည် အသံများထွက်လျက် ဇူယွမ်အား နှစ်သိမ့်ပေးနေဟန် ရှိသည်။

သို့သော် ထန်ထန်၏ မျက်ဝန်းများမှာလည်း ယောင်ယောင့်ကို စိုးရိမ်ပူပန်နေဟန် ရှိလေသည်။

ဇူယွမ်မှာ ထန်ထန်အားကြည့်ရှုလျက် အံကိုတင်းတင်း ကြိတ်လိုက်သောကြောင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများထပ်မံယိုစီးလာရသည်။ "ငါအရမ်းအားနည်းတဲ့အတွက် ငါ့ကိုယ်ငါ အပြစ်တင်မိတယ်။"

သူသာ လုံလောက်အောင် သန်မာခဲ့ပါက ယောင်ယောင်မှာ ချိပ်စည်းအား ပယ်ဖျက်စရာလိုမည်မဟုတ်။

ဇူယွမ်မှာ အားနည်းနေခြင်းအတွက် မိမိကိုယ်ကို အလွန်မုန်းတီးမိသည်။ နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် ခံစားခဲ့ရသော ပျော်ရွှင်မှုများသည် ယခုအခါ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယောင်ယောင်မှာ သူ့အား နှစ်ပေါင်းများစွာ ဂရုစိုက်ပေးခဲ့သည်။ သို့သော် သူ့အနေဖြင့် ယောင်ယောင့်အား ကာကွယ်ပေးနိုင်ခြင်း မရှိသည့်အပြင် သူမ၏ချိပ်စည်းကိုပင် ပျက်ပြယ်စေခဲ့သည်။

ဆရာသခင်ကန်းယွမ်နှင့်သာ ထပ်မံတွေ့ဆုံခဲ့ပါက သူ့အနေဖြင့် မည်သို့အကြောင်းပြချက် ပေးရပါမည်နည်း။

ဇူယွမ်မှာ ယခုအချိန်လောက် တစ်ခါမျှ ကြောက်မက်ဖွယ်စွမ်းအင်အား မတောင့်တခဲ့ဖူးပေ။

.........

ယောင်ယောင်မှာ မိုးကြိုးလျှပ်စီးကန် အပြင်ဖက်သို့ ဆင်းသက်လိုက်သည်။

မိုးကြိုးလျှပ်စီးကန်အတွင်း၌ မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်နှင့် တောင်ထွတ်ဆရာသခင်လင်ကျွမ်းတို့မှာ ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

၎င်းတို့နှစ်ဦးလုံးမှာ ပြူးကျယ်နေသော မျက်ဝန်းများဖြင့် ပျံဝဲရောက်ရှိလာသော ယောင်ယောင်အား ကြည့်ရှုလိုက်ကြလေသည်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ယောင်ယောင်အား အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးပါသော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယောင်ယောင်မှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်အား ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်မှာ မည်သည့်စကားမှပင်မဆိုပဲ ထွက်ပြေးတော့သည်။

ထျန်းရှန်ခန်းဆောင်သခင်သည်ပင် ယောင်ယောင့်ထံမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ထို့ကြောင့် မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်သည် မည်သည့်သတ္တိဖြင့် သူမအား တိုက်ခိုက်ရပါမည်နည်း....

ယောင်ယောင်မှာ မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်အား အနည်းငယ်မျှပင် အလေးမထားပဲ ကောင်းကင်သို့သာ ထိုးတက်သွားသည်။

စောင့်ကြည့်နေသော လူပေါင်းများစွာမှာ ထိတ်လန့်စွာဖြင့် သူမ၏ပုံရိပ်အား ကြည့်ရှုနေကြသည်။

ယောင်ယောင်၏ ဆုံးဖြတ်ချက်တစ်ခုနှင့်ပင် အရာအားလုံး ပြောင်းလဲသွားနိုင်ကြောင်း လူတိုင်းမှ သိရှိထားကြသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှ လေးနက်သောမျက်ဝန်းများဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်မလေး...မင်းနဲ့ငါ့ရဲ့ မြင့်မြတ်သောနန်းတော်က ဘာပြဿနာမှ မရှိဘူးလေ။ တကယ်လို့ ဇူယွမ်ကြောင့်ဆိုရင်တော့ အရင်တုန်းက ဖြစ်ခဲ့တာတွေအားလုံး ငါတို့ကြေအေးလိုက်လို့ရပါတယ်။"

စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ ထိုစကားကြောင့် အံ့အားသင့်သွားကြရသည်။ နန်းဆောင်သခင် ရှမ့်ယွမ်သည် အမြဲတစေ မောက်မာနေတက်သူ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ရိုရိုကျိုးကျိုး ပြောဆိုခြင်းကို မြင်တွေ့ရသည်မှာ အဆင်မပြေ ဖြစ်နေရသည်။ သူ၏ ယောင်ယောင်အား ပြောဆိုဆက်ဆံပုံကိုလည်း မယုံကြည်နိုင် ဖြစ်နေရလေသည်။

ယောင်ယောင်မှာ လေထုထဲတွင် ပျံဝဲနေလျက် လေညင်းများမှ သူမ၏ရွှေရောင်ဆံနွယ်များအား မျောလွင့်စေနေသောကြောင့် နတ်ဘုရားမတစ်ပါးအလား ကျက်သရေရှိနေသည်။ သူမသည် လေးနက်သော မျက်ဝန်းများဖြင့် နန်းဆောင်သခင် ရှမ့်ယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။

"နန်းဆောင်သခင် ရှမ့်ယွမ်သာ သေသွားရင်...."

"ဘာပြဿနာမှ ရှိမှာမဟုတ်တော့ပါဘူး..."

All Chapters