← Chapters

ကြောက်မက်ဖွယ်မူလမှော်စာလုံးစွမ်းအင်

Vol. 53 Ch. 732

ကြောက်မက်ဖွယ်မူလမှော်စာလုံးစွမ်းအင်

Vol. 53 Ch. 732

ယောင်ယောင်၏စကားကြောင့် နန်းဆောင်သခင် ရှမ့်ယွမ်၏ အမူအရာမှာ အေးခဲသွားရပြီး ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများမှာမူ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။

အသီးသီးသော အဆင့်မြင့်ကျင့်ကြံသူများ၏ အမူအရာမှာလည်း ပြောင်းလဲသွားရသည်။ အစောပိုင်း၌ မြင့်မြတ်သောနန်းတော်မှသာ အသာစီးရနေခြင်းဖြစ်ပြီး ဆန်းကြယ်သော မိန်းမငယ်တစ်ဦး ပေါ်ထွက်လာမှုကြောင့် အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ထိုမိန်းမငယ်လေးသည် မည်သည့်နေရာမှလာကာ မည်သို့သော စွမ်းအင်မျိုး ပိုင်ဆိုင်ထားသည်ကို မသိရှိရပါသော်လည်း နန်းဆောင်သခင် ရှမ့်ယွမ်အနေဖြင့် ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည်မှာ အမှန်ပင် ဖြစ်သည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှ အေးစက်စွာ ပြောလိုက်သည်။ "ကြည့်ရတာ မင်းကမြင့်မြတ်သောနန်းတော်ကို ဆန့်ကျင်ချင်တဲ့ပုံပဲ။"

သူသည် ယောင်ယောင်အား တစ်နည်းတစ်ဖုံ ကြောက်ရွံ့နေမိပါသော်လည်း ထိုသည်ကို ထုတ်ဖော်ပြသမည် မဟုတ်ပေ။

ယောင်ယောင်မှာ အနည်းငယ်မျှပင် အချိန်မဖြုန်းလိုဟန်ဖြင့် လက်ဖြောက်တစ်ချက်တီးကာ ကြယ်ရောင်စုံသော မြစ်တစ်စင်းကဲ့သို့ အလင်းတန်းများကို ထွက်ပေါ်စေလိုက်သည်။

စီးဆင်းနေသောမြစ်တစ်စင်းနှင့်ဆင်တူသည့် အလင်းတန်းအတွင်း ပါဝင်နေသော ကြယ်ပွင့်တစ်ခုစီသည် မူလမှော်စာလုံးတစ်ခုအား ကိုယ်စားပြုသည်။ ထိုမျှများပြားသော မူလမှော်စာလုံးများ စုပေါင်းစီးဆင်း နေခြင်းက များစွာသောသူများကို အံ့အားသင့်သွားစေသည်။

ဝုန်း....

ထို့နောက် ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပနေသော မူလမှော်စာလုံးများ ပါဝင်နေသည့် စီးဆင်းနေသောမြစ် အလင်းတန်းမှာ ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် နန်းဆောင်သခင် ရှမ့်ယွမ်ထံ ဦးတည်ပျံဝဲသွားသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ အနည်းငယ် တုန်လှုပ်သွားရသည်။ ထိုမျှသော မူလမှော်စာလုံးများကို တစ်စုတစ်ဝေး မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

မူလမှော်စာလုံး မြစ်အလင်းတန်းအတွင်း ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် နန်းဆောင်သခင် ရှမ့်ယွမ်မှာ တွေဝေမနေရဲပဲ ချက်ချင်းဆိုသလို အာခံတွင်းထဲမှ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများကို ထွက်ပေါ်စေလိုက်သည်။

ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ပေတစ်သောင်းကျော်မျှအထိ ပြန့်ကားသွားကာ ကောင်းကင်အား ဖုံးအုပ်ပစ်လိုက်သည်။

ကြီးမားလှသော အရိပ်ကြီးမှာ ကမ္ဘာမြေပြင်အား လွှမ်းခြုံထားလျက် ရှိသည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်သာ ကျတင်းလာပါက မဟူရာရေကန်ဒေသ တစ်ခုလုံးမှာ တစ်မုဟုတ်ချင်း ပျက်စီးပျောက်ကွယ်သွားနိုင်ပေသည်။

နန်းဆောင်သခင်၏ ကြီးမားလှသော ချီစွမ်းအင်လှိုင်းများ၌ များပြားလှသော စိန်ကဲ့သို့ အတုံးငယ်များ ပါဝင်နေသည်။ ထိုသည်မှာ အလွန်ကျစ်လစ်လွန်းသော ချီစွမ်းအင်များကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများသည်ပင် ထိုကဲ့သို့ စွမ်းအင်လှိုင်းမျိုးနှင့် တွေ့ဆုံခဲ့ရပါက မရဏလမ်းကို ဆင်မြန်းသွားရမည်ပင် ဖြစ်လေသည်။

ဝုန်း.....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မူလမှော်စာလုံး မြစ်အလင်းတန်းမှာ လေထုအား ဖြတ်သန်း၍ ကြောက်မက်ဖွယ် ချီစွမ်းအင်လှိုင်းနှင့် တိုက်ရိုက်တွေ့ဆုံသွားသည်။

ထိုအချိန်ကာလတွင် ကောင်းကင်ပင် ပြိုကျတော့မည်လားဟု ထင်မှတ်လိုက်ရ၏။

စိတ်ကူးနှင့်ပင် မှန်းဆမရနိုင်လောက်အောင် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသဖြင့် စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ အလျင်အမြန် နောက်သို့ဆုတ်သွားကြရသည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများသည်ပင် တိုက်ပွဲဖြစ်ရာနေရာနှင့် နီးနီးကပ်ကပ် မနေရဲကြပေ။

စွမ်းအင်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အဆက်မပြတ် ဝါးမြိုပြီးနောက်တွင်မှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားရလေသည်။

ကောင်းကင်ထက်တွင် ရှိနေသော နန်းဆောင်သခင် ရှမ့်ယွမ်၏ အမူအရာမှာ အေးစက်တောင့်တင်းသွားရသည်။ ရွှေရည်စိမ် သူတော်စင်အဆင့်၏ စွမ်းအင်အား ထုတ်ဖော်ခဲ့ပြီးနောက် ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများသည်ပင် သူ၏ဖိနှိပ်မှုအား ခံခဲ့ရသည်။

ယခုတွင်မူ ယောင်ယောင်မှာ သူ့ထက်အသာစီးရနေလေသည်။

"ဘာလို့ ငါ့ကို ဖိအားပေးရတာလဲ..." နန်းဆောင်သခင် ရှမ့်ယွမ်မှ ဒေါသများကိုဖိနှိပ်ကာ ပြောလိုက်သည်။ "ငါကမင်းကို ကြောက်မယ်ထင်နေလား။"

ယောင်ယောင်၏ လှပသော မျက်နှာလေးမှာ တည်ငြိမ်နေလျက်သာ ရှိသည်။ သူမ၏ လက်နှစ်ဖက်အား အတူတကွ ချိတိဆက်ကာ ရွှေရောင်အလင်းတန်းများကို ထွက်ပေါ်စေလိုက်သည်။

ထိုရွှေရောင်အလင်းတန်းများမှာ ဖြည်းညင်းစွာ စုဝေးသွားပြီးနောက် ဆန်းကြယ်သော မူလမှော်စာလုံးတစ်ခုအသွင် ဖြစ်ပေါ်လာလေသည်။

ယင်းမူလမှော်စာလုံးမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယောင်ယောင်မှာ လက်နှစ်ဖက်ဖြင့် ပုံစံတစ်ခုအား ရေးဆွဲလိုက်ပြီးနောက် ကြီးမားလှသော မူလမှော်စာလုံးကြီးမှာ အသွင်တစ်ခုအဖြစ် စတင်ပြောင်းလဲလာတော့သည်။

"ဝေါင်း...."

မူလမှော်စာလုံးမှာ စုစည်းကျစ်လစ်လာပြီးနောက် ထူးခြားဆန်းကြယ်သော မူလသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုမူလသားရဲမှာ အလွန်ကြီးမားလှပြီး လှပသော ရွှေရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။ ကြေးခွံတစ်ခုချင်းစီတိုင်းသည် မူလမှော်စာလုံးများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် ၎င်းသားရဲသည် မူလမှော်စာလုံးများဖြင့် ဖန်တီးထားသော မူလမှော်စာလုံး သားရဲတစ်ကောင်ပင် ဖြစ်သည်။

ထိုသားရဲ၏ အသွင်သဏ္ဍာန်သည် ထန်ထန်၏ တိုက်ခိုက်ရေးပုံစံနှင့် လွန်စွာဆင်တူနေသည်။

သို့သော် မူလမှော်စာလုံးများမှတဆင့် ယောင်ယောင် ဖန်တီးလိုက်သော ထန်ထန်မှာ မူလထန်ထန်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။

များစွာသောသူများမှာ ယောင်ယောင်၏ မူလမှော်စာလုံး ကျွမ်းကျင်မှုအပေါ် အံ့အားတကြီး ဖြစ်ကုန်ရသည်။

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့မှ အသိအမှတ်ပြုစကားဆိုလိုက်သည်။ "မူလမှော်စာလုံး ကျွမ်းကျင်မှုက တကယ်ကို ချီးကျူးလောက်တာပဲ။"

"ဝေါင်း...."

မူလမှော်စာလုံးသားရဲမှာ ကျယ်လောင်စွာ ဟိန်းဟောက်လျက် ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထွက်ပေါ်စေလိုက်သည်။

ထို့နောက် မူလမှော်စာလုံးသားရဲသည် လေဟာနယ်အား ခုန်ကျော်လျက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် နန်းဆောင်သခင် ရှန့်ယွမ်ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ ကြီးမားလှသော လက်သည်းများမှာ ပြင်းထန်လှသော အဖျက်စွမ်းအင်များကို သယ်ဆောင်ထားလျက် ရှိသည်။ လေထုအား ကုပ်ခြစ်လိုက်သောအခါတွင် လေဟာနယ်များ ဆုတ်ပြဲကုန်ရကာ အပေါက်ငယ်များ ဖြစ်ပေါ်ကုန်ရလေသည်။

ထိုလေဟာနယ်အပေါက်များသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအား ဖြစ်ပေါ်စေလျက် ရှိသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ လေးနက်ခက်ထန်သော အမူအရာဖြင့် ငွေရောင်လောကသစ်အား ထွက်ပေါ်စေလိုက်သည်။

ဝုန်း....

မူလမှော်စာလုံးသားရဲမှာ လောကသစ်အား ကုပ်ဆွဲလိုက်သောကြောင့် လေထုသည်ပင် ပြင်းထန်စွာ တုန်ခါသွားရသည်။ ကုပ်ခြစ်ရာများ ဖြစ်ပေါ်လာပြီးနောက် လောကသစ်အပြင်ဖက်စွန်းရှိ နံရံများမှာ ပြင်းထန်စွာ ပေါက်ကွဲကုန်ရသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ အဝေးသို့ လွင့်စင်သွားရသည်။

သူသည် လွင့်စင်သွားရချိန်တွင် များစွာသော လေဟာနယ်များကို ဖြစ်ပေါ်သွားစေသည်။

ဝေါင်း.....

တိုက်ခိုက်မှု အောင်မြင်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ၌ မူလမှော်စာလုံးသားရဲမှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ပုံရိပ်များစွာအဖြစ် ပြောင်းလဲကာ ငွေရောင်လောကသစ်အား ဝင်တိုက်တော့သည်။

ဘန်း....ဘန်း....ဘန်း....

ကျယ်လောင်လှသောအသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

လူများစွာမှာ အက်ကွဲလာသော လေဟာနယ်အား ကြောက်ရွံ့စွာဖြင့် ကြည့်ရှုနေမိကြသည်။ တိုက်ခိုက်မှု တစ်ချက်ချင်းစီတိုင်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

ထို့အပြင် စောင့်ကြည့်နေသူများကို ပို၍ခေါင်းကိုက်စေသည်မှာ မူလမှော်စာလုံးသားရဲသည် နန်းဆောင်သခင်ရှန့်ယွမ်အား သဲအိတ်တစ်ခုကဲ့သို့ အဆက်မပြတ် တိုက်ခိုက်နေခြင်းပင်။

နန်းဆောင်သခင် ရှန့်ယွမ်၏ ငွေရောင်လောကသစ်မှာ ပြင်းထန်စွာ တုန်ခါလာရသည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများ ပူးပေါင်းတိုက်ခိုက်နေစဉ်ကပင် နန်းဆောင်သခင် ရှန့်ယွမ်အား ထိုသို့အခြေအနေရောက်အောင် မလုပ်နိုင်ခဲ့ပေ။

"ဝေါင်း...."

မူလမှော်စာလုံးသားရဲ၏ လက်သည်းခွံများထံမှ တလက်လက် တောက်ပနေသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်း၏ လက်သည်းခွံများအကြားတွင် ရွှေရောင်အရည်များ စီးဆင်းနေဟန် ရှိသည်။ အဆင့်မြင့်ကျင့်ကြံသူများကသာ ယင်းရွှေရောင်အရည်များသည် မူလမှော်စာလုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သတိထားမိနိုင်ပေသည်။

ရွှပ်.....

မူလမှော်စာလုံးသားရဲမှာ ကျယ်လောင်စွာ ဟိန်းဟောက်လျက် လက်သည်းများဖြင့် ငွေရောင်လောကသစ်အား ကုပ်ခြစ်နေလျက် ရှိသည်။

ရွှစ်.....

နားမခံသာသော ကုပ်ဆွဲသံရှည်ကြီးတစ်ချက် ထွက်ပေါ်လာသည်။

စောင့်ကြည့်နေသူများမှာ မူလမှော်စာလုံးသားရဲသည် ငွေရောင်လောကသစ်အား ကုပ်ဖြဲလျက် နန်းဆောင်သခင် ရှမ့်ယွမ်၏ခန္ဓာကိုယ်အား ခြစ်ကုပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဘန်း.....

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ချက်ချင်းဆိုသလို ထိခိုက်ဒဏ်ရာ ရရှိသွားရသည်။

သို့သော် အဝေးတစ်နေရာမှ လေဟာနယ် ဆုတ်ပြဲသွားကာ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုသည်မှာ ခက်ထန်သော အမူအရာဖြင့် ရှိနေသည့် နန်းဆောင်သခင် ရှန့်ယွမ်ပင် ဖြစ်သည်။

ရွှေရည်စိမ် သူတော်စင်အဆင့် ရှိသူတစ်ဦးအား တိုက်ခိုက်ရန်မှာ မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ နန်းဆောင်သခင် ရှန့်ယွမ်မှာ အသာစီးရသော အခြေအနေတွင် ရှိမနေကြောင်း သိသာနေပေသည်။

ယောင်ယောင်မှာ သူမ၏ ကြောက်မက်ဖွယ်စွမ်းအင်အား မှော်စာလုံးများဖြင့် သားရဲတစ်ကောင် ဖန်တီးကာ ပြသခဲ့သည်။

ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပါသော်လည်း လူတိုင်းမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်တော့မည်ဟု ခံစားနေရသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ ပါးစပ်ကိုဟကာ အာခံတွင်းထဲမှ အဖြူနှင့်အမည်း အလင်းရောင်များ ပေါင်းစပ်ထားသော အလင်းတန်းတစ်ခုကို ထွက်ပေါ်စေလိုက်သည်။

ထိုအလင်းတန်းမှာ နန်းဆောင်သခင် ရှမ့်ယွမ်၏လက်ပေါ်သို့ ရောက်ရှိလာလေသည်။

၎င်းမှာ ရှေးဟောင်းစာလိပ်တစ်ခု ဖြစ်သည်။

ယင်းရှေးဟောင်းစာလိပ် ပေါ်ထွက်လာသောအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး မှောင်ရိပ်ကျသွားသည်ဟုပင် ထင်မှတ်ရသည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

"ဒါ...ဒါက...."

"မြင့်မြတ်သောနန်းတော်ရဲ့ ရတနာ ကွပ်မျက်ခြင်းပန်းချီကားလား...."

All Chapters