← Chapters

ကွပ်မျက်ခြင်းပန်းချီကား

Vol. 53 Ch. 733

ကွပ်မျက်ခြင်းပန်းချီကား

Vol. 53 Ch. 733

နန်းဆောင်သခင် ရှန့်ယွမ်၏လက်ထဲ၌ အဖြူနှင့်အမည်း ရောင်စဉ်များ ထွက်ပေါ်နေသော ရှေးဟောင်းစာလိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ ပေါ်ထွက်လာမှုကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ အရောင်အဝါများ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရကာ လေထုအတွင်းရှိ ချီစွမ်းအင်များပင် ဆူပွက်ကုန်ရသည်။

အဆင့်မြင့်ကျင့်ကြံသူများမှာ နန်းဆောင်သခင် ရှန့်ယွမ်၏လက်ထဲမှ စာလိပ်အား မြင်တွေ့လိုက်ရပြီးနောက် မျက်ဝန်းများ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ကြီးစိုးလာရသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် မြင့်မြတ်သောနန်းတော်၏ ရတနာတစ်ခုဖြစ်ကြောင်း အားလုံးမှ သိရှိထားကြသောကြောင့် ဖြစ်သည်။

ကွပ်မျက်ခြင်းပန်းချီကား

ကွပ်မျက်ခြင်းပန်းချီကားသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးခဲ့ရသော အဓိက အကြောင်းအရင်းထဲမှ တစ်ခုဖြစ်သည်။ ထိုအချက်နှင့်ပင် ၎င်းပန်းချီကားသည် မည်မျှအစွမ်းထက်သော လက်နက်တစ်ခုဖြစ်သည်ကို သိရှိနိုင်လေသည်။

ယင်းပန်းချီကားသည် မြင့်မြတ်သောနန်းတော်၏ အကောင်းဆုံး ရတနာတစ်ခုဖြစ်ပြီး အရေးတကြီး လိုအပ်ခြင်း မရှိပါက နန်းဆောင်သခင် ရှန့်ယွမ်မှ အသုံးပြုခြင်း မရှိပေ။ ယခုထုတ်ယူလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူသည် ယောင်ယောင်အား မည်မျှပင် ကြောက်ရွံ့နေကြောင်း သိရှိနိုင်ပေသည်။

"ဝေါင်း....."

မူလမှော်စာလုံးသားရဲမှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူသည် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် နန်းဆောင်သခင် ရှန့်ယွမ်အား ခုန်အုပ်လိုက်၏။

နန်းဆောင်သခင် ရှန့်ယွမ်၏ အမူအရာမှာ ခက်ထန်နေပါသော်လည်း အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပဲ ကွပ်မျက်ခြင်းပန်းချီကား စာလိပ်ကိုသာ ဖြည်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ယင်းပန်းချီကားအတွင်းမှ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများနှင့်အတူ အဖြူနှင့်အမည်း ရောင်စဉ်များ ထွက်ပေါ်လာလေသည်။

"ဝမ်....."

ကွပ်မျက်ခြင်းပန်းချီကားအတွင်းမှ အဖြူနှင့်အမည်း ရောင်စဉ်များမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

၎င်းအဖြူနှင့်အမည်း ရောင်စဉ်များသည် ယင်းယန်အမှတ်အသား အသွင်အဖြစ် ပြောင်းလဲသွားပြီးနောက် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ဝှစ်....

ယင်းယန်အလင်းတန်းများမှာ မူလမှော်စာလုံးထံ ပျံဝဲသွားပြီးနောက် သားရဲကိုယ်ပေါ်ရှိ မူလမှော်စာလုံးများအား အရည်ပျော်ကျသွားစေသည်။

ဤသို့ဖြင့် မျက်စိတမှိတ်စာမျှ အချိန်အတွင်းမှာပင် မူလမှော်စာလုံးသားရဲတစ်ကောင်လုံးမှာ ပျော်ကျပျောက်ကွယ်သွားရသည်။

ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် အံ့အားသင့်သော အာမေဋိတ်သံများ အသီးသီး ထွက်ပေါ်လာရသည်။ မူလမှော်စာလုံးသားရဲသည် အစောပိုင်း၌ နန်းဆောင်သခင် ရှန့်ယွမ်ကိုပင် လွှမ်းမိုးနိုင်ခဲ့၏။

နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိုမျှအစွမ်းထက်သော မူလမှော်စာလုံးသားရဲအား ကွပ်မျက်ခြင်းပန်းချီကားဖြင့် တစ်ချက်တည်း ဖျက်စီးပစ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

သူတော်စင်ရတနာ၏စွမ်းအင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ စိုးရိမ်ပူပန်ကုန်ကြရသည်။

"မင်းက မူလမှော်စာလုံးပညာရပ်မှာ အရမ်းထူးချွန်တာကို ငါဝန်ခံပါတယ်။" နန်းဆောင်သခင် ရှန့်ယွမ်မှာ ကွပ်မျက်ခြင်းပန်းချီကားအား ဆုပ်ကိုင်ထားရင်းဖြင့် ယောင်ယောင်အား အေးစက်စွာကြည့်ကာ ပြောလိုက်သည်။

"ဒါပေမယ့် ကန်ရွှမ်းတောင် မနိုင်ခဲ့တာကို မင်းကဘာလုပ်နိုင်မှာတဲ့လဲ။"

နန်းဆောင်သခင် ရှန့်ယွမ်၏ ကွပ်မျက်ခြင်းပန်းချီကားမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ပေထောင်ကျော်မျှအထိ ပြန့်ကားသွားသည်။ ရင်းမြစ်အခြေတည် အဆင့်ရှိသည့် ကျင့်ကြံသူများမှာ ပန်းချီကားအား ကြည့်ရှုနေရင်းဖြင့် ၎င်းတို့ချီပင်လယ်အတွင်းမှ ရင်းမြစ်အခြေတည်စွမ်းအင်ဗဟိုများ တုန်ခါလာသကဲ့သို့ ခံစားနေရသည်။ ၎င်းတို့မှာ လျင်မြန်စွာဖြင့် နောက်သို့ဆုတ်လိုက်ပြီးနောက် ချီစွမ်းအင်များကို လည်ပတ်စေကာ စွမ်းအင်ဖိအားများကို ခုခံလိုက်ကြရသည်။

"ကွပ်မျက်ခြင်းပန်းချီကား.....ယင်းယန်ချိတ်ဆက်မှု..."

ကွပ်မျက်ခြင်းပန်းချီကားမှာ ကောင်းကင်ထက်၌ အကြိမ်ပေါင်းများစွာ လည်ပတ်သွားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံးပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားရပြီဟု ထင်မှတ်ရလေသည်။ ယင်းယန်အလင်းတန်းများမှာ စကြာဝဠာကြီး တစ်ခုလုံး နောက်ပြန်လည်ပတ်နေသကဲ့သို့ စီးဆင်းနေလျက် ရှိသည်။

ယောင်ယောင်မှာ သူမ၏မြင်ကွင်းအတွင်းရှိ ပတ်ဝန်းကျင်သည် အဖြူနှင့်အမည်း အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

အခြားကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသည်ဟုပင် ထင်မှတ်ရသည်။

အပြင်ကမ္ဘာ၌

စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှ ကွပ်မျက်ခြင်းပန်းချီကားပေါ်တွင် ပုံရိပ်အသစ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုသည်မှာ ယောင်ယောင်ပင် ဖြစ်သည်။

သူမသည် ကွပ်မျက်ခြင်းပန်းချီကားအတွင်း ပိတ်မိသွားရပြီ ဖြစ်လေသည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကွပ်မျက်ခြင်းပန်းချီကားအတွင်း ပိတ်မိသွားသော မည်သည့်သက်ရှိမဆို တိုတောင်းလှသော အချိန်အတွင်းမှာပင် ယင်းယန်ချီစွမ်းအင်များ၏ သတ်ဖြတ်မှုအား ခံယူရလိမ့်မည်ပင်။

"မြန်မြန်သူမကို ကူညီရအောင်။"

ကလန်ခေါင်းဆောင် ချင်းယန်မှ လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

နန်းဆောင်သခင် ရှန့်ယွမ်သာ ယောင်ယောင်အား သတ်ဖြတ်ပစ်ခဲ့ပါက ၎င်းတို့အတွက် ကောင်းလိမ့်မည်မဟုတ်ပေ။

ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြတ်သောအရှင် ကုကျင်းတို့မှ ကလန်ခေါင်းဆောင် ချင်းယန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်းတို့သုံးဦးမှ တိုက်ကွက်များကို ပူးပေါင်းထုတ်ဖော်လိုက်ကြသည်။

သို့သော် နန်းဆောင်သခင် ရှန့်ယွမ်မှာ ဂရုပင်မစိုက်ပဲ အေးစက်စက်သာ ပြုံးလိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် ပုံစံတစ်ခုအား ရေးဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် ကွပ်မျက်ခြင်းပန်းချီကားအတွင်းမှ ရောင်စဉ်တန်းသုံးခု ထွက်ပေါ်လာကာ ကလန်ခေါင်းဆောင် ချင်းယန်တို့သုံးဦးထံ ပျံသန်းသွားသည်။

ယင်းယန်အလင်းတန်းသုံးခုမှာ ကျစ်လစ်သန်မာဟန် မရှိပါသော်လည်း ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများအား နောက်ဆုတ်သွားစေသည်။

၎င်းတို့အားလုံးမှာ ကွပ်မျက်ခြင်းပန်းချီကား၏ ယင်းယန်စွမ်းအင်များမှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနေသောကြောင့် ဖြစ်သည်။ လောကကိုကြီးစိုးခြင်း အဆင့်သို့ ရောက်ရှိထားသူပင်ဖြစ်ပါစေ ကွပ်မျက်ခြင်းပန်းချီကား၏ စွမ်းအင်အလင်းတန်းလေးတစ်ခုမှ ဖျက်စီးပစ်လိုက်နိုင်ပေသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဦးခေါင်းထက်မှ အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထိုမှုန်ပျပျအလင်းရောင်များအတွင်း ကျောက်တုံးတံဆိပ်ပြားတစ်ခု ရှိနေလေသည်။ ထိုတံဆိပ်ပြားမှာ ဆန်းကြယ်စွာဖြင့် လင်းလက်တောက်ပနေပြီး တောင်တန်းများနှင့် သမုဒ္ဒရာများကို အလိုရှိသလို ကြီးစိုးနိုင်မည့်ဟန် ရှိသည်။

ထိုသည်မှာ ကန်ရွှမ်းကလန်၏ မူလရတနာ ကန်ရွှန်းတံဆိပ်ပြားငယ် ဖြစ်သည်။

၎င်းသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုယ်တိုင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား တုပကာ ဖန်တီးထားသော သူတော်စင်ရတနာတစ်ခု ဖြစ်လေသည်။

ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်မှာ အာခံတွင်းထဲမှ အမည်မသိ သတ္ထုအမျိုးအစားဖြင့် ပြုလုပ်ထားသော ဓားတစ်ချောင်းအား ထွက်ပေါ်စေလိုက်သည်။ ယင်းဓားသည် လက်ကိုင်မပါရှိပဲ ကြိုးထုံးကိုးခုဖြင့် ချိတ်ဆွဲထားလျက် ရှိသည်။ ထိုဓားပေါ်ထွက်လာသောအချိန်တွင် ပတ်ဝန်းကျင်ရှိ လေထုမှာ ထက်ရှလွန်းသော ဓားချီများကြောင့် ဆုတ်ပြဲကုန်ရသည်။

၎င်းမှာ ဓားလမ်းစဉ်ကလန်၏ သူတော်စင်ရတနာ ကိုးဝိဉာဉ်ဓား ဖြစ်သည်။

မြတ်သောအရှင် ကုကင်းထံမှ အရာဝတ္ထုတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်မှာ ရှေးဟောင်းစာလုံးများ ရေးထွင်းထားလျက်ရှိသော သေးငယ်သည့် ရွှေရောင်လင်းပိုင်လေးတစ်ကောင်ပင်။

ယင်းသည် မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ သူတော်စင်ရတနာဖြစ်သည့် ကောင်းကင်လင်းပိုင်တံဆိပ်တော် ဖြစ်သည်။

၎င်းတို့သုံးဦးမှာ ကလန်အသီးသီး၏ သူတော်စင်ရတနာများအား ထုတ်ဖော်လျက် ပတ်ဝန်းကျင် တစ်ခွင်လုံးအား ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရတနာများအား ကြည့်ရှုလိုက်ကြသည်။ အင်အားကြီးကလန်ကြီး ခြောက်ခုမှ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း နှစ်ပေါင်းများစွာတိုင် ထိပ်သီးအဆင့်၌ ရပ်တည်နိုင်ခဲ့ခြင်းမှာ အခြေခံကောင်းမွန်သော ဖွဲ့စည်းတည်ဆောက်မှုပုံစံကြောင့်ပင် ဖြစ်သည်။ ထိုသူတော်စင်ရတနာများသည်လည်း ဖွဲ့စည်းတည်ဆောက်မှုပုံစံအတွင်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပေသည်။

ဝုန်း.....

သူတော်စင်ရတနာသုံးခုမှာ အတူတကွ ချိတ်ဆက်သွားပြီးနောက် ယင်းယန်အလင်းတန်းများထံ ပျံဝဲကာ တွေ့ဆုံသွားကြသည်။ ကောင်းကင်တစ်ခုလုံးမှာ ပြိုကျတော့မတက် ကြမ်းတမ်းစွာ ခါယမ်းသွားရလေသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ အလေးပင်မထားဟန်ဖြင့် ကလန်ခေါင်းဆောင် ချင်းယန်တို့သုံးဦးအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ၎င်းတို့မှာ သူတော်စင်ရတနာများ ပိုင်ဆိုင်ထားကြပါသော်လည်း ကျင့်ကြံခြင်းအဆင့်အရ စွမ်းအင်ကွာခြားချက်မှာ ကြီးမားနေဆဲပင်။

သူသည် ရွှေရေည်စိမ် သူတော်စင်အဆင့်သို့ ရောက်ရှိထားပြီးသူ ဖြစ်သည်။

ယခုအခြေအနေအရ သူ့အတွက် အကြီးမားဆုံး ရန်သူမှာ ယောင်ယောင်ဟုခေါ်သော ဆန်းကြယ်လှသည့် မိန်းမငယ်လေးပင်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ သူမထံမှ ပြင်းထန်ထူးခြားလှသော စွမ်းအင်လှိုင်းများကို အာရုံခံမိနေသည်။ ထို့အပြင် မပြောပြနိုင်သော စိတ်ခံစားချက်အရ သူမသည် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းထက်ပင် အန္တရာယ်ရှိလိမ့်မည်ဟု ခံစားနေရလေသည်။

"သူမက ဘယ်ကလာတာလဲ။"

နန်းဆောင်သခင် ရှန့်ယွမ်မှာ မယုံကြည်နိုင် ဖြစ်နေရသည်။ သူမကဲ့သို့သော တည်ရှိမှုမျိုးသည် ကန်ရွှမ်းကောင်းကင်ဒေသကို မဆိုထားနှင့် ထျန်းယွမ်ကမ္ဘာကြီး တစ်ခုလုံးတွင်ပင် မသိသူမရှိနိုင်လောက်သော အနေအထားမျိုး ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် သူမအား မည်သူကမှ မသိရှိကြပါသနည်း။

"ကိစ္စမရှိပါဘူး။ မင်းကဘယ်ကပဲဖြစ်ဖြစ် ဒီနေ့ ငါကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ယူမယ့်ကိစ္စကနေ ဘယ်သူကမှ မတားနိုင်စေရဘူး။"

နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ သူသည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိလိုက်သည်နှင့် အစစ်အမှန် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက သူသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင် ဖြစ်လာမည်ဖြစ်ပြီး ထျန်းယွမ်ကမ္ဘာကြီး၏ ထိပ်သီးအဆင့်ဝင် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်ပင် ဖြစ်လေသည်။

ထို့ကြောင့် ယနေ့တွင် ယောင်ယောင်အား ရအောင်သတ်ဖြတ်၍ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုအရယူရမည်ပင်။

သူသည် သတ်ဖြန်လိုစိတ်များ အလွန်များပြားလာပြီးနောက် တွေဝေမနေတော့ပဲ လက်နှစ်ဖက်အား အတူတကွ ချိတိဆက်ပုံဖော်လိုက်သည်။

ဝုန်း....

ကွပ်မျက်ခြင်းပန်းချီကားထံမှ ကျယ်လောင်လှသောအသံများ ထွက်ပေါ်လာသည်။ စောင့်ကြည့်နေသောသူများမှ ပန်းချီကားအတွင်း စီးဆင်းနေသော ယင်းယန်ရောင်စဉ်များ ပေါင်းစည်းသွားကာ ယင်းယန်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ကြရသည်။

ထိုယင်းယန်နဂါး၏ မျက်ဝန်းများသည် တစ်ဖက်ကအဖြူ တစ်ဖက်ကအမည်း ဖြစ်နေပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေလေသည်။

"ဝေါင်း....."

ယင်းယန်နဂါးကြီးမှ ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။ ၎င်းသည် အဖြူနှင့်အမည်း ရောင်စဉ်တန်းများအတွင်း ပိတ်မိနေသော ယောင်ယောင်အား စူးစိုက်ကြည့်ရှုလိုက်၏။ ထို့နောက် ယင်း၏အသက်ရှူခြင်းများသည် ယင်းယန်စွမ်းအင်များ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်ပေါ်ကာ ယောင်ယောင့်ထံ ပျံဝဲသွားသည်။ ယင်းယန်နဂါး၏ အဖျက်စွမ်းအင်များ ပါဝင်နေသော နှာမှုတ်သံသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် အရည်ပျော်ကျစေလိမ့်မည်ဟု ထင်မှတ်ရသည်။

"ကန်ရွှမ်းလည်း ငါ့ရဲ့ယင်းယန်နဂါး အသက်ရှူခြင်းကြောင့် ဒဏ်ရာရခဲ့တာပဲ။"

"အဲ့ဒါကြောင့် မင်းလည်းနာကျင်ရမယ်။"

နန်းဆောင်သခင် ရှန့်ယွမ်သည် ယောင်ယောင်အား ကြည့်ရှုနေရင်းဖြင့် ရက်စက်ကြမ်းကြုတ်စွာ စကားဆိုလိုက်လေတော့သတည်း.....

All Chapters