← Chapters

သူတော်စင်နှလုံးသား

Vol. 53 Ch. 734

သူတော်စင်နှလုံးသား

Vol. 53 Ch. 734

"ဝေါင်း...."

ယင်းယန်နဂါး အသက်ရှူခြင်းမှာ မယုံကြည်နိုင်လောက်သောအရှိန်ဖြင့် ကျဆင်းလာနေလျက် ရှိသည်။ လောကကိုကြီးစိုးခြင်း အဆင့်ရှိသူသည်ပင် ယင်းယန်နဂါး အသက်ရှူခြင်းနှင့် ထိတွေ့မိပါက နတ္ထိဗလာအဖြစ် ပြောင်းလဲသွားရမည်ဖြစ်ပြီး သူတော်စင်ရတနာ၏ အကာအကွယ်ရှိမှသာ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ယင်းယန်နဂါး၏ အသက်ရှူခြင်းအောက်တွင် ယောင်ယောင်မှာ အချိန်မရွေး ပျက်စီးပျောက်ကွယ်သွားတော့မည့် မိန်းမငယ်လေးတစ်ဦးအလား ရှိနေသည်။

စောင့်ကြည့်နေသူများမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအားခါယမ်းလိုက်ကြသည်။

အကြည့်များစွာ၏အောက်၌ပင် ယောင်ယောင်မှာ ကြော့ရှင်းသော လည်တိုင်လေးအားမော့လျက် သူမထံ ပျံဝဲလာနေသော ယင်းယန်နဂါးကြီးအား ကြည့်ရှုလိုက်သည်။

ထို့နောက် သူမ၏ လက်ဝါးထက်မှ ဆန်းကြယ်သော ရွှေရောင်အရည်များ ထွက်ပေါ်လာလေသည်။ ယင်းရွှေရောင်အရည်များမှာ ဖြည်းညင်းစွာ စုစည်းသွားပြီးနောက် ကောင်းကင်နှင့်မြေကြီး စတင်မွေးဖွားစဉ်တည်းက ရှိခဲ့သည်ဟု ထင်မှတ်ရလောက်သော မူလမှော်စာလုံး စုတ်တံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယောင်ယောင်သည် စုတ်တံအား ဆွဲကိုင်ထားလျက် လေထုထက်တွင် စုတ်ချက်အချို့ ရေးခြစ်လိုက်သည်။

ရွှေရောင်အလင်းတန်း တစ်ခုမှာ ပါးလွှာသော လေထုအတွင်း ပေါ်ထွက်လာလေသည်။

ထိုအလင်းတန်းမှာ ကောင်းကင်နှင့်မြေကြီးအကြား စည်းချက်မိနေဟန် ရှိသည်။

ဤသို့ဖြင့် ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများမှာ ယောင်ယောင်၏ရှေ့တွင် စုဝေးသွားပြီးနောက် ရှေးဟောင်းမူလမှော်စာလုံးတစ်ခုအသွင် ဖြစ်ပေါ်သွားသည်။ ထိုစာလုံးအား မည်သူကမှ မမြင်ဖူးပါသော်လည်း ကြည့်ရှုလိုက်မိသောအခါတွင် နှလုံးသားအတွင်း၌ အဓိပ္ပါယ်တစ်ခု ထွက်ပေါ်လာလေသည်။

"ဖိနှိပ်ခြင်း..."

များပြားလှသော အဆင့်မြင့်ကျင့်ကြံသူများမှာ မှော်စာလုံးအား အဝေးမှ လေ့လာသုံးသပ်နေလျက် ရှိသည်။ မူလမှော်စာလုံး ပညာရပ်အား လေ့လာလိုက်စားသော အဆင့်မြင့်ကျင့်ကြံသူများ၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သော မူလမှော်စာလုံးမျိုးသည် မည်မျှပင် ထူးခြားဆန်းကြယ်လှကြောင်း ၎င်းတို့မှ အခြားသူများထက် ပိုမိုသိရှိနေသောကြောင့် ဖြစ်သည်။

ကမ္ဘာကြီးနှင့် ချိတ်ဆက်မှု အလွန်အားကောင်းသောသူမျိုးမှသာ ထိုကဲ့သို့ မူလမှော်စာလုံးအား ရေးဆွဲနိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ယင်းမှော်စာလုံးသည် အခြားသော မူလမှော်စာလုံးများနှင့် ကွဲပြားနေကြောင်း အားလုံးမှ ခံစားမိကြသည်။

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့မှ မှော်စာလုံးအားကြည့်ကာ ပြောလိုက်သည်။ "ဒါပုံမှန် မူလမှော်စာလုံးမျိုး မဟုတ်ဘူး။ အဲ့စာလုံးထဲမှာ အရမ်းထူးခြားတဲ့ ချီစွမ်းအင် ပညာရပ်တွေ ပါနေတယ်။"

"သူမက ချီစွမ်းအင်ပညာနဲ့ မူလမှော်စာလုံးပညာကို ပြီးပြည့်စုံအောင် ပေါင်းစည်းထားတာပဲ။"

"စုတ်ချက်တိုင်းက မူလမှော်စာလုံး ပညာရပ်အပြင် ချီစွမ်းအင် ပညာရပ်တွေပါ ပါနေတယ်။ အဲ့ပညာရပ်နှစ်ခုကို စည်းချက်ညီညီ ပေါင်းစည်းလိုက်တော့ စွမ်းအင်တွေက မှန်းမရလောက်အောင် ဖြစ်လာမှာပဲ။"

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့သည် ယခုအခါတွင် နောင်တမရှိပဲ သေဆုံးနိုင်ပြီပင် ဖြစ်သည်။ သူ၏ဘဝတလျှောက်လုံး မူလမှော်စာလုံး ပညာရပ်နှင့်ပက်သတ်၍ ထိုကဲ့သို့ ကျွမ်ကျင်မှုမျိုးကို မမြင်တွေ့ခဲ့ဖူးပေ။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ တပည့်တစ်ဦးဖြစ်သော သူကိုယ်တိုင်သည်ပင် ဆရာသခင်ကန်ရွှမ်းသည် မူလမှော်စာလုံး ပညာရပ်၌ ယောင်ယောင်အား ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု ခံစားနေမိသည်။

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ယောင်ယောင်မှာ သူမ၏စုတ်တံအား အရှေ့သို့ ထိုးစိုက်လိုက်သည်။ ကြီးမားလှသော ရွှေရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ယင်းယန်နဂါး အသက်ရှူခြင်းနှင့် တွေ့ဆုံသွားတော့သည်။

ဝုန်း.....

ကျယ်လောင်လှသော တုန်ခါသံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ရွှေရောင်စွမ်းအင်လှိုင်း ဖြတ်သန်းသွားရာတလျှောက် ယင်းယန်နဂါးမှာ အေးခဲတောင့်တင်းသွားရကာ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားရသည်။

အံ့အားသင့်သော အာမေဋိတ်သံများ အလျှိုအလျှို ထွက်ပေါ်လာလေသည်။

မည်သူကမှ နန်းဆောင်သခင် ရှန့်ယွမ်၏ ကွပ်မျက်ခြင်းပန်းချီကားမှာ ဖိနှိပ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

နန်းဆောင်သခင် ရှန့်ယွမ်မှာ မယုံကြည်နိုင်စွာဖြင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသကဲ့သို့ သတ်ဖြတ်လိုစိတ်များလည်း ပိုမိုတိုးပွားလာရသည်။

ယောင်ယောင်ကိုသာ မသတ်နိုင်ခဲ့ပါက သူသည် ငြိမ်းချမ်းစွာ အိပ်စက်နိုင်တော့မည်ပင် မဟုတ်ပေ။

"ဝမ်...."

နန်းဆောင်သခင် ရှန့်ယွမ်မှ နှလုံးသားအတွင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာစဉ်မှာပင် ကွပ်မျက်ခြင်းပန်းချီကားမှာ တသိမ့်သိမ့် တုန်ခါလာလေသည်။ ရှန့်ယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် ယောင်ယောင်မှာ မှော်စာလုံးစုတ်တံအား ဝေ့ယမ်းနေလျက်ရှိပြီး ရွှေရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ရွှေရောင်အလင်းတန်းမှာ အရပ်မျက်နှာအစုံသို့ ဖြာထွက်ပြန့်ကားနေလျက် ရှိသည်။

ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း ပြန့်ကားလာသည်နှင့်အမျှ ကွပ်မျက်ခြင်းပန်းချီကားမှာ ပိုမိုတုန်ခါလာရပြီး ယင်းယန်စွမ်းအင်များလည်း အားနည်းလာရသည်။

နန်းဆောင်သခင် ရှန့်ယွမ်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် မျက်ဝန်းများမှာ ကြောက်ရွံ့မှုများ ကြီးစိုးလာသည်။ ယောင်ယောင်သည် ကွပ်မျက်ခြင်းပန်းချီကားအား ဖျက်စီးနေခြင်းဖြစ်ကြောင်း သဘောပေါက်မိသွားသည်။

ရွှေရောင်အလင်းတန်း တစ်ခုချင်းစီသည် ကွပ်မျက်ခြင်းပန်းချီကား၏ ဗဟိုချက်ထံ ဦးတည်နေပြီး ပြင်းထန်စွာ တုန်ခါစေခြင်းဖြင့် ပန်းချီကားအား ဖြည်းညင်းစွာ ဆုတ်ပြဲလာစေသည်။

သူတော်စင်ရတနာတိုင်းသည် ပြီးပြည့်စုံသော ဖွဲ့စည်းတည်ဆောက်မှုဖြင့် ဖန်တီးထားပြီး နှိုင်းယှဉ်မရလောက်သော စွမ်းအင်များ ပါဝင်နေခြင်း ဖြစ်သည်။ သူတော်စင်ရတနာအား မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ စွမ်းအင်သက်သက်ဖြင့် လွှမ်းမိုးခဲ့သည်ကို နန်းဆောင်သခင် ရှန့်ယွမ်အနေဖြင့် နားလည်နိုင်ပေသည်။

သို့သော် ယောင်ယောင် ပြုလုပ်နေသော အရာမျိုးကို သူ့အနေဖြင့် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

ယောင်ယောင်ဆိုတဲ့ ကောင်မလေး....အဲ့လောက်ထူးခြားတဲ့ ကောင်မလေးက ဘယ်ကလာတာလဲ...

ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများမှာလည်း မြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အံ့အားသင့်နေရသည်။ ၎င်းတို့သည် ယောင်ယောင်၏ရည်ရွယ်ချက်အား နားလည်သွားပြီပင် ဖြစ်သည်။

"ဒီနည်းလမ်းက တကယ်ရိုးရှင်းပြီး ခမ်းနားတာပဲ။" ၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ပြုံးကာပြောလိုက်သည်။

ကလန်ခေါင်းဆောင်တို့မှာ လက်ရှိအခြေအနေများအား ကျေနပ်အားရနေကြသည်။ ယောင်ယောင်သာ ကွပ်မျက်ခြင်းပန်းချီကားကို ဖျက်စီးနိုင်ခဲ့ပါက မြင့်မြတ်သောနန်းတော်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်သွားမည်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန်လည်း အလွန်ကြိုးစားကြရလိမ့်မည် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက နန်းဆောင်သခင် ရှန့်ယွမ်လည်း အားနည်းသွားပေလိမ့်မည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာလည်း ထိုအချက်အား သိရှိထားသည်။ ထို့ကြောင့် သူသည် ယောင်ယောင်အား ဝါးမြိုစားသောက်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် နန်းဆောင်သခင် ရှန့်ယွမ်ကဲ့သို့သော လူမျိုးသည်ပင် ဆောက်တည်ရာမရ ဖြစ်နေရသည်။

သို့သော် အဆုံးတွင်မူ သူသည် အသက်ပြင်းပြင်းရှူထုတ်လျက် စိတ်ခံစားချက်များကို ပြန်လည်တည်ငြိမ်စေလိုက်သည်။ နန်းဆောင်သခင် ရှန့်ယွမ်အနေဖြင့် ယောင်ယောင်အား လွတ်မြောက်ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် သူမအား ထပ်မံချုပ်နှောင်ထားရန်မှာ အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

အကယ်၍ ထိုသို့ဖြစ်လာပါက ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ ဝင်ရောက်တိုက်ခိုက်ကြလိမ့်မည်ဖြစ်သောကြောင့် သူ့အနေဖြင့် အသာစီးရရန် မဖြစ်နိုင်တော့ပေ။

နန်းဆောင်သခင် ရှန့်ယွမ်မှာ အလွန်တုန်ခါနေသော ကွပ်မျက်ခြင်းပန်းချီကားအား မည်သည့်စကားမှမဆိုပဲ ကြည့်ရှုနေပြီးနောက် မျက်ဝန်းများ၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ကြီးစိုးလာရသည်။

သူသည် လက်အားဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ လေပြေလေညှင်း၏ အသံများပင် တိတ်ဆိတ်သွားသည်ဟု ထင်မှတ်ရလျက် မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု ၎င်း၏လက်ဝါးထက်မှ ဖြာထွက်လာလေသည်။

ဒုတ်...ဒုတ်...ဒုတ်....

ကောင်းကင်နှင့်မြေပြင်အကြား စည်းချက်ညီသော အသံတစ်ခု ထွက်ပေါ်လာသည်။

စောင့်ကြည့်နေသူများမှာ နန်းဆောင်သခင် ရှန့်ယွမ်၏ လက်ဝါးထက်တွင် ရွှေရောင်နှလုံးသားတစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ထိုရွှေရောင်နှလုံးသားသည် စည်းချက်ညီညီ ကခုန်နေပြီး ချီစွမ်းအင်များလည်း ယင်း၏ပတ်လည်တွင် လည်ပတ်နေလျက် ရှိသည်။

"အဲ့ဒါဘာလဲ....ရွှေရောင်နှလုံးသားလား..." စောင့်ကြည့်နေသူများမှာ စိတ်လှုပ်ရှားသွားကြသည်။

အဝေးမှ ကြည့်ရှုနေသော ကလန်ခေါင်းဆောင် ချင်းယန်မှာ ရွှေရောင်နှလုံးသားထံမှ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်များ ရရှိနေမိသည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် သူ၏မျက်ဝန်းများ နီရဲလာရကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရှန့်ယွမ်....သူခိုးကောင်..."

နန်းဆောင်သခင် ရှန့်ယွမ်မှာ အလေးပင်မထားဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းများ ကွေးနေအောင်ပြုံးကာ မထီမဲ့မြင် စကားဆိုလိုက်သည်။ "ကြည့်ရတာ မှတ်မိသွားပြီနဲ့တူတယ်။ ဟုတ်တယ်...ဒါက ကန်ရွှမ်းရဲ့ သူတော်စင်နှလုံးသားပဲ။"

"ဟာ...."

စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြရသည်။

နန်းဆောင်သခင် ရှန့်ယွမ်သည် ရွှေရောင်နှလုံးသားအား စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။ ၎င်း၏ ရွှေရောင်မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းစာလုံးများ စီးဆင်းနေပြီး အသက်စွမ်းအင်များအားလုံးနှင့် နက်ရှိုင်းစွာ ချိတ်ဆက်နေသည်ဟု ထင်မှတ်ရသည်။

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း သတ်ဖြတ်ခံခဲ့စဉ်က ၎င်းတို့မှာ သူ၏သူတော်စင်နှလုံးသားအား ထုတ်ယူ၍ သန့်စင်ကာ နန်းဆောင်သခင် ရှန့်ယွမ်အတွက် ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သည်။

သူတော်စင်နှလုံးသားသည် ထူးခြားသော ရတနာတစ်ခုဖြစ်ပြီး ထိုအရာကြောင့်ပင် နန်းဆောင်သခင် ရှန့်ယွမ်မှာ ရွှေရည်စိမ် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူတော်စင်နှလုံးသားကိုသာ ထပ်မံသန့်စင်၍ ဝါးမြိုသိမ်းဆည်းနိုင်ခဲ့ပါက သူ့အနေဖြင့် အစစ်အမှန် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

သို့သော် ထိုသို့အဆင့်တက်ခြင်းသည် အမှန်တကယ်မဟုတ်ပဲ ယာယီကာလတိုအတွက်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် နန်းဆောင်သခင် ရှန့်ယွမ်အနေဖြင့် အထူးတလည် အရေးကြီးသော ကိစ္စမရှိမခြင်း ထိုနည်းလမ်းအား အသုံးပြုမည်မဟုတ်ပေ။

"ဘာပဲဖြစ်ဖြစ် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုရတာနဲ့ ငါက အစစ်အမှန် သူတော်စင်အဆင့်ကို ရောက်မှာပဲ။ အဲ့အခါကြရင် သူတော်စင်နှလုံးသားကို အားကိုးနေစရာ မလိုတော့ဘူး။" သူသည် မည်သည့်ရွေးချယ်မှု ပြုလုပ်ရမည်ကို ကောင်းစွာသိရှိထားသည်။

ယနေ့တွင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မရရှိနိုင်ခဲ့ပါက နှစ်ပေါင်းများစွာ ကြံစည်လာရသော သူ၏အစီအစဉ်များအားလုံး ပျက်စီးသွားရမည် ဖြစ်သည့်အပြင် ဤကဲ့သို့ အခွင့်အရေးမျိုးမှာလည်း နှစ်ခါရနိုင်လိမ့်မည် မဟုတ်။

ထို့ကြောင့် နန်းဆောင်သခင် ရှန့်ယွမ်သည် အနည်းငယ်မျှပင် တွေဝေမနေတော့ပဲ အံကိုကြိတ်ကာ ရွှေရောင်နှလုံးသားအား အစိပ်စိပ်အမွှာမွှာ ကွဲကြေစေလိုက်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သူသည် ရွှေရောင်နှလုံးသားအတွင်းမှ ထွက်ပေါ်လာသော အလင်းတန်းများအားလုံးကို ဝါးမြိုလိုက်လေတော့သတည်း.....

All Chapters