စတုတ္ထမြောက်သူတော်စင်မှော်စာလုံး
Vol. 53 Ch. 735
ရွှေရောင်နှလုံးသားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ်၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ သူသည် တည်ငြိမ်စွာဖြင့် မျက်ဝန်းများကို ပိတ်ထားလျက် ရှိသည်။
လေထုအတွင်း စီးဆင်းနေသော ချီစွမ်းအင်များသည်ပင် ထိုအချိန်၌ ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရသည်။
အချိန်နှင့် စကြာဝဠာများအားလုံး အေးခဲသွားသည့်အတိုင်းပင်။
စောင့်ကြည့်နေသောသူများမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုနေကြသည်။ နန်းဆောင်သခင် ရှန့်ယွမ်ထံမှ စကားနှင့်ပင် ဖော်ပြမရနိုင်သော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများ ထွက်ပေါ်လာလျက် ရှိသည်။
ကမ္ဘာမြေပြင်တစ်ခုလုံးမှာ သူ၏စွမ်းအင်အောက်တွင် တုန်ခါနေရသကဲ့သို့ ဖြစ်နေရသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ ဦးခေါင်းထက်တွင် ရွှေရောင်အလင်းမျှင်တစ်ခု ပေါ်ထွက်လာပြီးနောက် လောင်ကျွမ်းနေသော ရွှေရောင်မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမီးလျှံသည် ဖြည်းညင်းစွာဖြင့် ရွှေရောင်ကြာပန်းတစ်ခုအသွင် ဖြစ်ပေါ်သွားလေသည်။
"သူတော်စင်မီးလျှံကြာပန်း..."
စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကြောက်ရွံ့လွန်းသဖြင့် မေးများပင် ရိုက်ကုန်ကြရသည်။ အစစ်အမှန် သူတော်စင်အဆင့် ရှိသူများကသာ သူတော်စင်မီးတောက်အား ပြီးပြည့်စုံသော သူတော်စင်မီးလျှံကြာပန်းအဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
ရွှေရောင်မီးလျှံကြာပွင့်မှာ ပြီးပြည့်စုံသော ပုံသဏ္ဍာန် ဖြစ်ပေါ်လာကာ လှပစွာဖြင့် ဖူးပွင့်လာသည်။
အဆုံးမဲ့သော ရွှေရောင်အလင်းတန်းများမှာ ရွှေရောင်ကြာပန်းထံမှ ထွက်ပေါ်လာပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ်အား ရစ်ပတ်ကာ အကာအကွယ်လွှာတစ်ခု ဖြစ်ပေါ်သွားစေသည်။
သူတော်စင်နှလုံးသားအား ဝါးမြိုခဲ့ပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ်မှာ အစစ်အမှန် သူတော်စင်အဆင့်သို့ ခေတ္တတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် မျက်ဝန်းများကိုဖွင့်လျက် လောင်ကျွမ်းနေသော ရွှေရောင်ကြာပန်းအား ကြည့်ရှုလိုက်သည်။ လက်ရှိအချိန်၌ သူ၏အရှိန်အဝါမှာ အလွန်ခန့်ထည်နေပြီး အမတဘုံမှ ဆင်းသက်လာသူတစ်ဦးကဲ့သို့ ကျက်သရေများဖြင့် ပြည့်စုံနေလျက် ရှိသည်။
ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်း ကူကယ်ရာမဲ့စွာ ဖြစ်နေရသည်။
နန်းဆောင်သခင် ရှန့်ယွမ်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကို ခံစားမိသောကြောင့် ၎င်းတို့၏ အမူအရာများမှာ ဖြူရော်နေရသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။
"စွမ်းအင်ကန့်သတ်ခြင်း..."
ထိုစကားသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအားလုံး တိတ်ဆိတ်စွာဖြင့် ပျောက်ကွယ်သွားသည်ကို အားလုံးမှ ခံစားလိုက်မိသည်။ ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည်ပင် ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် ပါးလျလာလေသည်။
ဒုန်း....ဒုန်း....
ပုံရိပ်အချို့မှာ အတောင်ကျိုးနေသော ငှက်များအလား ကောင်းကင်ထက်မှ ပြုတ်ကျကုန်ရသည်။
ပတ်ဝန်းကျင် တစ်ခွင်ရှိ ချီစွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်ကုန်ရသည်။
လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများသည်ပင် ခက်ခဲစွာ တောင့်ခံနေရ၏။
ထိုသည်မှာ အစစ်အမှန် သူတော်စင်အဆင့်၏ စွမ်းအင်ပင် ဖြစ်သည်။ စကားတစ်ခွန်း ဆိုလိုက်ရုံမျှဖြင့် ထိုအရာမှာ အမှန်ဖြစ်လာမည်ပင်။ အမိန့်တစ်ခုဖြင့်ပင် ပတ်ဝန်းကျင် တစ်ခွင်ရှိ ချီစွမ်းအင်များအား ဖျောက်ဖျက်ပစ်နိုင်ပေသည်။
အဆင့်မြင့်ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်ထက်မှ ပြုတ်ကျကုန်ရပြီး ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြတ်သောအရှင် ကုကျင်းတို့လောက်သာ ကျန်ရစ်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ထံ၌ အစစ်အမှန် သူတော်စင်အဆင့်နှင့်ညီမျှသော သူတော်စင်ရတနာများ ရှိနေသောကြောင့် ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်သည် ၎င်းတို့အား အလေးပင်မထားဟန်ဖြင့် တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ထက်တွင် ရှိနေသော ကွပ်မျက်ခြင်းပန်းချီကားအား ကြည့်ရှုလိုက်သည်။ သူသည် ပန်းချီကားအတွင်းရှိ လှပသော ပုံရိပ်လေးအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာဖြင့် ပြုံးလိုက်သည်။
"ဒီတစ်ခါရော မင်းဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။"
နန်းဆောင်သခင် ရှန့်ယွမ်မှ လက်တစ်ဖက်အားမြှောက်လျက် စွမ်းအင်များကို ထွက်ပေါ်စေကာ ပြင်းထန်စွာ တုန်ခါနေသော ကွပ်မျက်ခြင်းပန်းချီကားအား ပြန်လည်တည်ငြိမ်စေလိုက်သည်။ ထို့နောက် ကွပ်မျက်ခြင်းပန်းချီကားအတွင်းမှ အဆုံးအစမဲ့သော ယင်းယန်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။
ယင်းယန်စွမ်းအင်လှိုင်းများမှာ ယောင်ယောင်ရေးဆွဲထားသော ရွှေရောင်အလင်းတန်းများအား ဝါးမြိုပစ်လိုက်သည်။
တဖြည်းဖြည်းနှင့် ရွှေရောင်အလင်းတန်းများ မှေးမှိန်လာရကာ အရပ်မျက်နှာအားလုံးတွင် ယင်းယန်စွမ်းအင်လှိုင်းများ ကြီးစိုးလာလေသည်။
ဝုန်း....
ယင်းယန်စွမ်းအင်လှိုင်းများထံမှ ယင်းယန်လျှပ်စီးများ ထွက်ပေါ်လာကာ ယောင်ယောင့်ထံသို့ အမျက်ဒေါသထွက်နေသော နဂါးတစ်ကောင်အလား ဦးတည်ပျံဝဲသွားသည်။
ယင်းယန်လျှပ်စီးသည် သူတော်စင်မီးလျှံကြာပန်းနှင့် ပေါင်းစည်းထားသောကြောင့် ၎င်း၏စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်နေလေသည်။
နန်းဆောင်သခင် ရှန့်ယွမ်သည် ယာယီအဖြစ် သူတော်စင်အဆင့်သို့ ရောက်ရှိနေသောလည်း သူ၏စွမ်းအင်များမှာ အစစ်အမှန်သူတော်စင်တစ်ဦးကဲ့သို့ပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေလျက် ရှိသည်။
ယောင်ယောင်မှာ မူလမှော်စာလုံး စုတ်တံအား လှုပ်ခါလျက် အသင်္ချေမျှသော မှော်စာလုံးများကို ထွက်ပေါ်စေကာ ရွှေရောင်အလင်းပြင်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။ သို့သော် ရွှေရောင်အလင်းပြင်မှာ ယင်းယန်လျှပ်စီး၏ ဝင်တိုက်မှုဒဏ်အား ခံနိုင်ရည်မရှိပဲ ပြင်းထန်စွာ ခါယမ်းနေရသည်။
ယောင်ယောင်မှ မည်မျှပင် မူလမှော်စာလုံးစုတ်တံအား ရေးခြစ်နေပါစေ ယင်ယန်လျှပ်စီးများမှာ အနားသို့ ဆက်လက်ချည်းကပ်လာသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှ သူတော်စင်နှလုံးသားအား ဝါးမြိုခဲ့ပြီးနောက် အခြေအနေများမှာ ပြောင်းလဲသွားသည်ဟု ဆိုနိုင်ပေသည်။
ကလန်ခေါင်းဆောင် ချင်းယန်မှာ စိုးရိမ်ပူပန်သွားရသည်။ ယောင်ယောင်သာ ဖိနှိပ်ခံခဲ့ရပါက နန်းဆောင်သခင် ရှန့်ယွမ်အား တားဆီးနိုင်မည့်သူ မရှိတော့ပေ။
"ဘယ်ဟာက မင်းအတွက်ကောင်းလဲဆိုတာ မင်းအခုထိ မသိသေးဘူးပဲ။ ငါမင်းကို ဖိနှိပ်ပြီးရင် ဟိုကောင်စုတ်လေးရော ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကပါ မင်းနဲ့လိုက်ပြီး မရဏလမ်းမှာ အဖော်ပြုပေးကြလိမ့်မယ်။" နန်းဆောင်သခင် ရှန့်ယွမ်မှာ ကွပ်မျက်ခြင်းပန်းချီကားအတွင်းမှ ထွက်ပေါ်နေသော ယင်းယန်လျှပ်စီးများကိုကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ယောင်ယောင်မှ ယခုအခြေအနေအထိ သူ့အားဖိအားပေးနိုင်ခဲ့သည်ကို ရှန့်ယွမ်အနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
ကွပ်မျက်ခြင်းပန်းချီကားအတွင်း၌
ယောင်ယောင်မှာ မူလမှော်စာလုံးစုတ်တံဖြင့် စုတ်ချက်များ ရေးခြစ်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်သည်။ သူမသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကွပ်မျက်ခြင်းပန်းချီကားအားကျော်ဖြတ်ကာ နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုလိုက်သည်။
သူမ၏မျက်ဝန်းများမှာ ရှန့်ယွမ်အား 'တကယ်သေချင်နေပြီလား' ဟု မေးနေသကဲ့သို့ ရှိသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ယောင်ယောင်၏အကြည့်များ နောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားလည်နေပါသော်လည်း ခေါင်းကိုခါယမ်းကာ ပြုံးလိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။"
သူသည် ထိုသည်အား အရေးမပါသော ခြိမ်းခြောက်မှုဟုသာ မှတ်ယူလိုက်သည်။ ယခုအခါတွင် နန်းဆောင်သခင် ရှန့်ယွမ်မှာ အစစ်အမှန် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။ ယောင်ယောင်မှာ မည်သို့သူ့အား တိုက်ခိုက်နိုင်ပါမည်နည်း။
ယောင်ယောင်မှာ ရုတ်ချည်းဆိုသလို ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။ အချိန်အနည်းငယ်မျှကြာအောင် ဇူယွမ်အား ငေးမောကြည့်ရှုနေပြီးသည့်နောက်တွင် သူမသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် မျက်ဝန်းများအား ဖြည်းညင်းစွာ ပိတ်လိုက်တော့သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားမှ ကွဲအက်နေသော ချိပ်စည်းမှာ ပိုမိုအက်ကွဲသွားရသည်။
ချိပ်စည်းတဝိုက်ရှိ အက်ကွဲရာမှာ ပိုမိုကျယ်ပြန့်လာသည်။
ဝုန်း.....
ယောင်ယောင်၏ခန္ဓာကိုယ်မှ များပြားလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရွှေရောင်အလင်းပြင်နှင့် ပေါင်းစည်းသွားသည်။ ယင်းယန်လျှပ်စီးမှ ရွှေရောင်အလင်းပြင်အား မည်မျှပင် တိုက်ခိုက်ပါစေ အနည်းငယ်မျှပင် အားနည်းမသွားတော့ပေ။
ထို့အပြင် ရွှေရောင်အလင်းပြင်သည် ဖြည်းညင်းစွာဖြင့် ပိုမိုပြန့်ကားလာသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ မြင်ကွင်းကြောင့် ကျိန်ဆဲမိမတက် အံ့အားသင့်နေရသည်။
ဘာလဲဟ....
သူသည် သူတော်စင်နှလုံးသားအား မြိုချလိုက်ပြီဖြစ်သောကြောင့် သူတော်စင်တစ်ဦး၏ စွမ်းအင်အား ရရှိပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထိုသည်ကိုပင် မျက်စိတမှိတ်စာမျှသော အချိန်အတွင်း ယောင်ယောင်မှသူ့အား ပြန်လည်ဖိနှိပ်နိုင်ခဲ့သည်။
သူမရဲ့စွမ်းအင်တွေက ဘယ်ကထွက်ထွက်လာတာလဲ....
ဒီကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား....
နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာ ခက်ထန်လာရပြီးနောက် ဆန်းကြယ်သောနေရာငယ်အတွင်းသို့ ဆင်းသက်သွားရန် ပြင်ဆင်လိုက်သည်။ ယောင်ယောင် ပိတ်မိနေစဉ်အတွင်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရယူနိုင်မှ ဖြစ်လိမ့်မည်။
ဝုန်း....
ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြတ်သောအရှင် ကုကျင်းတို့မှ ၎င်းတို့၏ သူတော်စင်ရတနာများအား အသက်သွင်းလျက် အဖျက်စွမ်းအင်များကို ထွက်ပေါ်စေလိုက်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူသည် ကလန်ခေါင်းဆောင်တို့သုံးဦးအား ကြောက်ရွံ့ခြင်း မရှိပါသော်လည်း ၎င်းတို့၏ သူတော်စင်ရတနာများကို သတိထားရမည်ပင် ဖြစ်သည်။ သူသည် အင်္ကျီလက်မောင်းအိုးအား ခါယမ်းလျက် သူတော်စင်မီးလျှံကြာပန်းအား ရွှေရောင်မီးလျှံနဂါး သုံးကောင်အဖြစ် ပြောင်းလဲကာ ကလန်ခေါင်းဆောင် ချင်းယန်တို့သုံးဦးထံ ပစ်လွှတ်လိုက်သည်။
ဝုန်း....
ပြင်းထန်လှသော တိုက်ပွဲအခြေအနေကြောင့် လေထုမှာ ဆုတ်ပြဲနေရပြီး စွမ်းအင်လှိုင်းဂယက်များလည်း အဆက်မပြတ် ထွက်ပေါ်နေရသည်။ သို့သော် ကလန်ခေါင်းဆောင် ချင်းယန်တို့မှာ သူတော်စင်ရတနာမျာ၏ စွမ်းအင်ကြောင့် ကောင်းမွန်စွာ ခုခံတိုက်ခိုက်နေနိုင်ပေသည်။
ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ဇူယွမ်မှာ အပြင်ဖက်ရှိ အခြေအနေများကို ကြည့်ရှုနေရင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာရသည်။ သူ၏မျက်ဝန်းများမှာ စိုးရိမ်ပူပန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ သူသည် ယောင်ယောင်၏စွမ်းအင်များ ကြီးမားလာခြင်းကို ခံစားနေမိပါသော်လည်း ပို၍စိတ်အဆင်မပြေ ဖြစ်လာရသည်။
အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်၏စွမ်းအင် ကြီးမားလာသည်နှင့်အမျှ သူမ၏ချိပ်စည်းမှာ ပိုမိုအားနည်းလာကြောင်း သိရှိနေသောကြောင့် ဖြစ်သည်။
ယောင်ယောင်ရဲ့ချိပ်စည်း အကုန်ပျက်သွားရင် ဘာတွေဖြစ်လာမှာလဲ....
"ဟာကွာ...."
ဇူယွမ်မှာ အံကိုတင်းတင်း ကြိတ်ထားလိုက်မိသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာလည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ယူဆောင်ရန်အတွက် သူ့ထံသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ နန်းဆောင်သခင် ရှန့်ယွမ်အား သူ့အနေဖြင့် မည်သို့မျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်။
ဇူယွမ်မှာ စိုးရိမ်ပူပန်မှုများဖြင့် ဆောက်တည်ရာမရ ဖြစ်နေစဉ်မှာပင် စကားသံတစ်ခုအား တိုးညင်းစွာ ကြားလိုက်ရသည်။ "ဇူယွမ်....အဲ့သူခိုးကောင်က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုယူဖို့ လာနေပြန်ပြီ။ သူရောက်မလာခင် သူတော်စင်တံဆိပ်ပြားကို မြန်မြန်အသက်သွင်းလိုက်။"
"ဆရာသခင်က ပြင်ဆင်မှုတချို့ လုပ်ထားခဲ့တယ်။"
ဇူယွမ်မှာ ထိုစကားအား ကြားလိုက်ရသောအခါ၌ စိတ်ရှုပ်ထွေးစွာဖြင့် အော်ဟစ်လိုက်သည်။ "အဖိုးရွှမ်..."
ထိုအသံမှာ အဖိုးရွှမ်၏အသံပင် ဖြစ်သည်။
"ကျွန်တော် ဒါကိုဘယ်လို အသက်သွင်းရမလဲ။" ဇူယွမ်မှ အလောတကြီး မေးမြန်းလိုက်သည်။
"သူတော်စင်မှော်စာလုံးတွေရဲ့ စွမ်းအင်နဲ့လုပ်ရမှာ။"
ရွှမ်အဖိုးအိုသည် သူ့ထံ၌ သူတော်စင်မှော်စာလုံးများ ရှိနေသည်ကို သိရှိနေသောကြောင့် ဇူယွမ်မှ အံ့သြသွားရသည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် အသေးစိတ် အချက်အလက်များအား မေးမြန်းနေရန် မဖြစ်နိုင်ပါချေ။ သူသည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ရှေ့သို့ အလျင်အမြန် ပြေးသွားလိုက်သည်။
အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူ၏မျက်ဝန်းအတွင်းမှ အနက်ဖော်သူတော်စင်မှော်စာလုံး၊ လက်ဝါးအတွင်းမှ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးနှင့် ချီပင်လယ်အတွင်းမှ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးတို့အား စတင်ပေါင်းစည်းလိုက်သည်။
သူတော်စင်မှော်စာလုံးသုံးခုမှာ စုစည်းသွားပြီးနောက် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအတွင်း ဝင်ရောက်သွားတော့သည်။
ဝုန်း....
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံမှ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်ကာ တုန်ခါလာလေသည်။
အပြင်ဖက်ကမ္ဘာ၌
နန်းဆောင်သခင် ရှန့်ယွမ်မှာ ဆန်းကြယ်သောနေရာငယ်အား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ အေးစက်လာရသည်။ "ဒီကောင်လေးဆီမှာ သူတော်စင်မှော်စာလုံးတွေ ရှိနေတာလား။ ကန်ရွှမ်း အဲ့ဒါမင်းစီစဉ်ထားတာလား။"
ရှန့်ယွမ်သည် ကလန်ခေါင်းဆောင် ချင်းယန်အား အလျင်အမြန် တိုက်ခိုက်လိုက်ပြီးနောက် ဆန်းကြယ်သောနေရာငယ်ထံ ဆင်းသက်သွားလိုက်သည်။
ဇူယွမ်မှာ နန်းဆောင်သခင် ရှန့်ယွမ်မှ ပို၍နီးကပ်လာသည်ကို ခံစားမိသောကြောင့် စိတ်မလုံခြုံမှုများစွာဖြင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကြည့်ရှုနေမိသည်။ "ဒုက္ခပဲ....သူတော်စင်မှော်စာလုံး လေးခုပြည့်ဖို့ တစ်ခုလိုနေတယ်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုငါအသက်သွင်းနိုင်မှာ မဟုတ်ဘူး။"
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံမှ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ဖယ်ရှားသိမ်းဆည်းထားခဲ့သော သူတော်စင်မှော်စာလုံး လေးခုအနက် ဇူယွမ်မှာ မှော်စာလုံး သုံးခုအား ရရှိထားခဲ့ပြီဖြစ်ပြီး စတုတ္ထမြောက်စာလုံးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
မိုးကြိုးလျှပ်စီးကန် အပြင်ဖက်တွင် ရှိနေသော ရွှမ်အဖိုးအိုမှ စိုးရိမ်ပူပန်နေသော ဇူယွမ်အားကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ "စိတ်လျှော့ထားပါ။"
"ကောင်လေး....ကန်ရွှမ်းကလန်မှာ တခြားသူတွေထက် ငါမင်းကို အရေးပေးခဲ့တာ မင်းရဲ့အရည်အချင်းကြောင့်ချည်းပဲလို့ထင်လား။"
ရွှမ်အဖိုးအိုသည် အပေါ်အင်္ကျီအား ဖြည်းညင်းစွာ ချွတ်လိုက်သည်။ သူ၏ကျောပြင်ထက်တွင် ဆန်းကြယ်စွာဖြင့် တောက်ပနေသော ရှေးဟောင်းမူလစာလုံးတစ်ခု ရှိနေလေသည်။
ဇူယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဆန်းကြယ်သော စွမ်းအင်များ စီးဆင်းနေသော ယင်းမူလမှော်စာလုံးအား သူ့အနေဖြင့် လွန်စွာရင်းနှီးနေမိသည်။
၎င်းမှာ ဇူယွမ် အပူတပြင်း ရှာဖွေနေခဲ့ရသော စတုတ္ထမြောက် သူတော်စင်မှော်စာလုံးပင် ဖြစ်သည်။
ရွှမ်အဖိုးအို၏ ကျောပြင်ပေါ်တွင် တစ်ချိန်လုံး ရှိနေခဲ့သောကြောင့် သူ့အနေဖြင့် မည်သည့်သဲလွန်စမှ ရှာဖွေမရ ဖြစ်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
ရွှမ်အဖိုးအိုမှ ကျောပြင်အား လှုပ်ခါလိုက်သောအခါတွင် စတုတ္ထမြောက် သူတော်စင်မှော်စာလုံးမှာ ကောင်းကင်သို့ ထိုးတက်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ဆန်းကြယ်သောနေရာငယ်အတွင်းရှိ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံ ဝင်ရောက်သွားလေတော့သတည်း.....