← Chapters

ဘယ်သူ့မှာ လူပိုများလဲ ကြည့်ရသေးတာပေါ့

Vol. 15 Ch. 220

ဘယ်သူ့မှာ လူပိုများလဲ ကြည့်ရသေးတာပေါ့

Vol. 15 Ch. 220

ဝူနတ်ဘုရားတောင်နှင့် ယဲ့ဖန် တဖြည်းဖြည်း နီးကပ်လို့လာသည်။

ထိုသို့ လာရာ လမ်းတစ်လျှောက်တွင် ယဲ့ဖန်က လူပေါင်းများစွာအား ထုတ်ချင်းဖောက် သွားစေခဲ့သော သံမဏိ ကျာပွတ်ကို ဆက်၍ တရွတ်တိုက် ဆွဲလာသည်။

"အား …. အား … အား …. ယဲ့ဖန် မင်း သေချင်နေပြီပဲ … မင်းက ငါ့ကိုရော ငါ့အဘိုးကိုပါ ထိခိုက်အောင် လုပ်တယ် … မင်း ဝူနတ်ဘုရားတွေရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး … မင်း ငါတို့အရှင်ရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး"

ဂျူနီယာ ဝူနတ်ဘုရား၏ ရင်ဘတ်တွင် လက်သီးဆုပ်အရွယ် အပေါက်ကြီး တစ်ပေါက် ရှိနေသည်။

သံမဏိကျာပွတ်က သူ့ရင်ဘတ်မှ ထုတ်ချင်းဖောက်နေပြီး သူ့အား ခွေးသေတစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း ရှေ့သို့ ဆွဲသွားသည်။

တစ်ယောက်။ ငါးယောက်။ ဆယ်ယောက်။ အယောက် နှစ်ဆယ်။

သံမဏိ ကျာပွတ်က အယောက် နှစ်ဆယ် ကျော်၏ရင်ဘတ်အား ထုတ်ချင်းဖောက် သွားသည်။ စူးရှသော အော်သံများက ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်က ကျာပွတ်ကို ဆက်၍ ဆွဲလာကာ ဝူနတ်ဘုရားတောင်သို့ ဆက်လျှောက်လာသည်။

အနီးအနားမှ ဒေသခံများအားလုံး ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။

*ရက်စက်လိုက်တာ*

ဤမျှ ရက်စက် ကြမ်းကြုတ်သည့် သူမျိုး သူတို့ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ဖန်က လူတွေအား ကျိုင်းကောင်တွေကဲ့သို့ ကျာပွတ်နှင့် လွှဲရမ်း ရိုက်နှက်ကာ ထုတ်ချင်းဖောက်သွားစေပြီး သူတို့အားလုံးကို တောင်ဆီသို့ ဆွဲခေါ်လာခဲ့သည်။

ဤမျှ ရက်စက်မှုမျိုးကြောင့် ဝူမျိုးနွယ် သိုင်းပညာရှင်များ ချမ်းစိမ့်စိမ့် ဖြစ်သွားကြသည်။ ရဲရဲနီသော သွေးရောင်များက မြေကြီးအား ဆေးရောင်ခြယ်ထားသလိုပင်။

ရာပေါင်းများစွာသော ဝူကလန် သိုင်းပညာရှင်များက ယဲ့ဖန်နောက်မှ နီးကပ်စွာ လိုက်ပါလာသော်လည်း မည်သူမျှ သူ့နား မချဉ်းကပ်ရဲပါ။

မည်မျှ စိတ်မသက်မသာ ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။

ဝူနတ်ဘုရားတောင်သို့ တဖြည်းဖြည်း နီးကပ်လာသည်။

…..

ထိုအချိန်တွင် ဝူနတ်ဘုရားတောင်ထိပ်၌ ဆံပင် မီးခိုးရောင်နှင့် အကြီးအကဲ ဆယ့်နှစ်ယောက် စုဝေးနေကြသည်။

သူတို့အားလုံး ပါးရေတွန့်နေကြပြီ ဖြစ်သော်လည်း သူတို့၏ ချီဓာတ်များက အလွန် သန်မာလှသည်။

ကြမ်းတမ်းသော သားရဲရိုင်းများနှင့် သဏ္ဍာန်တူလှသည့် သူတို့သည် ဝူနတ်ဘုရားတောင်၏ ဝူနတ်ဘုရား ဆယ့်နှစ်ယောက် ဖြစ်ပေသည်။

အပြင်လူများ၏ အမြင်တွင် နိုင်ငံ၏ ထောက်တိုင်ဖြစ်သော ဝူကူလာကသာ ဝူနတ်ဘုရားတောင်၌ အင်အားအကြီးဆုံး ဖြစ်သည်ဟု ထင်မြင်ကြသည်။ သို့ပင်မယ့် တောင်ပေါ်၌ မဟာ ဝူနတ်ဘုရားတစ်ယောက် ရှိသည်ဆိုတာကို ဝူကလန်များသာ သိကြပေသည်။

နိုင်ငံ၏ ထောက်တိုင်လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည့် ဝူကူလာသည် တောင်ပေါ်တွင်တော့ အဆင့် ဆယ့်နှစ်ကိုသာ ချိတ်သည်။

သူတို့အားလုံး၏ ထိပ်ဆုံးအဆင့်၌ ရှိနေသူက ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင် ဖြစ်သည်။

"ကူလာ … မင်း လက်မောင်း ဘယ်လိုနေသေးလဲ"

နံပါတ်တစ် ဝူနတ်ဘုရားက ဝူကူလာကို မေးလိုက်သည်။ သူ အသက်ရှူလိုက်သည့် အချိန်တိုင်း သူ၏ ချီဓာတ်များက နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေသည်။ သူ မျက်တောင်တစ်ချက် ခပ်လိုက်တိုင်း မြေပြင်အား တုန်လှုပ်သွားစေသည်။ သူ့အကြည့်ကို ခံရသူတိုင်း တွေဝေကာ မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားလောက်သည်။

နံပါတ်တစ် ဝူနတ်ဘုရား၏ အမေးကြောင့် နံပါတ်ဆယ့်နှစ် ဝူနတ်ဘုရားဖြစ်သည့် ဝူကူလာက အလျင်အမြန် မတ်တပ်ထရပ်ကာ သူ့ဒဏ်ရာကို အုပ်၍ ပြောလိုက်သည်။

"အစ်ကိုကြီး ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမယ့် လက်တစ်ဘက်ကို ဆုံးရှုံးပြီးသွားတဲ့ နောက်ပိုင်း ကျွန်တော့်ခွန်အားက အရင်ကထက် အများကြီး လျော့နည်းသွားတယ်"

ဝူကူလာ၌ မုန်းတီးစိတ်များနှင့် ပြည့်နှက်နေသည်။ ထို့နောက် နံပါတ်တစ် ဝူနတ်ဘုရားက ခေါင်းညိတ်လိုက်ရင်း အေးစက်စက် အလင်းတန်းတစ်ခုက ဖြတ်ပြေးသွားသည်။

"ဟွန်း …. အဲ့ခွေးကောင်လေးက အရမ်း ရဲတင်းလွန်းတယ် … သူက ကူလာရဲ့ လက်မောင်းကိုတောင်မှ ဖြတ်ရဲတယ် … သူ တရားလွန်သွားပြီပဲ"

နံပါတ်တစ် ဝူနတ်ဘုရားက ချက်ချင်း သန်မာ၍ ကြမ်းတမ်းသော ချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။ အခြား ဝူနတ်ဘုရားများကလည်း ထရပ်လိုက်ကြသည်။

"ဟုတ်တယ် …. အဲ့ ခွေးကောင်လေးက ရှန့်ကျန်းမြို့က ဆရာသခင် ဆယ့်သုံးယောက်ကို သတ်ပြီးတာနဲ့ တစ်ကမ္ဘာလုံးမှာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား … ဝူကလန်သားတစ်ယောက်ကို ထိခိုက်အောင် လုပ်တဲ့သူတိုင်း သေကို သေရမယ်ဆိုတာကို သူ့ကို ပြရသေးတာပေါ့"

"ဘော့စ် … အမိန့် မြန်မြန် ထုတ်လိုက်ပါ … ကျုပ်တို့ အတူတူ တိုက်စစ်ဆင်မယ်ဆိုရင် အဲ့ခွေးကောင်လေးကို ကျုပ်တို့ သေချာပေါက် နုတ်နုတ်စင်းနိုင်တယ်"

"ဟုတ်တယ် …. ကူလာရဲ့ ဒဏ်ရာအတွက် လက်စားချေရမယ် … သူပုန်ကောင် ယဲ့ဖန်ကို သတ်ပစ်ရမယ်"

ဝူနတ်ဘုရားတိုင်းက ချီဓာတ်များကို ထုတ်ဖော်၍ ဟစ်ကြွေးနေကြသည်။

ဝူနတ်ဘုရားတောင်မှ စုစုပေါင်း တိုက်ပွဲဝင် ခွန်အားက ရှန့်ကျန်းမြို့ကထက် ပို၍ သန်မာပြီး အင်အားကောင်းလှပေသည်။

နံပါတ်တစ် ဝူနတ်ဘုရားက ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင် ဖြစ်သည်။

ဆရာသခင် အလယ်အဆင့် ဖြစ်သော ဝူကူလာမှ လွဲ၍ ကျန် ဝူနတ်ဘုရားများက ဆရာသခင် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။

သူတို့၏ ခွန်အားနှင့်ဆိုပါကရှန့်ကျန်းမြို့အား ရှင်းလင်းရန် ကလေးထဲမှ သကြားလုံးကို လုယူလိုက်သကဲ့သို့ အင်မတန်မှ လွယ်ကူလှပေသည်။

သူတို့၏ ပြောဆိုသံများကြောင့် နံပါတ်တစ် ဝူနတ်ဘုရားက တည်ငြိမ်သော မျက်နှာထားနှင့် အော်လိုက်သည်။

"တိတ်ကြစမ်း"

ဝူနတ်ဘုရား ဆယ့်တစ်ယောက်လုံး ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

သူ၏ ညီဆယ့်တစ်ယောက်အား ကြည့်ပြီး နံပါတ်တစ် ဝူနတ်ဘုရားက ဖြည်းညင်းစွာ ပြောလိုက်သည်။

"အခု အရေးကြီးဆုံးအရာက အဲ့ခွေးမသားလေး မဟုတ်ဘူး …. ငါတို့ရဲ့ ယဇ်ကောင်ပဲ"

"ဒီနေ့က နတ်ဆိုးတောင်ကြားရဲ့ သံသရာ စက်ဝန်း ပွင့်လာမယ့် ပထမဆုံးနေ့ပဲ … အဲ့ဒါ ပွင့်လာတာနဲ့ ငါတို့ အဖေက ငါတို့ရဲ့ အရှင်ကို ယဇ်ကောင်နဲ့ ယဇ်ပူဇော်မှာ"

"ငါတို့ အရှင်က ယဇ်ကောင်ကို စိတ်ကျေနပ်သွားပြီဆိုတာနဲ့ လက်ဆောင်တွေ ဖောဖော်သီသီ ပေးပြီးတော့ ဝူနတ်ဘုရားတောင်ကို ဟွာရှနိုင်ငံမှာ နံပါတ်တစ် အင်အားအကြီးဆုံး အင်အားစု ဖြစ်လာအောင် လုပ်ပေးမှာ"

ထိုသို့ပြောလိုက်သောအခါ ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံး၏ မျက်လုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်လာသည့် စိတ်ကြောင့် မျက်လုံးများ တောက်ပလာသည်။

*ဟုတ်တယ်*

ယဇ်ကောင် ဆက်သခြင်း အစဉ်အလာက တစ်ခုနှင့်တစ်ခုကြား ဆယ်နှစ်ကြာသည်။

ယနေ့သည် ဝူနတ်ဘုရား တောင်အတွက် ဆယ်စုနှစ်တစ်ခု ကုန်ပြီးနောက် အရေးကြီးဆုံး နေ့တစ်နေ့ ဖြစ်သည်။

"ငါတို့အရှင်က ငါတို့ကို လက်ဆောင်တွေ ဖောဖောသီသီ စွန့်ကြဲပြီးတာနဲ့ ငါတို့ ယဲ့ဖန် တစ်ယောက် မပြောနဲ့ ဆယ်ယောက်တောင် သတ်လို့ရတယ်"

နံပါတ်တစ် ဝူနတ်ဘုရားက စွမ်းအားကြီးလှသည့် ချီဓာတ်ကို ထုတ်ဖော်ရင်း ပြောဆိုလိုက်သည်။

ကျန် ဝူနတ်ဘုရား ဆယ့်တစ်ယောက်လုံး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲလာကြသည်။

သူတို့ကဲ့သို့ ကျေးကျွန်များသာ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အရှင်၏ အင်အားကို နားလည်နိုင်ပေသည်။

ထိုစဉ် တံခါးအပြင်ဘက်မှ အော်သံတစ်သံကို သူတို့ ကြားလိုက်ရသည်။ ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံး တစ်ခဏမျှ တွေဝေသွားကြသည်။

*ဟမ်*

"ဘာဖြစ်တာလဲ"

နံပါတ်တစ် ဝူနတ်ဘုရားက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ထိုစဉ် ဝူကလန်သားတစ်ယောက်သည် အလွန် ထိတ်လန့်နေဟန်ဖြင့် သုတ်သီးသုတ်ပြာ ပြေးဝင်လာပြီး သတင်းပို့လာ၏။

"ဝူနတ်ဘုရားတို့ခင်ဗျား …. ဂျူနီယာ ဝူနတ်ဘုရားလေးက …"

*ဘာ*

သူ့စကားကြောင့် ဝူကူလာ၏ မျက်နှာ၌ အကြောက်တရားတို့ဖြင့် ပြည့်နှက်လာကာ လွှားခနဲ ခုန်ထွက်ကာ အပြင်သို့ ပြေးထွက်သွားသည်။ သူ့နောက်မှ ကျန် ဝူနတ်ဘုရား ဆယ့်တစ်ယောက် လိုက်ပါလာသည်။

သို့သော် သိပ်မဝေးသော အကွာအဝေးလောက်မှ သွေးထွက်သံယို မြင်ကွင်းတစ်ခုကြောင့် သူတို့အားလုံး မှင်တက်သွားကြသည်။

"ဝူချင်း"

တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်နေသော ဂျူနီယာ ဝူနတ်ဘုရားကို မြင်လိုက်သည်နှင့် ဝူကူလာ၏ မျက်လုံးက မီးဝင်းဝင်းတောက်လာသည်။

ဝူနတ်ဘုရားတိုင်း ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။

တစ်စုံတစ်ယောက်က ဂျူနီယာ ဝူနတ်ဘုရားနှင့် အခြား ဝူကလန် သိုင်းပညာရှင်များအား ကျာပွတ်တစ်ချောင်းနှင့် ထုတ်ချင်းဖောက်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ မယုံနိုင်ကြပေ။

*ဒီကောင် …. သေချင်နေတာပဲ*

"ခွေးမသားလေး …. မင်း ဒီကို လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

ယဲ့ဖန်ကို မြင်သည်နှင့် ဝူကူလာ၏ မျက်လုံးထဲတွင် အမုန်းတရားများ ပို၍ ပြည့်နှက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံးက ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး ယဲ့ဖန်အား စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းထားလိုက်ကြသည်။

သန်မာ ကြမ်းကြုတ်သော ချီဓာတ်များနှင့် သူတို့က ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

"ခွေးမသားလေး … မင်း တော်တော် အကြောက်အလန့် ကင်းတာပဲ … မင်းက ဝူနတ်ဘုရားတောင်မှာ ပေါ်လာရဲမှာတော့ မင်း ဘယ်တော့မှ ထွက်သွားခွင့် မရတော့ဘူး"

ဝူကူလာသည် ယဲ့ဖန်အား အလွန်အမင်း မုန်းတီးလို့နေ၏။ သူ့လက်မောင်းကို ဖြတ်လိုက်သည့် သူက ယဲ့ဖန် ဖြစ်နေသောကြောင့်ပင်။

သူ့မြေးဖြစ်သူကလည်း သူ့ကြောင့် သံမဏိ ကျာပွတ်၏ ဖောက်ထွင်းခြင်း ခံထားရပြီး လမ်းတလျှောက် တရွတ်တိုက် ဆွဲခေါ်ခံလာရသည်။ သူ ဘယ်လိုလုပ် ယဲ့ဖန်အား မပေးဆပ်ပဲ နေခိုင်းရမည်နည်း။

ဂျူနီယာ ဝူနတ်ဘုရားနှင့် အခြား ဝူကလန် သိုင်းပညာရှင်များသည် ဝူနတ်ဘုရား ဆယ့်နှစ်ယောက်ကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် တက်ကြွလာကြသည်။

"ဘိုးဘိုး … သူ့ကို သတ် … အဲ့ခွေးမသားကို သတ်လိုက်စမ်းပါ"

"ဝူနတ်ဘုရားတို့ …. ဒီတိရစ္ဆာန်ကောင်ကို ဖျက်ဆီးပေးပါ"

"သူ့ကို သတ် … ဝူကလန်သားတွေကို လှောင်ပြောင်ရဲတဲ့သူက သေကို သေရမယ်"

ပြင်းထန်သော အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

သူတို့၏ တုံ့ပြန်မှုကြောင့် ယဲ့ဖန်၏ မျက်နှာက အေးစက်လာသည်။

"ဘာလဲ မင်းတို့က ငါ့ထက် လူပိုများနေတာနဲ့ပဲ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား"

*အမ်*

သူ့စကားကြောင့် ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံး တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် ဝူကူလာက သရော်ပြုံးပြုံး၍ ပြန်ပြောလိုက်သည်။

"ဒါပေါ့ … ငါတို့က မင်းထက် လူပိုများတယ် … ငါတို့ မင်းကို အနိုင်ကျင့်တော့မှာ … အဲ့တော့ ဘာဖြစ်သလဲ … ယဲ့ဖန် …. ငါတို့မှာ ဆရာသခင် အလယ်အလတ်အဆင့် တစ်ယောက်၊ ဆရာသခင် အထွတ်အထိပ်အဆင့် ဆယ်ယောက်နဲ့ ဒဏ္ဍာရီ တစ်ပိုင်းအဆင့် တစ်ယောက် ရှိတယ် …. မင်းက နတ်ဘုရား ဖြစ်နေရင်တောင်မှ မင်း ဒီနေရာမှာ သေရမှာပဲ"

"ကောင်းတယ်"

သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ဘယ်သူ့မှာ လူပိုများလဲ ကြည့်ကြသေးတာပေါ့"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင် ဝတ်စုံနှင့် များစွာသော လူများက အရပ်မျက်နှာအနှံ့မှ လှစ်ခနဲ ရောက်ရှိလာသည်။

တစ်ယောက်။ ငါးယောက်။ အယောက်ငါးဆယ်။ အယောက် တစ်ရာ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူ အယောက် တစ်ရာ့နှစ်ဆယ်ကျော် ပေါ်လာသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ထိုထူးဆန်းသည့် လူအယောက် တစ်ရာ့နှစ်ဆယ် ကျော်တို့သည် ဆရာသခင်အဆင့် သိုင်းပညာရှင်များ ဖြစ်လို့နေကြသည်။

All Chapters