သူက အလုပ်ကိုအမြန်ဆုံး အပြီးသတ်လေ့ရှိတယ်
Vol. 11 Ch. 104
ချင်ကျိုးမြို့၊ တာ့ရွှန်စားသောက်ဆိုင်
ဒုတိယထပ် အပြင်ဘက် စားပွဲငယ်လေးပေါ်တွင် လက်ဖက်ရည် ပန်းကန်လုံး နှစ်လုံး တင်ထားသည်။
လီရှင်းဟန်သည် အေးစက်သော မျက်နှာထားဖြင့် ထိုင်နေပြီး လီမူကျင်းက သူ့နောက်တွင် ရပ်နေသည်။
မောင်နှမနှစ်ယောက်စလုံးက တစ်ဖက်လူကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
မျက်နှာသွယ်သွယ်နှင့် ဆိတ်မုတ်ဆိတ်မွေး ပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ဒီလောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး၊ ကျုပ်က သခင်လေး ခန်းယွင်ရဲ့ အမိန့်အရ အဖော်လိုက်လာပေးရုံ သက်သက်ပါပဲ။"
"ဟွန့်"
လီရှင်းဟန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "ချင်ကျိုးမြို့ထဲ သွားလာတာတောင် အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစောင့်အရှောက်ကို ခေါ်လာရသလား၊ မင်းတို့လို သခင်လေးတွေရဲ့ သတ္တိကတော့ တစ်နှစ်ထက်တစ်နှစ် ပိုညံ့လာပါရောလား" ဟု လှောင်ပြောင်လိုက်သည်။
"မင်းက ဘာတွေ လောနေတာလဲ၊ လက်ဖက်ရည်သောက်ဖို့ ခေါ်လိုက်ရုံလေးပါ။"
ကျောက်ခန်းယွင်က မျက်ခုံးပင့်လိုက်ပြီး အဝေးမှ မြို့ရိုးဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ မြို့ပြင်တွင် ကြိုတင်စီစဉ်ထားသော လူများထံမှ ဒီနေ့ သတင်းအစအန အနည်းငယ် ရရှိခဲ့သည်။
ထို့ကြောင့် မိသားစု အစောင့်အရှောက်ကို အလျင်အမြန် ဖိတ်ခေါ်ပြီး လီမောင်နှမနှစ်ယောက်ကို မစောင့်နိုင်တော့ဘဲ ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။
အင်အားကြီး အဖွဲ့အစည်းများမှ တိုက်ရိုက်ဆင်းသက်လာသူ အချင်းချင်းမို့ တကယ် လက်ပါဖို့တော့ မဖြစ်နိုင်ပေ။
သို့သော် အနည်းဆုံးတော့ ဟိုတစ်နေ့က ခံလိုက်ရသော ထိုင်ခုံရှည်နှင့် ပြန်ပြီး ရိုက်ခွဲပြမှ ဖြစ်မည်။
...
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ခြေသံများ ပိုမို စိပ်လာသည်။ထိုနေ့က ရှိနေခဲ့ကြသော လူငယ်မျိုးဆက် အများအပြားသည် ဒုတိယထပ်သို့ ရောက်လာကြပြီး စင်္ကြံလမ်းတစ်ခုလုံး ပြည့်ကျပ်သွားသည်။
မည်သူမှ စကားမပြောကြဘဲ အဝေးမှ မြို့ရိုးကိုသာ အေးစက်စွာ စိုက်ကြည့်နေကြသည်။
"……"
လီမောင်နှမနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အခြေအနေကို ရိပ်မိသွားသည်။
ဤလူများကို တစ်နေရာတည်း စုဝေးစေနိုင်သည်က ရှန်းယီကလွဲပြီး ဘယ်သူရှိဦးမည်နည်း။
သို့သော် ဤကိစ္စက မြန်လွန်းမနေဘူးလော။
တစ်ဖက်လူ ချင်ကျိုးမြို့က ထွက်သွားတာ နှစ်ရက်သာ ရှိသေး၏။အသွားအပြန် ခရီးလမ်းကတင် တစ်ရက်ခွဲလောက် ကြာနေပြီ။
ကျန်သည့် အချိန်ဝက်လေးအတွင်းတွင် အကြောင်းရင်းကို စုံစမ်းရမည်၊ သက်သေယူရမည်၊ထို့နောက် ဗာဂျာရာဂိုဏ်းက ဂိုဏ်းချုပ်ကိုပါ ဖမ်းရဦးမည်ဖြစ်ရာ... ရှန်းယီ ခေါ်သွားသော လူ ၁၂၀ ကျော်ဖြင့် မည်သို့မှ မဖြစ်နိုင်ပေ။
ဤလူအုပ်စုလည်း ထိုသို့ တွေးထင်ထားကြလို့သာ ကျောက်မျိုးနွယ်က ယခုလို မောက်မာနေခြင်း ဖြစ်တန်ရာ၏။
"ငါ ပြောပြီးသားပဲ၊ မလောပါနဲ့၊ ငြိမ်ငြိမ်လေး ထိုင်နေစမ်းပါ။"
ကျောက်ခန်းယွင်သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ယပ်တောင်ကို အေးဆေးစွာ ခတ်ရင်း မောင်နှမနှစ်ယောက်ကို လှောင်ပြောင်ကြည့်လိုက်သည်။
"ဘယ်သူက မင်းတို့ကို လူမခေါ်ဘဲ အပြင်ထွက်ခိုင်းလို့လဲ၊ နောက်တစ်ခါကျ မှတ်ထားပေါ့။"
အားလုံးက မျက်နှာပန်းလှသူများ ဖြစ်ကြသည်။
ဟိုတစ်နေ့က သတိပေါ့ဆသွားခဲ့ပြီး တစ်ဖက်လူက ရှန်းယီကို ကျောထောက်နောက်ခံပြုကာ မိမိတို့ကို မျက်နှာသာ လုံးဝမပေးခဲ့ပေ။
ယနေ့တော့ အပြည့်အဝ ပြင်ဆင်လာခဲ့ပြီ ဖြစ်၍ အခြေအနေ ပြောင်းပြန်လှန်မည့်အချိန်ကို စောင့်ကာ အရှက်ပြန်ယူရုံသာ ရှိတော့သည်။
ကျောက်မိသားစု၏အစောင့်အရှောက်က တိုးတိုးလေး ရယ်မောလိုက်သည်။
ဤလူငယ်များ၏ကလေးကလား ရန်ပွဲများတွင် မပါဝင်ချင်သဖြင့် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံမျှ သောက်လိုက်သည်။
တာ့ရွှန်းစားသောက်ဆိုင်ကို လာခဲ့ရခြင်းက မိသားစု၏သဘောဆန္ဒလည်း ပါဝင်သည်။
နတ်ဆိုးနှိမ်နင်းရေးဌာနက လုပ်ရပ်များက အမြဲတမ်း ကြမ်းတမ်းလွန်းသော်လည်း အမှားအယွင်း ဖြစ်ခဲသည်။
ယခုမှ သွေးဆူနေပြီး အတွေ့အကြုံမရှိသည့် အနီးကပ်တွဲဖက်အရာရှိအသစ်လေးက ကိစ္စများကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရာမှ အခွင့်ကောင်းယူပြီး နတ်ဆိုးနှိမ်နင်းရေး ရုံးတော်ကို စာတင်ရမည်။
ဤအရာမှ ထို လင်းတနှင့် ခွေးအုပ်စု သိပ်ပြီး အတင့်မရဲလာအောင် သတိပေးနိုင်မည်။
ကျောက်ခန်းယွင် ရရှိထားသော သတင်းက တော်တော်လေး တိကျပုံရသည်။
နေမင်းကြီး တည့်တည့်ရောက်ချိန်တွင်...
လူတစ်စုသည် မြို့ပြင်တွင် ရပ်တန့်လိုက်ကြပြီး ထုံးစံအတိုင်း မြင်းပေါ်မှ ဆင်းကာ မြို့ထဲဝင်လာကြသည်။
ကျောက်ခန်းယွင်သည် စူးရှသော မျက်လုံးများဖြင့် ရေတွက်လိုက်သည်။
၁၂၄ ယောက် သွားပြီး ၁၂၃ ယောက် ပြန်ရောက်လာသည်။
အားလုံး၏မျက်နှာပေါ်တွင် ဘာလုပ်ရမှန်းမသိသော အမူအရာများ ရှိနေကြသည်။
သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။သူ ထင်ထားသည့်အတိုင်းပင်။
ထိခိုက်သေဆုံးမှု မရှိဘဲ ယခုမြန်မြန် ပြန်ရောက်လာခြင်းက၊ ဗာဂျာရာဂိုဏ်းသား တစ်ယောက်မှလည်း ဖမ်းမလာသည်ကို ကြည့်လျှင် သေချာပေါက် လက်ဗလာနှင့် ပြန်လာရခြင်းပင် ဖြစ်မည်။
ဟုန်လေ့က နောက်ဆုံးမှ လျှောက်လာပြီး နတ်ဆိုးမြင်းတစ်ကောင်ကို ဆွဲလာသည်။
သို့သော် မြင်းကျောကုန်းပေါ်တွင် ယခင်တစ်ခေါက်ကလို သတ်ဖြတ်လိုသော အော်ရာများဖြင့် ပြည့်နှက်နေသည့် ပုံရိပ်ကို မတွေ့ရပေ။
"ဒါက အရှက်ကွဲလို့ မျက်နှာမပြရဲတာ နေမှာပေါ့။"
ကျောက်ခန်းယွင်သည် အားနာမနေတော့ဘဲ ယပ်တောင်ကို ရိုက်ပိတ်လိုက်သည်။
ထို့နောက် မတ်တပ်ရပ်ကာ ဘေးတွင် အသင့်ပြင်ထားသော ထိုင်ခုံရှည်ကို ဆွဲယူလိုက်ပြီး လက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။
"ဒီလောက် ပြဿနာကြီး ရှာထားမှတော့ သခင်လေးလီလည်း ပြန်တိုင်ဖို့ မျက်နှာရှိမှာ မဟုတ်လောက်ဘူးနော်။"
ကျန်ရှိနေသော မိသားစုများနှင့် ဂိုဏ်းသားများက အပြင်ကိုသာ စိုက်ကြည့်နေကြသည်။
သူတို့က ရှန်းယီအတွက် လာကြခြင်း ဖြစ်သော်လည်း လီမိသားစုနှင့် ကျောက်မိသားစု သခင်လေးများကြား ပဋိပက္ခတွင် မပါဝင်ရဲကြပေ။
ကျောက်ခန်းယွင်၏စကားကို ကြားသောအခါ သူတို့မျက်နှာထား မပြောင်းလဲသော်လည်း မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
နတ်ဆိုးနှိမ်နင်းရေးဌာနက ရက်စက်တာတော့ ရက်စက်ပါရဲ့။အပြင်လူကိုသာမက ကိုယ့်လူကိုယ်လည်း မညှာတာပေ။
ယခုလိုဟိန်းဟောက်ပြီး ထွက်သွား၊ လူအသက်တွေပါ ယူသွားပြီးမှ ယခုလို လက်ဗလာဖြင့် ပြန်လာသည်ကိုတော့ ဖြေရှင်းချက် တစ်ခုခု ပေးမှ ရမည်။
လီရှင်းဟန် မျက်နှာပျက်နေသော်လည်း တစ်ဖက်လူကို မော့ကြည့်ကာ "လေတွေ အရမ်းပေါတာပဲ၊ ငါ့သခင် ပြန်ရောက်ပြီး အစီရင်ခံတာကို စောင့်နေလိုက်" ဟု ပြောလိုက်သည်။
"လေသံမာလှချည်လား။"
ကျောက်ခန်းယွင် ပြုံးရွှင်နေသော်လည်း မျက်လုံးထဲတွင် ရက်စက်မှုများ ပေါ်လာကာ လက်ထဲမှ ထိုင်ခုံရှည်ဖြင့် ခေါင်းကို ရိုက်ချလိုက်သည်။
ထိုစဉ်မှာပင် ပိန်ပါးသော လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
ကျောက်မိသားစု၏အစောင့်အရှောက်က တိုးတိုးလေး ပြောလိုက်သည်။
"သခင်လေး... အိမ်ပြန်ရအောင်ပါ။"
"ခင်ဗျား ဘာစကား ပြောတာလဲ။"
ကျောက်ခန်းယွင် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ရင်ထဲတွင် ဒေါသအလုံးကြီး ဆို့တက်လာသည်။
ဘာလဲ... ကျောက်မိသားစုက လူတွေကျတော့ ကြိုက်သလို စော်ကားခံရပြီး သူတို့ လီမိသားစုကျတော့ နည်းနည်းလေးမှ အထိမခံနိုင်ဘူးလား။
ထိုအချိန်တွင် အစောင့်အရှောက် မျက်ရိပ်ပြရာသို့ သူ လိုက်ကြည့်မိသည်။ ဟုန်လေ့ ဆွဲလာသော နတ်ဆိုးမြင်းကြီး တဖြည်းဖြည်း နီးကပ်လာသည်။
မြင်းကျောကုန်းပေါ်တွင် တလွင့်လွင့် ဖြစ်နေသော အရေခွံအိတ်ကြီး တစ်ခုကို ချည်နှောင်ထားသည်။
သေချာကြည့်လိုက်သောအခါ ပြားကပ်နေသော အရေခွံအိတ်ကြီးတွင် ခြေလက်များ ပါဝင်ပြီး ပြောင်ချောနေသော ဦးခေါင်းတစ်လုံး တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။
ဗာဂျာရာဂိုဏ်း၏ဂိုဏ်းချုပ်မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
ကျောက်ခန်းယွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ထိုင်ခုံရှည်ကို ကိုင်ထားသော လက်သည် လေထဲတွင် တောင့်ခဲသွားသည်။
ကျန်သော မိသားစုမှ သားသမီးများလည်း အသက်ရှူမှားသွားကြပြီး မျက်လုံးများတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
ချင်ကျိုးမြို့တွင် ဒုတိယတန်းစား အင်အားစုဆိုသည်မှာ သူတို့ထံ၌အမြုတေအဆင့်နှင့် ယှဉ်နိုင်သော ပညာရှင်တစ်ဦး ရှိနေခြင်းကို ဆိုလိုသည်။
ကံကောင်း၍ပင်ဖြစ်စေ၊ လမ်းမှားလိုက်၍ပင် ဖြစ်စေ ကျောက်စိမ်းအဆင့် ကို ဖိနှိပ်နိုင်သမျှ ကာလပတ်လုံး အသိအမှတ်ပြုကြသည်။
ပထမတန်းစား အင်အားစု ဖြစ်ဖို့ဆိုလျှင် စစ်မှန်သော အမြုတေအဆင့် ပညာရှင်များ ပိုမိုလိုအပ်သည့်အပြင် အမြုတေအဆင့်သို့ တည်ငြိမ်စွာ ချိုးဖောက်ဝင်ရောက်နိုင်မည့် နည်းလမ်းများ ပိုင်ဆိုင်ထားမှသာ မျိုးဆက်မပြတ်ဘဲ နေရာမြဲမည် ဖြစ်သည်။
ဗာဂျာရာဂိုဏ်းသည် ဒုတိယတန်းစား အဆင့်သို့ တိုးဝင်နိုင်ခဲ့ခြင်းမှာ ဂိုဏ်းချုပ်၏ကျင့်ကြံခြင်းအဆင့် တဟုန်ထိုး တက်လာခြင်းကြောင့် ဖြစ်သည်။
ယခုမူ... ကျော်ကြားလှသော ထို အားကောင်းမောင်းသန် ပုဂ္ဂိုလ်ကြီးသည် နှစ်ရက်အတွင်းမှာပင် မြင်းကျောကုန်းပေါ်တွင် အသက်မဲ့စွာ ချည်နှောင်ခံလိုက်ရသည်။
ပင်းခန်တောင်သို့ ကြက်တစ်ကောင် သွားသတ်သည်ကပင် ဤထက် ပိုကြာဦးမည်။
ရှန်းယီက သူ့အလောင်းကို ကြိုတင်ပြင်ဆင်ထားပြီး သူတို့ကို ခြိမ်းခြောက်ဖို့ဇာတ်ကပြနေတာများလားဟုပင် သံသယဝင်စရာ ကောင်းလှသည်။
"ရှင် တကယ်တမ်း ဘာလုပ်ချင်တာလဲ။" လီမူကျင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ငါ... ငါက ကုလားထိုင်ပေါ် ထိုင်ရတာ ညောင်းလာလို့ ထိုင်ခုံရှည် ပြောင်းထိုင်ပြီး ခြေဆန့်မလို့ပါကွာ၊ မရဘူးလား။"
ကျောက်ခန်းယွင်က ထိုင်ခုံရှည်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး အသက်ပြင်းပြင်း ရှူနေသည်။
"ရှန်းယီက ဟိုတစ်ခေါက်တုန်းက မြင်းစီးပြီး ပြန်လာခဲ့တယ်၊ ဘာလို့လဲဆိုတော့ တစ်ဖက်က ချင်းဖုန်းတောင် ဖြစ်နေလို့လေ။ ဗာဂျာရာဂိုဏ်းက ဘာကောင်မို့လို့လဲ။ လမ်းကြုံဝင်သတ်ရတဲ့ နတ်ဆိုးဂိုဏ်းလောက်ကိုများ သူ ကိုယ်တိုင် မျက်နှာပြစရာ လိုလို့လား။ မင်းတို့ ဝက်ဦးနှောက်တွေက ဘာတွေ တွေးနေကြမှန်းကို မသိဘူး။"
လီရှင်းဟန်သည် ကြိုတင် သိရှိထားသည့် ပုံစံဖြင့် လူအုပ်ကြီးကို အထင်သေးစွာ ကြည့်လိုက်သည်။
"……"
လီမူကျင်းက သူ့ကို စကားမပြောချင်သလို စောင်းကြည့်လိုက်သည်။
အပေါ်ထပ်မှ ဆူညံသံများကို ကြားလိုက်ရသော်လည်း..
ဟုန်လေ့က ခေါင်းအနည်းငယ်သာ မော့ကြည့်ပြီးနောက် ချက်ချင်း အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။
သူ့နောက်မှ လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်ရာ သူတို့လည်း သူ့ထက် သိပ်မသာကြောင်း တွေ့လိုက်ရသည်။
စစ်သူကြီး ချန်ချမ်ခွင်းပင် ချင်းဖုန်းတောင်အား တိုက်ခိုက်ချိန်က တစ်လကျော် အချိန်ယူခဲ့ရသည်။
ရှန်းယီကတော့ တပ်မှူးများကို ဦးဆောင်ပြီး နတ်ဆိုးနှိမ်နင်းရာတွင် ရိုးရှင်းလွယ်ကူစွာ တောင်ပေါ်တက်၊ဘုန်းကြီးအိုကြီးကို သတ်၊ ထို့နောက် ပြန်ဆင်းလာ... အစအဆုံး တစ်နာရီပင် မကြာလိုက်ပေ။
အပြင်ထွက် ထမင်းစားရခြင်းထက်ပင် ပိုသက်တောင့်သက်သာ ရှိသေးသည်။ ဟင်းပွဲပင် မစုံသေးခင် ဤဘက်က ကိစ္စပြီးနေပေပြီ။
ဆေးမိပြီး ဒုက္ခရောက်နေသော ပြည်သူများကို ဒေသခံအာဏာပိုင်များဆီ လွှဲပြောင်းပေးရန် အကြောင်းကြားနေရခြင်းသာ မရှိရင် ဤထက်ပင် ပိုမြန်စွာပြန်ရောက်နိုင်သေးသည်။
'ဒီ ကုသိုလ်ကောင်းမှု မှတ်တမ်းကို ယူရတာ... တကယ်ပဲ လက်ပူမိမတတ်ပါပဲလား။'