သေခြင်းရှင်ခြင်း ဇင်ခန္ဓာကိုယ် အထက်အတွဲ
Vol. 11 Ch. 105
တာ့ရွှန်စားသောက်ဆိုင်၏တိတ်ဆိတ်နေသော ခေါင်မိုးပေါ်တွင်တော့
ကျန်းချန်ယွင်သည် အတော်လေး လက်လျော့ထားသည့် ပုံစံဖြင့် ရှိနေသည်။
ဤအရာက ဝမ်းတွင်းရောဂါများလား မသိပေ။
ချင်ကျိုးမြို့သို့ ပြန်ရောက်သည့်တိုင်အောင် အဘွားဖြစ်သူက ဤကဲ့သို့ ထူးဆန်းသော နေရာများတွင် နေရသည်ကို နှစ်သက်ဆဲပင်။
ထို့အတူ သာမန်အချိန်များတွင် မခုတ်တတ်သည့်ကြောင်ဟန်ပြုမူတတ်သေးလေ၏။
အာချမ်သည် ဖြူဝင်းသော ခြေသလုံးလေးနှစ်ဖက်ကို ချိတ်လျက် ထိုင်နေသည်။
"ပြောပါဦး၊ဒီလောက် မြန်မြန်ပြန်ရောက်လာတာ၊ မင်း ဘာတွေ လုပ်ခဲ့လို့လဲ။"
ထိုစကားကို ကြားသောအခါ ကျန်းချန်ယွင်က မျက်နှာသေဖြင့် ပြန်ဖြေသည်။
"သစ်ပင်ပေါ်ကနေ ရပ်ကြည့်နေရုံပါပဲ။"
"ပြီးတော့ရော။"
အာချမ်က သံသယဖြင့် လှည့်ကြည့်၏။
"ပြီးတော့ ပြန်လာတာပေါ့။"
ကျန်းချန်ယွင် တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။သူ ကိုယ်တိုင်ပင် ထိုနေရာသို့ ဘာသွားလုပ်မှန်း မသိလိုက်ပေ။
သူ့မြေးဖြစ်သူ၏ကြောင်တောင်တောင်နိုင်လှသောပုံစံကိုကြည့်ပြီး အာချမ်ရယ်မောလိုက်မိသည်။
"သူ့မှာ အဲဒီလောက် အရည်အချင်း ရှိလို့လား။"
ယခင်တုန်းက ဤမြေးကြီးက ရှန်းယီကို အထင်မကြီးသည့် ပုံစံပြခဲ့ဖူးသည်။အခုတော့ အပြင်တစ်ခေါက်ထွက်ပြီး ပြန်လာသည်နှင့် သဘောထားများ သိသိသာသာပြောင်းလဲသွားလေ၏။
"ဘွားဘွား ထင်ထားတာထက် မကဘူး။"
ကျန်းချန်ယွင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြောသည်။
"ကျွန်တော် ငယ်ငယ်တုန်းကထက်... ဘွားဘွားနဲ့ စစ်သူကြီးချုပ်ယိုတို့ ငယ်ငယ်တုန်းကထက်တောင် ပိုသာလွန်ပါသေးတယ်။လက်ရဲဇက်ရဲ ရှိပြီး ပြတ်သားရက်စက်တယ်။ အချိန်တစ်ခုသာ ပေးလိုက်ရင် ကျွန်တော့်အောက် နိမ့်မှာ မဟုတ်ဘူး။"
"အဲဒါကြောင့် မင်းက ငါတို့လို လူအိုကြီးတွေကို ဖယ်ရှားပြီး သူ့ကို နေရာပေးဖို့ စဉ်းစားနေတာလား။"
အာချမ်က ဂရုမစိုက်သလို ကိုယ်ကို ဆန့်ထုတ်လိုက်သည်။
"ကျွန်တော့်မှာ ဘယ်သူ့ကိုမှ ဦးဆောင်နိုင်စွမ်း မရှိပါဘူး။သူ့ကိုလည်း စောင့်ရှောက်ပေးမှာ မဟုတ်ဘူး။"
ကျန်းချန်ယွင်က လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်။
ထိုစကား ထွက်လာမှသာ အာချမ်၏မျက်နှာတွင် အံ့သြမှု အနည်းငယ် ပေါ်လာသည်။
ဤစကား၏အဓိပ္ပာယ်အရ မြေးဖြစ်သူက ထိုလူငယ်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပြီးသော သိုင်းပညာရှင်တစ်ယောက်က ကျောက်စိမ်းအဆင့်သာ ရှိသေးသော လူငယ်တစ်ယောက်အပေါ် ဖိအားဝင်နေသတဲ့လော။
"ဟား... ဒီကုသိုလ်ကောင်းမှုကို သူ့ရဲ့ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူ ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ မှတ်တမ်းတင်ပေးလိုက်ပါ။ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့လမ်းကြောင်းအတိုင်း မသွားခိုင်းနဲ့။ကုသိုလ်မှတ်တမ်း လုံလောက်တာနဲ့ သူ့ကို အမြုတေဖွဲ့စည်းခြင်း နည်းပညာနဲ့ 'သိုင်းဘုံကျောင်း သန့်စင်ခြင်း အခွင့်အရေး အမြန်ဆုံး လဲလှယ်ပေးလိုက်။"
နတ်ဆိုးနှိမ်နင်းရေးဌာနသည် ချင်ကျိုးဒေသ တည်ငြိမ်ရေးကို လိုလားသဖြင့် အတွင်းပိုင်းတွင် မတည်ငြိမ်သော အကြောင်းရင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သည်။
သို့သော် နတ်ဆိုးဖမ်းစီးသူ များကတော့ မတူပေ။
သူတို့က ကိုယ့်ကိုယ်ကိုယ် ထိခိုက်နိုင်ခြေ ရှိလျှင်ပင် ယခုလိုထက်ရှသော ဓားသွားမျိုးကို သုံးရတာ နှစ်သက်ကြသည်။
"ဒါနဲ့... သူကော ဘယ်ရောက်သွားပြီလဲ။"
အာချမ်အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ပြန်သွားပြီ။တပ်မှူးတွေ ဗာဂျာရာဂိုဏ်းကို ပစ္စည်းသိမ်းတာ သွားကူစောင့်ကြည့်ပေးမလို့တဲ့။"
ကျန်းချန်ယွင် သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။
ထိုအရွယ်နှင့် ဤမျှ အင်အားရှိနေခြင်းကပင် အံ့သြစရာ ကောင်းနေပြီ။ ထို့အပြင် အလုပ်လုပ်ရာတွင်လည်း အလွန် စေ့စပ်သေချာပြီး စနစ်ကျလွန်းသည်။
ပထမဦးစွာ ဗာဂျာရာဂိုဏ်းကို ပြတ်ပြတ်သားသား ဝိုင်းရံပိတ်ဆို့သည်။ထို့နောက် မြို့ပြင်ထွက်ပြီး နတ်ဆိုးကို ဖမ်းသည်။
ဂုဏ်ပကာသနကျော်ဇောမှုကို ဂရုမစိုက်ဘဲ စိတ်ကို တည်ငြိမ်စွာထားကာ နောက်ဆုံးလက်စသတ်သည့် ကိစ္စအထိ ပြီးပြည့်စုံအောင် လုပ်ဆောင်သည်။
ထိုအကြောင်း တွေးမိရင်း အောက်ဘက်ရှိ မိသားစုကြီးများမှ ဆင်းသက်လာသော သားသမီးများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
နှိုင်းယှဉ်ကြည့်လိုက်တော့မှ ဤကောင်များက မည်သည့်အရာမှသုံးစားမရသော အမှိုက်များဆိုတာ ပိုသိသာလာလေ၏။
"မင်းလည်း အားနေတာပဲမလား။ မသွားခင် အဲဒီ ကတုံးဘုန်းကြီးတုအုပ်စုကို အပြင်ထုတ်ပြီး ခေါင်းဖြတ်ပစ်လိုက်ပါဦး။ မြင်ရတာ စိတ်ရှုပ်စရာ ကောင်းတယ်။"
အာချမ်က စကားတစ်ခွန်းတည်းဖြင့် ဗာဂျာရာဂိုဏ်းကို သေဒဏ်ချမှတ်လိုက်သည်။
ထို့နောက် မတ်တပ်ရပ်လိုက်ပြီး
"မူလကတော့ အဲဒီကောင်လေး လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးသွားအောင် တစ်ယောက်ယောက်ကို လမ်းပြခိုင်းမလို့ပဲ။မင်းက သူ့ကို ဒီလောက် အထင်ကြီးနေမှတော့ ယုံအန်းမြို့ကို ခေါ်သွားပြီး အတွေ့အကြုံ ဗဟုသုတ ရအောင် မင်းပဲ လိုက်ပို့ပေးလိုက်တော့။"
"ကောင်းပြီလေ။"
ကျန်းချန်ယွင် ခေါင်းညိတ် လက်ခံလိုက်သည်။
......
မြို့အနောက်ဘက်၊ ဗာဂျာရာဂိုဏ်း
မရေမတွက်နိုင်သော တပ်မှူးများသည် ကျိုးပဲ့နေသော လှေကားထစ်ရှည်ကြီးများပေါ်တွင် ရှုပ်ထွေးစွာ သွားလာနေကြသည်။
ပစ္စည်းသိမ်း၊ဂိုဏ်းဖျက်သည့် ကိစ္စမျိုးကို သူတို့ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ကြသည်။
ကုတင်အောက် ကြမ်းပြင်ကြား၊ဟိုချောင်ဒီချောင် ဝှက်ထားသော ပစ္စည်းဖြစ်စေကာမူ ပြောင်စင်အောင် ရှာဖွေနိုင်ကြသည်။
ဧရာမ ဗုဒ္ဓရုပ်တုကြီးများကို တုတ်ဖြင့် ရိုက်ခွဲကာ အတွင်းထဲတွင် ရတနာများ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးမှ နောက်တစ်ဆူဆီသို့ ဆက်သွားကြသည်။
ရှန်းယီသည် မြင်းလှည်းဘေးတွင် မှီလျက် လက်ထဲမှ သိုင်းစာအုပ်ကို ပေါ့ပေါ့ပါးပါး လှန်လှောဖတ်ရှုနေသည်။
တပ်မှူးနှစ်ဦးက သူ့ဘေးတွင် စောင့်ကြပ်နေပြီး ရိုသေစွာ ပြောလိုက်သည်။
သခင်ရှန်း... မိတ္တူတစ်စောင် ကူးထားလိုက်ရမလား။ ပြန်ရောက်မှ သေချာ ပြန်စစ်ဆေးကြည့်မလို့လေ။"
ခဏအကြာတွင် ရှန်းယီသည် ခက်ခက်ခဲခဲ ရှာတွေ့ထားသော ထိုသိုင်းစာအုပ်ကို ပိတ်လိုက်ပြီး သူတို့ထံ ပစ်ပေးလိုက်သည်။
"မလိုတော့ဘူး။ စာရင်းထဲသာ တန်းထည့်လိုက်တော့။"
"ဒီ ဗာဂျာရာဂိုဏ်းက အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ဂိုဏ်းကြီးပါ၊နှစ်ရာချီလောက်ပဲ ရှိသေးတယ်၊ ဒီလောက်ထိ မွဲပြာကျသွားရသလား။"
တပ်မှူးများ အနည်းငယ် နေရခက်သွားသည်။
ချင်းဖုန်းတောင်နှင့် ယှဉ်ဖို့ မပြောနှင့်၊ သာမန် ဒုတိယတန်းစား ဂိုဏ်းများနှင့် ယှဉ်လျှင်ပင် များစွာ ကွာခြားလွန်းလှသည်။
ငွေများ မည်သည့်နေရာသို့ ရောက်ကုန်ကြသနည်း။
"ချမ်းသားမှုတွေကို အကုန်ထုတ်သုံးပြီး အမြုတေအဆင့်နဲ့ယှဉ်နိုင်မယ့် ခန္ဓာကိုယ်သန့်စင်သူ သိုင်းသမားတစ်ယောက်ကို အတင်းအဓမ္မ မွေးထုတ်ဖို့ ကြိုးစားခဲ့တာလေ။အတိတ်က ဂုဏ်ရောင်ကို ပြန်လည် တောက်ပချင်လို့..."
နောက်ထပ် တပ်မှူးတစ်ယောက်က စကားပြောလက်စ တန်းလန်းဖြင့် ရုတ်တရက် ပါးစပ်ပိတ်သွားသည်။
သခင်ရှန်း ပြန်ရောက်လာပြီး သူတို့ကို လှုပ်ရှားခိုင်းကတည်းက ဟို ကျောင်းထိုင်ဘုန်းကြီး ကိစ္စတုံးသွားပြီဆိုတာ သေချာသလောက်ပင်။
"သွား လုပ်စရာရှိတာ ဆက်လုပ်ကြ။"
ရှန်းယီ မေးငေါ့ပြလိုက်သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားသောအခါ...
သူသည် စနစ်မျက်နှာပြင် ကို ဖွင့်လိုက်သည်။
အသစ်ပေါ်လာသော စာလုံးများကို ကြည့်ရင်း ကြည်လင်သော မျက်ဝန်းများထဲတွင် မသိမသာ ဝမ်းသာသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။
[အမြုတေအဆင့်- သေခြင်းရှင်ခြင်း ဇင်ခန္ဓာကိုယ် ပထမအတွဲ (မစတင်ရသေး)]
ထင်ထားသည့်အတိုင်းပင်။ ဗာဂျာရာဂိုဏ်း ဂိုဏ်းချုပ်နှင့် စတွေ့ကတည်းက ရှန်းယီ သတိထားမိသည်မှာ တစ်ဖက်လူ၏အော်ရာသည် မိစ္ဆာလမ်းစဉ် နှင့် မတူပေ။
အစောပိုင်းက အကြမ်းဖျင်း ဖတ်ကြည့်လိုက်သော နားလည်မှုအရဆိုလျှင်...
ဤ ဇင်ခန္ဓာကိုယ် သည် တရားထိုင် ကျင့်ကြံခြင်းဖြင့် ကမ္ဘာမြေကြီး၏အငွေ့အသက်များမှ ရှင်ခြင်းနှင့် သေခြင်း သဘောတရားနှစ်ခုကို ခွဲထုတ်ယူငင်ပြီး မိမိခန္ဓာကိုယ်ကို သန့်စင်ရသော နည်းလမ်းဖြစ်သည်။
အဖြူနှင့်အနက် ရောယှက်နေသော အရောင်၊ တစ်ခုက သေဆုံးခြင်း၊ တစ်ခုက ရှင်သန်ခြင်း။
ပထမတစ်ခုက သတ်ဖြတ်ခြင်းအတွက် ဖြစ်ပြီး နောက်တစ်ခုက ပြန်လည်ကုစားခြင်းအတွက် ဖြစ်သည်။
ဂိုဏ်းချုပ်၏အဆင့်အတန်းသည် မိမိနှင့် သိပ်မကွာလှသဖြင့် တရားထိုင် ဉာဏ်အလင်းပွင့်ခြင်းဖြင့် မအောင်မြင်နိုင်ပေ။
ထို့ကြောင့် သူသည် လွယ်ကူသော နည်းလမ်းဖြစ်သည့် လူသတ်ခြင်းနှင့်အသက်ကယ်တင်ခြင်း ကို အသုံးပြုပြီး ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
တကယ်လည်း သူ ကျင့်ကြံလို့ ဖြစ်သွားခဲ့သည်။
ရှန်းယီသည် ကျန်ရှိနေသေးသော နှစ်လေးရာကျော် နတ်ဆိုးသက်တမ်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
'ချင်းဖုန်းတောင်က ပြန်လာတာ ဘယ်လောက်မှ မကြာသေးဘူး၊ ဘယ်လိုလုပ်ပြီး ဒီလောက်လေးပဲ ကျန်တော့တာလဲ။'
ဤသိုင်းပညာမှာ အထက်အတွဲ သာ ရှိသည်။
ရှန်းယီသည် ယခင်ကလည်း ဤကဲ့သို့ မပြည့်စုံသော အရာများနှင့် ထိတွေ့ဖူးသည်။
ထိုအထဲတွင် ရွှေရောင်နေမင်း ရတနာရှစ်ပါးခန္ဓာကိုယ် သည် အနီးစပ်ဆုံး ဖြစ်သည်။
၎င်းကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီးပါက ကျောက်စိမ်းအဆင့် သို့ လှမ်းတက်နိုင်သော်လည်း ကျောက်စိမ်းအဆင့် နတ်ဆိုးစစ်စစ်များနှင့် တွေ့လျှင် သိပ်ပြီး အရာမဝင်လှပေ။
ယခုရရှိသော သေခြင်းရှင်ခြင်း ဇင်ခန္ဓာကိုယ် တစ်ပိုင်းသည် အပြည့်အဝ ကျင့်ကြံနိုင်လျှင် မိမိအတွက် သေချာပေါက် အထောက်အကူ ဖြစ်စေမည်။
သို့သော် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲသွားစေရန်မူ မလုံလောက်ပေ။
ရှန်းယီကို အမှန်တကယ် ဆွဲဆောင်နိုင်သည်မှာ ၎င်းသည် အမြုတေအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာ ဖြစ်နေခြင်းပင်။
ကျောက်စိမ်းအဆင့်ထက် ပိုမြင့်သော နယ်ပယ်တစ်ခုနှင့် သက်ဆိုင်နေသည်။
ထိုအတူ မိမိက နတ်ဆိုးပုံဆောင်ခဲ ကဲ့သို့သော အရာများကို ဖွဲ့စည်းနိုင်စွမ်း ရှိသည်။
သက်တမ်းသာ လုံလောက်ပါက ၎င်းကို ပြီးပြည့်စုံသော နတ်ဆိုးသိုင်းကျင့်စဉ် တစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးစားနိုင်သည်။
ပြီးပြည့်စုံသော အမြုတေအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်တစ်ခုသည် ပထမတန်းစား ဂိုဏ်းတစ်ခုကို တည်ထောင်ရန် လုံလောက်သော အခြေခံအုတ်မြစ် ဖြစ်သည်။
ဤကမ္ဘာသို့ ရောက်လာသည်မှာကြာမြင့်ပြီဖြစ်သော်လည်း ယခုမှသာ ပိုမြင့်မားသည့် သိုင်းပညာ အဆင့်အတန်းနှင့် ထိတွေ့ခွင့် ရတော့သည်။
ယခု လိုအပ်နေသည်များကိုတော့ နတ်ဆိုးများထံမှ ငှားရန်သာရှိတော့လေ၏။
ထိုအကြောင်း တွေးမိရင်း ရှန်းယီ ခါးပတ်ကြားမှ ငွေရောင်ခေါင်းလောင်းလေးကို ထုတ်ကြည့်လိုက်သည်။
ဤအရာလေး ရှိနေသရွေ့ နတ်ဆိုးသက်တမ်း ရရှိဖို့ဆိုတာ အများကြီး လွယ်ကူသွားပြီ ဖြစ်သည်။
စိတ်အားအလွန်လောနေစရာမလိုတော့ပေ။
မှောင်ရီစပျိုးအချိန်ရောက်မှ တပ်မှူးများ ပစ္စည်းသေတ္တာများကို မြင်းလှည်းပေါ်တင်ကာ နတ်ဆိုးနှိမ်နင်းရေးဌာနသို့ သယ်ဆောင်သွားသည်ကို စောင့်ကြည့်ပြီးနောက် ရှန်းယီ လမ်းကြုံလိုက်ကာ ခြံဝင်းလေးသို့ ပြန်ရောက်လာသည်။
ခြံဝင်းထဲတွင် ရံဖန်ရံခါ စကားပြောသံများ ထွက်ပေါ်နေသည်။
စားပွဲပေါ်တွင် အနွေးဓာတ် မပြယ်သေးသော ထမင်းဟင်းပွဲများ ရှိနေပြီး ဝိုင်ခွက်များတွင် ဖြည့်ထားသော်လည်း ဘယ်သူမှ တူ မကိုင်ကြသေးပေ။
သားသတ်သမားကြီးက သူ့ရင်ခွင်ထဲမှ ကလေးငယ်ကို စနောက်နေပြီး ဖန်းဟန်က အတိတ်ကို လွမ်းဆွတ်သော မျက်လုံးများဖြင့် သူတို့နှစ်ဦးကို ကြည့်နေသည်။
အပြင်ဘက်မှ ခြေသံကြားလိုက်ရသောအခါ...
သူတို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
မျက်လုံးထဲမှ စိုးရိမ်မှုများကို ဖုံးကွယ်ရင်း မတ်တပ်ရပ်ကာ ပြုံးလိုက်ကြသည်။
"ပြန်ရောက်လာပြီလား။"
ရှန်းယီ အနည်းငယ် ကြောင်အသွားသည်။ လက်ထဲမှ ကြမ်းကြုတ်သောဝံပုလွေဝတ်ရုံကြီးကို ကုလားထိုင် လက်တန်းပေါ် ပစ်တင်လိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ဝိုင်ခွက်ကို မော့ကာ တစ်ငုံ သောက်လိုက်ရင်း-"ကိစ္စ ရှိလို့လား။"
ဖန်းဟန်က သက်ပြင်းချလိုက်၏။
"သခင်ရှန်းမှာ ကိစ္စရှိသွားမှာ စိုးရိမ်နေတာပါ။"
ချင်ကျိုးမြို့၏လူငယ်မျိုးဆက် တစ်ခုလုံးအား ဖိနှိပ်ပစ်ခြင်းသည်...သာမန်လူများမလုပ်ဆောင်ရဲကြပေ။
ထို မျိုးဆက်နောက်ကွယ်မှ အဘိုးကြီးများ ရှိနေသေးသည်မလော။
ရှန်းယီကတော့ လုပ်ရဲရုံတင်မကပေ၊ အပြစ်ပြောစရာ မရှိအောင်ကို သေသေသပ်သပ် လုပ်ပြခဲ့သည်။
သို့သော်လည်း လူဆိုသည်မှာ အမြဲအမှားနှင့်မကင်းနိုင်ပေ။
တဖက်လူများ၏အာဃာတကြီးသည့် မျက်လုံးများဖြင့်ကြည့်မလာရဲစေရန်တော့ အင်အားကို အဆက်မပြတ်ထုတ်ပြနေဖို့ လိုလေ၏။
ထိုသို့ဖြစ်စေမည်ဆိုလျှင်တော့ ဖန်းဟန်အနေဖြင့် သူ့ဆရာအား စောစီးအနားယူခိုင်းကာ စစ်သူကြီးချုပ်နေရာကို သခင်ရှန်းကို လွှဲပေးဖို့ အကြံပြုချင်သည်။
"ငါ..."
သားသတ်သမားကျန်းသည် ဝိုင်ခွက်ကို မြှောက်ကာ ရှန်းယီကို ဂုဏ်ပြုလိုက်ပြီး တစ်ရှိန်ထိုး မော့ချလိုက်သည်။
ကျေးဇူးတရားကြီးလွန်းရာ မည်သို့ကျေးဇူးတင်ရမည်သူမသိတော့။
သူ့ နှုတ်ခမ်းမွေးပေါ်မှ ဝိုင်စက်များကို သုတ်လိုက်၏။
"ဘယ်အချိန် ဘယ်နေရာပဲ ဖြစ်ဖြစ်၊ဒီသားသတ်သမားကျန်းကို လိုအပ်လာရင် စကားတစ်ခွန်းပဲ ပြောလိုက်။မင်းအတွက် ငါ့အသက်သေဆုံးဖို့အသင့်ပြင်ထားပြီးသားပဲ။"