ငွေခေါင်းလောင်းနတ်ဆိုးဖမ်းစီးသူ စတင်လှုပ်ရှားခြင်း
Vol. 11 Ch. 106
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းအတွင်းမှာတော့...
ရှန်းယီသည် တူကို အောက်သို့ချလိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို မြှောက်ကာ တုံ့ပြန်လိုက်လေသည်။
အလွန်အမင်း ယဉ်ကျေးပြနေရန် မလိုအပ်ပေ။ ဤကဲ့သို့ ဖြောင့်မတ်ပြီး ဒဲ့တိုးဆန်သော လူကြမ်းကြီးများအတွက်မူ ရင်ထဲရှိရာကို ဖွင့်ဟပြောဆိုလိုက်မှသာ စိတ်သက်သာရာ ရတတ်လေသည်။
"ဟူး..."
သားသတ်သမားကျန်းသည် စားပွဲဘေးတွင် ပြန်လည်ထိုင်လိုက်ပြီး မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။
ယခုတစ်ကြိမ်တွင် ဗာဂျာရာဂိုဏ်းသည် သူ၏ သိက္ခာကို မြေကြီးထဲသို့ နင်းချေပစ်ခဲ့သည်ဟု ဆိုနိုင်သည်။
အမှန်စင်စစ် တစ်ဖက်လူ၏လက်ရှိ အင်အားနှင့် ယှဉ်လျှင် မိမိအနေဖြင့် အသက်ပေး၍ ကူညီလျှင်ပင် မည်သို့မျှ အရာထင်မည် မဟုတ်ပေ။
သို့သော် ညီအစ်ကိုရှန်း၏သဘောထားမှာမူ ပြောင်းလဲခြင်း မရှိဘဲ ဘိုင်ယွင်စီရင်စုတွင် ရှိစဉ်ကအတိုင်းပင် ဆက်ဆံနေဆဲ ဖြစ်လေသည်။
"ကျုပ် ဒီကလေးကို ခေါ်ပြီး ချင်ကျိုးမြို့ကနေ ယာယီ ထွက်ခွာတော့မယ်။ မြို့ငယ်လေး တစ်မြို့လောက်မှာ အချိန်တစ်ခုလောက် သွားနေမလို့။ နေရာကျတာနဲ့ လူကြုံပါးပြီး စာပို့လိုက်ပါ့မယ်"
ရှန်းယီသည် ယခုအချိန်တွင် တဟုန်ထိုး တက်လမ်းသို့ ရောက်နေပြီး လူအများရှေ့တွင် သားသတ်သမားကျန်းဘက်မှ ရပ်တည်ပေးခဲ့သည်။
မြို့ထဲတွင်သာ ဆက်နေမည်ဆိုပါက ရှန်းယီနှင့် ပတ်သက်ခွင့်ရရန် သူ့ကို လာရောက် မျက်နှာလိုမျက်နှာရ လုပ်မည့်သူများ မရေမတွက်နိုင်အောင် ရှိနေမည်မှာ အမှန်ပင်။
သို့သော် လူကြမ်းကြီးသည် ထိုအရာများထက် ပို၍ နက်ရှိုင်းစွာ တွေးတောမိလေသည်။
ဤစည်းစိမ်ချမ်းသာများသည် သူ ခံစားထိုက်သော အရာများ မဟုတ်ပေ။ ထို့ပြင် ရှန်းယီကို မျက်နှာလုပ်ချင်သူ ရှိသကဲ့သို့ ဒုက္ခပေးချင်သူများလည်း ရှိနေနိုင်သည်။
သူကဲ့သို့ အင်အားနည်းပါးသူသည် ရှန်းယီကို တိုက်ခိုက်ရန်အတွက် တစ်ဖက်လူများ၏ပစ်မှတ် ဖြစ်လာနိုင်လေသည်။
"ဂရုစိုက်သွားပါ"
ရှန်းယီသည် ခေါင်းညိတ်လိုက်ပြီး ဘေးရှိ ဖန်းဟန်ကို စောင်းကြည့်လိုက်၏။
"ခင်ဗျားက ဘာလို့ သူ့ကို ကိုယ့်အဖေကို ကြည့်သလိုမျိုး ကြည့်နေရတာလဲ"
"..."
ဖန်းဟန်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး ဝင်ထိုင်လိုက်လေသည်။
အကယ်၍ သူ့မိဘများသာ ဤကဲ့သို့ အမြော်အမြင်ကြီးခဲ့ပါက ထိုဆိုင်ခန်းလေးကို စွဲလမ်းမနေဘဲ ထွက်ခွာခဲ့လျှင် နတ်ဆိုးလက်ချက်ဖြင့် သေဆုံးရမည့်အစား အဘွားဖြစ်သူနှင့်အတူ အသက်ရှင်နေနိုင်ဦးမည် ဖြစ်သည်။
သေရွာပြန်လာသကဲ့သို့ ဖြစ်နေသော သားသတ်သမားကျန်းနှင့် ထိုကလေးငယ်ကို ကြည့်ရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားခြင်းသာ ဖြစ်၏။
စစ်သူကြီးချုပ်သည် ဆရာကောင်းတစ်ယောက် ဖြစ်သော်လည်း လူကြီးမိဘနေရာတွင် ပီပြင်သူဟု ပြောရန် ခက်ခဲလှပေသည်။
"အဘွားက ပြောတယ်... ကျွန်တော် ဒီရက်ပိုင်း အများကြီး ပြောင်းလဲလာတယ်တဲ့။ အဲဒါကြောင့် ခင်ဗျားကို လူချင်းတွေ့ပြီး ကျေးဇူးတင်ချင်နေတာ"
ဖန်းဟန် သက်ပြင်းချလိုက်၏။များစွာ ပြောင်းလဲလာရခြင်းမှာ တစ်ဖက်လူနှင့် တွေ့ပြီးကတည်းက သူ့လက်မောင်း ကောင်းကောင်းမွန်မွန် မရှိတော့သောကြောင့် ဖြစ်သည်။
လူများနှင့် လက်ရုံးရည် ယှဉ်ပြိုင်၍ မရတော့သဖြင့် စိတ်အားအလိုလိုက်ခြင်းများလည်း အလိုလို လျော့နည်းသွားရလေသည်။
"မနက်ဖြန်ပေါ့"
ရှန်းယီ ရုတ်တရက် သတိထားမိလိုက်သည်မှာ သူ သိကျွမ်းသူ များပြားလာသည်နှင့်အမျှ ဤကမ္ဘာ၌ သူ့ကို သတိတရရှိနေသူများလည်း စတင် ရှိလာခဲ့ပြီ ဖြစ်သည်။
ခံစားချက်က မဆိုးလှပေ။
သူတို့သုံးဦးသည် ဝိုင်ကို အနည်းငယ်စီသာ သောက်ကြပြီးနောက် အသီးသီး အနားယူရန် အခန်းပြန်ကြလေသည်။
နတ်ဆိုးများ သောင်းကျန်းနေသော ဤခေတ်ကာလတွင် မူးရူးနေအောင် သောက်စားခြင်းသည် တန်ဖိုးကြီးလွန်းသော ဇိမ်ခံမှုတစ်ခု ဖြစ်ပေ၏။
……
နောက်တစ်နေ့၌
သားသတ်သမားကျန်းသည် အစောကြီးထကာ ထွက်ခွာသွားလေသည်။ မသွားခင်တွင် စကားတစ်ခွန်းမျှ မဆိုဘဲ ကလေးငယ်ကို ခေါ်လျက် ရှန်းယီ၏ အခန်းတံခါးကို ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။
နံနက်ခင်းအချိန်တွင် ဖန်းဟန်သည် လိမ္မော်သီး နှစ်အိတ်ကို ဆွဲလျက် အပြင်မှ ဝင်လာလေသည်။
ရှန်းယီသည် အနီးကပ်တွဲဖက်အရာရှိဝတ်စုံကို ငွေရောင်ခေါင်းလောင်းထဲသို့ ထည့်သိမ်းလိုက်ပြီး ဘိုင်ယွင်စီရင်စုမှ ယူလာသော မင်ရောင် ဝတ်ရုံရှည်ကို လဲလှယ်ဝတ်ဆင်ကာ တံခါးဖွင့်ထွက်လာ၏။
"ခင်ဗျား... ထပ်ပြီး ထွက်သွားဦးမလို့လား"
ဖန်းဟန်သည် သူ့ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။
'အဘွားအာချမ်က ရှန်းယီကို တကယ်ပဲ ခေါင်းလောင်း ပေးလိုက်တာပဲ။'
ဤကဲ့သို့ အနားမယူဘဲ အလျင်စလို သွားလာလှုပ်ရှားနေပုံမျိုးကို ဖန်းဟန် အနေဖြင့် အခြားတစ်ယောက်ဆီ၌သာ မြင်ဖူးခဲ့လေသည်။
"မြို့ထဲမှာချည်း နေလို့မဖြစ်ဘူးလေ၊ လျှောက်သွားလိုက်ဦးမယ်"
ရှန်းယီသည် ခြံဝင်းအပြင်ဘက်သို့ လျှောက်သွားလိုက်၏။
အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ် တစ်ပိုင်းကို လက်ထဲကိုင်ကာ မကျင့်ကြံရသေးဘဲထားထားရသည်မှာ နေရထိုင်ရ ခက်လှသည်။
သူတို့နှစ်ဦး စစ်သူကြီးချုပ်အိမ်တော်သို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ရှန်းယီ၏စိတ်ခံစားမှုမှာ ယခင်တစ်ခေါက်နှင့် လုံးဝ မတူတော့ပေ။
ယခုအချိန်တွင် သူ ဤနေရာ၌ ရပ်နေသည်ကို မြင်သူတိုင်းသည် သူ တစ်စုံတစ်ရာ အရေးကြီးကိစ္စ ရှိ၍ လာသည်ဟုသာ ထင်ကြမည် ဖြစ်ပြီး၊ အဆက်အသွယ် ရှာ၍ မျက်နှာလိုမျက်နှာရ လုပ်ရန် လာသည်ဟု ထင်ကြတော့မည် မဟုတ်ပေ။
"ရှောင်ယန်... နေပါဦး၊ နင့်ကို လူငယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ပါဆို"
"အာ... အဘွားရယ်... ကျွန်မက ဖန်းသခင်လေးရဲ့ လစာလာပို့ရုံ သက်သက်ပါ၊ အဲဒီလို အစီအစဉ်တွေ မရှိပါဘူး"
"လူကို အရင် ကြည့်ကြည့်ပါဦး"
"ကျွန်မမှာ ကိစ္စရှိသေးတယ်..."
ခြံဝင်းအတွင်းမှ စကားပြောသံများ ထွက်ပေါ်လာ၏။ မိန်းကလေး၏အသံတွင် အားနာသည့် လေသံများ ပါဝင်နေသည်။
သူတို့နှစ်ဦး ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ထိုမိန်းကလေး လှည့်ကြည့်လာရာ၊ ဖန်းဟန်ကို ကျော်လွန်၍ မင်ရောင်ဝတ်ရုံနှင့် အရပ်ရှည်ရှည် လူငယ်အပေါ်သို့ အကြည့်ရောက်သွားလေ၏။
"အာ"
ရှောင်ယန်သည် မသိစိတ်ဖြင့် ခုံပေါ်သို့ ပြန်ထိုင်လိုက်မိသည်။
"ရုတ်တရက်ကြီး ကိစ္စ မရှိတော့ဘူး"
ဖန်းဟန်က မျက်စောင်းထိုးကြည့်လိုက်ပြီး "သွားစရာရှိတာ သွားတော့လေ" ဟု ပြောလိုက်သည်။
"တကယ်တော့ အလုပ်သိပ်မရှိပါဘူး... ဟေး... မဆွဲနဲ့လေ... သခင်ရှန်း ကျွန်မလေ ရှင့်ကို သိုင်းစာအုပ် ရွေးပေးဖူးတဲ့ တစ်ယောက်လေ"
ဖန်းဟန်သည် ထိုမိန်းကလေးကို အတင်းဆွဲထူပြီး ပြန်လွှတ်လိုက်သည်။
သူမသည် ခြံဝင်းထဲမှ ထွက်သွားသည်အထိ ရှန်းယီ၏မျက်နှာပေါ်မှ အကြည့်မခွာနိုင်ဘဲ ဖြစ်နေရှာ၏။
"နင်ကလည်း၊ နည်းနည်းလောက် ယဉ်ကျေးလို့ မရဘူးလား"
အဘွားအိုသည် စိတ်မရှည်စွာဖြင့် ဖန်းဟန်ကို ရိုက်လိုက်ပြီးမှ ရှန်းယီကို ပြုံးရွှင်စွာ လှမ်းကြည့်လိုက်သည်။
"ရောက်လာပြီလား"
"ဟုတ်ကဲ့၊ အဘွားကို လာကြည့်တာပါ"
ရှန်းယီ ခေါင်းညိတ်လိုက်၏။တဖက်လူက မိန်းကလေးနှင့် မိတ်ဆက်ပေးမည် ပြောသည်အား တကယ်လုပ်မယ်လို့ မထင်ထားခဲ့မိပေ။
"ထိုင်ပါဦး၊ အဘွား ထမင်းသွားချက်လိုက်ဦးမယ်"
လူကြီးများ၏ထုံးစံအတိုင်း စကားများတတ်ပြီး ကျင့်ကြံခြင်းအကြောင်း ဘာမှ နားမလည်သဖြင့် အိမ်မှုကိစ္စများကိုသာ မေးမြန်းနေလေသည်။
ရှန်းယီသည် စိတ်မပျက်ဘဲ ခြံဝင်းထဲတွင် ထိုင်ကာ မေးသမျှကို လေးလေးနက်နက် ပြန်လည်ဖြေကြားပေးနေ၏။
ဤကဲ့သို့သော အချိန်မျိုးရောက်မှသာ သူ၏ယခင်ဘဝကဲ့သို့ စိတ်အေးချမ်းမှုမျိုးကို ခံစားရလေသည်။
မွန်းတည့်ချိန် ရောက်သောအခါ ဆန်ပြုတ်နှင့် ဟင်းပွဲငယ်များ စားပွဲပေါ် ရောက်လာသည်။
ဤတစ်ခါတော့ သူ့အတွက် ဝက်သားနီချက် တစ်ပွဲ အပိုပါလာ၏။
"ပြီးခဲ့တဲ့တစ်ခေါက်က နင်က ဒီကောင်စုတ်လေးကို ဆုံးမပေးလိုက်တော့ သူ အများကြီး လိမ္မာသွားတယ်။ စားပါ၊ များများစား၊ နောက်တစ်ခါကျရင် ပိုတောင် နာနာလေး ဆုံးမပေးဦး"
ရှန်းယီသည် တူကို ကိုင်လိုက်သည်။ အဘွားအို၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများအောက်တွင် အသားတစ်တုံးကို လှမ်းညှပ်လိုက်၏။
ခါးတွင် ချိတ်ဆွဲထားသော ငွေရောင်ခေါင်းလောင်းလေးသည် ရုတ်တရက် တုန်ခါသွား၏။
သူသည် မျက်နှာအမူအရာ မပျက်ဘဲ အဆီအသား ရောနေသော ဝက်သားတုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ အရသာကို သေချာခံစားပြီးနောက် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေသည်။
"အဘွား လက်ရာ တော်တော်ကောင်းတာပဲ"
"ဟုတ်လား၊ ဒါဆို များများစားနော်"
အဘွားအိုမှာ ပါးစပ်စေ့မရအောင် ပြုံးပျော်နေရှာသည်။
"အခွင့်အရေး ရတဲ့တစ်နေ့ပေါ့"
ရှန်းယီသည် ပန်းကန်လုံးထဲမှ ဆန်ပြုတ်ကို အကုန်သောက်လိုက်ပြီး တောင်းပန်သည့် ဟန်အမူအရာဖြင့် မတ်တပ်ရပ်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။
ဖန်းဟန် တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး မော့ကြည့်ကာ ပြောလိုက်၏။
"သခင်ရှန်း... ဂရုစိုက်ပါ"
နတ်ဆိုးနှိမ်နင်းရေးတပ်မှူးများ ကြုံတွေ့ရသော အန္တရာယ်သည် နတ်ဆိုးဖမ်းစီးသူများ ကြုံရသည်နှင့် ယှဉ်လျှင် ဆယ်ပုံတစ်ပုံပင် မရှိပေ။
"ကိစ္စမရှိပါဘူး၊ မင်းတို့ လူငယ်တွေက အလုပ်များကြတာကိုး၊ သွားစရာရှိတာ သွားကြ၊ အားရင် အိမ်ပြန်လာလည်ကြဦး"
ရှန်းယီ ထွက်ခွာသွားပြီးနောက် အဘွားအိုသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး စားပွဲတွင် ပြန်ထိုင်ကာ ဖန်းဟန်ကို ရိုက်လိုက်ပြန်၏။
"နင် ဘာတွေ လျှောက်လုပ်နေမှန်းကို မသိဘူး၊ ဒီလောက် ကောင်းတဲ့ လူငယ်လေး၊ အိမ်မှာ စောင့်နေတဲ့ မိန်းမသာ ရှိရင် ဒီလောက်ထိ အသက်နဲ့ရင်းပြီး ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုဘူး"
"ဒါပေမဲ့လည်း တွေ့ကရာလူနဲ့တော့ ဘယ်ဖြစ်မလဲဗျ"
ဖန်းဟန်က နှုတ်ခမ်းမဲ့ပြီး ရှားရှားပါးပါးပြန်ပြောလိုက်သည်။
"အဲဒါတော့ ဟုတ်သားပဲ"
အဘွားအို စဉ်းစားလိုက်ပြီး ရယ်မောလိုက်ပြန်သည်။
"နင့် စီနီယာအစ်မက သူ့ပုံစံနဲ့ တော်တော်တူတာပဲ"
"စီနီယာအစ်မလင်းကို ပြောတာလား"
ဖန်းဟန် ကြောင်သွားပြီး ဖြစ်နိုင်ခြေ ရှိသည်ဟု တွေးလိုက်မိသည်။
"မဟုတ်ဘူး၊ ပိုလှတဲ့ တစ်ယောက်ကို ပြောတာ"
အဘွားအိုက မျက်စိတစ်ဖက် မှိတ်ပြပြီး တိုးတိုးလေး ပြောလိုက်၏။
"နှစ်ယောက်စလုံးက ကြည့်လိုက်ရင် အေးစက်စက် နိုင်ပေမဲ့ တကယ်တမ်းကျတော့ စိတ်ထားနွေးထွေးပါတယ်။ နင် ကြားထဲကနေ အောင်သွယ်ပေးလိုက်ပါလား"
ထိုစကား ကြားသောအခါ ဖန်းဟန် ရုတ်တရက် ကြက်သီးထသွားပြီး လက်ကာပြလိုက်သည်။
"အဘွား တော်လိုက်ပါတော့ဗျာ၊ သခင်ရှန်းက ကြည့်ရင် အေးစက်ပေမဲ့ တကယ်တမ်းကျတော့ စကားသိပ်မပြောတတ်ရုံပါ။စီနီယာအစ်မကျန်းကျတော့... လုံးဝ တခြားစီပါ၊ အဘွား လူမှားနေပြီ"
အဘွားဖြစ်သူက သဘောမကျသည့် ပုံစံဖြစ်နေသည်ကို မြင်သောအခါ သူ ဘယ်ညာ လှည့်ကြည့်လိုက်၏။
ပြီးမှ အသံနှိမ့်ကာ ပြောလိုက်လေသည်။
"အစ်ကိုကြီးယို ပြောတာတော့... စီနီယာအစ်မကျန်းက ငယ်ငယ်တုန်းက နတ်ဆိုးဘေးအန္တရာယ်နဲ့ ကြုံခဲ့ရတာတဲ့။ လူသေကောင်တွေကြားထဲကနေ တစ်ကိုယ်တည်း တွားသွားပြီး ထွက်လာခဲ့ရတာ။ ဆရာနဲ့ တွေ့တဲ့အချိန်တုန်းက သူ့ဘေးမှာ အလားတူဘေးဒုက္ခကြုံခဲ့ရတဲ့ ရွှေရောင်မျောက်တစ်ကောင်ပဲ ပါလာတယ်။ လမ်းတစ်လျှောက်လုံး အပြန်အလှန်စောင့်ရှောက်ပေးပြီး မုန့်တစ်ချပ်ကို ခွဲဝေစားရင်း သေဘေးကနေ လွတ်မြောက်လာခဲ့ကြတာ။ အဲဒီတုန်းက သူ့မျက်လုံးထဲမှာ အကောင်းမြင်စိတ်တွေ ရှိနေသေးတယ်"
"ကံဆိုးချင်တော့ ဆရာနဲ့ သွားတွေ့တာပဲ"
ဤအကြောင်း ရောက်တော့ ဖန်းဟန် သက်ပြင်းချလိုက်သည်။
"ဆရာက သူတို့နှစ်ယောက်လုံးကို ဒေသခံ ခြံဝင်းတစ်ခုမှာ ခေါ်ထားပြီး စောင့်ရှောက်ပေးခဲ့တယ်"
"အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား"
အဘွားအိုက စိတ်ဝင်တစား မေးလိုက်၏။
"ကောင်းလို့လား"
ဖန်းဟန် ခေါင်းငုံ့ထားပြီး အချဉ်ဖတ်ကို တူဖြင့် ကလိနေလေသည်။
"ဆရာက သူတို့ကို သိုင်းပညာ သင်ပေးတယ်။ မျောက်က ဓားသိုင်းကျင့်တယ်၊ စီနီယာအစ်မက ဆေဘာသိုင်း ကျင့်တယ်... အဲဒီမျောက်ကလည်း မျောက်ဝံနတ်ဆိုးလက်ချက်နဲ့ မျိုးတုန်းသတ်ဖြတ်ခံခဲ့ရပြီး ထွက်ပြေးလာတာ ဆိုတော့ စီနီယာအစ်မနဲ့က အသက်နဲ့ရင်းတဲ့ သံယောဇဉ် ရှိတယ်လို့ ပြောလို့ရတယ်"
"လအနည်းငယ်လောက် ကြာတော့ မျောက်က ဓားသိုင်း ကနဦးအဆင့်ကို ရောက်သွားတယ်။ ဆရာက သူ့ကို ဓားတစ်လက် ပေးပြီး လေ့ကျင့်ဖို့ အပြင်လွှတ်လိုက်တယ်"
"မျောက် အပြင်ထွက်သွားပြီး သိပ်မကြာဘူး၊ ဆရာက စီနီယာအစ်မကို ခေါ်ပြောတယ်။ အဲဒီမျောက်က ရင်ထဲမှာ အငြိုးအတေးတွေ ရှိနေတယ်။ အခု အပြင်ထွက်သွားတာ ပထမဆုံး လုပ်မယ့်ကိစ္စက ကလဲ့စားသွားချေမှာပဲတဲ့။ ခရီးလမ်းက အများဆုံး တစ်လလောက်ပဲ ကြာမယ်တဲ့"
"တစ်လအတွင်း ကနဦးအဆင့် ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင် မျောက်ကို သွားကယ်ဖို့ လိုက်ပို့ပေးမယ်လို့ ပြောတယ်"
အဘွားအို ကြောင်အမ်းအမ်း ဖြစ်သွား၏။
"အောင်မြင်သွားလား"
"ဒါပေါ့... ရှုံးနိမ့်သွားတာပေါ့"
ဖန်းဟန် မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
"စီနီယာအစ်မက တစ်ရက်ကို နှစ်နာရီလောက်ပဲ အနားယူပြီး ကျင့်ကြံခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးကျတော့ နည်းနည်းလေး လိုသွားခဲ့တယ်"
"ထားပါတော့၊ ဒါတွေက အရေးမကြီးပါဘူး"
ဖန်းဟန် လက်ကာပြလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"ကျွန်တော် ပြောချင်တာက... အဲဒီအချိန်ကစပြီး စီနီယာအစ်မက မျောက်အကြောင်း တစ်ခွန်းမှ မမေးတော့သလို၊ အဲဒီမျောက် သွားခဲ့တဲ့ နေရာဘက်ကိုလည်း ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။ အရာအားလုံးကို လွှတ်ချလိုက်ပြီး ချင်ကျိုးရဲ့အထက်ရှဆုံး ဓားတစ်လက် ဖြစ်လာဖို့ပဲ ကြိုးစားတော့တယ်။ အဘွားပြောသလို အပြင်ကအေးစက်ပြီး အတွင်းက နွေးထွေးတာ မဟုတ်ဘူး..."
"သူက တကယ်ပဲ... ဘာကိုမှ ဂရုမစိုက်တော့တာ"