ယုံအန်းမြို့သို့ မသွားမီ ပြင်ဆင်မှုများ
Vol. 11 Ch. 107
သာမန် မြင်းလှည်းတစ်စီးသည် ချင်ကျိုးမြို့တော် မှ မောင်းနှင်ထွက်ခွာလာခဲ့သည်။
မြင်းလှည်းအတွင်း၌ လူနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ကျန်းချန်ယွင်သည် ချောမောသော လူငယ်ကို စိုက်ကြည့်ရင်း ငွေရောင်ခေါင်းလောင်းလေးထဲမှ ရောထွေးနေသော အရှိန်အဝါ အစုအဝေးတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။
"သေချာ သိမ်းထားလိုက်"
ရှန်းယီသည် လက်ထဲသို့ လှမ်းယူလိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်သည်။
"ဒါက ဘာလဲ"
"အမြုတေဖွဲ့စည်းခြင်း နယ်ပယ် နတ်ဆိုးသခင် အရှိန်အဝါ ၁၂၃ ခု နဲ့ အမြုတေစုစည်းခြင်း နယ်ပယ်နတ်ဆိုး အရှင်သခင် အရှိန်အဝါ ၁၇ ခု၊ ဒါက နတ်ဆိုးဖမ်းစီးသူတွေ ချင်ပြည်နယ်ကို ရောက်လာပြီးနောက် ရရှိခဲ့သမျှ ရလဒ်တွေပဲ။ လူတိုင်း တစ်စုံစီ ရကြတယ်"
"ချင်ပြည်နယ် တစ်ဝိုက်က နတ်ဆိုးအများစုရဲ့ အရှိန်အဝါတွေ ဒီထဲမှာ ရှိနေတယ်"
ကျန်းချန်ယွင်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ထိုအရှိန်အဝါ အစုအဝေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
ဤအရာကို ရရှိရန်အတွက် မရေမတွက်နိုင်သော နတ်ဆိုးဖမ်းစီးသူများ အသက်ပေးခဲ့ရပြီး ထိုအထဲတွင် သူ့မိတ်ဆွေ သူငယ်ချင်းများလည်း မနည်းမနော ပါဝင်ခဲ့သည်။
ဤအရာ လက်ထဲရှိမှသာ စီရင်စု ၁၂ ခုထဲသို့ နတ်ဆိုးများ ဝင်ရောက်လာခြင်း ရှိမရှိ သူတို့ ချက်ချင်း အာရုံခံနိုင်မည် ဖြစ်သည်။
"ဒါကတော့ ငါ မင်းကို ပေးတဲ့ လက်ဆောင်ပါ"
ကျန်းချန်ယွင်သည် အလွန်တရာ ဖျော့တော့သော ခရမ်းရောင် အရှိန်အဝါတစ်မျှင်ကို ထပ်မံ ထုတ်ယူလိုက်သည်။
"မဟာလနတ်ဆိုးဘုရင်... အကယ်လို့ မင်း ပုံမှန်မဟုတ်တာ တစ်ခုခု အာရုံခံမိတာနဲ့ တန်းပြီး ထွက်ပြေးပေတော့။ အသက်ရှင်မရှင်ကတော့ ကံတရားပဲ"
"နတ်ဆိုးဘုရင်"
ရှန်းယီ မျက်ခုံးပင့်ကြည့်လိုက်၏။
"သိုင်းပညာရှင်တွေရဲ့စတုတ္ထမြောက် နယ်ပယ်ကို ဟွမ်ယွမ် ဒါမှမဟုတ် သိုင်းဝိဇ္ဇာလို့ ခေါ်ပြီး နတ်ဆိုးတွေရဲ့စတုတ္ထမြောက် နယ်ပယ်ကိုတော့ ဘုရင် လို့ ခေါ်ကြတယ်... ငါ မင်းကို ဒီလိုပဲ ပြောပြမယ်၊ အကယ်လို့ အဲဒီကောင်သာ စစ်သူကြီးချုပ်ရဲ့သုံးပေအကွာအဝေးကို ကပ်နိုင်ခဲ့မယ်ဆိုရင် ဘာမတော်တဆမှုမှ မရှိဘဲ အဲဒီနေရာမှာတင် သေဆုံးသွားမယ့်သူက ကျိန်းသေပေါက် ငါတို့ရဲ့စစ်သူကြီးချုပ်ပဲ ဖြစ်လိမ့်မယ်"
"ချင်ပြည်နယ် အတွင်းမှာဆိုရင် သိုင်းဝိဇ္ဇာအဆင့်မှပဲ အဲဒီကောင်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရင်းအနှီး ရှိတယ်"
မဟာလနတ်ဆိုးဘုရင်၏အမည်နာမကို ပြောဆိုလိုက်သည့်အခါ ကျန်းချန်ယွင်၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"နတ်ဆိုးတွေက ဒီလောက်များတာ၊ ချင်ပြည်နယ်က ကျွမ်းကျင်သူတွေကရော"
ရှန်းယီသည် ထိုခရမ်းရောင်အရှိန်အဝါကို သိမ်းဆည်းလိုက်ပြီး ယခင် အရှိန်အဝါများနှင့် အတူတကွ ငွေရောင်ခေါင်းလောင်းထဲသို့ ထည့်လိုက်သည်။
ဤအရာများသည် ထုတ်ယူထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အများအပြား ခွဲဝေထားခြင်း ဖြစ်သဖြင့် ကျောင်းနဂါးအမြုတေကို မျိုချပြီးနောက် ရရှိသော အဆက်အသွယ်လောက်နီးကပ်မှု မရှိသော်လည်း ဘာမှမရှိသည်ထက်တော့ ပိုကောင်းပေသည်။
"စစ်သူကြီး ၁၂ ပါး၊ ရွှေခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူ ၃ ဦး၊ အားလုံးက အမြုတေစုစည်းခြင်း နယ်ပယ် ကျွမ်းကျင်သူတွေချည်းပဲ"
"မျိုးနွယ်စုကြီး ၄ ခုနဲ့ ဂိုဏ်းကြီး ၆ ဂိုဏ်းမှာလည်း ၂ ယောက် ၃ ယောက်လောက်တော့ ဝှက်ထားလောက်တယ်။ ဥပမာ ချင်းဖုန်းတောင်က ဘိုးဘေးဓားလိုမျိုးပေါ့။ ယင်ဝိညာဉ် နဲ့ ဖိနှိပ်ခံလိုက်ရလို့သာ ရှုံးသွားတာ၊ တကယ်တမ်း အမြုတေစုစည်းခြင်း နယ်ပယ် နတ်ဆိုးအရှင်သခင်နဲ့ တွေ့ရင်တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်"
"ဒါ့အပြင် ဝါရင့် ငွေခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူတွေ၊ ဒါမှမဟုတ် စစ်သူကြီးတွေရဲ့ အနီးကပ် လူယုံတွေ ရှိမယ်။ အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ စုစုပေါင်း ၄၀၊ ၅၀ လောက်တော့ ရှိမယ် ထင်တယ်"
ကျန်းချန်ယွင်၏ရှင်းပြချက်ကို နားထောင်ရင်း ချင်ပြည်နယ်သည် သူ ထင်ထားသလောက် တည်ငြိမ်မှု မရှိကြောင်း ရှန်းယီ ရုတ်တရက် သတိပြုမိလိုက်သည်။
နှစ်ဖက် ကျွမ်းကျင်သူအရေအတွက် ကွာခြားချက်မှာ ကြီးမားလွန်းနေသည်မလား။
အရေအတွက် ၄၀၊ ၅၀ ဟု ဆိုလိုက်လျှင် များသယောင် ထင်ရသော်လည်း ဤသည်မှာ လူဦးရေ သန်းပေါင်းများစွာ ရှိသော ပြည်နယ်ကြီးတစ်ခု ဖြစ်သည်။
ပျမ်းမျှ တွက်ကြည့်လိုက်လျှင် စီရင်စု တစ်ခုတွင် အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ ၅ ဦးပင် မပြည့်ပေ။
ယခုလို အခြေအနေမျိုးမှာပင် အမြုတေဖွဲ့စည်းခြင်း နည်းစနစ်ကို ဤမျှထိတင်းကျပ်စွာ ထိန်းချုပ်ထားသေးတာသည်လော။
ရှန်းယီ၏မျက်နှာထား ပြောင်းလဲသွားသည်ကို ကြည့်ပြီး ကျန်းချန်ယွင် အနည်းငယ် ပြုံးလိုက်သည်။
"နတ်ဆိုးတွေကြားမှာလည်း မျိုးနွယ်စုတွေ ခွဲခြားထားသေးတယ်၊ မင်းထင်သလို သူတို့က သိပ်ပြီး စည်းလုံးကြတာ မဟုတ်ဘူး။ သူတို့ကြားက ဆက်ဆံရေးကို သွေးထိုးပေးရတာကလည်း နတ်ဆိုးဖမ်းစီးသူတွေရဲ့ရှားရှားပါးပါး ပျော်စရာတွေထဲက တစ်ခုပဲ။အကယ်၍ မြို့စားမျိုးနွယ်စုတွေက ကျွမ်းကျင်သူတွေကိုပါ ထည့်တွက်မယ်ဆိုရင် အင်အားချင်း မျှတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလူအုပ်စုက ကိုယ်ကျိုးရှာဖို့ ကြံစည်တတ်ကြတော့ နတ်ဆိုးနှိမ်နင်းရေးဌာနက သူတို့ကို စောင့်ကြည့်ဖို့ အင်အားတချို့ ခွဲဝေထားရတာပေါ့"
"ဒါကြောင့်လည်း ပထမတန်းစား အင်အားစု ဖြစ်လာနိုင်တဲ့ အဖွဲ့အစည်းတိုင်းမှာ ဘိုးဘေးဓားလိုမျိုး နည်းလမ်းတွေ ရှိကြတာ"
"သူတို့က သွေးအနှစ်သာရ၊ ဓားရေကန်တွေနဲ့ ဂိုဏ်းသားတွေကို ထိန်းချုပ်ထားကြတယ်။ နတ်ဆိုးနှိမ်နင်းရေးဌာန အနေနဲ့ သူတို့ရဲ့ခေါင်းဆောင်ကိုပဲ စောင့်ကြည့်နေရုံနဲ့ လက်အောက်ငယ်သား ကျွမ်းကျင်သူ အားလုံးကို ထိန်းချုပ်ပြီးသား ဖြစ်သွားတာပေါ့"
ကျန်းချန်ယွင်၏စကားသည် ရှန်းယီကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ချင်ပြည်နယ်တွင် အမြုတေဖွဲ့စည်းခြင်း နယ်ပယ်သို့ တည်ငြိမ်စွာ တက်လှမ်းနိုင်ပြီး ထိန်းချုပ်မှုမှ ကင်းလွတ်နေသော ဖြစ်တည်မှုမျိုး မရှိကြောင်း ပြောပြလိုက်ခြင်း ဖြစ်သည်။
"ငါ မင်းကို အထင်ကြီးပါတယ်"
စကားတစ်ဝက်အရောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ရိုးသားသော မျက်နှာပေါ်၌ လေးနက်မှုများ ပေါ်လာသည်။
"စစ်သူကြီးချုပ်က မကြာခင် ပြန်ရောက်လာတော့မှာပါ။ အနီးကပ် ဒု-စစ်သူကြီးပဲဖြစ်ဖြစ်၊ ငွေခေါင်းလောင်းပဲဖြစ်ဖြစ်၊ မင်းကို သူ အထင်ကြီးလေးစားဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေ အားလုံးက တခြားသူတွေ မင်းကို ပေးသနားထားတာတွေပဲ။ ကျောင်းနဂါး ဘယ်လို သေသွားလဲ၊ ငွေခေါင်းလောင်း ဘယ်လို ရလာသလဲ ဆိုတာ မင်း ငါ့ထက် ပိုသိမှာပါ"
ခြုံငုံပြောရလျှင် ကုသိုလ်ကောင်းမှု မနည်းလှသော်လည်း ဤရာထူးအဆင့်အတန်းနှင့် ယှဉ်လျှင် လိုအပ်ချက်များ ရှိနေသေးသည်။
"သူ ပြန်ရောက်လာတဲ့အခါ မင်းက ဒီရာထူးတွေနဲ့ ထိုက်တန်တယ်လို့ သူ့ကို ယုံကြည်သွားအောင် လုပ်ပြလိုက်ပါ"
ကျန်းချန်ယွင်သည် ကိုယ်ကို မတ်လိုက်သည်။ သူသည် စိတ်ထဲတွင် လူငယ်လေးကို တန်းတူအဆင့်အတန်းဟု သတ်မှတ်ထားသော်လည်း တစ်ဖက်လူ၏အသက်အရွယ်နှင့် ခွန်အားကြောင့် မသိမသာ ဆရာလုပ်သော လေသံ ပေါက်သွားမိသည်။
"မင်း ကိုယ်ပိုင် အရည်အချင်းနဲ့ သက်သေပြပါ၊ ဟို အဘိုးကြီးတွေရဲ့ပေးကမ်းမှုကို မမှီခိုဘဲ မင်း ကိုယ်ပိုင် ပစ္စည်းတွေကို ပြန်ရှာယူပါ"
ထိုစကားကို ကြားသောအခါ ရှန်းယီ မျက်ခုံးပင့်လိုက်မိသည်။
ဤလူ၏သဘောထားက အတော်လေး ပြောင်းလဲသွားပုံရတာကို သတိထားမိလိုက်သည်။
အနည်းငယ် ထူးဆန်းနေသယောင် ရှိပြီး သူ့ကို တစ်စုံတစ်ရာသော အစီအစဉ်တစ်ခုထဲသို့ ထည့်သွင်းလိုက်သကဲ့သို့ ခံစားရသည်။
"ဒါပေါ့၊ အဲဒီအထဲမှာ ငါလည်း ပါတယ်"
ကျန်းချန်ယွင်သည် လက်ဝါးကို ဆန့်ထုတ်ကာ ဖြည်းညင်းစွာ လှုပ်ခါပြလိုက်သည်။
"ဒီတစ်ခါ ယုံအန်းမြို့ ကို ခေါ်သွားတာက လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးသွားအောင်လို့ပဲ။ ငါ့ရဲ့ကုသိုလ်ကောင်းမှုတွေကို မင်းကို ခွဲပေးမယ်လို့တော့... အဲဒီလို အတွေးမျိုး လုံးဝ မရှိရင် အကောင်းဆုံးပဲ၊ မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဒါပေမဲ့ မင်း အသက်သေမှာ မကြောက်သရွေ့ ကိုယ့်ဘာသာ တစ်ခုခု လုပ်နိုင်မယ်ဆိုရင်၊ ငါ မင်းကို ဘယ်တော့မှ တားမှာ မဟုတ်ဘူး"
နတ်ဆိုးဖမ်းစီးသူများသည် နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် မတူပေ။ စုပေါင်း ကုသိုလ်မှတ်တမ်း ဟူသည် မရှိပေ။
မြို့ပြင်ထွက်လိုက်သည်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်သလို ထိပ်တိုက်ရင်ဆိုင်ရမည့် ပြိုင်ဘက်များလည်း ဖြစ်ကြသည်။
ရှန်းယီ အနည်းနှင့်အများ စိတ်ပျက်သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် ကျန်းချန်ယွင်သည် ထိုဖြူစင်သော မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုမျှ မမြင်တွေ့ရပေ။
"ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး၊ အရေးကြီးတာကိုပဲ ပြောကြတာပေါ့"
ရှန်းယီသည် မျက်လုံးမှိတ်ကာ အိပ်ချင်ယောင် ဆောင်လိုက်ပြီး မိမိကိုယ်ကို အချိန်မရွေး အားအင်ပြည့်ဝနေစေရန် ပြင်ဆင်လိုက်သည်။
တစ်ဖက်လူက ခေါင်းလောင်းကို အသုံးပြုပြီး သူ့ကို ခေါ်ထုတ်လာမှတော့ ဈေးဝယ်ထွက်ဖို့သက်သက်တော့ မဟုတ်လောက်ဘူးလေ။
ကုသိုလ်ကောင်းမှု ကိစ္စကတော့... ဖြစ်လာမှ ကြည့်ရှင်းတာပေါ့။ တကယ်လို့ ဝင်မပါနိုင်ရင်တောင် အဆုံးသတ် ဝင်ခုတ်ပေးပြီး ကူညီတာလောက်တော့ ပြဿနာ မရှိပါဘူး။
"မင်း တကယ်ပဲ ဒီလိုစိတ်ကူးမျိုး ရှိနေတာကိုး"
ရှန်းယီ၏စကားကို ကြားပြီးနောက် ကျန်းချန်ယွင် ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။
အစောပိုင်းက သူပြသခဲ့သည့် သဘောထားမှာ အလွန်ပြင်းထန်နေသည်များလော။
တစ်ဖက်လူက လူငယ်မျိုးဆက်သစ်များကြားတွင် ထူးချွန်ပြောင်မြောက်သည်တော့မမှားပေ။ သို့သော် သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်လေ၏။
သူကိုယ်တိုင် ဖြေရှင်းရမည် နတ်ဆိုးဘေးအန္တရာယ်အား တစ်ဖက်လူကဝေစုခွဲချင်နေသေးသည်။
သူ ထိုအတွေးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ မိတ်ဆက်လိုက်သည်။
"နတ်ဆိုးဖမ်းစီးသူတွေ သတင်းရထားတာက အဲဒီ တောဘုရင်က သူ့သားပေါက်တွေအတွက် ပြင်ဆင်ထားတဲ့ စမ်းသပ်မှု ပြန်စနေပြီတဲ့"
"ကျားတစ်ကောင် သားသုံးကောင် မွေးရင် တစ်ကောင်က ပင်း ဖြစ်ရစမြဲ ဆိုတဲ့ စကား ရှိတယ်" (Biao/ပင်းဆိုတာ ကျားထက် ပိုရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတစ်မျိုး)
"ဒီတိရစ္ဆာန် ကောင်တွေက မြို့ကြီးတွေကို နယ်နိမိတ်သတ်မှတ်ပြီး အမဲလိုက်ကြတယ်။ အဲဒီအထဲကနေ ပင်းဘုရင် တစ်ကောင်ကို ရွေးထုတ်ကြတာပဲ"
"အရင်တစ်ခါတုန်းက ကြိုတင်ပြင်ဆင်ချိန် မရလိုက်လို့ သူတို့ စားချင်သလောက် စားပြီး ဘေးကင်းကင်းနဲ့ ပြန်ထွက်သွားနိုင်ခဲ့တယ်။ နတ်ဆိုးဖမ်းစီးသူတွေ အားထုတ်မှု အများကြီး လုပ်ပြီးမှ ဒီဒုတိယအကြိမ် သတင်းကို ရခဲ့တာ။ အရင်တစ်ခါနဲ့ မတူတာက ဒီတစ်ခါ သူတို့ ယုံအန်းမြို့ကို ပစ်မှတ်ထားဖို့ အခွင့်အလမ်း များနေတယ်"
ထိုသို့ ပြောပြီးနောက် ကျန်းချန်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တိုးပွားလာသည်။
"ယုံအန်းမြို့မှာ အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ ရှိတယ်"
ဤအရာက အချက်တစ်ချက်ကို ညွှန်ပြနေသည်။ ဆေးဖက်ဝင်လူသားအမြုတေ အလုံအလောက် စားသောက်ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် ဤကျားပေါက်စများ၏အစာအိမ်ရော ခွန်အားပါ မနည်းမနော တိုးတက်လာခဲ့ပြီ ဆိုတာပင်။
အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင် တစ်ယောက်ကိုပင် ပစ်မှတ်ထားရဲတဲ့အထိ ဖြစ်လာခဲ့လေ၏။
ရှန်းယီသည် မြင်းလှည်း၏လှုပ်ခါမှုကို ခံစားရင်း တိုးညှင်းစွာ ပြောလိုက်သည်။
"ခင်ဗျား ပြောသလို ဒါက တောဘုရင်က သူ့မျိုးဆက်တွေအတွက် စီစဉ်ပေးတဲ့ စမ်းသပ်မှု ဆိုရင် ခင်ဗျားတို့က ဘယ်လိုလုပ် သတင်းရခဲ့တာလဲ"
"အဲဒါတော့ ငါလည်း မသိဘူး"
ကျန်းချန်ယွင်သည်လည်း မျက်လုံးများကို မှိတ်လိုက်သော်လည်း သူ၏လေသံမှာ စိတ်အားထက်သန်လာသည်။
"သတင်းက အတုဖြစ်နေရင်တောင် သွားရကျိုး နပ်ပါတယ်။ မင်းက နတ်ဆိုးဖမ်းစီးသူ ဖြစ်ခါစဆိုတော့ ချင်ပြည်နယ်ရဲ့စီရင်စု ၁၂ ခု မြို့တော်တွေထဲအထိ ဝင်ရဲတဲ့ နတ်ဆိုးမျိုး တွေ့ရဖို့ ဘယ်လောက် ရှားပါးတယ်ဆိုတာ မသိသေးဘူး"
ချင်ပြည်နယ်ရှိနတ်ဆိုးအရှင်သခင်များက အရှိန်အဝါဖုံးကွယ်သည့် နေရာတွင် အလွန်ကျွမ်းကျင် သို့မဟုတ် လွတ်မြှောက်ခြင်းနည်းစနစ်နှင့် ယန်ချွန်းမြစ်ကဲ့သို့ သဘာဝအကာအကွယ် အတားအဆီးများ ရှိတတ်ကြလေ၏။
ယခုလို မိုက်ကန်းစွာကျူးကျော်ဝင်ရောက်လာပြီး သတင်း ကြိုပေါက်ကြားနေသော အကောင်မျိုးကို လုံးဝလွတ်ပေး၍မဖြစ်ပေ။
"..."
ရှန်းယီ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေလိုက်သည်။
တစ်ဖက်လူက သူ့ဆိုလိုရင်းကို နားလည်မှု လွဲသွားပုံရသည်။
သူက သတင်း အစစ်၊ အတု ဖြစ်မှာကို မေးခွန်းထုတ်နေခြင်း မဟုတ်ပေ၊ သတင်း ရလာသည့် အရင်းအမြစ်ကို သံသယဝင်နေတာသာ ဖြစ်သည်။