← Chapters

ရိုးရှင်းလှသော ရှန်းယီ

Vol. 11 Ch. 110

ရိုးရှင်းလှသော ရှန်းယီ

Vol. 11 Ch. 110

"အားလုံးပဲ ယွီရှန်းကနေ အဝေးကြီး လာခဲ့ရတာဆိုတော့ နေရထိုင်ရတာ အဆင်ပြေရဲ့လား"

တိန့်ကျန်းယွမ် သည် လက်ကို နောက်ပစ်ကာ ခြံဝင်းအတွင်းရှိ လူသုံးဦးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"အဆင်မပြေဘူးဆိုရင်လည်း ငါ့ဆီကို လာခဲ့ကြပါ၊ အိမ်ရှင်ကောင်းပီပီ ဧည့်ခံပါရစေ"

ထိုစကားကို ကြားသောအခါ တိန့်မင်ရွှီ သည် စိတ်ထဲတွင် ဘိုးဘေးကြီးကို တိတ်တဆိတ် အပြစ်တင်နေမိသည်။

မနေ့က ဘိုးဘေးကြီးက မာနကြီးလွန်း၍ မိန်းကလေး လင်းယောင်က အရေးမစိုက်ခံရဟု ထင်ကာ သူပါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

သို့သော် ယခုမူ သူ ဝမ်းသာသွားသည်။ ဘိုးဘေးကြီးက သူ့အတွက် အိမ်ထောင်ရေးကိစ္စကို စတင် ကူညီပေးတော့မည် မဟုတ်ပါလား။

ကျန်းချန်ယွင်သည် အံ့သြသလို ကြည့်လိုက်ပြီး ခဏအကြာမှ ခေါင်းငြိမ့်လိုက်သည်။

"ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်"

တိန့်ကျန်းယွမ်က ပြုံးလိုက်ပြီး လူသုံးဦးကို တစ်ချက်ကြည့်ကာ ဘယ်သူ့ဆီမှာမှ အကြည့်မရပ်ဘဲ အခြား မိသားစုဝင်များကို ပြန်ခိုင်းလိုက်ပြီး ခြံဝင်းအတွင်းပိုင်းသို့ လှည့်ထွက်သွားသည်။

နေရာသို့ ရောက်သောအခါ...

ကျန်းချန်ယွင်သည် မိမိစိတ်ထဲတွင် ခံစားနေရသော မတင်မကျမှုမှာ ဘယ်က လာသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

ခြံဝင်းအတွင်း၌အနီရောင်ဝတ် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ချမ်ဝေသည် ကျောက်စိမ်းလက်ပတ်တစ်ခုကို ကစားနေပြီး ပျင်းစရာကောင်းသည်ဟု ထင်ပုံရကာ ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

"အားလုံးပဲ ကိုယ့်ဘာသာ အဆင်ပြေသလို နေကြပါ"

တိန့်ကျန်းယွမ်သည် စကားတစ်ခွန်း ချန်ထားခဲ့ကာ အခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်သွားပြီး တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

ရင်းနှီးပြီးသား လူသုံးဦးသာ မျက်လုံးအပြူးသားဖြင့် ကျန်ရစ်ခဲ့သည်။

ရှန်းယီသည် ပန်းအိုးဘောင်ပေါ်တွင် ထိုင်လိုက်ပြီး အနက်ရောင်ဓားကို ဒူးပေါ်တင်ကာ ဓားပေါ်ရှိ ရွှေရောင်အဆင်တန်ဆာများကို အသာအယာ ပွတ်သပ်နေသည်။

"အလုပ်ကိစ္စ လာတာကို ကလေးတွေ ဒီလောက်အများကြီးခေါ်လာတာ၊နင် ဂရုစိုက်နိုင်ပါ့မလား"

ရှောင်ချမ်ဝေ၏မျက်နှာပေါ်တွင် မနေ့ကလို ပြည့်တန်ဆာ အငွေ့အသက်များ မရှိတော့ဘဲ လှောင်ပြောင်သရော်သည့် ပုံစံ ပေါ်လာသည်။

လင်းယောင်သည် ကြောက်ရွံ့စွာဖြင့် လက်လှမ်းပြလိုက်သည်။

"မမရှောင်၊ ကျွန်မက ဒီအတိုင်း လမ်းကြုံလို့ လိုက်လာတာပါ"

ခြံဝင်းငယ်လေး တစ်ခုတည်းတွင် ငွေရောင်ခေါင်းလောင်းနတ်ဆိုးဖမ်းသူ နှစ်ဦး ပြိုင်တူ ရှိနေသည်မှာ တကယ်ပင် စိတ်အေးလက်အေး နေနိုင်စရာ မဟုတ်ပေ။

ထိုအကြောင်း တွေးမိရင်း သူမသည် အဝေးတွင် ရှိနေသော ရှန်းယီကို လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် လူငယ်များ ဖြစ်ကြပြီး တစ်ဖက်လူက သူမထက်ပင် ဝါနုသေးသည်။

သို့သော် သူက အဘယ်ကြောင့် ဤမျှအထိ တည်ငြိမ်နေရသနည်း။

"ပြည့်တန်ဆာအိမ်မှာ အဘိုးကြီး သွားမျှားတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်"

ကျန်းချန်ယွင်သည် စကားများရန် အစီအစဉ် မရှိဘဲ အခန်းတစ်ခန်းထဲသို့ ဝင်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

ရှောင်ချမ်ဝေက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကျန်နေသည့် လူငယ်နှစ်ဦးကို အရေးမလုပ်တော့ဘဲ သူမလည်း အခန်းထဲသို့ ဝင်သွားသည်။

ဝုန်း

ထိုသို့ တင်းမာသော အခြေအနေတွင် ရှန်းယီသည် တိန့်မိသားစု ဘိုးဘေး၏အခန်းဘက်သို့ မော့ကြည့်လိုက်သည်။

လမ်းခရီးတွင် သူ တွေးတောခဲ့သော သံသယမှာ စိတ်ထဲတွင် တစ်ဖန် ပေါ်လာပြန်သည်။ ဤသတင်းက တကယ်တမ်း မည်သည့်နေရာက ရလာသနည်း။

အပြန်အလှန် တွေးကြည့်မည် ဆိုပါက... မိမိအနေဖြင့် မိမိသားသမီးကို စမ်းသပ်မည် ဆိုလျှင် အိမ်မှာသာ မှာကြားမည်။

အပြင်လောကအား ယခုလိုဟိန်းဟောက် ကြေညာနေစရာ လိုသည်လော။

ကံမကောင်းစွာဖြင့် သူက လူသစ် ဖြစ်နေသည်။ ကျန်းချန်ယွင်နှင့် ရှောင်ချမ်ဝေကို ထားလိုက်ပါဦး၊ လင်းယောင်ကဲ့သို့ သာမန် နတ်ဆိုးဖမ်းသူပင်လျှင် သူ့စကားကို အလေးထားမည် မဟုတ်ပေ။

လမ်းတွင် ပြောခဲ့သလိုပင်၊ သတင်းက အတုဖြစ်နေလျှင်တောင် သူတို့လွတ်ပေးမည် မဟုတ်ပေ။

ယုံအန်းမြို့၏ဒေသခံ မြွေပွေး တစ်ကောင် ဖြစ်သော တိန့်မိသားစုဘိုးဘေးသည် နတ်ဆိုးဖမ်းသူများပင် မသိသော လျှို့ဝှက်ချက်အချို့ကို သိနေနိုင်မည်လော။

မနေ့ညက အဘိုးကြီး ရုတ်တရက် သေတမ်းစာ ပြောဟန်ဖြင့် ပြောခဲ့သည်ကို သတိရလိုက်သည်။

သူက ရှန်းယီအပေါ် အမြင်ထူးခြားနေ၍ မဟုတ်လောက်ဘဲ ကျန်းချန်ယွင်နှင့် ရှောင်ချမ်ဝေတို့က အင်အားကြီးလွန်းသဖြင့် စကားပြောရန် မဝံ့ရဲဘဲ တိန့်မိသားစုဝင်မျကိုလည်း ထိတ်လန့်အောင် မလုပ်ချင်၍ ဖြစ်လိမ့်မည်။

ရှန်းယီနှင့် ဆုံရသည်မှာ တိုက်ဆိုင်သွားခြင်းသာ ဖြစ်နိုင်သည်။

အကယ်၍ ထိုသို့ဆိုလျှင် ကိစ္စရပ်တစ်ခုလုံးသည် အလွန်ပင် မမှန်ကန်တော့ပေ။

ဘေးနားတွင် ထိပ်တန်းကျွမ်းကျင်သူ နှစ်ဦး ကူညီနေသည်ကို သိလျက်နှင့် အဘိုးကြီးသည် အတွေ့အကြုံမရှိသော လူငယ်တစ်ဦး မဟုတ်ဘဲ အဘယ်ကြောင့် မတိုက်ရသေးခင်မှာတင် ကြောက်ရွံ့နေပြီး သေဖို့အထိ ကြိုတင် ပြင်ဆင်နေရသနည်း။

ထိုအကြောင်း တွေးမိရင်း ရှန်းယီသည် ဓားရိုးကို တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်သည်။

အကယ်၍အခွင့်အရေး မရခဲ့လျှင်လည်း နောက်နောင် အလုပ်လုပ်ရာတွင် အဆင်ပြေစေရန် သင်ယူလေ့လာမည်ဟုသာ တွေးထားသော်လည်း ယခုမူ... အခြေအနေက ထိုသို့ ဖြစ်မလာနိုင်တော့ပေ။

...

သုံးရက်ခန့် ကုန်လွန်သွားပြီး ညအချိန်သို့ ရောက်ရှိလာသည်။

တိန့်ကျန်းယွမ်သည် ထိုနေ့မှ စ၍ အခန်းထဲမှ တစ်ခါမျှ ထွက်မလာခဲ့ပေ။

ကျန်းချန်ယွင်နှင့် ရှောင်ချမ်ဝေတို့မှာလည်း သတိမလျော့ဘဲ သူ့ကို သူခိုးဖမ်းသကဲ့သို့ စောင့်ကြည့်နေကြသည်။

အင်ပါယာလက်အောက်မှ လူများသည် သိုင်းလောကလူ့များအပေါ် သဘာဝအရ ယုံကြည်မှု မရှိကြပေ။ ဤသည်မှာ သူတို့ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိထားသော ရှင်သန်ခြင်း နည်းလမ်းလည်း ဖြစ်သည်။

လင်းယောင်မှာမူ ပျင်းရိလာပြီး ရှန်းယီနှင့် စကားစမြည် ပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း တစ်ဖက်လူမှာ သူမကဲ့သို့ ပွဲကြည့်ပရိသတ် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဟေ့... ငါတို့ အရင် ထွက်သွားကြမလား။ ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ကို ကုသိုလ်ကောင်းမှု ခွဲပေးမှာ မဟုတ်ဘူး"

"..."

ရှန်းယီ ပြန်မဖြေရသေးမီ ခါးတွင် ချိတ်ထားသော ငွေရောင်ခေါင်းလောင်းသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။

အရှိန်အဝါ တစ်ခုသည် နားထဲသို့ တိုးဝင်လာသည်။

ထိုအထဲရှိ အချက်အလက်မှာ... ဘာမှ မရှိခြင်းပင်။

တစ်ချိန်တည်းမှာပင် ကျန်းချန်ယွင်နှင့် ရှောင်ချမ်ဝေတို့သည် အခန်းထဲမှ ချက်ချင်း ပြေးထွက်လာကြသည်။

သူတို့ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

သုံးစက္ကန့်ခန့် အကြာတွင် ခေါင်းလောင်းအတွင်းမှ ဒုတိယမြောက် သတင်း ရောက်လာသည်။

ယခုတစ်ကြိမ်တွင်မူ အသံပါလာသော်လည်း မပီမသ ဖြစ်နေသည်။

တံတွေးကိုပင် မြိုချရန် မတတ်နိုင်တော့သကဲ့သို့ အသံမှာ အလွန်တရာ သေးငယ်နေသည်။

"တောဘုရင်..."

စကားမဆုံးမီ တိန့်ကျန်းယွမ်သည် နောက်ဆုံးတွင် အခန်းတံခါးကို ဖွင့်ကာ ဖြည်းညင်းစွာ ထွက်လာသည်။

အဘိုးကြီး၏မျက်နှာမှာ တည်ငြိမ်နေပြီး ကျန်းချန်ယွင်ကို အေးဆေးစွာ စိုက်ကြည့်နေသည်။

"ဟက်..."

သူသည် ခေါင်းခါယမ်းလိုက်ပြီး ရုတ်တရက် ခြေလှမ်းကျဲကြီးဖြင့် ပျံလွှားငှက်ကဲ့သို့ ပြေးထွက်သွားသည်။

သူ၏အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ မျက်တောင်တစ်ခတ်အတွင်း ခန်းမဆောင်ကြီးသို့ ရောက်ရှိသွားသည်။

ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းသူ နှစ်ဦးမှာလည်း ချက်ချင်း လိုက်သွားကြသည်။

ဘိုးဘေးကြီး၏ရုတ်တရက် လှုပ်ရှားမှုသည် တိန့်မိသားစုဝင်များကို လန့်နိုးသွားစေပုံရသည်။

လူအုပ်ကြီးသည် အဆောင်အသီးသီးမှ ပြေးထွက်လာကြပြီး ခန်းမဆောင်ကြီးဆီသို့ စုပြုံသွားကြသည်။

လင်းယောင်သည် လက်ထဲမှ ခေါင်းလောင်းလေးကို ကြည့်ရင်း မျက်နှာ ပျက်သွားသည်။

လုပ်ဖော်ကိုင်ဖက် သေဆုံးသွားသည်ကို သူမ ဂရုမစိုက်ပေ၊ ထိုသို့ ဖြစ်ပျက်ခြင်းမှာ အလွန် ရိုးအီနေပြီ ဖြစ်သည်။

သို့သော် အမြုတေပြီးပြည့်စုံသော အဆင့် ရှိသော ထိုနတ်ဆိုးကြီးသည် ထင်ယန်စီရင်စု၏စစ်သူကြီး ယို၏လိုက်လံသတ်ဖြတ်မှုကို ခံနေရသည့် ကြားမှ ယုံအန်းမြို့သို့ အသက်စွန့် ဝင်ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

တစ်ခုခုကို သတိရသွားသကဲ့သို့ သူမ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

"ဒုက္ခပဲ ဒါက သူ အဆင့်တက်တော့မှာမို့လို့ ဆေးဖက်ဝင်လူသားအမြုတေ အချို့ကို ထပ်စားပြီး အမြုတေစုစည်းခြင်း နတ်ဆိုးအရှင်သခင် ဖြစ်အောင် လုပ်ဖို့ ကြံနေတာပဲ"

ဘာကောင်မှမဟုတ်တဲ့ တောဘုရင်စမ်းသပ်မှု မဟုတ်ဘူး၊ဒါက သူ့အတွက် ပြင်ဆင်ထားတဲ့ စားပွဲတော်ပဲ။

"တော်သေးတာပေါ့၊ တော်သေးတာပေါ့"

လင်းယောင်သည် ရင်ဘတ်ကို ဖိရင်း ကြောက်စိတ်ဖြင့် တုန်ရင်သွားသည်။

"ကံကောင်းလို့ မမရှောင်နဲ့ အစ်ကိုကြီး ကျန်း ရောက်နေတာ၊ တကယ်လို့ သာမန် အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းသမား နှစ်ယောက်သာ ဆိုရင် ဒီနေ့တော့ အဲဒီကောင် တကယ် အောင်မြင်သွားတော့မှာ"

သူမသည် ဘေးကို လှည့်ကြည့်လိုက်ရာ အမြဲတမ်း ထိုနေရာတွင် ထိုင်နေသော အနက်ရောင်ဝတ် လူငယ်မှာ ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

တိန့်မိသားစု ခန်းမဆောင်အတွင်း

ဇဝေဇဝါ ဖြစ်နေသော မိသားစုဝင်များသည် နှစ်ပေါင်းများစွာ လက်ဦးမှု မယူခဲ့သော ဘိုးဘေးကြီးကို ဝိုင်းကြည့်နေကြသည်။

လင်းမိသားစု ကိုယ်ရံတော် နှင့် မိသားစုခေါင်းဆောင်ခေါ်လာသော ပြည့်တန်ဆာတို့သည် ဘိုးဘေးကြီးကို ဝဲယာညှပ်၍ တားဆီးထားကြသည်။

ကျန်းချန်ယွင်သည် မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်သည်။

"ငါနဲ့ လိုက်ခဲ့"

ရန်သူက တေတောဘုရင်ဖြစ်နေလျှင် အကူအညီ အနည်းငယ်ကိုပင် လက်လွတ်မခံနိုင်ပေ။

ဤအဘိုးကြီးက အသေးစိတ် သတင်း မရထားလျှင်ပင် ဒေသခံဖြစ်သည့်အတွက် တစ်ခုခုကိုတော့ ခန့်မှန်းမိပုံ ရသည်။

နတ်ဆိုးဖမ်းစီးသူများက သူ ထွက်ပြေးမှာကို ကြောက်နေသလို၊သူကလည်း နတ်ဆိုးဖမ်းစီးသူများ ကြိုတင်ကြောက်လန့်ပြီး ထွက်ပြေးသွားမှာကို စိုးရိမ်နေတာ ဖြစ်သည်။

နှစ်ဖက်စလုံး၏စိတ်ကူးက ထပ်တူကျသွားသည်။

"မသွားဘူး၊ မသွားဘူး"

တိန့်ကျန်းယွမ်သည် ကလေးတစ်ယောက်လို ရယ်လိုက်သည်။

"အဘိုးကြီးက ကိုယ့်မိသားစုကို အရင် ကာကွယ်ရမှာပေါ့၊ အစိုးရက လာရင်တောင် အပြစ်ရှာလို့ မရဘူး"

လူနှစ်ဦး မျက်နှာ ပျက်သွားစဉ်မှာပင် သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မင်းတို့ သူတို့ကိုစောင့်ရှောက်ပေးဖို့ လူတစ်ယောက် ချန်ထားခဲ့ရင်တော့ တစ်မျိုးပေါ့... ဒီလိုဆိုရင် သူ့ကိုပဲ ထားခဲ့လိုက်လေ"

တိန့်ကျန်းယွမ်သည် လူအုပ်ထဲမှ တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

ရှန်းယီသည် ဓားအိမ်ကို ဆုပ်ကိုင်လျက် အခန်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

မမျှော်လင့်ဘဲ ကျန်းချန်ယွင်ထက် အရင် ရှောင်ချမ်ဝေက ခေါင်းလောင်းမှတစ်ဆင့် သတင်းပို့လာသည်။

"သူ့ကို ဂရုစိုက်မနေနဲ့၊ ငါတို့ ထွက်သွားပြီးနောက် အန္တရာယ်နဲ့ တွေ့ရင် မင်းအဆင်ပြေသလိုပဲ လုပ်ပါ"

နတ်ဆိုးဖမ်းစီးသူများသည် နတ်ဆိုးနှိမ်နင်းရေးဌာန မဟုတ်သဖြင့် နယ်မြေတစ်ခုကို ကာကွယ်ရန် တာဝန် မရှိပေ။

"သွားစို့"

ကျန်းချန်ယွင်သည် မဆိုင်းမတွဘဲ တိန့်ကျန်းယွမ်ကို ဆွဲခေါ်ကာ တိန့်မိသားစု ခြံဝင်းအတွင်းမှ ပျံထွက်သွားကြသည်။

အမြုတေပြီးပြည့်စုံသော အဆင့်ရှိသည့် နတ်ဆိုးကြီး တစ်ကောင်သည် ကျားပေါက်စ အချို့ထက် ပို၍ ဆွဲဆောင်မှု ရှိပေသည်။

လူသုံးဦး ပျောက်ကွယ်သွားပြီးနောက် ကျန်ရှိနေသော တိန့်မိသားစုဝင်များသည် အခြေအနေကို နားလည်သွားကြပြီး တိန့်မင်ရွှီသည် အပြေးလာနေသော လင်းယောင်ကို ဆီးကြိုလိုက်သည်။

"မိန်းကလေး ယောင်၊ ဒါက ဘာတွေ ဖြစ်ကုန်တာလဲ"

လင်းယောင်သည် သူ၏လက်ကို ကူကယ်ရာမဲ့စွာ ခါချလိုက်သည်။

"ဘာဖြစ်ရမှာလဲ။ နတ်ဆိုးတွေ နင်တို့ကို လာစားတော့မှာလေ"

ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းသူ နှစ်ဦးစလုံးက တောဘုရင်ကို သွားတိုက်နေကြပြီ၊ ကျန်နေတာက ကျားပေါက်စ သုံးကောင်။ အကယ်လို့ အဲဒီအထဲမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ် တစ်ကောင်သာ ပါလာရင် ဒီမြို့ထဲက နတ်ဆိုးဖမ်းစီးသူတွေနဲ့ သိုင်းသမားတွေကို စိတ်ကြိုက် အမဲလိုက်လို့ ရပြီပေါ့။

အခု မပြေးရင် ဘယ်ခါမှ ပြေးမလဲ။

ထိုသို့ တွေးပြီး သူမသည် ဟိုလူငယ်ကို လက်ယမ်းပြလိုက်သည်။

"အရင် ဆုတ်မယ်"

တိန့်မိသားစုဘိုးဘေး မရှိတော့သည့်အတွက် ကျန်ရှိနေသော ကျောက်စိမ်း နယ်ပယ် သိုင်းသမား ဆယ်ဂဏန်းလောက်သည် ကျားပေါက်စများ၏ ပစ်မှတ် ဖြစ်လာမှာ အသေအချာပင်။

စကားသံကြားသော်လည်း ရှန်းယီသည် မကြားချင်ယောင်ဆောင်ကာ အဓိက ထိုင်ခုံဆီသို့ လျှောက်သွားပြီး အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြင်ကာ ထိုင်လိုက်သည်။

အနက်ရောင်ဓားကို စားပွဲပေါ်တင်ကာ လက်ဖြင့် အသာအယာ ဖိထားလိုက်သည်။

ရှောင်ချမ်ဝေ၏သတိပေးချက်မှာ မလိုအပ်လှပေ။

တိန့်မိသားစု ဘိုးဘေးမှာအရူးမဟုတ်ပါ၊ သူ ထွက်သွားပြီးနောက် ကြီးမားသော တိန့်မိသားစုတွင် မိမိကို တားဆီးထားနိုင်မည့်သူ မရှိကြောင်း သူ သိသည်။

ဖြစ်နိုင်ချေမှာ မိမိကို ထိုနတ်ဆိုးကြီး ကိစ္စတွင် ဝင်မပါစေချင်၍သာ ဖြစ်လိမ့်မည်။

ဤအရာကလည်း ကျေးဇူးတင်စရာ တစ်ခုပင်။ အကယ်၍ မိမိအနေဖြင့် သူတို့အတွက် လူအချို့ကို ကယ်တင်ပေးနိုင်မည် ဆိုပါက ဤအတိုင်း ထွက်ပြေးသွားသည်ထက် ပိုကောင်းသည် မဟုတ်ပါလား။

"ဒီလူတွေက တစ်ယောက်မှ အမှန်အတိုင်း မပြောကြဘူးပဲ"

တောဘုရင်မှာ သတင်းကြိုလွှင့်ပြီး ဆေးဖက်ဝင်လူသားအမြုတေများနှင့် အဆင့်တက်ရန် ကြံစည်နေ၏။

နတ်ဆိုးဖမ်းစီးသူများသည် မိသားစုကြီးများအား ငါးစာအဖြစ် သုံးပြီး နတ်ဆိုးများကို ကုသိုလ်ကောင်းမှုနှင့် လဲလှယ်ရန်တွက်လုပ်နေကြလေသည်။

တိန့်ကျန်းယွမ်က သေဖို့ပြင်ဆင်ပြီး နတ်ဆိုးဖမ်းစီးသူများကို မြို့အကာအကွယ်အဖြစ် အသုံးချနေသည်။

မိမိကသာ ပိုပြီး ရိုးရှင်းနေသေး၏။

ရိုးရိုးရှင်းရှင်းပင်... နတ်ဆိုးအားသတ်ဖြတ်ချင်ယုံသာလျှင်။

All Chapters