← Chapters

ပင်းခန်တောင် အကျဉ်းထောင်

Vol. 11 Ch. 102

ပင်းခန်တောင် အကျဉ်းထောင်

Vol. 11 Ch. 102

ယုံကြည်သူများ၏အမူအရာများသည် ပိုမို တည်ငြိမ်လာပြီး မျက်လုံးများထဲမှ ကြည်ညိုမှုသည် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။

သေသပ်ပြီးတည်ငြိမ်သော ရွတ်ဖတ်သံများကြားတွင်တော့

ဟုန်လေ့သည် တိတ်ဆိတ်စွာ ဝေ့ဝဲကြည့်လိုက်သော်လည်း ငြိမ်းချမ်းမှု သို့မဟုတ် တည်ငြိမ်မှုကို မခံစားရဘဲ ကျောချမ်းသွားသည်ကိုသာ ခံစားလိုက်ရပေသည်။

ပင်မခန်းမဆောင်မှ ပြန်ထွက်ရန် လှည့်လိုက်ရင်း ရှန်းယီအား တင်းမာမှုအချို့ဖြင့် ကြည့်လိုက်လေသည်

"သခင်ရှန်း၊ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ"

သူတို့ နေရာမှန်ကို ရှာတွေ့ခဲ့သည်ဟု ထင်ရပေသည်။

သို့သော် သူတို့ရှေ့မှ မြင်ကွင်းသည် သက်သေအဖြစ် ယူဆရန် ခက်ခဲလှပေသည်။

ဤကိစ္စသည် ပုဂ္ဂိုလ်ရေး အာဃာတ သက်သက် မဟုတ်တော့ပေ။ လမ်းတစ်လျှောက်တွင် ရှန်းယီသည် တာ့ရွှန်စားသောက်ဆိုင်၌ချင်ကျိုးမြို့ရှိ မျိုးဆက်သစ်လူငယ် အများစုကို မယုံနိုင်လောက်အောင် ပြင်းထန်သော သဘောထားဖြင့် ဖိနှိပ်ခဲ့ကြောင်း ဟုန်လေ့ ကြားသိခဲ့ရပေသည်။

သူသည် ပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အရေးလုံးဝမပေးခဲ့ပေ။

ယခုအချိန်တွင် မြို့ထဲရှိ မရေမတွက်နိုင်သော မျက်လုံးများသည် သူတို့၏ရန်လိုမှုများကို ခေတ္တဘေးဖယ်ထားပြီး ကိစ္စရပ်၏ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေသည်။

အကယ်၍ သူသာ ယခင်ကကဲ့သို့ ပြတ်သားသော ပုံစံကို ဆက်လက် မထိန်းသိမ်းနိုင်ဘဲ ဗာဂျာရာဂိုဏ်းကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့လျှင်...

လူတိုင်းရှေ့တွင် ကြောက်ရွံ့မှုကို ပြသမိလျှင်...

ရှန်းယီသည် အပြင်ပန်းတွင် မြင်ရသကဲ့သို့ သန်မာပြီး ယုံကြည်မှု မရှိကြောင်း သူတို့ တွေ့ရှိသွားပါက အဆုံးမဲ့သောတန်ပြန်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာပေလိမ့်မည်။

အခြားသော ကောက်ကျစ်သည့် နည်းလမ်းများကို ထားလိုက်ဦး၊အနည်းဆုံးတော့ သခင်ရှန်း သည် မဆင်မခြင် ပြုမူပြီး ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲသော အသနားခံစာများသည် စစ်သေနာပတိချုပ်၏စားပွဲပေါ်တွင် ပုံနေပေလိမ့်မည်။

အပြင်ဘက်တွင် သာမက နတ်ဆိုးနှိမ်နင်းရေးဌာန အတွင်း၌ပါ ဖြစ်လာနိုင်ပေသည်။

ဤ ဒု-စစ်သူကြီးများနှင့် တပ်ဖွဲ့ခေါင်းဆောင်များသည် ရှန်းယီကို အလွန်ယုံကြည်ကြသဖြင့် သူသည် သာမန် အနီးကပ်တွဲဖက်ဒု-စစ်သူကြီး တစ်ဦးထက် များစွာသာလွန်သော ဂုဏ်သိက္ခာကို ရရှိထားခြင်း ဖြစ်သည်။

သို့သော် ဤအသစ်စက်စက် ဂုဏ်သိက္ခာသည် ခိုင်မာစေရန် အချိန်လိုအပ်သေးသည်။ အကယ်၍ ပထမဆုံး ကြိုးပမ်းမှု မှားယွင်းသွားပါက...

"ထစမ်း"

အတွင်းစခန်းမှ ဒု-စစ်သူကြီး နှစ်ဦးသည် မြေပြင်ပေါ်မှ ကိုယ်တော်ငယ်လေးကို လွယ်ကူစွာ ဆွဲလှန်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်

"မင်းတို့ ဘာတွေ လှည့်စားနေတာလဲ။ကျောင်းထိုင်ဆရာတော် ဘယ်မှာလဲ"

"ကျောင်းထိုင်ဆရာတော်... ကျောင်းထိုင်ဆရာတော် ဒီမှာ မရှိပါဘူး သခင်။ ကျွန်တော်တို့က အလှူရှင်တွေကို ချီစွမ်းအင် စုစည်းတာနဲ့ တရားထိုင်တာကို လမ်းညွှန်ပေးနေရုံပါပဲ။ ဒါက ဘာကိစ္စမို့လို့လဲ"

ကိုယ်တော်ငယ်လေး စကားမဆုံးခင်မှာပင် ကော်လာပေါ်တွင် ယင်းယန်ငါးပုံထိုးထားသော လူငယ်လေး ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူက သနားခွင့်တောင်းရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်လူက သူ၏သင်္ကန်းကို မတင်လိုက်ပြီး သွယ်လျသော လက်ချောင်းများဖြင့် သူ၏အသားနှင့် အရိုးများကို လျင်မြန်စွာနှိပ်လိုက်သည်ကို သတိပြုမိလိုက်သည်။

"အခုမှ စကျင့်တာလား"

ရှင်းယီသည် လက်ကို ပြန်ရုပ်လိုက်ပြီး မတ်မတ် ပြန်ရပ်လိုက်လေသည်။

"သခင်ရှန်း ဘာပြောနေတာလဲ ဘာကျင့်ကြံတာလဲ"

ကိုယ်တော်ငယ်လေး၏နှလုံး ခုန်မြန်လာသည်။ ခုခံကာကွယ်မည့် စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်လာခါနီးတွင် စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်

"အား"

သန့်ရှင်းသော ဘွတ်ဖိနပ်ရှည်တစ်ဖက်က သူ့လက်မောင်းကို ပေါ့ပေါ့ပါးပါး နင်းခြေလိုက်ရာ ကြွပ်ဆတ်သော အရိုးကျိုးသံ ထွက်ပေါ်လာလေသည်။

တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ရှန်းယီသည် ယခုအခါ ပင်မခန်းမဆောင် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ကျောက်စိမ်းအဆင့် အရှိန်အဝါသည် လျင်မြန်စွာ ဖြတ်သန်းသွားပြီး ခန်းမအတွင်းရှိ လှိုင်နေသော အမွှေးတိုင်မီးခိုးငွေ့များကို ဖယ်ရှားလိုက်လေသည်။

ထိုအချိန်မှာပင် ယုံကြည်သူ အားလုံးသည် မျှော်လင့်ချက်မဲ့စွာ မော့ကြည့်လာကြပြီး မျက်လုံးများထဲမှ ပျော်ရွှင်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကိုက်ခဲနာကျင်မှုများဖြင့် အစားထိုးလိုက်ကြသည်။

သူတို့သည် အဝတ်အစားများကို ဆုပ်ကိုင်ထားကြပြီး လည်ပင်းတွင် သွေးကြောများ ထောင်ထလာကြသည်။

မကြာမီတွင် ရွတ်ဖတ်သံများသည် စိတ်ဆင်းရဲစွာ ညည်းညူသံများအဖြစ် ပြောင်းလဲသွားသည်။

လူတိုင်း အားကုန်သုံး၍ရှုံ့မဲ့နေကြသော်လည်း မည်သို့ပင်လုပ်စေကာမူ သူတို့ စောစောက ခံစားခဲ့ရသော ပျော်ရွှင်မှုကို ပြန်မရနိုင်တော့ပေ။

"ဆရာတော်၊တပည့်တော် စာရေးပါ့မယ်၊ အခုချက်ချင်း အိမ်ကို စာရေးပါ့မယ်၊တပည့်တော် မြေးလေးကိုပါ လာပြီး တရားထိုင်ခိုင်းပါ့မယ်"

"တပည့်တော်ကို ကရုဏာ နည်းနည်းလောက် ထပ်ပေးပါဦး"

တစ်စုံတစ်ယောက်သည် ဝိညာဉ်စုပ်ယူခံထားရသကဲ့သို့ ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး ဖုတ်ကောင်တစ်ကောင်အလား ဖြစ်နေကာ တောင်းပန်လိုက်သည်။

"စက္ကူနဲ့မှင်တံ ပေးပါ..."

ဟုန်လေ့နှင့် နတ်ဆိုးနှိမ်နင်းရေးဌာနမှ အခြားသူများသည် အနည်းငယ် ကြောင်အသွားပြီးနောက် အားလုံး မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ရှင်းယီသည် သူ့လက်မောင်းအင်္ကျီပေါ် လာကိုင်သော ခြောက်သွေ့ပြီး လက်သည်းကွေးနေသည့် လက်ကို ပုတ်ထုတ်လိုက်ရာ ရွှေရောင်အလင်းတန်းများ သူ့မျက်လုံးထဲတွင် ပြန်လည်ပေါ်လာခဲ့ပေသည်။

ဝါးနေသော အမြင်အာရုံအတွင်းတွင် အဖြူရောင် မြူခိုးများနှင့် ရွှေရောင်အလင်းများ တစ်လှည့်စီ ဖြစ်ပေါ်နေဆဲဖြစ်သည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ နောက်ဆုံးတွင် မှိန်ဖျော့ပြီး မသိသာလှသော အနီရောင် တစ်ခု အောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

သူသည် ချီစွမ်းအင်ကြည့်စစ်ဆေးခြင်းနည်းစနစ် ကို ရုပ်သိမ်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားကာ ဗုဒ္ဓရုပ်ပွားတော် ရှေ့တွင် ရပ်လိုက်သည်။

သူက လက်ချောင်းများကို လက်သီးဆုပ်လိုက်ပြီး ရုတ်တရက် ထိုးချလိုက်လေသည်။

ရွှံ့စေးဗုဒ္ဓရုပ်ပွားတော် ချက်ချင်းအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်နှင့်အမျှ ဖုန်မှုန့်များကြားတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာခဲ့ပေသည်။

"မင်းတို့ ဒီအပေါ်မှာပဲ နေခဲ့"

ရှန်းယီ အောက်သို့ ဆင်းသွားရာ အတွင်းစခန်းမှ ဒု-စစ်သူကြီး နှစ်ဦးက သဘောတူကြောင်း ဦးညွှတ်လိုက်ကြသည်။

ဟုန်လေ့ သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ နောက်မှ လိုက်သွားလေသည်။

"သူတို့ တောင်ပေါ်မှာ လူတွေအများကြီး ထားခဲ့ပြီး လျှို့ဝှက်လမ်းကြောင်း ဖောက်ထားတယ်။ အမွှေးတိုင်ဖိုး လိမ်စားဖို့လောက်ပဲတော့ မဖြစ်နိုင်ဘူး"

စကားမဆုံးခင်မှာပင် သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်ပြီး အန်ချင်စိတ်ကို ထိန်းကာ ရှန်းယီ နောက်သို့ ဆက်လိုက်သွားလေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ တိတ်ဆိတ်သော လှေကားထစ်များ အဆုံးသို့ ရောက်သွားလေသည်။

မြေပြင်သည် ချောကျိပြီး ရွှံ့ဗွက်များ ဖြစ်နေကာ မစင်၊ သွေးနှင့် အပုပ်နံ့များ ရောနှောနေသောဆိုးရွားသည့် အနံ့ဆိုးများ ထွက်ပေါ်နေပေသည်။

သူတို့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ဘေးတစ်ဖက်စီရှိ နက်မှောင်သော သံတိုင်များဖြင့် ပြုလုပ်ထားသည့် အချုပ်ခန်းများ ဖြစ်သည်။

သံတိုင်များမှလွဲ၍ အချုပ်ခန်းများသည် မူလ ဂူပေါက်ပုံစံအတိုင်း ရှိနေကြသည်။ တစ်ခုတည်းသော ပရိဘောဂမှာ ကျောက်ခွက်တစ်ခုဖြစ်ပြီး မစင်များနှင့် ကပ်စေးစေးအစားအစာများ ရောနှောနေကာ ဆေးမှုန့်အချို့ ဘေးဘက်တွင် ကပ်နေသည်ကို တွေ့ရသည်။

ညစ်ပတ်နေသော ကျောက်ခွက်ထဲတွင်တော့

လူခန္ဓာကိုယ်များ၏အပေါ်ပိုင်းတစ်ဝက် နှစ်မြုပ်နေပြီး အစားအစာနှင့် မစင်များကြားတွင် စိမ်နေကြသည်။

သူတို့၏ဖြူဖျော့ဖျော့ မျက်နှာများတွင် မစင်များ ပေကျံနေပြီး မျက်လုံးများမှာမှိန်ဖျော့နေကာ ကပ်စေးစေးအရာများကို အသိစိတ်လွတ်ကာ မျိုချနေကြသည်မှာ စားသောက်ရန်သာ သိသော ဝက်တစ်အုပ်ကဲ့သို့ ညစ်ပတ်လှပေသည်။

အနည်းငယ် မျိုချပြီးနောက် သူတို့သည် ကျောက်ခွက်ထဲတွင် ဘေးစောင်းအိပ်လိုက်ကြပြီး ဆေးမှုန့်များကို လျှာဖြင့် လျက်လိုက်ကြသည်။

ထို့နောက် သူတို့၏မျက်လုံးများ ပြူးကျယ်လာကာ ရူးသွပ်သွားသကဲ့သို့ ဖြစ်လာကြသည်။ အားကုန်ခန်းသွားသည်အထိ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်တက်သွားပြီးနောက် ချောကျိသော မြေပြင်ပေါ်တွင် တွင် တွန့်လိမ်နေကြလေသည်။

လူအနည်းငယ်သည် အကွာအဝေးတစ်ခုထိ တွားသွားကာ သံတိုင်များကို ဆွဲကိုင်ပြီး ခေါင်းများကို မိုက်မဲစွာအပြင်ထုတ်ရန် ကြိုးစားရင်း တဒိုင်းဒိုင်း မြည်အောင် တိုက်မိနေကြသည်။

ဟုန်လေ့သည် တစ်ဖက်တစ်ချက်စီရှိ အဆုံးမရှိသော အချုပ်ခန်းတန်းများကို ကြည့်လိုက်ပြီး လူဘယ်နှစ်ယောက် ရှိသလဲ ဆိုသည်ကိုပင် ရေတွက်ချင်စိတ် မရှိတော့ပေ။

နတ်ဆိုးများနှင့် ရှုပ်ထွေးနေသော ဤကမ္ဘာကြီးတွင် သူသည် ပိုဆိုးသော အခြေအနေများကို မြင်ဖူးခဲ့သည်။

သို့သော် ဤမျှ ရွံရှာဖွယ်ကောင်းသော ပတ်ဝန်းကျင်မျိုးမှာတော့ တကယ်ကို ပထမဆုံးအကြိမ်ပင်။

"အဲ့ဒီ လူအိုကြီးက ဒီလိုနေရာမျိုးမှာ တကယ်နေနိုင်တာလား"

ဟုန်လေ့သည် သောက်ကတုံးတုဟူသော အသုံးအနှုန်းကိုပင် မသုံးချင်တော့ပေ။

"သူ ကျင့်သားရနေလောက်ပြီ"

ရှန်းယီ တိုးတိုးလေး ပြန်ဖြေပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

သားသတ်သမားကျန်း၏အဆိုအရ ယွမ်ကျစ် အသတ်ခံရချိန်မှ ရေတွက်လျှင်ပင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

"သူ ဘာလို့ ဒီလူတွေကို ထိန်းချုပ်ထားတာလဲ"

ဟုန်လေ့ အတော်လေး နားမလည်နိုင် ဖြစ်နေသည်။

တကယ်လို့ သူက တစ်ခုခု မွေးမြူရတာ ကြိုက်တယ်ဆိုရင် ဝက်မွေးလိုက်တာက ပိုကောင်းမနေဘူးလား။

ရှန်းယီ ရပ်တန့်လိုက်ပြီး မေးငေါ့ပြလိုက်သည်။

ဟုန်လေ့ သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်ရာ သက်ကြီးပိုင်းအမျိုးသားနှစ်ဦး သစ်သားပုံးများကို ကိုင်လျက် အတွင်းမှ အရည်များကို ကျင်းကြီးတစ်ခုထဲသို့ လောင်းထည့်နေသည်ကို တွေ့လိုက်ရပေသည်။

အနီရောင်ပျစ်ပျစ်များသည် နို့နှစ်ရောင်အစများနှင့် ရောနှောကာ ဆူပွက်နေပြီး သွေးခဲများပင် ပါဝင်နေသည်။

ထိုအမျိုးသားနှစ်ဦးသည် ပုံးများကို ဘေးဖယ်လိုက်ပြီး အပြင်ဘက်သို့ အေးစက်စွာ ကြည့်လိုက်ကြသည်။

ရှန်းယီ ရောက်လာမည်ကို ကြိုသိနေသကဲ့သို့ သူတို့မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင် မရှိပေ။

သူတို့သည် တစ်စုံတစ်ခုကို ကြေညာနေသကဲ့သို့ ရေကန်ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏အသံမှာ လုံးဝ တည်ငြိမ်နေသည်။

"အလှူရှင်နှစ်ယောက် ခြေတစ်လှမ်း နောက်ကျပြီးမှ ရောက်လာခဲ့တာပဲ။ မင်းတို့ ဒီမှာပဲ သေရတော့မယ်"

အနည်းငယ် ရင်းနှီးနေသော မျက်နှာနှစ်ခုကို ကြည့်ပြီး ဟုန်လေ့ သူတို့၏ဝိသေသလက္ခဏာကို လျင်မြန်စွာ မှတ်မိလိုက်သည်။

သူတို့နှစ်ဦးစလုံးသည် ဗာဂျာရာဂိုဏ်း၏ အောင်မြင်သော မျိုးဆက်ဟောင်း ဆရာသခင်များဖြစ်ပြီး ဘုန်းကြီးပန်ရှင်း ထက် မနိမ့်ကျပေ။

"ဒါက မဖြစ်နိုင်ဘူး"

သူ လေမှုတ်ထုတ်လိုက်ပြီး ဓားအိမ်ပေါ် လက်တင်လိုက်သည်။

"ဒီနေ့ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို တစ်ယောက်လောက်တော့ ချန်ပေးရမယ်"

"ကျုပ် ခင်ဗျားကို နှစ်ယောက်လုံး ပေးမယ်"

ရှင်းယီ သွေးကန်ဘက်သို့ ကြည့်လိုက်သည်။

"နှစ်ယောက်လုံး"

ဟုန်လေ့ နှုတ်ခမ်းမဲ့လိုက်ပြီး ယဉ်ကျေးစွာ ငြင်းပယ်ရန် ပြင်လိုက်စဉ် သူ၏အကြည့်သည်လည်း သွေးကန်ဆီသို့ ရောက်သွားလေသည်။

ဆူပွက်နေသော မျက်နှာပြင်သည် ပိုမိုပြင်းထန်လာပြီး လျင်မြန်သော နှုန်းဖြင့် လျော့နည်းသွားသည်ကို မြင်လိုက်ရသည်။

မကြာခင်တွင် ကတုံးတစ်ကောင် ပေါ်လာသည်။

သူ့တွင် မုတ်ဆိတ်မွေးမရှိသော ဖြူဖျော့ဖျော့ မျက်နှာတစ်ခု ရှိပြီး ပွင့်နေသော မျက်လုံးများသည် သွေးရောင်လွှမ်းနေကာ အရောင်မှိန်ပြီးကြောင်တောင်တောင်ပုံပေါက်နေသည်။

သူ အသက်ရှူလိုက်သည်နှင့်အမျှ သွေးကန်တစ်ခုလုံး သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

အနက်ရောင်နှင့် အဖြူရောင် အရောင်များ အရေပြားအောက်တွင် တလှည့်စီ ဖြစ်ပေါ်နေပြီး မကောင်းဆိုးဝါး အရှိန်အဝါ မရှိပေ။

ထိုအစား ယင် နှင့် ယန် တို့ သဟဇာတ ဖြစ်နေကာ သူ၏အရှိန်အဝါသည် နက်ရှိုင်းနေသဖြင့် တင်ပျဉ်ခွေ ထိုင်နေသော ကျောင်းထိုင်ဆရာတော်သည် နတ်ဆိုးနှိမ်နင်းသော အာဟတ်တစ်ပါးကဲ့သို့ ဖြစ်နေပေသည်။

"မရေမတွက်နိုင်သော... ကပ်ဆိုးများကို မကျော်လွှားဘဲ... ဓမ္မခန္ဓာကိုယ်ကို ရရှိခြင်း..."

ကျောင်းထိုင်ဆရာတော် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူ့လှုပ်ရှားမှုများ တောင့်တင်းနေပြီး အသံမှာ ကယောင်ကတမ်း ဖြစ်နေသည်။

"ဟေ"

ဟုန်လေ့ ဓားလက်ကိုင်ရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဒါကို ဒီလို အဓိပ္ပာယ်ဖွင့်လို့ ရတာလား၊မရေမတွက်နိုင်သော ကပ်ဆိုးများကို မကျော်လွှားဘဲ ဉာဏ်အလင်းရဖို့ဆိုတာ တခြားသူတွေကို ကပ်ဘေးဒုက္ခ ခံစားခိုင်းပြီး ကိုယ်က ဓမ္မခန္ဓာကိုယ်ကို ရယူတာလား။

ဒီလူအိုကြီးက ကျမ်းစာတွေကို မြန်မာလိုကြီး အဓိပ္ပာယ်ကောက်လိုက်တာလား။

"ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးတင်ပါတယ်..."

ကျောင်းထိုင်ဆရာတော်၏ခန္ဓာကိုယ် တုန်ခါသွားသည်။ သူသည် အချုပ်ခန်းများဘက်သို့ လက်အုပ်ချီလိုက်ပြီးနောက် ဗာဂျာရာဂိုဏ်း အကြီးအကဲ နှစ်ဦးကို ဆွဲယူကာ ကြီးမားသော ကျေးဇူးတင်မှုများဖြင့် ပွေ့ဖက်လိုက်လေသည်။

ပါးလွှာပုံရသော ထိုလက်မောင်းများအောက်တွင် ထိုနှစ်ဦး စကားမပြောနိုင်ခင်မှာပင် သူတို့၏ မျက်လုံးများ မျက်တွင်းမှပြူးထွက်လာကြပြီး ခန္ဓာကိုယ်များမှ ကြွပ်ဆတ်သော၊ သွားကျိန်းစရာကောင်းသော အသံများ ထွက်ပေါ်လာသည်။

သူ လက်များကို လွှတ်လိုက်သောအခါ ဘုန်းကြီးပန်ရှင်း ထက် မနိမ့်ကျသော ဤဆရာသခင်နှစ်ဦးသည် နေရာတွင်ပင် သေဆုံးသွားကြပြီး ပုပ်သိုးနေသော အသားများကဲ့သို့ မြေပြင်ပေါ်သို့ ပြိုကျသွားလေသည်။

ကျောင်းထိုင်ဆရာတော်သည် သူ့ခြေရင်းကို ဇဝေဇဝါ စိုက်ကြည့်နေပြီးနောက် ပြုံးဖြဲဖြဲဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။

"ယခုပင် ရတနာများ၏ဘုရင်အဖြစ် အကျိုးတရားကို ရရှိပြီး ဂင်္ဂါမြစ်မှ သဲများကဲ့သို့ မရေမတွက်နိုင်သော သတ္တဝါများကို ကယ်တင်နိုင်ပါစေသား... ငါ ပြည့်စုံနေပြီ၊ မင်းတို့ကို ကယ်တင်ဖို့ စောင့်နေတာ၊ ဒါပေမယ့် မင်းတို့က လက်ခံဖို့ ကံမပါလာကြဘူး..."

သူ စကားပြောနေရင်း ရုတ်တရက် အပေါ်သို့ ပျံတက်သွားသည်။

ပေပေါင်းများစွာ ထူသော မာကျောသည့် ကျောက်နံရံသည် သူ့ခန္ဓာကိုယ်ရှေ့တွင် တို့ဖူးကဲ့သို့ ကွဲကြေသွားပြီး တစ်ခဏအတွင်း သူသည် မြေအောက်ထောင်မှ ဖောက်ထွက်သွားလေသည်။

"..."

ဟုန်လေ့သည် မြေပြင်ပေါ်မှ အလောင်းနှစ်လောင်းကို ကြောင်ငေးကြည့်နေပြီး သူ့နှလုံးသားအောက်ခြေထိ ကျဆင်းသွားရသည်။

ဗာဂျာရာဂိုဏ်း၏ကျောင်းထိုင်ဆရာတော်သည် အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ် ကျမ်းစာတစ်ဝက်ကို ရရှိထားကြောင်း သူကြားဖူးသော်လည်း ကမ္ဘာပေါ်တွင် အမြုတေဖွဲ့စည်းခြင်း တစ်ပိုင်းဟူသော သဘောတရားကို သူ လုံးဝ မယုံကြည်ခဲ့ပေ။

သို့သော် ယခုလေးတင် မြင်လိုက်ရသော မြင်ကွင်းသည် သူ့နားလည်မှုကို လုံးဝ ရိုက်ချိုးလိုက်ပေသည်။

"ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။

ဟုန်လေ့ အလိုအလျောက်ပင် သူ့ကိုယ်သူပြန်ဖက်ထားလိုက်ပြီးနောက် ရှန်းယီ၏လက်ချောင်းထိပ်များတွင် အနက်နှင့် အဖြူရောင် အရှိန်အဝါ တစ်စကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ရှန်းယီက ၎င်းကို ခါးရှိ ငွေခေါင်းလောင်းထဲသို့ ထည့်လိုက်ပြီးနောက် လှည့်ထွက်ကာ ထွက်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

"ဘာအတွက် ကျေးဇူးတင်တာလဲ"

All Chapters