နတ်ဆိုးတောင်ကြား
Vol. 15 Ch. 221
ယဲ့ဖန်အား ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံး ဝန်းရံလိုက်သည်ကို မြင်လိုက်စဉ်မှာပဲ ဂျူနီယာ ဝူနတ်ဘုရား တက်ကြွလာသည်။
ဤကဲ့သို့ အရူးမျိုးအား သူ့တစ်ဘဝလုံး တစ်ခါမှ မမြင်ခဲ့ဖူးပါ။
*သိုးတစ်ကောင်က ကျားဂူထဲ ဝင်လာရဲတယ်ပေါ့လေ*
*ငါ့အဘိုး ဆယ့်နှစ်ယောက်လုံးက အင်အားကြီးတဲ့ သူတွေချည်းပဲ … ငါ့အကြီးဆုံး အဘိုးဆို ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကွ*
*ယဲ့ဖန်က ငါ အပါအဝင် ငါ့အဘိုးနဲ့ အခြား ဝူကလန်သား သိုင်းပညာရှင်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် … သူတော့ သေပြီပဲ*
ယဲ့ဖန်အား ရှုံ့တွနေသော မျက်နှာနှင့် လှမ်းကြည့်နေရင် ဂျူနီယာ ဝူနတ်ဘုရားက ဝမ်းသာအားရ ပြုံးလိုက်မိသည်။
သို့သော် အမည်မဖော်နိုင်သော အနက်ရောင် ဝတ်စုံနှင့် တပ်ဖွဲ့တစ်ဖွဲ့ ရောက်ချလိုက်ချိန်တွင် သူ့အပြုံးက အေးခဲသွားလေ၏။
ဝူနတ်ဘုရား ဆယ့်နှစ်ယောက် အပါအဝင် ဝူကလန်သားတိုင်း မှင်တက်သွားကြသည်။
….
ထူးဆန်းသော အနက်ရောင် ဝတ်စုံနှင့် လူများက ဝူနတ်ဘုရားတောင်ထိပ်၌ ရပ်နေကြစဉ်တွင် သူတို့၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်များက အခြားသူများအား ချောက်ချားသွားစေသည်။ ရှေးဦးသားရဲ အကောင် တစ်ရာ့နှစ်ဆယ်ကျော် မော်တယ်ကမ္ဘာထဲသို့ ဆင်းသက်လာလေ သလားဟုတောင် မှတ်ရသည်။
"ဆရာသခင်အဆင့်တွေ … အိုး …. မဖြစ်ဘူးဟ … သူတို့အားလုံးက ဆရာသခင်အဆင့် သိုင်းပညာရှင်တွေပဲ"
ဝူကလန်သားများ ထိတ်လန့်၊ ကြောက်ရွံ့မှုကြောင့် သတိလစ်မတတ် ဖြစ်သွားကြသည်။
ဟွာရှနိုင်ငံ၏ ထိပ်တန်း အင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် ဝူနတ်ဘုရားတောင်တွင် ဝူနတ်ဘုရား ဆယ့်နှစ်ယောက်သာ ရှိသည်။
သို့သော် ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက် တစ်ရာ့နှစ်ဆယ်ကျော်က အဆင့်အတန်း ပိုသာနေသည်။ ရန်သူသည် ဝူနတ်ဘုရား စစ်တပ်ထက် ဆယ်ဆ ပို၍ အင်အားကြီးနေလေ၏။
ကြောက်မက်ဖွယ် အကောင်းဆုံးကတော့ ရှေ့ဆုံး၌ ရပ်နေသည့် လူတစ်ယောက်သည် ပြင်းထန်သော ချီဓာတ်ကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင် ဖြစ်နေခြင်းပင်။
ဝူကလန်သားများ ပွက်လောရိုက်သွားကာ သူတို့မျက်နှာ၌ အကြောက်တရားများဖြင့် ပြည့်နှက်လို့လာသည်။
နံပါတ်တစ် ဝူနတ်ဘုရားတောင်မှ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်နေ၏။ ရှေ့ဆုံးမှ အနက်ရောင် ဝတ်စုံနှင့် လူကို မြင်လိုက်သည့် အလိုက်မှာပင် နံပါတ်တစ် ဝူနတ်ဘုရားက မယုံနိုင်သော မျက်နှာထားဖြင့် ထအော်လိုက်မိသည်။
"မင်း…မင်းက မဟူရာ ကြက်ခြေခတ်အဖွဲ့က မိစ္ဆာ ဝိညာဉ်ရိုင်းပဲ"
ထို့သို့ပြောပြီး နံပါတ်တစ် ဝူနတ်ဘုရားက လက်နှစ်ဘက်ကို ဆုပ်၍ မိစ္ဆာ ဝိညာဉ်ရိုင်းအား ပြုံး၍ စကားဆိုလိုက်သည်။
"ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် … မစ္စတာ မိစ္ဆာ ဝိညာဉ်ရိုင်း … မင်းက ငါ နောက်ဆုံးတစ်ချိန် ဆုံခဲ့တုန်းကထက် ပိုပြီး အင်အားကြီးလာတဲ့ ပုံပဲ"
နံပါတ်တစ် ဝူနတ်ဘုရားက မိစ္ဆာဝိညာဉ်ရိုင်းနှင့် ပြီးခဲ့သည့် နှစ်အနည်းငယ်ခန့်က ဆုံခဲ့ဖူးသည်။
လွန်ခဲ့သည့် ရက်ပိုင်းကမှ မိစ္ဆာ ဝိညာဉ်ရိုင်းသည် ယဲ့ဖန် ဖန်တီးပေးခဲ့သည့် စိတ်ဝိညာဉ် အခြေပြု ကျင့်စဉ်ကို ကျင့်ကြံပြီး ဒဏ္ဍာရီတစ်ပိုင်းအဆင့်သို့ အဆင့်တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာ ဝိညာဉ်ရိုင်းက နံပါတ်တစ် ဝူနတ်ဘုရား ရှိရာဘက်သို့ လှည့်မကြည့်သလို အရေးတောင် မလုပ်ပေ။
လူအယောက် တစ်ရာ့နှစ်ဆယ်ကျော်လုံးက ယဲ့ဖန်ကိုသာ စိုက်ကြည့်နေကြသည်။
ထို့နောက် သူတို့အားလုံး ဒူးတစ်ဘက်ထောက်ကာ ပြိုင်တူ ပြောလိုက်ကြသည်က
"ဂါဝရ ပြုပါတယ် သခင်ကြီး"
သူတို့၏ ကျယ်လောင်သော အသံများက ပဲ့တင်ထပ်သွားကြသည်။ သို့သော် ထိုအချိန်တွင် ဝူကလန်သားများအားလုံး တိခနဲ တိတ်ကျသွားသည်။
*သ…သခင်ကြီးတဲ့လား*
သူတို့အားလုံးသည် ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက် တစ်ရာ့နှစ်ဆယ်ကျော် ဒူးထောက် အရိုအသေပေးနေသည့် ယဲ့ဖန်အား တအံ့တဩနှင့် ကြည့်နေမိကြသည်။
*မိစ္ဆာ ဝိညာဉ်ရိုင်းနဲ့ ဆရာသခင်အဆင့် သိုင်းပညာရှင် အများကြီးက ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်နေကြတယ်*
*အံ့…အံ့ဩစရာကြီးပါလား*
ချက်ချင်းဆိုသလိုပင် ဂျူနီယာ ဝူနတ်ဘုရား ကတုန်ကယင် ဖြစ်လာကာ သူ့ဘောင်းဘီ ဂွကြားမှ ချဉ်စုတ်စုတ်အနံ့က လှိုင်လှိုင်ထလာသည်။
သူ မတရားကြောက်နေသဖြင့် ဘောင်းဘီထဲတောင် သေးထွက်ကျနေ၏။ အနီးအနားမှ ဝူကလန်သားများ အားလုံး နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့် ကြောက်ရွံ့ကာ ဖင်ထိုင်လျက် လဲကျသွားသည်။
ဝူနတ်ဘုရား ဆယ့်နှစ်ယောက်တောင်မှ ဒူးတုန်နေကြသည်။
"မဖြစ်နိုင်ဘူး …. ဒါ လုံးဝ မဖြစ်နိုင်ဘူး"
နံပါတ် ဆယ့်နှစ် ဝူနတ်ဘုရား ဖြစ်သည့် ဝူကူလာဆို ဒေါသူပုန်ထလို့နေ၏။
သူက ယဲ့ဖန်အား လက်ညှိုးထိုး၍ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြား အယောက် တစ်ရာ့နှစ်ဆယ့်ကျော်ကို ပြောလိုက်သည်။
"မဟူရာ ကြက်ခြေခတ်အဖွဲ့က မိတ်ဆွေ အပေါင်းတို့ … မင်းတို့ သူ့ကို တစ်ယောက်ယောက်နဲ့ လူမှားနေတာ နေမှာပါ … ဒီလူက ကျန်းနန် စီရင်စုဒေသနဲ့ ရှန့်ကျန်းမြို့မှာ နာမည်ကြီးနေတဲ့ ဆရာသခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်လေးပါပဲ … ဘယ်လိုလုပ် ဒီခွေးမသားလေးက … ဘယ်လိုလုပ် ခင်ဗျားတို့ရဲ့ သခင်ကြီး ဖြစ်နိုင်မှာလဲ … ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ဝူကူလာ ထိတ်လန့်ကာ ရူးမတတ် ဖြစ်နေသည်။
သို့သော် သူ့စကားအဆုံးမှာပင် သုံးမြှောင့်ဓားချွန်တစ်ခုက သူ့ရင်ဘတ်အား ထုတ်ချင်းဖောက်သွားသည်။
ဝူကူလာ ချက်ချင်း တောင့်ခနဲ ဖြစ်သွားရသည်။ ထို့နောက် သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး မိစ္ဆာ ဝိညာဉ်ရိုင်းအား အလွန် အံ့ဩနေဟန်ဖြင့် ကြည့်လိုက်မိသည်။
"ငါ့သခင်ကြီးကို လှောင်ပြောင် သရော်တဲ့ သူတိုင်း သေကို သေရမယ်"
မိစ္ဆာ ဝိညာဉ်ရိုင်းက သုံးမြှောင့်ဓားချွန်အား ဝူကူလာ၏ ခန္ဓာကိုယ်ထဲမှ အကြမ်းပတမ်း ပြန်ဆွဲထုတ်လိုက်သည်။
ရွှစ်!
ချင်းချင်းနီနေသော သွေးများက ဝူကူလာ၏ နှလုံးသားမှ ချက်ချင်း စင်ထွက်လာသည်။
ဒေါသစိတ်က သူ့မျက်နှာ၌ ပြည့်နှက်လို့နေ၏။ ဒဏ္ဍာရီတစ်ပိုင်းအဆင့်နှင့် ဆရာသခင်အဆင့် အယောက် တစ်ရာ့နှစ်ဆယ်ကျော်က ဘာကြောင့် ဆရာသခင်တစ်ပိုင်းအဆင့်အား သူတို့၏ သခင်ကြီးအဖြစ် ခံယူထားကြသလဲဆိုတာကို ဝူကူလာ လုံးဝ နားမလည်နိုင်ပါ။
သူ့အတွက်တော့ ဤကိစ္စက သေသည်အထိ ပဟေဠိတစ်ပုဒ် ဖြစ်နေသေးသည်။
*သူ သေသွားပြီ*
ဟွာရှနိုင်ငံ၏ ထောက်တိုင်လေးယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး နံပါတ်ဆယ့်နှစ် ဝူနတ်ဘုရားလည်း ဖြစ်သည့် ဝူကူလာ အသတ်ခံလိုက်ရသည်ကို မြင်ပြီး အနီးအနားရှိ ဝူကလန်သားများ ဝိညာဉ် လွင့်မတတ် ကြောက်လန့်သွားကြသည်။
ဂျူနီယာ ဝူနတ်ဘုရားသည်လည်း သေမတတ် ကြောက်လန့်လို့နေသည်။
"ခွေးကောင် …. မင်း … မင်း ကူလာကို သတ်လိုက်တယ်"
နံပါတ်တစ် ဝူနတ်ဘုရား ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားသည်။
မဟူရာ ကြက်ခြေခတ်အဖွဲ့၏ မိစ္ဆာ ဝိညာဉ်ရိုင်းက ဝူကူလာကို သတ်ပြီး စကားလေး တစ်ခွန်းကြောင့် ဝူနတ်ဘုရားတောင်၌ စစ်ပွဲ ဆင်နွှဲရန် ပြင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပါ။
ကျန် ဝူနတ်ဘုရားများ အားလုံး ကြောက်လန့်သွားကြသည်။ သို့သော် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် ကျန်ညအဖွဲ့သားများက သူတို့၏ သံသယစိတ်များကို လျစ်လျူရှုကာ ယဲ့ဖန်၏ အမိန့်ကိုသာ စောင့်ဆိုင်းနေကြသည်။
"ရွှင်းအာကို ရှာပြီး ဝူနတ်ဘုရားတောင်ကို ရှင်းလင်းပစ်လိုက်"
ယဲ့ဖန်၏ အရိုးကွဲမတတ် အေးစက်သည့် အသံကို ကြားပြီး ဝူနတ်ဘုရား ဆယ့်တစ်ယောက်နှင့် ဝူကလန်သားများ အားလုံး ကြောက်ရွံ့စိတ်ကြောင့် သတိလစ်လုနီးပါး ဖြစ်သွားကြသည်။
သို့သော် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ညအဖွဲ့၏ ဆရာသခင်အဆင့် သိုင်းပညာရှင်များက စတင်၍ တိုက်စစ်ဆင်လာကြသည်။
"သေလိုက်တော့"
….
တိုက်ပွဲခေါ်သံများ ပဲ့တင်ထပ်လာပြီး တိုက်ပွဲကား အပြင်းအထန် ဖြစ်ပွားလျက် ရှိသည်။
ကြောက်မက်ဖွယ် ကောင်းလှသည့် တစ်ဖတ်သက် တိုက်ပွဲပါတကား။
ဝူနတ်ဘုရား ဆယ့်တစ်ယောက်ထဲတွင် နံပါတ်တစ် ဝူနတ်ဘုရားကို မိစ္ဆာ ဝိညာဉ်ရိုင်းက ပိတ်ဆို့ထားပြီး ကျန် ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက် တစ်ရာ့နှစ်ဆယ်ကျော်က ရက်ရက်စက်စက် သတ်ဖြတ်ပွဲကြီးအား စတင်လေတော့သည်။
ရွှစ်! ရွှစ်! ရွှစ်!
ဝူနတ်ဘုရားတောင်တစ်ခုလုံး၌ သွေးနံ့များနှင့် ပြည့်နှက်လို့နေ၏။
နံပါတ်သုံး ဝူနတ်ဘုရား သေသွားလေပြီ။
နံပါတ်ခြောက် ဝူနတ်ဘုရား သေသွားလေပြီ။
နံပါတ်နှစ် ဝူနတ်ဘုရားလည်း သေသွားတော့သည်။
…..
ဆရာသခင်အဆင့် ဝူနတ်ဘုရားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွား တော့သည်။
ဝူနတ်ဘုရားတောင်၏ ကမ္ဘာပျက်သော နေ့ပင်။
မိနစ်အနည်းငယ်မျှသာ ကြာသေးသော်လည်း ဝူနတ်ဘုရား ဆယ့်နှစ်ယောက်တွင် ဆယ့်တစ်ယောက်က ရက်ရက်စက်စက် အသတ်ခံလိုက်ရလေပြီ။
*သေပြီ*
*သူတို့အားလုံးနီးပါး သေကုန်ပြီ*
ဂျူနီယာ ဝူနတ်ဘုရားနှင့် အခြားဝူကလန်သားများ အလွန်အမင်း ကြောက်လန့် သွားကြသည်။
သူတို့ နတ်ဘုရားများ အသတ်ခံလိုက်ရသည်ကို သူတို့ မယုံနိုင်သေးပါ။
ထိုအချိန်တွင် နံပါတ်တစ် ဝူနတ်ဘုရားသည် မနည်း ရုန်းကန်နေရပြီး သွေးများဖြင့် ရွှဲနစ်နေသည့်အပြင် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြား ဆရာသခင် အထွတ်အထိပ် အဆင့် သိုင်းပညာရှင် ခြောက်ယောက်၏ သေစေနိုင်သော တိုက်ကွက်များနှင့် ရင်ဆိုင်နေရသည်။
"အား…အား…အား"
နံပါတ်တစ် ဝူနတ်ဘုရား အလွန် ဒေါသထွက်သွားသည်။ ဟွာရှနိုင်ငံ၏ ထိပ်တန်း အင်အားစု လေးစုထဲမှ တစ်ခုဖြစ်သည့် ဝူနတ်ဘုရားတောင်က မိနစ်ပိုင်းအတွင်း လုံးဝ သုတ်သင်ခံရလုနီးပါး ဖြစ်သွားမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ယဲ့ဖန် တစ်ချက်ကလေးတောင် မတိုက်ရသေးပေ။
ရွှစ်!
ထိုစဉ် သုံးမြှောင့် ဓားချွန်တစ်ခုက နံပါတ်တစ် ဝူနတ်ဘုရား၏ ခန္ဓာကိုယ်အား ထုတ်ချင်းဖောက်ထွက်သွားသည်။
ကျန်ဆရာသခင်အဆင့် သိုင်းပညာရှင်များက သူ့ထံသို့ ချက်ချင်း လွှားခနဲ ခုန်ဝင်လာပြီး စတင်၍ စစ်ဆေးမေးမြန်းလေတော့သည်။
ဆယ်မိနစ်အကြာတွင် မိစ္ဆာ ဝိညာဉ်ရိုင်းက နံပါတ်တစ် ဝူနတ်ဘုရား၏ ဦးခေါင်းအား ဖြတ်၍ ယဲ့ဖန်ထံသို့ တလေးတစားနှင့် ဆက်သလာသည်။
"သခင်ကြီး …. ပြီးသွားပါပြီ"
ယဲ့ဖန်က ထိုဦးခေါင်းအား စိတ်မဝင်စားသကဲ့သို့ မိစ္ဆာ ဝိညာဉ်ရိုင်း၏ စကားကို လျစ်လျူရှုထားသည်။ ထို့အပြင် သူက ရပ်မြဲတိုင်း ရပ်နေပြီး တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် တောင်ထိပ်ကိုသာ ဆက်၍ စိုက်ကြည့်နေသည်။
"ဘယ်လိုနေလဲ"
"ကျွန်တော်တို့ရဲ့ တင်းကြပ်တဲ့ စစ်မေးချက်အရ ဝူနတ်ဘုရားတောင်ရဲ့ မဟာဝူနတ်ဘုရားက ရွှင်းအာကို အနောက်တောင်ဘက်က တစ်နေရာရာကို ခေါ်သွားတယ်လို့ သိရပါတယ်၊ အဲ့နေရာကို သခင်ကြီး ကြားဖူးနေမယ်လို့ ကျွန်တော် ထင်ပါတယ်"
မိစ္ဆာ ဝိညာဉ်ရိုင်းက စိတ်မသက်သာ ဖြစ်နေသော မျက်နှာနှင့် ဆက်ပြောလိုက်သည်။
"အဲ့နေရာကို နတ်ဆိုးတောင်ကြားလို့ ခေါ်ပါတယ်"