← Chapters

နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်ခြင်း

Vol. 15 Ch. 222

နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်ခြင်း

Vol. 15 Ch. 222

ကီလိုမီတာများစွာအား စက္ကန့်ပိုင်းအတွင်း လေထုကို တစ်ဟုန်ထိုး ဖြတ်သန်း၍ ဝူနတ်ဘုရား၏ အနောက်တောင်ဘက်ခြမ်းသို့ လူငယ်တစ်ယောက် ဦးတည်သွားလာလို့နေသည်။

ထိုလူငယ်ကား ယဲ့ဖန်ပင် ဖြစ်သည်။

မဟာ ဝူနတ်ဘုရားက ရွှင်းအာအား နတ်ဆိုးတောင်ကြား၏ အရှင်သခင်တစ်ယောက်ဆီသို့ ယဇ်ကောင်အဖြစ် ယဇ်ပူဇော်တော့မည်ဟူသော သတင်းကို အစောပိုင်းလေးတင် မိစ္ဆာ ဝိညာဉ်ရိုင်းထံမှ သူ ရလိုက်သည်။

ထို့ပြင် နတ်ဆိုးတောင်ကြားကလည်း ပွင့်နေပြီ ဖြစ်သည်။

သူ၏ တောက်ပသော ရွှေရောင် နံပါတ်ပြား၏ လမ်းပြမှုကြောင့် ယဲ့ဖန်သည် နတ်ဆိုးတောင်ကြားသို့ အလင်းထက် မြန်သော နှုန်းဖြင့် တစ်ဟုန်ထိုး ပြေးနေသည်။

မြန်မြန် …. မြန်မြန် …. မြန်မြန်…

ယဲ့ဖန်၏ မျက်လုံးများက နီရဲလို့နေ၏။

သူနှင့်အတူ မည်သူ့ကိုမှ သူ မခေါ်ခဲ့ အဘယ်ကြောင့်ဆိုသော် ဆရာသခင်အဆင့်ထက် မြင့်သော သိုင်းပညာရှင်တိုင်း နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်လို့ မရနိုင်သောကြောင့်ပင်။

နတ်ဆိုးတောင်ကြားမှ အရှင်သခင်၏ ကျေးကျွန်ဖြစ်သောကြောင့် မဟာဝူနတ်ဘုရားက ဝင်ရောက်ခွင့် ရှိသည်။

"ငါ နတ်ဆိုးတောင်ကြားကို နေမဝင်ခင် ရောက်မှ ဖြစ်မယ် မဟုတ်ရင် ရွှင်းအာ သေသွားလိမ့်မယ်"

ယဲ့ဖန်၏ မျက်နှာက ပြာနှမ်းနေပြီး သူ၏ ပြေးနှုန်းက အရှိန်မြှင့်လိုက်သည်။

တစ်နာရီခန့် ခြေလျင် ခရီးဆန့်ပြီးနောက် ယဲ့ဖန်သည် ဧရာမ တောင်တန်းကြီး၏ ရှေ့သို့ ရောက်လာသည်။

မြင့်မားသော တောင်တစ်လုံးဆီတိုင်းက ပုံးကွယ်နေသော နဂါးတစ်ကောင်၏ သဏ္ဌာန်ကို ဖော်ပြနေသလိုပင်။

ထို့ပြင် သူ တောင်ခြေသို့ ရောက်လာပြီးနောက် ယခင်ကတည်းက စောင့်ဆိုင်းလျက် ရှိသည့် အရှေ့တောင်အာရှ လူငယ် ရှစ်ယောက်၏ အနောက်သို့ ရောက်သွားသည်။

"ဆရာသခင် တစ်ပိုင်းအဆင့်ပါလား"

သူတို့သည် ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်က တစ်ယောက်တည်း ရောက်ချလာသဖြင့် နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သူတို့ထဲမှ မိန်းကလေးတစ်ယောက်က အထင်သေးသော အကြည့်ဖြင့် လှောင်ပြောင် ပြောဆိုလာသည်။

"ရူးလိုက်တဲ့လူ …. ဆရာသခင်တစ်ပိုင်းအဆင့်က ဒီကို ပေါ်လာရဲတယ်ပေါ့လေ"

သူတို့မျက်လုံးထဲတွင် နတ်ဆိုးတောင်ကြားသည် အလွန် အန္တရာယ်များသော နေရာ ဖြစ်သည်။

သည်နေရာသို့ လာသည့် လူအားလုံးသည် ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ ရောက်လုနီးပါး သူများသာ ဖြစ်သည်။ သူတို့ နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်သွားသည်နှင့် ဆေးလုံးများ၏ အကူအညီဖြင့် သူတို့ ဆရာသခင်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားနိုင်သည်။

နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်လာသည့် သူတော်တော်များများ ဘယ်သောအခါမှ ထွက်ပြေးလို့ မရနိုင်ပါ။

နတ်ဆိုးတောင်ကြားက သတင်းဆိုးဖြင့် ကျော်ကြားနေတာတောင်မှ ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်လေးက တစ်ယောက်ထဲ ဝင်ရောက်လာသည်။ ဤသည်ကား ကိုယ့်သေတွင်း ကိုယ်တူးနေတာနှင့် မထူးခြားနားပင်။

"ကိုယ့်လူ … ခင်ဗျား ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ"

လူငယ်တစ်ယောက်က ယဲ့ဖန်နား ချဉ်းကပ်လာပြီး မေးလာသည်။

"ကျုပ်က ဗီယက်နမ်က ရွမ်ကျုံးမို့ပါ၊ ဗီယက်နမ်က ကောင်းကင်ဘုံဂိုဏ်းရဲ့ သခင်လေးပေါ့"

လူငယ်လေး၏ မိတ်ဆက်စကားကြောင့် ယဲ့ဖန်က ခေါင်း အသာညိတ်၍ ပြန်ပြောလိုက်သည်။

"ညအဖွဲ့က ယဲ့ဖန်"

*ညအဖွဲ့*

ရွမ်ကျိုးမို့နှင့် အခြားလူ ခုနစ်ယောက် ပြိုင်တူ မျက်မှောင်ကြုတ်မိသွားသည်။

သူတို့အကုန်လုံး ဤဂိုဏ်းနာမည်ကို မကြားဘူးကြပေ။ ထို့ကြောင့် ဒါ ဂိုဏ်းအသေးလေး ဖြစ်မည်ဟု ယူဆလိုက်ကြသည်။

"ဖန် … နတ်ဆိုးတောင်ကြားက အရမ်းအန္တရယ်များတယ် … မင်းလို ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်က ဘာအကူအညီမှ မရှိဘူးဆိုရင် မင်း သေချာပေါက် သေသွားလိမ့်မယ်"

ရွမ်ကျိုးမို့က စိုးရိမ်တကြီးနှင့် ဆက်ပြောလာသည်။

"မင်း ဗီယက်နမ်က ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းကို လာပူးပေါင်းပါလား … ငါတို့ တစ်ယောက်ကို တစ်ယောက် အကူအညီ ပေးလို့ရတယ်"

ရွမ်ကျိုးမို့က ကြင်နာတတ်ပုံ ပေါ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သို့သော် သူ့စကားကြောင့် အခြား အဖွဲ့သားများက ချက်ချင်း ခေါင်းခါပြလာသည်။

"ကျိုးမို့ … ရှင် ဘာလို့ ဆရာသခင်တစ်ပိုင်းအဆင့်က ကောင်ကို ကျွန်မတို့နဲ့ ပူးပေါင်းဖို့ မေးရတာလဲ"

ခုနတုန်းက မိန်းကလေးက မကျေမနပ်ဖြင့် မေးလာသည်။

"သူ ကျွန်မတို့နဲ့ လိုက်လာရင် သူက ကျွန်မတို့အတွက် ဝန်ပိသလိုပဲ ဖြစ်လာမှာ … သူ့ကြောင့် ကျွန်မတို့အဖွဲ့ သေကုန်ရင် ဘယ်လိုလုပ်မလဲ"

အပျိုပေါက်မလေးက ယဲ့ဖန်အား အထင်အမြင် သေးနေသည်။

"သူ့သမိုင်းသူ ရေးပါစေ …. သူ့ကို ငါတို့ ဂရုစိုက်နေစရာမှ မလိုတာ"

အပျိုပေါက်မလေး၏ စကားက အလွန် ထေ့ငေါ့လွန်းလှသည်။ သူမ စကားကြောင့် ရွမ်ကျိုးမို့က သူမအား ဆူပူရန် ပြင်လိုက်သည်။

သို့သော် ယဲ့ဖန်က ရွမ်ကျိုးမို့အား ခေါင်းညိတ်ပြ၍ နတ်ဆိုးတောင်ကြား၏ အဝင်ဝသို့ သူ့ဘာသာသူ လျှောက်လှမ်းသွားသည်။

ယဲ့ဖန်၏ အပြုအမူကြောင့် အဖွဲ့ထဲမှ အခြားသူများ အလွန် ထိတ်လန့်သွားကြသည်။

ရွမ်ကျိုးမို့က ယဲ့ဖန်အား အသည်းအသန် သတိပေးလာသည်။

"ဖန် …. ရပ်လိုက် … အဲ့မှာ ကြောက်ဖို့ကောင်းတဲ့ တားမြစ်စနစ် တစ်ခု ရှိတယ် … နတ်ဆိုးတောင်ကြားက လူဆယ်ယောက်ထပ် နည်းရင် ပွင့်မလာဘူး"

နတ်ဆိုးတောင်ကြားသည် ဝင်ရောက်မည့်သူက လူဆယ်ယောက်ထပ် ပိုမှသာ ပွင့်လေ့ရှိသည်။ ဤသည်ကား နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်ရမည့် စည်းကမ်းတွေထဲမှ တစ်ခုဖြစ်သည်။

ယဲ့ဖန်က သည်လောက် မျက်စိ စပါးမွှေးစူးလောက်အောင် ပြုမူမည်ဟု ရွမ်ကျိုးမို့ ထင်မှတ်မထားမိပါ။

သို့သော် ယဲ့ဖန်က ရွမ်ကျိုးမို့၏ သတိပေးစကားကို ဥပေက္ခာပြု၍ နတ်ဆိုးတောင်ကြားသို့ တစ်လှမ်းခြင်းစီ လှမ်းသွားသည်။

*သူတော့ သွားပြီပဲ*

*အဲ့ကောင်တော့ သေမှာပဲ*

အပေါက်ဝသို့ လှမ်းလျှောက်သွားသည့် သူ့ကို ကြည့်ပြီး အဖွဲ့ထဲမှ လူတိုင်းက ယဲ့ဖန်၏ သနားစရာ ရလဒ်ကို ကြိုသိနေဟန်ဖြင့် သနားနေကြသည်။

"ကျိုးမို့ …. ထားလိုက်တော့ …. သူက သူ့သေတွင်း သူ တူးနေတာ"

အပျိုပေါက်မလေးက ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး လှောင်ရယ်၍ ပြောလိုက်သည်။

တားမြစ် စနစ်ကို တစ်ယောက်တည်း ဖျက်ဆီးချင်နေသည့် ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်သည်ဟု သူမ ထင်မိသည်။

ထိုမိန်းကလေး ပြောနေစဉ်မှာပင် နောက်ကွယ်မှ လျှပ်စီးများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

ထိုစဉ် ယဲ့ဖန်ကလည်း တားမြစ်စနစ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ယဲ့ဖန် ပျောက်ကွယ်သွားခဲ့သည့် နေရာသို့ မိုးကြိုးများစွာ ပစ်ကျလာသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ရွမ်ကျိုးမို့က မြေကြီးကို ဖနောင့်နှင့်ပေါက်၍ သက်ပြင်းချလိုက်သည်။ အခြားသူများက ခေါင်းတခါခါ ဖြစ်နေကြသည်။

ယဲ့ဖန် သေသွားပြီဟု သူတို့အားလုံး ယုံကြည်နေကြသည်။

သို့သော် နတ်ဆိုးတောင်ကြားထဲသို့ ယဲ့ဖန် ဝင်ရောက်သွားသည်ကို မည်သူမျှ သတိမထားမိပါ။

တားမြစ်စနစ်က အလွန် သန်မာသော်လည်း ယဲ့ဖန်အတွက်ကတော့ လက်လေး တစ်ချက်လှုပ်လိုက်ရုံနှင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။

သူ ရွှင်းအာအား မြန်နိုင်သမျှ မြန်မြန် လိုက်ရှာမှ ဖြစ်မည်။

….

နတ်ဆိုးတောင်ကြား၌ အထပ် ဆယ့်ရှစ်ထပ် ရှိသည်။ ၎င်းတို့အား ငရဲကြီး ဆယ့်ရှစ်ထပ် သို့မဟုတ် သံသရာ စက်ဝန်း ဆယ့်ရှစ်ထပ်ဟု တင်စား ခေါ်ဝေါ်ကြလေသည်။

နတ်ဆိုးတောင်ကြား၏ ပထမထပ်သို့ ယဲ့ဖန် ဝင်ရောက်လိုက်သည်နှင့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုက သူ့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် မရည်ရွယ်ဘဲ သူ့လက်က အလိုလို လှမ်းဖမ်းလိုက်မိသည်။

ထိုအရာက ရှေးဟောင်းမှော်စာလုံးများနှင့် ပြည့်နေသည့် အရည်အသွေးအကောင်းဆုံး ဓားရှည်တစ်လက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူပေါင်းများစွာက ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။

နတ်ဆိုးတောင်ကြား၏ ပထမထပ်တွင် သိုင်းပညာရှင် ဆယ်ယောက်နှင့်အထပ် ရှိနေသည်။

သူတို့ ယခုလေးတင် ဆရာသခင် ဖြစ်ခါနီးအဆင့်မှ ဆရာသခင်အဆင့်သို့ ယခုလေးတင် အဆင့်တက်လာမှန်း သိသာလှသည်။

သူတို့ ထိုစိတ်ဝိညာဉ်ပစ္စည်းအား ရရှိရန် အလုအယက် ကြိုးပမ်းနေစဉ်တွင် ထိုပစ္စည်းက ယဲ့ဖန်၏ လက်ထဲသို့ တန်းနေအောင် ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသော တောင်အမေရိကသား တစ်ယောက်က ယဲ့ဖန်ကို စိုက်ကြည့်၍ မာန်မဲလိုက်သည်။

"ဆရာသခင် တစ်ပိုင်းအဆင့်ကောင် … အဲ့စိတ်ဝိညာဉ်ပစ္စည်းကို ငါ့ပြန်ပေးစမ်း … မဟုတ်လို့ကတော့ မင်းကို ငါ သတ်ပစ်မယ်"

သူ့ဘေးမှ ဂျပန်လူမျိုး ယောက်ျားလေးက ယဲ့ဖန်အား စိုက်ကြည့်ရင်း သုန်မှုန်နေသော မျက်နှာထားဖြင့် လှမ်းပြောလိုက်သည်။

"ခွေးကောင် … မင်း အဲ့စိတ်ဝိညာဉ်ပစ္စည်းကို ငါ့ဆီ ပေးမယ်ဆိုရင် မင်း အသက်ရှင်နိုင်မယ်"

သူတို့နှစ်ယောက်လုံးသည် ဆရာသခင်အဆင့် အင်အားစုများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်လုံးက သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်နေကြသည်။

သူတို့မျက်လုံးထဲတွင် ဆရာသခင် တစ်ပိုင်းအဆင့်သာ ရှိသော ယဲ့ဖန်အား သူတို့ အလွယ်တကူ နင်းခြေ သတ်ဖြတ်ပစ်လိုက်လို့ ရသည့် ပုရွက်ဆိတ်လေးတစ်ကောင်ဟု ထင်မြင်နေကြသည်။

သို့သော် သူတို့စကားကြောင့် ယဲ့ဖန်က ပြန်ပြောလိုက်ရင်း အေးစက်စက် အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။

"ဝေးဝေးသွားမလား … အသေခံမလား"

ထိုသို့ပြောပြီး ယဲ့ဖန်က သူတို့အား တစ်ချက်ကြည့်၍ နတ်ဆိုးတောင်ကြား၏ ဒုတိယထပ်သို့ ဦးတည်သွားသည်။

"ခွေးမသား"

"မြေနိုး"

ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် သိုင်းပညာရှင်နှစ်ယောက် ဒေါသူပုန်ထသွားသည်။

ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်က သူတို့အမိန့်ကို မနာခံပဲ နေရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

နှစ်ယောက်လုံး ယဲ့ဖန်အား မဆိုင်းမတွ တိုက်ခိုက်လိုက်ကြသည်။

"သေပေတော့"

တောင်အမေရိကားသား သိုင်းပညာရှင်က ယဲ့ဖန်၏ဦးခေါင်းအား သံတူဖြင့် ထုလိုက်သည်။

ဂျပန်လူမျိုး သိုင်းပညာရှင်က ယဲ့ဖန်၏ လည်ပင်းအား ဆာမူရိုင်းဓားဖြင့် ခုတ်ပိုင်းလေသည်။

တိုက်ကွက်နှစ်ခုလုံးက သေစေနိုင်သည်။

သို့သော် သူတို့လက်နက်များကို မြှောက်လိုက်သည့် အခိုက်မှာတင် နှစ်ယောက်လုံး အေးခဲ တောင့်တင်းသွားကြသည်။

ဘေးမှ ကြည့်နေသူများ၏ အံ့ဩနေသော အကြည့်အောက်မှာပင် ရေခဲများနှင့် ခဲနေသော ဦးခေါင်းနှစ်လုံးက ပြုတ်ကျလာပြီး ခေါင်းပြတ်ကိုယ်နှစ်ခုကပါ ရှေ့ဆင့်နောက်ဆင့် လဲကျလာသည်။

….

ဤသွေးထွက်သံယို မြင်ကွင်းကြောင့် ပထမထပ်မှ ကျန်သိုင်းပညာရှင်များ သေမတတ် ထိတ်လန့်သွားကြသည်။

"ခွေးမသား … မင်း ငါ့သခင်လေးကို သတ်ရဲတယ်ပေါ့လေ … သေပေတော့"

"အမှိုက်ကောင် …. ဟွာရှ ပုရွက်ဆိတ်ကောင် … သေလိုက်တော့"

သူတို့ခေါင်းဆောင်များ၏ အလောင်းများ လဲကျသွားသည်ကို မြင်လိုက်သည်နှင့် အဖွဲ့များက လက်နက် ကိုယ်စီထုတ်၍ ယဲ့ဖန်ထံသို့ အားမာန်အပြည့်နှင့် ဝိုင်း၍ ထိုးခုတ်လာကြသည်။

ထိုစဉ် သူတို့၏ အဆိုးဝါးဆုံး အိပ်မက်ဆိုး စတင်လာလေသည်။

ယဲ့ဖန် လုံးဝ ဒေါသထွက်လာပြီ ဖြစ်သည်။

သူ၏ ဓားကျိုးကို ဆုပ်ကိုင်၍ ရှေ့သို့ လှစ်ခနဲ ပြေးတက်သွားသည်။

ရွှစ်! ရွှစ်! ရွှစ်!

ထိုစဉ် ယဲ့ဖန်က သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်သွားသကဲ့သို့ မြင်မြင်ရာအား သတ်ဖြတ်လေတော့သည်။

သူ တိုက်ကွက်တစ်ကွက် ထုတ်လိုက်တိုင်း သိုင်းပညာရှင်တစ်ယောက် ကိုယ်နှစ်ခြမ်းကွဲ သွားတာချည်းပင်။

ဓားတစ်ချက်၌ အသက်တစ်သက်။

ဤသည်ကား လုံးဝကို တစ်ဖက်သတ် သတ်ဖြတ်ပွဲချည်းပင်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ဆုံး ဂျပန်လူမျိုးတစ်ယောက် ကိုယ်နှစ်ခြမ်း ကွဲသွားလေတော့သည်။ ထို့နောက် နတ်ဆိုးတောင်ကြား၏ ပထမထပ်တွင် အလောင်းများနှင့် လူ့ကိုယ် အစိတ်အပိုင်းများစွာနှင့် ပြည့်နှက်လို့ သွားသည်။

ထိုအချိန်တွင် နတ်ဆိုးတောင်ကြား၏ ပထမအထပ်သို့ အရှေ့တောင်အာရှသားများသည် လူဆယ်ယောက်ပါသော အဖွဲ့တစ်ဖွဲ့အဖြစ် ရောက်ရှိလာကြသည်။

ယဲ့ဖန် ယခုထိ အသက်ရှင်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိကြပါ။

ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော ဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ ကိုယ်အစိတ်အပိုင်းများကို ကြည့်ပြီး ယခုမှ ဝင်လာသော အဖွဲ့သည် သံသယ ဝင်လာကြသည်။

*ဒီတစ်ဖွဲ့လုံးကို သူ သတ်လိုက်တာလား*

ထိုအချိန်တွင် အရှေ့တောင် အာရှသားများ အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ အရှေ့တောင် အာရှလူမျိုး အပျိုပေါက်မလေး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားသည်။

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး …. ဒါ လုံးဝ မဖြစ်နိုင်ဘူး … သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရမှာလဲ"

ထိုအရှေ့တောင် အာရှလူမျိုး အပျိုပေါက်မလေး သတိလစ်မတတ် ဖြစ်သွားရသည်။ သူမ အိပ်မက်မက်နေသလားဟုတောင် ထင်မှတ်နေရသည်။

All Chapters