ဒုက္ခပင်လယ်ရဲ့သခင်က တကယ့်ကို သူလား
Vol. 2 Ch. 12
တစ်ချက်ကြည့်လိုက်ရုံဖြင့်.....
ထိုလူငယ်ထံ၌ တည်ငြိမ်သော အမူအယာမှလွဲ၍ ထူးထူးခြားခြား ရှိပုံမရပေ။
ထို့ပြင် သူ့ထံမှ ထွက်ပေါ်နေသော ကျင့်ကြံခြင်းစွမ်းအား အတက်အကျအနည်းငယ်ကိုပင် ခွဲခြားသိမြင်ရန် မဖြစ်နိုင်ချေ။
သို့သော် သူမ၏ရှေ့ရှိ လူငယ်ကို သာမန်လူတစ်ယောက်ဟု မှားယွင်းထင်မှတ်လောက်အောင် သူမ တုံးအခြင်းမရှိပေ။
ဤပင်လယ်နက်ကြီးထဲမှ သူမကို လွယ်လင့်တကူ ကယ်တင်နိုင်ခဲ့သည့် အချက်ကပင် သူ၏ ထူးကဲသော စွမ်းရည်များကို ပြသရန် လုံလောက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ကျင့်ကြံခြင်းစွမ်းအား အတက်အကျကမူ အရိပ်အယောင်ပင် မရှိချေ။
ဤှကိစ္စအတွက် ရှင်းပြချက် တစ်ခုတည်းသာ ရှိသည်။ သူ၏ကျင့်ကြံခြင်းဆင့်သည် စိတ်တိုင်းကျထိန်းချုပ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်းပင်။
"မေးပါရစေ... ကျွန်မကို ကယ်ခဲ့တာ စီနီယာလား"
စုဝမ်ကျိုးက သတိထားပြီး လေးလေးစားစား မေးမြန်းလိုက်သည်။
ကျုံးချင်က မငြင်းဘဲ ခေါင်းညိတ်လိုက်၏။
'ငါသာ မကယ်ရင် ဒီမိန်းမ ရေကန်ထဲက ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ဘူး'
"ကျွန်မရဲ့နာမည် စုဝမ်ကျိုး ပါ... အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
စုဝမ်ကျိုးက အလျင်အမြန် ဦးညွှတ်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
ကျေးဇူးတင်စကား ပြောပြီးနောက် သူမကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော အရာအတွက် မေးခွန်းထုတ်ရန် မမေ့လျော့ခဲ့ချေ။
"မေးပါရစေ စီနီယာ... ဒီရေကန်က တကယ်တမ်းက ဘာကြီးလဲ"
သူမ၏ နောက်ဘက်ရှိ ရေကန်ငယ်လေးကို ကြည့်ရင်း ထိတ်လန့်ကြောက်လန့်မှုများ ကျန်ရှိနေဆဲဖြစ်သော အသံဖြင့် စုဝမ်ကျိုးက မေးမြန်းလိုက်သည်။
"ဒုက္ခပင်လယ်..."
ကျုံးချင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဒုက္ခပင်လယ်...ဟုတ်လား..."
ထိုစကားကို ကြားလိုက်ရချိန်တွက် စုဝမ်ကျိုး၏ စိတ်ထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်နယ်မြေတွင် ဒုက္ခပင်လယ်ဟု ခေါ်သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် မှော်ရတနာတစ်ခု ရှိကြောင်း သူမ၏အကြီးအကဲများ ပြောပြသည်ကို ကြားဖူးသည်။
ဒဏ္ဍာရီများအရ လူများသည် ဒုက္ခပင်လယ်ထဲတွင် ပိတ်မိသွားပါက ဘယ်တော့မှ ပြန်ထွက်မလာနိုင်ကြတော့ချေ။
ဒုက္ခပင်လယ်သည် အကန့်အသတ်မဲ့ ကျယ်ပြန့်သည်ဟူသော စကားမှာ အမှန်ပင်။
"စီနီယာ... ဒါက ရှေးဟောင်းဂိုဏ်းရဲ့ ဒုက္ခပင်လယ်နဲ့ အတူတူပဲလား"
စုဝမ်ကျိုး၏အသက်ရှူနှုန်း မြန်ဆန်သွားပြီး မေးမြန်းလိုက်၏။
ကျုံးချင်သည် ခွေးခြေပုလေးပေါ်တွင် ထိုင်ပြီး ငါးစာတပ်ထားသော ငါးမျှားချိတ်ကို ရေကန်ထဲသို့ ပစ်ချလိုက်ရင်း စုဝမ်ကျိုး၏ မေးခွန်းများကို နားထောင်ကာ မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ချေ။
'မင်းက ငါ့ကို မေးနေတာလား.. ငါက ဘယ်သူ့ကို သွားမေးရမှာလဲ'
သို့သော် ဤသည်မှာ စနစ်ကို သူ တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိထားခြင်း ဖြစ်သလို စနစ်သည် သာမန်ပစ္စည်းများကို ထုတ်ပေးလေ့မရှိချေ။ ထို့ကြောင့် ဤဒုက္ခပင်လယ်သည် စုဝမ်ကျိုး မေးမြန်းနေသော ဒုက္ခပင်လယ်နှင့် အမှန်တကယ်ကို တူညီနေနိုင်သည်။
"မင်း အဲဒီလို ပြောမှတော့ ဟုတ်ချင်ဟုတ်မှာပေါ့"
ကျုံးချင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျုံးချင်၏စကားကို ကြားလိုက်ရချိန်၌ စုဝမ်ကျိုး အသက်ရှူမှားသွားသည်။
ယခုချိန်၌ သူမ ပြန်စဉ်းစားကြည့်ချိန်တွင် ချွေးစေးများပင် ပြန်လာပေ၏။
သူမသည် အမှန်တကယ်ကို ဒုက္ခပင်လယ်အား ဖြတ်သန်းခဲ့ရသည်။
"အမ်....ငါးဟပ်ပြီ"
ထိုအချိန်တွင် ရေကန်ထဲရှိဖော့တုံး လှုပ်ရှားသွားပြီး ကျုံးချင်၏မျက်လုံးများ တောက်ပသွားသည်။
စုဝမ်ကျိုးသည် အသံလာရာသို့ ကြည့်လိုက်ပြီး ချက်ချင်းအံ့အားသင့်သွားသည်။
'ဒီလူက ဒုက္ခပင်လယ်ထဲမှာ ငါးမျှားနေတာလား'
သူမ အံ့အားသင့်၍ မဆုံးမီမှာပင် ကျုံးချင်သည် ငါးမျှားချိတ်ကို ဆွဲတင်လိုက်ပြီး မူရင်းဇစ်မြစ် မသိရသော လက်နှစ်သစ်အရွယ် အနီရောင် ငါးတစ်ကောင် ပါလာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုငါးကို မြင်လိုက်ရချိန်၌ စုဝမ်ကျိုးသည် အလွန်ကြောက်လန့်နေသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး သူမ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ဤငါးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဒုက္ခပင်လယ်ထဲ၌ ရှိနေစဉ် သူမ တွေ့မြင်ခဲ့ရသော ကြီးမားသော သားရဲကြီးကို ချက်ချင်း သတိရသွားသည်။
သူမ ငုံ့ကြည့်လိုက်ရာ ထိုအရာသည် နဂါး သို့မဟုတ် လုန်နဂါးနှင့် တူညီနေပြီး ကိုယ်ထည်တစ်ခုလုံး မီးတောက်နီရောင် တောက်ပနေသည်။
အထူးသဖြင့် ထိုငါး၏ ကွေးညွတ်နေသော ကျောပြင်သည် အရွယ်အစား ကွာခြားသော်လည်း ပုံသဏ္ဍာန်နှင့်အကြေးခွံများကို စုဝမ်ကျိုး ဘယ်တော့မှ မေ့မည်မဟုတ်ချေ။
သူမ ထိတ်လန့်နေစဉ် ထိုငါးကလည်း သူမကို ကြည့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အသံပေးပို့မှုတစ်ခုက သူမ၏နားထဲသို့ ဝင်ရောက်လာသည်။
"ကောင်မလေး တိုက်ဆိုင်လိုက်တာ... မင်းလည်း ဒီဒုက္ခပင်လယ်ထဲကနေ လွတ်လာလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး"
ဤအသံပေးပို့မှုသည် သူမ၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤှလူငယ် ဖမ်းမိလိုက်သော ငါးသည် ဒုက္ခပင်လယ်ထဲတွင် သူမ ကြုံတွေ့ခဲ့ရသော ကြီးမားသော သားရဲကြီး ဖြစ်နေပေ၏။
သူမ၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူမ၏နံဘေးရှိ ကျုံးချင်ကို ကြည့်လိုက်သော အကြည့်သည် ပို၍တည်ကြည်လေးနက်လာသည်။
ဝါးငါးမျှားတံကို အသုံးပြုပြီး ဒဏ္ဍာရီလာ သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သော အရာတစ်ခုကို ဒုက္ခပင်လယ်ထဲမှ မျှားယူနိုင်ခဲ့သည်။ ဤသည်က မည်ကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုး ဖြစ်သနည်း။
“ကောင်မလေး အံ့အားသင့်မနေပါနဲ့... သူက ဒုက္ခပင်လယ်ရဲ့ သခင်ပဲ... သူက ငါ့ကို ဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်အောင် ကူညီပေးနေတာ....”
"ငါတို့နှစ်ယောက်လုံးကို သူက ကယ်တင်ခဲ့တာ... သူက ငါတို့ကို ဒုတိယမြောက်အသက်ကို ပေးခဲ့တဲ့လူပဲ"
"မင်းက လူသားဆိုတော့ ကျေးဇူးရှင်ကို ကောင်းကောင်းမွန်မွန် ပြုစုခွင့် ရကောင်းရနိုင်တယ်"
"ငါကတော့ ကျေးဇူးရှင်ရဲ့စားပွဲပေါ်မှာ ပေါင်းထားတဲ့ ဒါမှမဟုတ် ကြော်ထားတဲ့ ဟင်းပွဲတစ်ပွဲအနေနဲ့ ဖြည့်စွက်ပေးဖို့ပဲ"
"အခွင့်အရေး ရတုန်း တန်ဖိုးထားပါ... ငါတော့ ပြန်ဝင်စားဖို့ သွားတော့မယ်"
အသံသတင်းစကား ပေးပို့ပြီးသည့် အချိန်တွင် ကျုံးချင်သည် ထိုငါးကို ငါးထည့်သည့် ခြင်းတောင်းထဲသို့ ထည့်ပြီးလေပြီ။
သို့သော် စုဝမ်ကျိုး၏ရင်ထဲတွင် အချိန်အတော်ကြာအောင် မတည်မငြိမ် ဖြစ်နေသည်။
ဒုက္ခပင်လယ်ရဲ့သခင်...
ဒါက ဘာကို ဆိုလိုတာလဲ...
သူမ ဆက်လက်၍ တွေးတောနိုင်ခြင်းပင် မရှိတော့ချေ။
သူမ၏ရှေ့ရှိ ကျုံးချင်ကိုကြည့်ရင်း အစပိုင်းမှ လေးစားပြီး ကျေးဇူးတင်သော စိတ်မှသည် ကြောက်ရွံ့ပြီး နာခံသောစိတ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် သိသော ပုရွက်ဆိတ်တစ်ကောင်က ကြီးမားသော ဆင်ကြီးတစ်ကောင်ကို မော့ကြည့်နေသည့်အလားပင်။
"ဒါနဲ့ မင်းကို မမေးရသေးဘူး... ငါ့ရဲ့ မူဖူတောင်ကို ဘယ်လိုရောက်လာတာလဲ"
ထိုအချိန်တွင် ကျုံးချင်သည် ငါးစာပြန်တပ်ပြီးနောက် စုဝမ်ကျိုးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
ဒီမေးခွန်း...
စုဝမ်ကျိုး ဆွံ့အသွားသည်။
သူမ၏ခန့်မှန်းချက်သာ မှန်ကန်ပါက သူမ၏ရှေ့ရှိ ကျုံးချင်သည် လင်းဖုန်း၏ဆရာ ဖြစ်နေနိုင်သည်။
သူမ၏ ရည်ရွယ်ချက်မှာ လင်းဖုန်း၏ဆရာနှင့် ဆွေးနွေးညှိနှိုင်းပြီး သူ့ကို သူမ၏တပည့် ဖြစ်လာစေရန်ပင်။
လင်းဖုန်း၏ဆရာက သဘောမတူပါက အင်အားသုံးရန်ပင် သူမ စဉ်းစားခဲ့သည်။
သို့ရာတွင် ယခုချိန်၌ သူမ မည်သည်ကြောင့် ထိုစကားများကို ပြောရဲမည်နည်း...
သူမ မည်သို့ ပြောရဲမည်နည်း....
သူမ ယခု ပြန်စဉ်းစားကြည့်ချိန်၌ ဒုက္ခပင်လယ်ထဲသို့ ပြုတ်ကျခြင်းသည် သူ ထင်သလောက် မဆိုးရွားလှပေ။
အကယ်၍ ဒုက္ခပင်လယ်ထဲသို့ မမျှော်လင့်ဘဲ ပြုတ်ကျသွားသည့် ကံဆိုးမိုးမှောင်ကျမှုသာ မရှိခဲ့လျှင် သူမသည် ကျုံးချင်ထံသို့ တန်းတန်းမတ်မတ် သွားပြီး တပည့်တောင်းဆိုမိလောက်သည်။
ထိုကဲ့သို့ သူမ ရောက်သွားသော အချိန်ကျလျှင် ပြာကျသွားမည် မကျမည်ကို မည်သူသိနိုင်မည်နည်း....
သူမသည် ဒုက္ခပင်လယ်ထဲတွင် အကြီးအကျယ် ဒုက္ခရောက်ခဲ့သော်လည်း အနည်းဆုံးအနေဖြင့် အသက်ရှင်ရက် လွတ်မြောက်လာခဲ့ပေ၏။
"အမ်..."
စုဝမ်ကျိုးသည် အချိန်အကြာကြီး တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျုံးချင်သည် ခေါင်းလှည့်ပြီး သူမကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ကျုံးချင်၏အကြည့်နှင့် ရင်ဆိုင်ရချိန်၌ စုဝမ်ကျိုး အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
သူမ ရှင်းပြချက်တစ်ခုခု မစဉ်းစားရသေးသဖြင့် အားတင်းပြီး ကိုရိုးကားယားလေသံဖြင့် ပြောဆိုလိုက်၏။
"စီနီယာ... ကျွန်မ ဒီအတိုင်း ဖြတ်သွားတာပါလို့ ပြောရင် ယုံမလားဟင်"
"မင်း ဘယ်လိုထင်လဲ"
ကျုံးချင်က သူမကို လှည့်ကြည့်လိုက်သည်။
"ဟီး ဟီး... ကျွန်မလည်း မယုံပါဘူး"
စုဝမ်ကျိုးက မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားသည်။ ကျုံးချင်၏ မေးခွန်းထုတ်သော အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် သူမ စိုးရိမ်မှုလွန်ကဲပြီး ငိုချင်လာသည်။
သို့သော် ထိုအချိန်တွင် လူငယ်တစ်ဦး၏ ပုံရိပ်သည် နှင်းများကြားမှ ပျံသန်းလာပြီး သူတို့နှစ်ဦး၏ဘေးနားသို့ ဆင်းသက်လိုက်သည်။
"တပည့်က ဆရာ့ကို အရိုအသေပြုပါတယ်"
ရောက်လာသူမှာ လင်းဖုန်းမှလွဲ၍ တခြားသူ မဟုတ်ပေ။
"တပည့်... ဘာလို့ ရုတ်တရက်ကြီး ငါ့ကို လာရှာတာလဲ... လိုအပ်တာ တစ်ခုခု ရှိလို့လား"
ကျုံးချင်က အပြုံးနှင့် မေးမြန်းလိုက်၏။
"ဆရာ... ဒီလိုပါ... နောက်တစ်လလောက်ဆိုရင် ကျွန်တော်က ချန်ရွှမ်နယ်ပယ်ကို ရောက်တော့မယ်လို့ ထင်တယ်"
လင်းဖုန်းက ရိုသေလေးစားစွာဖြင့် ပြောဆိုသည်။
"ချန်ရွှမ်နယ်ပယ်ကို ရောက်ပြီးရင် ကျွန်တော်မှာ လုပ်စရာ ကိုယ်ရေးကိုယ်တာကိစ္စတချို့ ရှိနေလို့ ဆရာ့ကို ကြိုပြီး ခွင့်တောင်းတာပါ... ကျွန်တော် တောင်အောက်ကို ခဏလောက် ဆင်းသွားဖို့ လိုကောင်း လိုပါလိမ့်မယ်... ဆရာ ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်"
"မင်းမှာ လုပ်စရာရှိလို့ တောင်အောက် ဆင်းချင်ရင်တော့ သေချာပေါက် ပြဿနာ မရှိပါဘူး"
ကျုံးချင်က လင်းဖုန်း၏ခေါင်းကို ပုတ်ပြီး ညင်သာသောအပြုံးနှင့် ပြောဆိုသည်။
သို့သော်....
လင်းဖုန်းကို မြင်လိုက်ရချိန်၌ စုဝမ်ကျိုး ထုံကျင်သွားသည်။
သူမ အကြောက်ဆုံးအရာ ဖြစ်လာခဲ့လေပြီ။
လင်းဖုန်းသည် သူမအား မြင်သွားမည်ကို စိုးရိမ်သဖြင့် သူမ အသည်းအသန် ရှောင်တိမ်းလိုက်၏။
သို့ရာတွင် လူကောင်ကြီးတစ်ကောင်လုံးကို လင်းဖုန်းက မည်သည်ကြောင့် မမြင်ဘဲ နေမည်နည်း.....
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ စုဝမ်ကျိုးကို မှတ်မိလိုက်သည်။
"ခင်ဗျားပါလား...."
လင်းဖုန်းက စုဝမ်ကျိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
စုဝမ်ကျိုး၏ရင်ထဲတွင် ဗြောင်းဆန်သွားသည်။
"အော်... မင်း သူ့ကို သိနေတာလား"
နံဘေးတွင် ရပ်နေသော ကျုံးချင်က လင်းဖုန်းကို ကြည့်ပြီး မေးမြန်းလိုက်၏။
"ဆရာ့ကို တင်ပြပါတယ်... ကျွန်တော်ရဲ့ ကျင့်ကြံခြင်းကို ခိုင်မာစေဖို့နဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ ရရှိဖို့အတွက်...ဒီနေရာနဲ့ မိုင်တစ်ရာဝေးတဲ့ တောင်တွေထဲကို သွားပြီး ကျွန်တော်လေ့ကျင့်တုန်းက သူနဲ့ တွေ့ခဲ့တာပါ"
လင်းဖုန်းက ရိုသေလေးစားစွာဖြင့် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ရဲ့ကျင့်ကြံမှု မြန်ဆန်တာကို မြင်ပြီးတော့ သူက ဆရာ့ကို စွန့်ခွာပြီး သူ့ရဲ့ တပည့် လာလုပ်ဖို့ ပြောခဲ့ပါတယ်..."