← Chapters

နတ်ဘုရားဖီးနစ်သွေးမျိုးဆက်... ဟုတ်လား တောင်းပန်ပါတယ်..... ငါ့ရဲ့တပည့်ဖြစ်ဖို့ လိုအပ်ချက်တွေ မပြည့်မီသေးဘူး

Vol. 2 Ch. 13

နတ်ဘုရားဖီးနစ်သွေးမျိုးဆက်... ဟုတ်လား တောင်းပန်ပါတယ်..... ငါ့ရဲ့တပည့်ဖြစ်ဖို့ လိုအပ်ချက်တွေ မပြည့်မီသေးဘူး

Vol. 2 Ch. 13

"အဓိပ္ပာယ် မရှိတာ...."

လင်းဖုန်း၏စကားမဆုံးခင် စုဝမ်ကျိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏စကားကို ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်သည်။

“ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့တာက.....နင့်ရဲ့ကျင့်ကြံမှု တိုးတက်လာတာ မြန်ဆန်လို့ နင့်ရဲ့ဆရာဆီကနေ ပညာသင်ယူချင်တယ်လို့ ပြောခဲ့တာပါ....နင့်ရဲ့ဆရာ ဖြစ်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူး”

အရေးပေါ် အခြေအနေကြောင့် စုဝမ်ကျိုးက နီမြန်းသောမျက်နှာဖြင့် ပြောဆိုလိုက်၏။

စုဝမ်ကျိုး၏စကားကြောင့် လင်းဖုန်း ဆွံ့အသွားသည်။

ထိုလူငယ်သည်ခေါင်းကုတ်လိုက်ပြီး မျက်လုံး ကလည်ကလည် လုပ်နေလေ၏။

"စီနီယာက တကယ်ကြီး အဲ့ဒီလို ပြောခဲ့တာလား.... ဒါပေမယ့် စီနီယာက အဲဒီလို မပြောခဲ့ဘူးလို့ ကျွန်တော် မှတ်မိနေတယ်"

လင်းဖုန်းက စိတ်ရှုပ်ထွေးနေသော အမူအယာဖြင့် ပြောဆိုသည်။

"စီနီယာက အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေက လာတယ်လို့လည်း ပြောခဲ့တယ်... ပြီးတော့ ကျွန်တော်ကို မူဖူတောင်ကို ဝင်တာထက် မြင့်မြတ်နယ်မြေတစ်ခုကို ဝင်တာက ပိုကောင်းတယ်လို့လည်း ပြောခဲ့သေးတယ်လေ"

"နင် နားကြားမှားတာပါ..."

စုဝမ်ကျိုးက အလျင်အမြန် ရှင်းပြလိုက်သည်။

"ငါက မြင့်မြတ်နယ်မြေက လာတယ်လို့ ပြောခဲ့ပေမယ့်....ငါဆိုလိုတာက ငါ့ရဲ့ မြင့်မြတ်နယ်မြေမှာတောင် မင်းလို ကျင့်ကြံမှုအရှိန်အဟုန် အရမ်းမြင့်မားတဲ့ တပည့်မျိုးကို တစ်ခါမှ မမြင်ဖူးလို့ မူဖူတောင်ကို အရမ်းဝင်ချင်စိတ် ပေါက်သွားတာလို့ ပြောတာပါ"

"ဒါဆို ကျွန်တော့်ကို အဆင့်ရှစ် ဓားတစ်လက် ပေးမယ်လို့ ပြောတာကရော ဘာသဘောလဲ"

လင်းဖုန်းက ထပ်မံ၍ မေးမြန်းသည်။

"အဲ့ဒါ... အဲ့ဒါက... အဲဒါက ငါ့ကို ထောက်ခံပေးဖို့အတွက် နင့်ကို အကူအညီတောင်းချင်လို့ လက်ဆောင်အနေနဲ့ အဆင့်ရှစ်ဓားကို ပေးတာပါ"

ကျုံးချင်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် စုဝမ်ကျိုးသည် ယခုအချိန်တွင် ဗြောင်လိမ်ဗြောင်စားလုပ်ခြင်းကို အစွမ်းကုန် အသုံးပြုနေရသည်။

သူမ၏ အသက်ရှင်သန်လိုစိတ်သည် အထွတ်အထိပ်သို့ ရောက်နေသည်ဟု ပြောနိုင်ပေ၏။

ထိုစကားကိုပြောဆိုနေရင်း ကျုံးချင် မယုံကြည်မည်ကို စိုးရိမ်သဖြင့် သူမသည် ကျုံးချင်ဘက်သို့ လှည့်ကာ သူမ၏လက်နှစ်ဖက်ကို လေးစားစွာ ပူးဆုပ်ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"စီနီယာ....ဒါက တကယ်ပါ...ဒီမောင်လေးရဲ့ ကျင့်ကြံဆင့်က လျင်လျင်မြန်မြန် တိုးတက်နေတာကို မြင်လိုက်ရလို့... သူ့မှာ ထူးကဲတဲ့ ဆရာတစ်ယောက် ရှိရမယ်ဆိုတာ ကျွန်မ သိလိုက်ပါတယ်"

"ဒါကြောင့် စိတ်လိုက်မာန်ပါနဲ့ ဒီလူငယ်လေးနောက်ကို လိုက်ပြီး မူဖူတောင်ကို ရောက်လာခဲ့တာပါ...သူ့ဆရာရဲ့ တပည့်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ပါ....ဒါပေမယ့် သူ့ရဲ့ဆရာနဲ့ မတွေ့ခင်မှာပဲ ကျွန်မက ဒုက္ခပင်လယ်ထဲကို ကျသွားခဲ့ရတယ်"

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စီနီယာရဲ့ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်ကို ကျူးကျော်ဝင်ရောက်ခဲ့မိပါတယ်..... စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

စကားပြောဆိုနေရင်း စုဝမ်ကျိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး စိတ်ရင်းမှန်ဖြင့် ဦးညွှတ်လိုက်သည်။

"ဟမ့်....ဒီလောက်ထိ အရှက်မရှိတဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး"

စုဝမ်ကျိုး၏စကားကို ကြားလိုက်ရချိန်၌ လက်စွပ်ထဲရှိ အကြီးအကဲကျန်းက မနေနိုင်တော့ဘဲ မကျေမချမ်း ပြောဆိုလိုက်၏။

"ဟမ့်.... အဲ့ဒီမိန်းမ အဲဒီလို လုံးဝမပြောခဲ့ဘူးဆိုတာ ကျွန်တော် သိတယ်...အကြီးအကဲကျန်း ကိုယ်တိုင် ကြားခဲ့တာပဲ.... သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အရှက်မဲ့ရတာလဲ"

လင်းဖုန်းသည်လည်း ဒေါသထွက်နေပုံရသည်။

ဤအရှက်မဲ့သော အမျိုးသမီး၏ သရုပ်မှန်ကို လင်းဖုန်းက ဖွင့်ဟပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျုံးချင်က သူ့ကို လက်ကာပြလိုက်သည်။

သူသည် ငတုံးငအမဟုတ်သဖြင့် အမှန်တရားကို သူကိုယ်တိုင် မြင်တွေ့နိုင်လေရာ စကားအပိုပြောနေရန် မလိုတော့ချေ။

သို့ရာတွင် သူ အထူးတလည် ဒေါသထွက်မနေပေ။

အဆတစ်ရာတိုးမြှင့်မှု အသက်ဝင်လာကတည်းက လင်းဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအမြန်နှုန်းသည် မည်သူ့ကိုမဆို မနာလိုအားကျ ဖြစ်စေနိုင်သည်။ ထိုကြောင့် တခြားလူများသည် လင်းဖုန်းကို တပည့်အဖြစ် လက်ခံလိုကြသည်မှာ သဘာဝကျပေ၏။

မူဖူတောင်အထိ လိုက်လာပြီး ဒုက္ခပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သဖြင့် ဤအမျိုးသမီးသည် အခက်အခဲများစွာကို ခံစားခဲ့ရမည်မှာ သေချာပေါက်ပင်။

ထို့ပြင် ဤအမျိုးသမီးသည် ဗြောင်လိမ်နေသော်လည်း သူမ၏သဘောထားမှာမူ အတော်လေး ရိုးသားနေဆဲပင်။

ထို့ကြောင့် သူသည် ဆက်လက်၍ စုံစမ်းစစ်ဆေးရန် စိတ်မပါတော့ချေ။

"မိန်းကလေး.... မင်း သွားလို့ရပြီ နောက်ဆို မူဖူတောင်ကို ထပ်မလာနဲ့တော့"

ကျုံးချင်က လက်ဝှေ့ယမ်းပြပြီး ပြောဆိုလိုက်သည်။

စုဝမ်ကျိုး၏မျက်နှာ နီမြန်းသွားသည်။

သူမ လိမ်ညာနေကြောင်းကို ကျုံးချင် သိရှိသွာသည်အား သူ၏သဘောထားမှတစ်ဆင့် သူမ နားလည်သဘောပေါက်လိုက်သည်။ သူမ၏ မျက်နှာ နီမြန်းသွားပြီး ရိုသေလေးစားစွာဖြင့် အလျင်အမြန် တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ် စီနီယာ.... ခုဏက ကျွန်မ လိမ်ပြောခဲ့မိပါတယ်... တောင်းပန်ပါတယ်... ကျွန်မ အဲဒီလို မလုပ်ခဲ့သင့်ဘူး"

"အဆင်အခြင်မဲ့ပြီးတော့ မသိနားမလည်ဘဲနဲ့စီနီယာကို စော်ကားမိတာ ကျွန်မရဲ့အပြစ်ပါ"

"စီနီယာ့တပည့်ရဲ့ပါရမီနဲ့ဆိုရင် ကျွန်မက သူ့ကို တပည့်အဖြစ် လက်ခံဖို့ လုံးဝ အရည်အချင်း မရှိပါဘူး"

"ဒါပေမယ့် စီနီယာ... ကျွန်မ နောက်ပိုင်း ပြောခဲ့တဲ့ စကားတွေက တကယ့်ကို ရင်ထဲက လာတာပါ.... ကျွန်မက စီနီယာ့ရဲ့တပည့် ဖြစ်ချင်တယ်.... ကျွန်မရဲ့ တောင်းဆိုမှုကို လက်ခံပေးဖို့ မျှော်လင့်မိတယ်"

စုဝမ်ကျိုးက လေးလေးစားစား ပြောဆိုသည်။

ယခုချိန်၌ သူမသည် ကျုံးချင်နှင့် တွေ့ဆုံပြီးဖြစ်သဖြင့် သူ၏တပည့် ဖြစ်လိုသောဆန္ဒ အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။

အကြောင်းအရင်းမှာ ကျုံးချင်သည် သူမ၏ ဘဝတလျှောက်လုံးတွင် နက်နဲသိမ်မွေ့သည်ဟု ခံစားရစေသော ပထမဆုံး လူသားတစ်ဦး ဖြစ်သောကြောင့်ပင်။ ဒုက္ခပင်လယ်နှင့် ထိုအရာအတွင်းမှ ကြီးမားသော သားရဲကြီးကို ငါးမျှားတံဖြင့် ဖမ်းယူလိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းများကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

ထို့ကြောင့် ကျုံးချင်၏တပည့်ဖြစ်လာရန် ရွေးချယ်ခြင်းသည် သူမအတွက် မှန်ကန်သော လုပ်ရပ်တစ်ခုပင်။

စုဝမ်ကျိုး၏စကားများသည် ကျုံးချင်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ဤအမျိုးသမီး၏ နောက်ဆုံးချိန်မှ ရိုးသားလာမှုကို သူ သဘောကျသည်ဟု မဆိုလိုသော်လည်း အနည်းဆုံးအနေဖြင့် သူမအပေါ် မကောင်းမြင်စိတ် မရှိတော့ချေ။

သို့ရာတွင် တပည့်လက်ခံသော ကိစ္စကမူ...

ကျုံးချင်သည် စုဝမ်ကျိုးကို မကြည့်ဘဲ မနေနိုင်တော့ချေ။ အချိန်တခဏကြာမျှ သူမကို လေ့လာကြည့်ရှုပြီးနောက် သူက နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်၏။

"မိန်းကလေး.... မင်းက ငါ တပည့်လက်ခံမယ့် လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး... ပြန်လိုက်ပါတော့"

အစောပိုင်းက ကျုံးချင်သည် သူမကို လေ့လာရန် ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုခဲ့ရာ သူမ၏ ပါရမီနှင့် အရည်အချင်းသည် အမှန်တကယ်ကို ကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။

သို့ရာတွင် နှောင်ကြိုးလုပ်ဆောင်ချက်ကို အသက်သွင်း၍ မရနိုင်သဖြင့် သူမသည် သူ့အတွက် လုံးဝအသုံးမဝင်ချေ။

ထို့ပြင် သူသည် မည်သို့ သင်ကြားရမည်ကို မသိသဖြင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် သူမကို တပည့်အဖြစ် လက်ခံခြင်းသည် လုံးလုံးလျားလျား မလိုအပ်သော ကိစ္စတစ်ရပ်ပင်။

"လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး..ဟုတ်လား"

စုဝမ်ကျိုးသည် ထိုစကားများကို ကြားပြီးနောက် ကြက်သေသေသွားပေ၏။

ဤသည်မှာ အမှန်တကယ့်ကို သူမအတွက် ထိုးနှက်ချက်တစ်ခုပင်။

သူမ၏ ပါရမီနှင့်စွမ်းအားကြောင့် သူမသည် ချောင်ရှားတောင်ကြား၏ သမိုင်းတလျှောက် စံချိန်အားလုံးကို ပြန်လည်ရေးသားနိုင်ခဲ့သည်။

ထိုစဉ်က ဂိုဏ်းချုပ်နှင့်အကြီးအကဲများသည် သူမကို တပည့်အဖြစ် လက်ခံရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။ သူတို့သည် လျှို့ဝှက်ရတနာ အမျိုးမျိုးကိုပင် အသုံးပြု၍ ဆွဲဆောင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် မည်သူမျှ မအောင်မြင်ခဲ့ကြသည့်အပြင် မည်သူမျှလည်း အရှုံးပေးလိုစိတ် မရှိခဲ့ကြချေ။

နောက်ဆုံးတွင် ရုန်းရင်းဆန်ခတ်မှုများ ငြိမ်းအေးစေရန်အတွက် သူတို့အားလုံးက သူမကို ဝိုင်းဝန်းသင်ကြားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ချောင်ရှားတောင်ကြား၏ သူတော်စင်မိန်းမပျို တစ်ဦးအနေဖြင့် သူမတွင် သဘောတရားအရ အစစ်အမှန်ဆရာဟူ၍ မရှိသေးပေ။

သူမသည် လူများအားလုံးကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ အသက်နှစ်ဆယ်ကျော် အရွယ်ဖြင့် သူမ၏ကျင့်ကြံခြင်းသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

သူမသည် ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေ၏ အနာဂတ်ဖြစ်သည်ဟု ပြောဆိုလျှင် ချဲ့ကားရာရောက်မည် မဟုတ်ပေ။

သို့သော် ယနေ့တွင် ကျုံးချင်နှင့် တွေ့ဆုံရာ၌ သူမသည် သူ၏တပည့်ဖြစ်ရန် အရည်အချင်းပင် မပြည့်မီချေ။

သို့ရာတွင်...

သူမ လက်လျှော့ရန် ကြိုးစားလေလေ ပို၍မလိုလားလေလေပင်။

အကြောင်းအရင်းမှာ မူဖူတောင်ပေါ်တွင် ကျုံးချင်နှင့် တွေ့ဆုံခြင်းသည် သူမအတွက် ကပ်ဘေးတစ်ခု ဖြစ်နိုင်သော်လည်း အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ကြောင်း သူမ နားလည်သောကြောင့်ပင်။

ထို့ကြောင့် သူမ၏အကြီးမားဆုံး လျှို့ဝှက်ချက်ကိုပင် သူမ ထုတ်ဖော်ပြောဆိုရန် အဆင်သင့် ဖြစ်နေလေပြီ။

ဤလျှို့ဝှက်ချက်ကို ချောင်ရှားတောင်ကြားမှ လူအနည်းငယ်ကလွဲ၍ မည်သူမျှ မသိကြပေ။ အကြောင်းအရင်းမှာ သူမ ပို၍သန်မာမလာမီ ဤလျှို့ဝှက်ချက် ပေါက်ကြားသွားပါက ချောင်ရှားတောင်ကြားနှင့် သူမကိုယ်တိုင်အတွက် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုပြီးနောက် ကျုံးချင် စိတ်ပြောင်းသွားပြီး သူမကို တပည့်အဖြစ် လက်ခံလိမ့်မည်ဟု သူမ ယုံကြည်သည်။

"စီနီယာ... ကျွန်မရဲ့ ပါရမီအပြင် တကယ်တော့ ကျွန်မမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်..."

စုဝမ်ကျိုးက အသက်ပြင်းပြင်း ရှိုက်လိုက်၏။

သူမ၏လျှို့ဝှက်ချက်ကို သတ္တိမွေး၍ ထုတ်ဖော်ပြောဆိုတော့မည့်ဆဲဆဲတွင် သူမ စကားမပြောနိုင်မီမှာပင် ကျုံးချင်က အရင်ဦးအောင် ပြောဆိုလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်း နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ရဲ့ အငွေ့အသက်တချို့ ရှိနေတာကို ငါ သိတယ်"

ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုသည်။

သူသည် ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုစဉ်ကတည်းက သူမကို ထွင်းဖောက်မြင်ခဲ့ပြီးဖြစ်သည်။ ကောင်းကင်ဘုံမျက်လုံးအောက်တွင် လူတစ်ဦး၏ စွမ်းအား ပါရမီနှင့် လျှို့ဝှက်ခန္ဓာကိုယ် အားလုံး ပေါ်လွင်နေသည်။

....

"....."

စုဝမ်ကျိုး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏နီမြန်းသောနှုတ်ခမ်းလေးများ ပွင့်ဟလာကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

သူမသည် ကျုံးချင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်မိလေ၏။

မည်သူမျှ မသိနိုင်လောက်အောင် ကောင်းမွန်စွာ ဖုံးကွယ်ထားသည်ဟု သူမ ထင်မှတ်ခဲ့သော သူမ၏ နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ကို သူမ အလွန် ဂုဏ်ယူခဲ့သော်လည်း သူသည် အစကတည်းက သိနေခဲ့သည်။

ထို့ပြင် သူသည် ထိုကိစ္စကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြောဆိုလိုက်သလော....

"တောင်းပန်ပါတယ် မိန်းကလေး.... မင်းမှာ နတ်ဘုရားဖီးနစ်သွေးမျိုးဆက် ရှိရင်တောင် ငါ့ရဲ့တပည့်ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"

"ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့..."

ကျုံးချင်သည် ယခုလေးတင် ဖမ်းမိသော ငါးကို သိမ်းဆည်းလိုက်ပြီး ယနေ့အတွက် သူ၏အစားအစာ လိုအပ်ချက် ပြည့်မီသွားပြီဖြစ်ကြောင်း သတိရလိုက်သည်။ ထို့နောက် သူသည် ငါးထည့်သည့် ခြင်းတောင်းကို ကောက်ယူကာ ပစ္စည်းများ သိမ်းဆည်းပြီး အိမ်ပြန်ရန် မတ်တတ်ထရပ်လိုက်သည်။

"တပည့်.... ဧည့်သည်ကို လိုက်ပို့လိုက်တော့"

"ဟုတ်ကဲ့"

ကျုံးချင် ထွက်ခွာသွားသည်ကို ကြည့်ရင်း စုဝမ်ကျိုး၏ မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

ကျုံးချင်၏စကားများသည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပေ၏။

'မင်းမှာ နတ်ဘုရားဖီးနစ်သွေးမျိုးဆက် ရှိရင်တောင် ငါ့တပည့်ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး...'

ဤစကားတစ်ခွန်းက သူမ၏ နောက်ဆုံးလက်ကျန် မာန်မာနကို ရိုက်ချိုးလိုက်သည်။

All Chapters