ဒုတိယမြောက် တပည့်
Vol. 2 Ch. 14
စုဝမ်ကျိုးသည် မူဖူတောင်မှ ထွက်ခွာလာခဲ့ကာ ချောင်ရှားတောင်ကြားသို့ အလျင်အမြန် ပြန်လာခဲ့သည်။
ကောင်းကင်ယံသို့ ပျံသန်းသွားရင်း....
ရှန်ကျန်းဂိုဏ်း တဖြည်းဖြည်း သေးငယ်သွားသည်ကို ကြည့်ကာ သူမ အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင် ဖြစ်နေသည်။
ဤမျှထိ သေးငယ်သော ဂိုဏ်းငယ်လေးထဲတွင် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ပုန်းအောင်းနေလိမ့်မယ်လို့ မည်သူက တွေးထင်မိမည်နည်း....
သူမသည် ယခင်က ချီးကျူးမှု အမျိုးမျိုးအောက်တွင် ကြီးပြင်းလာခဲ့ပြီး အလွန်မောက်မာထောင်လွှားခဲ့သည်။
သို့ရာတွင် ဤအတွေ့အကြုံကို ရရှိပြီးနောက် "ကိုယ့်ထက် တော်တဲ့သူ အမြဲရှိတယ်.... ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင် အမြဲရှိတယ်" ဆိုသော အဓိပ္ပာယ်ကို သူမ အမှန်တကယ် နားလည်လာခဲ့သည်။ သူမ၏သေးငယ်သော ဂုဏ်ပုဒ်များသည် အစစ်အမှန် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ရှေ့တွင် အရာမဝင်ချေ။
ကျုံးချင်ကို ဘေးဖယ်ထားကာ သူ၏တပည့် လင်းဖုန်း၏ ကျင့်ကြံခြင်းအမြန်နှုန်းကို ထည့်တွက်လိုက်ရုံဖြင့်ပင် သူမသည် သူ့ကို လုံးဝ မမီနိုင်ပေ။
သူမသည် ချောင်ရှားတောင်ကြားသို့ ပြန်ရောက်လျှင် ရှန်ကျန်းဂိုဏ်းမှ လူများကို လုံးလုံးလျားလျား ရန်စစော်ကားခြင်းမပြုရန် ဂိုဏ်းမှလူများကို သေချာပေါက် ပြောပြရပေမည်။
နေထွက်ပြီး နေဝင်သွားကာ ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
လဝက်မပြည့်မီမှာပင် ကမ္ဘာမြေသို့ နွေဦးရာသီ ပြန်လည်ကျရောက်လာပြီး နွေးထွေးစပြုလာပေ၏။
နေရောင်ခြည်သည် ကမ္ဘာမြေကို လွှမ်းခြုံထားပြီး ပန်းများနှင့်အပင်များသည် မြေကြီးထဲမှ တဖြည်းဖြည်းပေါက်ဖွားလာကာ ပြန်လည်နိုးထခြင်းရာသီသို့ အလျင်အမြန် ရောက်ရှိလာတော့ပေမည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျုံးချင်သည် ကုတင်ပေါ်တွင် လဲလျောင်းကာ သူ၏ ကိုယ်ပိုင်ကျင့်ကြံဆင့်ကို အာရုံခံနေသည်။
"ပိုင်ရှင်... ကျုံးချင်"
"ကျင့်ကြံဆင့်နယ်ပယ်....လမင်းနက်နဲသိမ်မွေ့နယ်ပယ်"
"တပည့်.....လင်းဖုန်း 'ရှန်ထျန်းနယ်ပယ် အထွတ်အထိပ်အဆင့် အဆ ၁၀၀ တိုးမြှင့်မှု အသက်ဝင်နေသည်' "
"အသက်ဝင်နေသော အမှိုက်နှောင်ကြိုး လုပ်ဆောင်ချက်... နှောင်ကြိုး ၁/၂"
"ရရှိထားသော ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ... မရှိ"
"ရရှိထားသော အထူးစွမ်းရည်များ.... လောက်လျူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး"
လင်းဖုန်းအား တပည့်အဖြစ် လက်ခံပြီး အဆတစ်ထောင်တိုးမြှင့်မှုကို အသက်သွင်းလိုက်ချိန်မှစ၍ ကျုံးချင်သည် သူ့တပည့်၏ ကျင့်ကြံခြင်းမှတုံ့ပြန်မှုကို မှီခိုအားကိုးနိုင်ခဲ့သည်။ ထိုကြောင့် သူသည် တစ်လအတွင်း ယခင် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်မှ လက်ရှိ လမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပေ၏။
ဤကျင့်ကြံခြင်းအမြန်နှုန်းအကြောင်း သတင်းပေါက်ကြားသွားပါက လူမည်မျှထိများများ မနာလို ဖြစ်နေကြမည်ကို မသိနိုင်ချေ။
လွန်ခဲ့သောအချိန်က တွေ့ဆုံခဲ့သည် စုဝမ်ကျိုးကို ဥပမာအနေဖြင့် ကြည့်ကြပါစို့။ သူမသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိနေသော်လည်း သူမ လမ်းလျှောက်တတ်စ အရွယ်ကတည်းက အခြေခံအုတ်မြစ် ချခဲ့ပြီး ချောင်ရှားတောင်ကြား၏ အားကောင်းသော ထောက်ပံ့မှုဖြင့် နောက်ဆုံး၌ ဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် ကျုံးချင်၏ကျင့်ကြံမှုလမ်းကြောင်းသည် အလွန်လွယ်ကူပေ၏။
လင်းဖုန်း၏ကျင့်ကြံခြင်းသည် ယခုအချိန်၌ ရှန်ထျန်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချန်ရွှမ်နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ ချန်ရွှမ်နယ်ပယ်သို့ ဝင်ရောက်နိုင်သည်နှင့် တပြိုင်နက် အစစ်အမှန်သခင်များအနက်မှ တစ်ဦး ဖြစ်လာပေလိမ့်မည်။
"ငါရဲ့ ကျင့်ကြံဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်ဆိုပေမယ့် ဒုတိယမြောက် အမှိုက်တပည့်ကို အမြန်ဆုံး ရှာဖွေဖို့ လိုအပ်နေသေးတယ်"
ကျုံးချင်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ၁/၂ နှင့် ၂/၂ နှောင်ကြိုးအဆင့်ရှိသော အမှိုက်တပည့်များထံမှ ရရှိသော တုံ့ပြန်မှုကွာခြားချက်သည် အဆတစ်ထောင်နှင့် အဆတစ်သောင်း အသီးသီး ဖြစ်နေပေ၏။
သို့သော် ကျုံးချင်သည် မကြာသေးမီက ဤအကြောင်းအရာကို လေ့လာခဲ့သည်။
ဤအမှိုက်တပည့်အတွက် စနစ်၏လိုအပ်ချက်များသည် အမှန်တကယ်ကို အလွန်တင်းကြပ်ပေ၏။
ဤသည်က စိတ်ဝိညာဉ်စွမ်းအားကိုပင် ခန္ဓာကိုယ်ထဲသို့ မစုပ်ယူနိုင်သူ ဖြစ်ရပေမည်။
ဤကဲ့သို့သော ကျင့်ကြံခြင်းလောကကြီးတွင် ထိုကဲ့သို့သော လူတစ်ယောက်ကို ရှာဖွေခြင်းသည် တစ်နည်းအားဖြင့် ခရမ်းရောင်ပါရမီရှင်တစ်ဦးကို ရှာဖွေခြင်းထက် ပို၍ခက်ခဲပေသည်။
သာမန်လူများပင်လျှင် ပလ္လင်ခွေထိုင်ဟန်ဆောင်ပြီး ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပါက စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်သည် သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ရုပ်ခန္ဓာကိုယ်ကို သန်မာစေသော အကျိုးသက်ရောက်မှုကို ရရှိစေပေမည်။
ထိုသို့မဟုတ်ပါက ကျုံးချင်သည် အပြင်လောကသို့ ပြေးထွက်သွားပြီး လမ်းပေါ်မှ လူတစ်ယောက်ယောက်ကို ဆွဲခေါ်ကာ အရေအတွက် ပြည့်မီအောင် လုပ်လိုက်မိပေမည်။
သူ၏တောင်းဆိုမှုကို စနစ်မှ ကြားသွားသည့်အလား သူ အချိန် ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသောအသံ ထွက်ပေါ်လာသည်။
"တင်....တပည့်ခံယူရန် သင့်တော်သူတစ်ဦးကို ရှာဖွေတွေ့ရှိပါပြီ ....ကျေးဇူးပြု၍ တပည့်လက်ခံရန် အမြန်ဆုံး သွားရောက်ပါ"
"အိုး...."
ကျုံးချင်၏မျက်လုံးများ တောက်ပသွားပြီး ထထိုင်လိုက်သည်။
"သင့်လျော်သော ကိုယ်စားလှယ်လောင်းသည် လက်ရှိတွင် ထျန်းယွဲ့မြို့၌ ရှိနေသဖြင့် ထိုမြို့သို့ ချက်ချင်း သွားရောက်ပါ...."
စနစ်၏အသံ ပျောက်ကွယ်သွားပြီး ကျုံးချင်ကို မှန်ကန်သော လမ်းကြောင်းသို့ လမ်းညွှန်ပေးလိုက်ပုံရသည်။
"ထျန်းယွဲ့မြို့....ဟုတ်လား..."
ကျုံးချင်သည် အလျင်အမြန် ပြင်ဆင်ပြီးနောက် ထျန်းယွဲ့မြို့သို့ ဦးတည်၍ထွက်ခွာလာခဲ့သည်။ သူသည် သူ၏တပည့်ထံမှ ရရှိမည့် အဆတစ်သောင်း စွမ်းအားတိုးမြှင့်မှုကို တွေ့ကြုံခံစားရန် စိတ်အားထက်သန်နေပေ၏။
လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် တစ်ရက်တည်းဖြင့် မိုင်ထောင်ပေါင်းများစွာ ခရီးသွားနိုင်သည်။
ထျန်းယွဲ့မြို့သည် ရှန်ကျန်းဂိုဏ်းနှင့် မိုင် ၈၀၀ သာ ကွာဝေးပြီး မကြာမီမှာပင် ကျုံးချင်က ထျန်းယွဲ့မြို့သို့ ရောက်ရှိလာသည်။
မြို့သည် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး မြို့နေလူများ၏ ကြွယ်ဝချမ်းသာမှုကို သက်သေပြနေသည်။
ဤသည်က သာမန်လူများ နေထိုင်ရာ မြို့တစ်မြို့ဖြစ်သော်လည်း အနီးနားရှိ ဂိုဏ်းအမြောက်အများသည် သူတို့ လိုအပ်သော ပစ္စည်းများကို ဤနေရာတွင် ဝယ်ယူကြပြီး ရှန်ကျန်းဂိုဏ်းလည်း ပါဝင်သည်။ ထို့ကြောင့် ထျန်းယွဲ့မြို့တွင် ကျင့်ကြံသူများကို နေရာတိုင်း၌ တွေ့မြင်နိုင်သည်။
စနစ်၏ ညွှန်ကြားချက်အတိုင်း ကျုံးချင်သည် မြို့လယ်ရှိ ထျန်းယွဲ့ရင်ပြင်သို့ ဦးတည်သွားလိုက်၏။
ထျန်းယွဲ့ရင်ပြင်သို့ သူ ရောက်သွားချိန်တွင် လူများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရင်ပြင်၏အလယ်တည့်တည့်တွင် အဘိုးအို အမြောက်အများ ထိုင်နေကြပြီး သူတို့၏ နောက်တွင် တူညီဝတ်စုံဝတ်ဆင်ထားသော ဂိုဏ်းသားတစ်စု မတ်တတ်ရပ်နေကြသည်။
အဘိုးအိုများ၏အောက်တွင် ပါရမီစမ်းသပ်ခြင်းကျောက်တိုင်များ ရှိနေပြီး လူအမြောက်အများသည် သူတို့၏ပါရမီကို စမ်းသပ်ရန် တန်းစီနေကြသည်။
ဤအခြေအနေသည် ကျုံးချင် ရှန်ကျန်းဂိုဏ်းတွင် တပည့်လက်ခံစဉ်ကနှင့် ကွာခြားခြင်းမရှိချေ။
လူအုပ်ကြီး၏ ဆွေးနွေးသံများကို နားထောင်ပြီးနောက် ကျုံးချင် အခြေအနေကို သဘောပေါက်သွားသည်။ ပျံလွှားဓားဂိုဏ်းသည် အပြင်စည်းတပည့် အသစ်တစ်သုတ်ကို ခေါ်ယူရန် လိုအပ်နေသဖြင့် ထျန်းယွဲ့ရင်ပြင်တွင် လူများကို လူသိရှင်ကြား ခေါ်ယူနေခြင်း ဖြစ်သည်။
ပျံလွှားဓားဂိုဏ်းသည် အရှေ့ပိုင်းဒေသတွင် ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းအဖြစ် သတ်မှတ်ခံရပြီး ရှန်ကျန်းဂိုဏ်းထက်ပင် သာလွန်သည်။
ဤကဲ့သို့ အခွင့်အရေးမျိုးသည် သာမန်လူများအတွက် ရှားပါးပေ၏။
သို့သော် ယခုအချိန်တွင် ထိုစမ်းသပ်မှုသည် ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
"အဖြူရောင်အဆင့်ပါရမီ ဒါမှမဟုတ် အဲ့ဒီအထက်အဆင့်ရှိကြောင်း စမ်းသပ်တွေ့ရှိရတဲ့ တပည့်တွေအတွက် ဂုဏ်ယူပါတယ်....မင်းတို့က မကြာခင်မှာ ပျံလွှားဓားဂိုဏ်းရဲ့ ပျံသန်းလှေပေါ်သို့ တက်ရောက်ရမှာဖြစ်ပြီးတော့ ပျံလွှားဓားဂိုဏ်းရဲ့ အပြင်စည်းတပည့် တရားဝင် ဖြစ်လာတော့မယ်"
စားပွဲထိပ်တွင် ထိုင်နေသော ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ကျယ်လောင်သော အသံဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်၌ အဖြူရောင် သို့မဟုတ် အထက်အဆင့် ပါရမီရှိသူများသည် အံ့အားသင့်ဝမ်းသာသော အမူအယာများကို ထုတ်ဖော်ပြသကြသည်။
သို့ရာတွင် လူငယ်အများစုကမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ကျုံးချင်သည် ဤအရာများကို စိတ်မဝင်စားဘဲ ပြွတ်သိပ်နေသော လူအုပ်ကြီးထဲတွင် သူ၏ အဖိုးတန်တပည့်ကိုသာ လိုက်လံရှာဖွေနေသည်။
ထိုစဉ် အရွေးမခံရသော လူအုပ်စုထဲမှ ညစ်ပတ်ပေရေနေသော ကောင်လေးတစ်ယောက်သည် စင်အောက်သို့ ဆင်းလာပြီး ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲကို ဦးညွှတ်လိုက်သည်။
"မင်းက ဘာလုပ်နေတာလဲ....အရွေးမခံရတဲ့ကောင်က ထွက်သွားစမ်း...."
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ ပျံလွှားဓားဂိုဏ်းမှ တပည့်များသည် သူ့ကို မောင်းထုတ်ရန် ကြိုးစားကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ ကောင်လေးသည် သူ၏အိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"စီနီယာ....ကျွန်တော့်ဆီမှာ ပျံလွှားဓားတံဆိပ်ပြား ရှိပါတယ်.....ကျွန်တော်က ပျံလွှားဓားဂိုဏ်းရဲ့ တပည့် ဖြစ်ခွင့်ရမလား"
"ပျံလွှားဓားတံဆိပ်ပြား....ဟုတ်လား"
စားပွဲထိပ်ရှိ အကြီးအကဲသည် ထိုစကားကို ကြားလိုက်ရချိန်၌ အတော်လေး အံ့အားသင့်သွားသည်။
ပျံလွှားဓားဂိုဏ်းတွင် ပျံလွှားဓားတံဆိပ်ပြား အမှန်တကယ်ကို ရှိနေသည်။ ပျံလွှားဓားတံဆိပ်ပြား ပိုင်ဆိုင်ထားသော မည်သူမဆို ပျံလွှားဓားဂိုဏ်း၏တပည့်အဖြစ် ခြွင်းချက်မရှိ ဝင်ရောက်နိုင်သည်။
တပည့်တစ်ယောက်က ပျံလွှားဓားတံဆိပ်ပြားကို တင်ပြပြီးနောက် အကြီးအကဲသည် ထိုအရာ၏ စစ်မှန်မှုကို စစ်ဆေးကြည့်လိုက်သည်။ စစ်မှန်ကြောင်း အတည်ပြုပြီးသည်နှင့် သူသည် ကောင်လေးကို ငုံ့ကြည့်ကာ မေးမြန်းလိုက်၏။
"ဒီ ပျံလွှားဓားတံဆိပ်ပြားက ဘယ်က ရတာလဲ"
"အကြီးအကဲကို တင်ပြပါတယ်... လွန်ခဲ့တဲ့ ငါးနှစ်က ပျံလွှားဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် လိုက်လံသတ်ဖြတ်ခံရရင်းနဲ့ ဒဏ်ရာအပြင်းအထန် ရနေတုန်းမှာ ဒီပျံလွှားဓားတံဆိပ်ပြားကို ထုတ်ပေးပြီး သူ့ရဲ့အသက်ကို ကယ်တင်ပေးဖို့ ကျွန်တော့်ရဲ့မိဘတွေကို တောင်းဆိုခဲ့တယ်... ဒီ ပျံလွှားဓားတံဆိပ်ပြား ရှိနေသရွေ့ ပျံလွှားဓားဂိုဏ်းကို ခြွင်းချက်မရှိ ဝင်ရောက်နိုင်တယ်လို့ ကတိပေးခဲ့တယ်"
"ဒါပေမယ့် သူ့ရဲ့နေရာကို မဖော်ထုတ်မိစေဖို့အတွက် ကျွန်တော့်ရဲ့မိဘတွေလည်း သူ့ရဲ့ရန်သူတွေ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်....သူတို့ မသေခင်မှာ အဖေက ကျွန်တော့်ကို ဒီတံဆိပ်ပြား ပေးခဲ့တာပါ"
ကောင်လေးက လေးလေးနက်နက် ပြောဆိုနေကာ သူ၏မိဘများ သေဆုံးခြင်းအကြောင်း ပြောပြနေစဉ် မျက်ရည်များ ဝဲလာသည်။
ကောင်လေး၏ စကားကို နားထောင်ပြီးနောက် စားပွဲထိပ်ရှိ အကြီးအကဲသည် အမှန် သို့မဟုတ် အမှား ဖြစ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။
အကြောင်းအရင်းမှာ လွန်ခဲ့သော ငါးနှစ်က ထိုကဲ့သို့ အဖြစ်အပျက်မျိုး အမှန်တကယ် ဖြစ်ပျက်ခဲ့သောကြောင့်ပင်။ သူတို့၏ မဟာအကြီးအကဲသည် ရန်သူများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ ကျင့်ကြံခြင်းစွမ်းအားများအားလုံး ဆုံးရှုံးခဲ့သည်။ ထို့နောက် သာမန် မိသားစုတစ်ခုက သူ့ကို ကယ်တင်ခဲ့ပေ၏။
သို့သော် အကြီးအကဲ၏မျက်နှာထားသည် ခံစားချက် ကင်းမဲ့နေဆဲပင်။
ညစ်ပတ်ပေရေနေသော ကောင်လေးကို ကြည့်လိုက်ချိန်၌ သူ၏မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ရှိနေသည်။
အချိန်အတော်ကြာပြီးနောက် သူသည် လက်ထဲရှိ တံဆိပ်ပြားကို အမှုန့်ဖြစ်အောင် ခြေမဤလိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"မင်း ဂိုဏ်းထဲကိုဝင်လာပြီးရင် အောက်ခြေသိမ်းတပည့် လုပ်ပြီး ဂိုဏ်းအတွက် သတ္တုတူးပေးရမယ်..."
"အောက်ခြေသိမ်းတပည့် ဟုတ်လား..."
"ကောင်းပါတယ်... အနည်းဆုံးတော့ ဗိုက်ဝအောင် စားရမှာပဲလေ"
ကောင်လေးသည် စိတ်ကျေနပ်သွားပုံရပြီး "ကျေးဇူးတင်ပါတယ် အကြီးအကဲ"ဟု အလျင်အမြန် ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"ဒါက..."
ကျုံးချင်သည် သူ၏တပည့်ကို နောက်ဆုံး၌ ရှာတွေ့သွားလေပြီ။ ဤသည်မှာ ထိုကောင်လေးမှလွဲ၍ တခြားသူ မဟုတ်ပေ။
သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် တစ်ဖက်လူက ပျံလွှားဓားဂိုဏ်းသို့ ဝင်ရောက်သွားလေပြီ။
တစ်ချိန်တည်းမှာပင် သူ့တပည့်၏ နောက်ခံဇာကြောင်းသည် ဤမျှထိ သနားဖွယ်ကောင်းနေလိမ့်မည်ဟု သူ လုံးဝထင်မှတ်ထားခဲ့ချေ။
ပျံလွှားဓားဂိုဏ်း၏ လုပ်ရပ်များကိုလည်း သူ အတော်လေး ရွံရှာမိသည်။
ကောင်လေး၌ ပါရမီမရှိသည်မှာ မှန်သော်လည်း သူ၏မိဘများမှ ကာကွယ်ပေးခဲ့သူသည် ဂိုဏ်း၏အမာခံကျောရိုးတစ်ဦး ဖြစ်နေဆဲပင်။ သူ့မိဘများသည် ထိုလူကို ကယ်တင်ရန် အသက်စွန့်ခဲ့ကြသဖြင့် သူ ပျံလွှားဓားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ကောင်းမွန်သော ဆက်ဆံမှု မရရှိလျှင်ပင် အနည်းဆုံးတော့ သတ္တုတွင်းသို့ ပို့ဆောင်ခြင်းမခံရသင့်ပေ။
ထိုကောင်လေးကို အလုပ်အကိုင်သက်သာသော ရာထူးတစ်ခု ပေးလိုက်လျှင်ပင် သူ့အတွက် စားဝတ်နေရေး စိုးရိမ်စရာ မလိုတော့သလို ပျံလွှားဓားဂိုဏ်းအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်မဟုတ်ချေ။
ကံကောင်းသည်မှာ ထိုကောင်လေးသည် မကြာမီ သူ၏တပည့် ဖြစ်လာတော့ပေမည်။