← Chapters

ပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း

Vol. 2 Ch. 15

ပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း

Vol. 2 Ch. 15

မည်သို့ပင်ဆိုစေကာမူ...

ဤတပည့်ကို သူ၏ဂိုဏ်းထဲသို့ သိမ်းသွင်းရန် ပျံလွှားဓားဂိုဏ်းနှင့် မည်သို့ ဆက်သွယ်ရမည်နည်းဟု ကျုံးချင် စဉ်းစားနေစဉ်မှာပင် အမျိုးသားတစ်ဦးက မိုးကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

ထိုအမျိုးသားတွင် အနီရောင်ဆံပင်နှင့် သွေးကဲ့သို့ နီမြန်းနေသော မျက်လုံးများ ရှိကာ သူ၏ခန္ဓာကိုယ်မှ ဝိုးတဝါး အနက်ရောင် အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ဘယ်သူလဲ"

ထိုအမျိုးသား၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရချိန်၌ ပျံလွှားဓားဂိုဏ်း၏အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စားပွဲကို လက်ဖြင့်ရိုက်ပုတ်ကာ မတ်တတ်ရပ်လိုက်ပြီး ထိုအမျိုးသားကို မှုန်ကုပ်ကုပ်မျက်လုံးများဖြင့် ကြည့်လိုက်၏။

"အကြီးအကဲ..... စိတ်အေးအေးထားပါ... ကျွန်တော်က ရွှီခွမ်းပါ"

ထိုအမျိုးသား၏ ထူးဆန်းသော မျက်လုံးများ တောက်ပသွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ရွှီခွမ်း ... ဟုတ်လား"

"ဆံနီမိစ္ဆာအိုကြီးရဲ့ တပည့်လား"

ပျံလွှားဓားဂိုဏ်း၏အကြီးအကဲက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"အကြီးအကဲက တကယ့်ကို ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိတာပဲ... ကျွန်တော့်ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်ပေါ့"

ရွှီခွမ်းက တည်ငြိမ်သော အပြုံးဖြင့် ပြောဆိုသည်။

"ဒါက ဖြစ်သင့်တဲ့ ကိစ္စပါ"

ဤအမျိုးသားသည် မည်သူဖြစ်သည်ကို အတည်ပြုပြီးနောက် ပျံလွှားဓားဂိုဏ်း၏အကြီးအကဲက ချက်ချင်းဆိုသလိုပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိုက်သည်။

တခြားအကြောင်းကြောင့် မဟုတ်ဘဲ ဆံနီမိစ္ဆာအိုကြီးသည် မိုင်တစ်သောင်းပတ်လည်အတွင်းတွင် နာမည်ကြီးသော လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။

သူ၏ကျင့်ကြံနည်းစနစ်သည် မိစ္ဆာလမ်းစဉ်သို့ အနည်းငယ် ယိမ်းယိုင်နေသော်လည်း ချန်ရွှမ်နယ်ပယ်တွင်ရှိသည့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မည်သူမျှ မေးခွန်းမထုတ်နိုင်ကြချေ။ ပျံလွှားဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်တိုက်ခိုက်လျှင်ပင် ဆံနီမိစ္ဆာအိုကြီးကို အနိုင်ယူနိုင်မည် မဟုတ်ချေ။

"သခင်လေး ရွှီခွမ်းက ဘာကိစ္စရှိလို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ မသိဘူး"

ပျံလွှားဓားဂိုဏ်း၏အကြီးအကဲက အပြုံးနှင့် မေးမြန်းလိုက်သည်။

"ကျွန်တော့်မှာ တောင်းဆိုစရာ အသေးအဖွဲကိစ္စလေးတစ်ခု ရှိနေတယ်"

ရွှီခွမ်းက အေးစက်စက် ရယ်မောလိုက်ပြီး ယခင်က ကောင်လေးကို လှည့်ကြည့်ကာ ဖြည်းညှင်းစွာ ပြောဆိုသည်။

"ဒီကောင်လေးက ငယ်ငယ်ကတည်းက အဆိပ်တစ်မျိုး မိထားတာပါ... ဒီအဆိပ်က အသက်အန္တရာယ် မရှိပေမယ့် အချိန်အကြာကြီး အဆိပ်သင့်နေတဲ့အတွက် သူ့ရဲ့သွေးချီစွမ်းအင်တွေထဲမှာ ပေါင်းစပ်သွားခဲ့ပြီ"

"ကျွန်တော်က အခုချိန်မှာ ကျွန်တော့်ရဲ့ဆရာ သင်ပေးထားတဲ့ ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံနေပြီးတော့..... ဒီလိုအဆိပ်မျိုး ပါဝင်တဲ့ သွေးနဲ့ နှလုံးသားကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လိုအပ်နေတယ်"

"ဒီလိုခန္ဓာကိုယ်မျိုးကို ပြုစုပျိုးထောင်လို့ ရနိုင်ပေမယ့် အချိန်အများကြီး ကြာမြင့်မှာပါ... အခု အဆင်သင့် ရှိနေပြီဆိုတော့ အကြီးအကဲဆီကနေ သူ့ကို ကျွန်တော်ဆီပေးပါလို့ တောင်းဆိုဖို့ ကျွန်တော် ရောက်လာတာပါ... အကြီးအကဲက ကျွန်တော့်ရဲ့တောင်းဆိုမှုကို လိုက်လျောပေးမယ်လို့ မျှော်လင့်မိတယ်"

"ဒါက..."

ပျံလွှားဓားဂိုဏ်း၏ အကြီးအကဲ တွန့်ဆုတ်နေသည်။

"အကြီးအကဲ... ဒီကောင်လေးက အမှိုက်တစ်စကလွဲရင် ဘာမှမဟုတ်ဘူး... ခင်ဗျားတို့ရဲ့ ပျံလွှားဓားဂိုဏ်းအတွက် တစ်ယောက်တိုးတာ တစ်ယောက်လျော့တာက ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး... ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ကူညီမယ်ဆိုရင် အဲ့ဒီကျေးဇူးက အမြဲတမ်း ရှိနေမှာပါ"

ရွှီခွမ်းသည် ခံစားချက်နှင့် အကြောင်းပြချက် နှစ်ခုလုံးဖြင့် သူ့ကို ပြောဆိုလိုက်၏။

ပျံလွှားဓားဂိုဏ်းမှ တခြားအကြီးအကဲများလည်း ဤနေရာတွင် ရှိနေကြသည်။

ဤကောင်လေး၏ အသက်ကို သူ ဂရုမစိုက်ချေ။ ပျံလွှားဓားဂိုဏ်း၏ ဂုဏ်သိက္ခာကိုသာ သူ ဂရုစိုက်သည်။

ရွှီခွမ်းသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်နေခြင်းမှာ ကိစ္စတစ်ရပ် ဖြစ်သော်လည်း လူသိရှင်ကြား ထုတ်ပြောလိုက်ခြင်းက တခြားကိစ္စတစ်ရပ် ဖြစ်သွားသည်။ အကယ်၍ သူတို့၏ပျံလွှားဓားဂိုဏ်းက ဤကိစ္စကို သဘောတူလိုက်လျှင် မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် ပူးပေါင်းကြံစည်နေသည်ဟု အဓိပ္ပာယ်သက်ရောက်သွားမည် မဟုတ်လော။

သို့ရာတွင် သေချာစဉ်းစားကြည့်လျှင် ရွှီခွမ်း၏ စကားသည် အဓိပ္ပာယ်ရှိပေ၏။

ဤကောင်လေးသည် အမှိုက်တစ်စမျှသာ ဖြစ်ပြီး တစ်ယောက်တိုးသည် ဖြစ်စေ လျော့သွားသည် ဖြစ်စေ မည်သို့မျှ ထူးခြားသွားမည် မဟုတ်ချေ။

အရေးအကြီးဆုံးအချက်မှာ သူ့အတွက် အကျိုးကျေးဇူးတစ်ခု ရရှိနိုင်ခြင်းပင်။

ဆံနီမိစ္ဆာအိုကြီး၌ တပည့်တစ်ဦးတည်းသာ ရှိချေသည်။ ရွှီခွမ်းအပေါ် ကျေးဇူးကြွေးရှိနေခြင်း ဟူသည်မှာ ဆံနီမိစ္ဆာအိုကြီးအပေါ် ရှိနေခြင်းပင် မဟုတ်လော။

ထို့ကြောင့် သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်သည်။

"သခင်လေး ရွှီခွမ်းက ပြောလာမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ငြင်းရက်မှာလဲ"

"ဟင့်အင်း... ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

နံဘေးနားရှိ ကောင်လေးသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ပြီး ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

သူ့ဘဝ၏အချိုးအကွေ့သည် ဤမျှထိ ရက်စက်လိမ့်မည်ဟု သူ လုံးဝတွေးထင်မထားခဲ့မိချေ။

"အကြီးအကဲ... ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

"ကျွန်တော်က အခု ပျံလွှားဓားဂိုဏ်းရဲ့ တပည့်ပါ... ကျွန်တော့်ရဲ့မိဘတွေက ပျံလွှားဓားဂိုဏ်းက မဟာအကြီးအကဲရဲ့ အသက်ကို ကယ်ခဲ့တာပါ"

ကောင်လေးသည် တောင်းပန်နေကာ ငိုယိုလုနီးပါးပင်။

ထိုစကားကို ကြားလိုက်ရသောအချိန်၌ ပျံလွှားဓားဂိုဏ်း၏အကြီးအကဲ အချိန်တခဏကြာခန့် တွန့်ဆုတ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်လေး၏ မိဘများသည် မဟာအကြီးအကဲ၏ အသက်ကို ကယ်တင်ခဲ့ဖူးသည်။ အကယ်၍ မဟာအကြီးအကဲက ထပ်မံ စုံစမ်းစစ်ဆေးလျှင်...

ထိုသို့တွေးတောပြီးနောက် သူသည် ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်ယူပြီး ဂိုဏ်း၏မဟာအကြီးအကဲနှင့် ဆက်သွယ်လိုက်သည်။

"ဟမ့်... သာမန်သေမျိုးတစ်ယောက်က ဒီကိစ္စနဲ့ ငါ့ကိုလာပြီး တောင်းဆိုနေတာလား... ငါက ပျံလွှားဓားတံဆိပ်ပြားကို သူ့ရဲ့မိဘတွေကို ပေးခဲ့တာလေ... သူ့ကို ပေးခဲ့တာမှ မဟုတ်တာ... အဲ့ဒီတုန်းက သူ့ရဲ့မိဘတွေ သေသွားပြီဆိုတော့ ပျံလွှားဓားတံဆိပ်ပြားက သေချာပေါက် အရာမဝင်တော့ဘူးပေါ့"

စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေသော ပျံလွှားဓားဂိုဏ်း မဟာအကြီးအကဲ၏ အေးစက်စက်အသံက ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ကောင်လေးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

သာမန်ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများမှ လွတ်မြောက်ပြီး အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပျံလွှားဓားတံဆိပ်ပြားကို ပေးနိုင်ရန် သူ၏မိဘများသည် သူ့အတွက် အသက်စွန့်ခဲ့ကြသည်။

သို့သော် သူတို့ အသက်ပေးပြီး ကယ်တင်လိုက်သူသည် ဤကဲ့သို့ လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝတွေးထင်ထားမိမည် မဟုတ်ချေ။

ဤသို့ဖြစ်မည်မှန်း ကြိုသိခဲ့ပါက ယနေ့တွင် သူ လာခဲ့မည် မဟုတ်ပေ။

ထိုအချိန်တွင် မဟာအကြီးအကဲ၏ သဘောထားကို သိရှိပြီးနောက် ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲသည် နောက်ဆုံးအမိန့်ကို ထုတ်ပြန်လိုက်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"ပျံလွှားဓားတံဆိပ်ပြားက အရာဝင်တာပဲဖြစ်ဖြစ် မဝင်တာပဲဖြစ်ဖြစ် မင်းက အခုလေးတင် ပျံလွှားဓားဂိုဏ်းရဲ့ တပည့် ဖြစ်လာခဲ့ပြီ... ပျံလွှားဓားဂိုဏ်းရဲ့ တပည့်တွေက ဂိုဏ်းရဲ့ အမိန့်ကို နာခံသင့်ပြီးတော့ ဂိုဏ်းရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဂိုဏ်းအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ဆန္ဒရှိသင့်တယ်"

လက်ရှိနေရာတွင် ရှိနေသူများသည် ပျံလွှားဓားဂိုဏ်း၏ လုပ်ရပ်များကို ရွံရှာမိသော်လည်း ကောင်လေးအတွက် ဝင်ပြောပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။

ကျင့်ကြံခြင်းလောက...

ဤသည်မှာ တောတွင်းဥပဒေသပင် ဖြစ်ပေ၏

ပျံလွှားဓားဂိုဏ်း၏ အေးစက်ပြီး ဂရုမစိုက်သော သဘောထားက ကောင်လေး၏နှလုံးသားကို လုံးလုံးလျားလျား အေးခဲသွားစေသည်။

သူ၏မျက်လုံးများ နီမြန်းနေကာ သူသည် ပျံလွှားဓားဂိုဏ်း၏ အပြုအမူအပေါ် မုန်းတီးမှုကို သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထုလိုက်ပြီးနောက် လူအုပ်ထဲမှ ထွက်ပြေးသွားတော့သည်။

ကောင်လေး ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်တွေ့ချိန်၌ ရွှီခွမ်းက မဲ့ပြုံးပြုံးလိုက်သော်လည်း အလျင်မလိုချေ။

ကောင်လေး အဝေးသို့ ရောက်သွားပြီးမှ ရွှီခွမ်းသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး စွမ်းအင်လှိုင်းတစ်ခုကို ကောင်လေးထံသို့ ပစ်လွှတ်လိုက်သည်။

ထိုစွမ်းအင်လှိုင်း နီးကပ်လာသည်နှင့်အမျှ ကောင်လေး၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ထင်ဟပ်လာပြီး သူ၏စိတ်နှလုံးသားထဲတွင် ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော်...

အခြေအနေ အဆိုးရွားဆုံး ဖြစ်နေချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။

ထိုအဖြူရောင်ဝတ်စုံဝတ်လူသည် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ ကောင်လေးထံသို့ ဝင်ရောက်လာသော စွမ်းအင်လှိုင်း ပျောက်ကွယ်သွားသည်။

ရုတ်တရက် ဖြစ်ပွားလိုက်သော အဖြစ်အပျက်ကြောင့် လူတိုင်း၏စိတ်အာရုံသည် အဖြူရောင်ဝတ်စုံဝတ်လူအပေါ်သို့ ရောက်ရှိသွားသည်။

"မင်းက ဘယ်သူလဲ"

ရွှီခွမ်းသည် ရုတ်တရက် ထွက်ပေါ်လာသော အဖြူရောင်ဝတ်စုံဝတ်လူကို ကြည့်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် အော်ဟစ်လိုက်သည်။

သို့ရာတွင် ကျုံးချင်က သူ့ကို လျစ်လျူရှုထားသည်။

ထိုအစား သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး ကောင်လေး၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးကာ ညင်သာစွာ မေးမြန်းလိုက်၏။

"မင်းရဲ့နာမည်က ဘယ်သူလဲ"

ကောင်လေးသည် ကျုံးချင်ကို ကြည့်ပြီး စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ့အတွက် မည်သူမျှ ဝင်မပြောပေးကြပေ။ သူ၏ရှေ့မှ ရပ်တည်ပြီး ကာကွယ်ပေးသူမှာ ကျုံးချင် တစ်ယောက်တည်းသာ ရှိသည်။

"ကျွန်တော့်ရဲ့နာမည် စုယဲ့ ပါ... အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျေးဇူးတင်စိတ်များ လွှမ်းမိုးသွားသဖြင့် သူသည် ကျုံးချင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။

"စုယဲ့... နာမည်လေး လှသားပဲ"

ကျုံးချင်က ခပ်သဲ့သဲ့ ရယ်မောပြီးနောက် မေးမြန်းလိုက်သည်။

"စုယဲ့... မင်း ငါ့ရဲ့တပည့် ဖြစ်ချင်လား"

ကျုံးချင်သည် သူ့ကို တပည့်အဖြစ် လက်ခံချင်သည်ဟု ကြားလိုက်ရချိန်၌ စုယဲ့၏ နုပျိုသော မျက်နှာလေးတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူ့အတွက် ပျံလွှားဓားဂိုဏ်းသို့ အောက်ခြေသိမ်းတပည့်အဖြစ် ဝင်ရောက်ခွင့်ရခြင်းသည်ပင် လုံလောက်နေလေပြီ။ တစ်စုံတစ်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ အိပ်မက်ပင်မမက်ဝံ့ခဲ့ပေ။

ရွှီခွမ်း၏တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်သော ကျုံးချင်ကဲ့သို့ လူမျိုးဆိုလျှင် ပို၍အလှမ်းကွာဟသည်။

မည်သည့်တွေဝေတွန့်ဆုတ်မှုမျှ မရှိဘဲ သူသည် ချက်ချင်းဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။

"စုယဲ့က ဆရာ့ကို အရိုအသေပြုပါတယ်"

"ဟား ဟား ဟား... အရမ်း ကောင်းတယ်"

ကျုံးချင်က အပြုံးနှင့် စုယဲ့ကို တွဲထူပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် စနစ်၏အသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ... သင်သည် တပည့်တစ်ဦးကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပါပြီ'

" 'အမှိုက်နှောင်ကြိုး လုပ်ဆောင်ချက်' ၂/၂ ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ"

"အမှိုက်နှောင်ကြိုး ၂/၂ : တပည့်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို အဆ ၁၀၀ တိုးမြှင့်နိုင်ပြီး ပိုင်ရှင်သည် ကျင့်ကြံခြင်း ရလဒ် အဆ ၁၀၀၀၀ ကို ပြန်လည်ရရှိနိုင်သည်"

စနစ်၏ အသံ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် လင်းဖုန်း ကျင့်ကြံနေသောကြောင့် အမြဲတစေ တိုးတက်နေသော သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်သည် မူလအဆင့်ထက် ဆယ်ဆမြင့်တက်လာကြောင်း ကျုံးချင်က ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဤခံစားချက်သည် ဒုံးပျံစီးနင်းရသည့်အလား စိတ်လှုပ်ရှားဖွယ် ကောင်းပေ၏။

သို့သော် စနစ်၏အသံသည် ရပ်တန့်မသွားချေ။

"ဂုဏ်ယူပါတယ် ပိုင်ရှင်... 'အမှိုက်နှောင်ကြိုး' ၂/၂ ကို ပထမဆုံးအကြိမ် အသက်သွင်းနိုင်သည့်အတွက် သင့်အား အဆင့်တူ ပြိုင်ဘက်များကို ချေမှုန်းနိုင်စွမ်း ဆုချီးမြှင့်လိုက်သည်"

"အဆင့်တူ ချေမှုန်းခြင်း အကျိုးသက်ရောက်မှု : ပိုင်ရှင်နှင့် တူညီသော သို့မဟုတ် နိမ့်သော ကျင့်ကြံဆင့်ရှိသည့် မည်သူကိုမဆို ပိုင်ရှင်က မည်သည့် တိုက်ခိုက်မှု လုပ်ဆောင်ချက်ဖြင့်မဆို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်နိုင်သည်"

"လက်ခံသူ ... ကျုံးချင်"

"ကျင့်ကြံခြင်းအဆင့်....လမင်းနက်နဲသိမ်မွေ့နယ်ပယ်"

"တပည့် လင်းဖုန်း...ရှန်ထျန်းနယ်ပယ် 'အဆ ၁၀၀ တိုးမြှင့်မှု အသက်ဝင်နေသည်' "

"တပည့် စုယဲ....ကျင့်ကြံဆင့် မရှိ 'အဆ ၁၀၀ တိုးမြှင့်မှု အသက်ဝင်ရန် စောင့်ဆိုင်းနေသည်' "

"အသက်ဝင်နေသော နှောင်ကြိုး : အမှိုက်နှောင်ကြိုး ၂/၂ 'နောက်ထပ် နှောင်ကြိုးများ ထပ်မံ ဖော်ထုတ်ရန် ရှိသည်'"

"ရရှိထားသော ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ... မရှိ"

"ရရှိထားသော အထူးစွမ်းရည်များ ...လောက်လျူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး နှင့် အဆင့်တူပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း"

'အဆင့်တူ ပြိုင်ဘက်တွေကို လုံးဝလွှမ်းမိုးထားနိုင်တယ် ဟုတ်လား...မဆိုးဘူး.. အနည်းဆုံးတော့ ဒါက ပြဿနာတွေအများကြီးကို သက်သာစေနိုင်တယ်"

ကျုံးချင်၏နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာ ကွေးညွတ်သွားသည်။

"ငါမေးတာကို မင်း နားမကြားဘူးလား"

ထိုအချိန်တွင် ကျုံးချင်သည် သူ့ကို အချိန်ကြာမြင့်စွာ လျစ်လျူရှုထားသဖြင့် ရွှီခွမ်း ရူးသွပ်လုနီးပါး ဖြစ်နေသည်။

မိစ္ဆာပညာရပ်အပေါ် သူ၏ကျင့်ကြံခြင်းသည် ချန်ရွှမ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မျိုးဆက်သစ်လူငယ်များကို ချေမှုန်းနိုင်ကာ ဒုတိယတန်းစားဂိုဏ်းများ၏ အကြီးအကဲများနှင့် ယှဉ်ပြိုင်နိုင်သည်။ သူ့ဆရာဖြစ်သူ၏ နာမည်ဂုဏ်ပုဒ်တစ်ခုတည်းဖြင့်ပင် ဤကျယ်ပြန့်သော ဒေသတလျှောက် လွတ်လပ်စွာသွားလာရန် လုံလောက်သည်။

ကျုံးချင်သည် သူ၏အစီအစဉ်များကို ဖျက်ဆီးရုံသာမက ဤကဲ့သို့ လျစ်လျူရှုရဲပေ၏။

သူ၏စိတ်ထဲတွင် ထိုအချိန်အခိုက်အတန့်၌ ကျုံးချင်ကို သေဒဏ်ချမှတ်လိုက်တော့သည်။

All Chapters