တိတ်ဆိတ်မှု
Vol. 3 Ch. 31
ရွှေခေတ်ဟိုတယ်ရှိ အဆင့်မြင့်ဇိမ်ခံအခန်း၌...
ဝမ်အန်း၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။
"တကယ်တော့ သူတို့ဒီအကြောင်းကိုသိထားသင့်ပြီထင်တယ် သခင်...မနေ့ညကသက်ရှည်ဘုရားကျောင်းမှာ အခြားသူတွေကသခင့်ကို လာရောက်တွေ့ဆုံခဲ့တယ်မဟုတ်လား...သူတို့ကဒီအကြောင်းကို ကျင်းမိသားစုနဲ့လျှိုမိသားစုကို သေချာပြောပြလိမ့်မယ်"
ဝမ်အန်းက သတိကြီးကြီးထား၍ပြောလိုက်သည်။
ယဲ့ပိုင်သည် ပြတင်းပေါက်မှနေ၍ အပြင်သို့လှမ်းကြည့်လိုက်သည်။
အပြင်ဘက်၌ အမှောင်ထုကကြီးစိုးနေကာ အခန်းတွင်း၌ မီးအလင်းရောင်ကတောက်ပနေပေရာ ပြတင်းပေါက်မှတဆင့် ရှုခင်းများအား တွေ့မြင်ရရန်ခက်ခဲပေသည်။ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏မျက်လုံးများ၌ ဂရုမစိုက်သောအမူအရာအချို့ ဖြစ်ပေါ်လာခဲ့သည်။
"သူတို့ပြောမှာမဟုတ်ဘူး..."
သူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားခဲ့ကာ စကားလုံးနှစ်လုံးအား လျစ်လျူရှုစွာထုတ်ပြောလိုက်သည်။
"ဟုတ်ကဲ့သခင်..."
ဝမ်အန်းသည် စကားဆက်မပြောဝံ့တော့ပေ။
"သခင့်ကဒီလိုပြောပြီဆိုမှတော့ သူတို့ရဲ့အချက်အလက်တွေ ကျနော်ဆီရှိသေးတယ်...ခုပဲသူတို့ကိုဖုန်းဆက်လိုက်မယ်"
"ကောင်းပြီ..."
ယဲ့ပိုင်က တိုတိုတုတ်တုတ်ပြောလိုက်ပြီး သူ၏မျက်လုံးကအနည်းငယ်ကျည်းမြောင်းသွားခဲ့သည်။
သူသည် ပြတင်းပေါက်မှန်မှတဆင့် သူ၏အသွင်အပြင်ကိုတချက်ကြည့်လိုက်ရာ အဆုံးမဲ့နှစ်များတလျှောက် ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိကြောင်း တွေ့ရှိလိုက်ရသည်။သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏စိတ်အခြေအနေက အနည်းငယ်အပြောင်းအလဲရှိခဲ့သည်။
အချိန်မြစ်ရေစီးကြောင်းတွင်း နှစ်ရှည်လများကြာမြင့်ပြီးနောက် သူသည် ထောက်ခံသူများကို ကောင်းချီးပေးခဲ့သလို သစ္စာဖောက်သူများကိုလည်း သူတွေ့မြင်ဖူးပေသည်။
သို့သော်လည်း အချိန်ကာလမည်မျှထိကြာမြင့်သွားပါစေ သူ၏အသွင်အပြင်သည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိသေးပေ။အဆုံးမရှိသောနှစ်ကာလများအတွင်း သူနှင့်ဆင်တူသောအရာမှန်သမျှကို သူရှာဖွေချင်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူနှင့်ဆင်တူသူမှာ သူကိုယ်တိုင်သာဖြစ်နိုင်ကြောင်း ဖျတ်ခနဲခံစားမိပေသည်။
ယဲ့ပိုင်သည် အလွန်ပင်ငြိမ်သက်သွားခဲ့သည်။
သူ့ဘေး၌ရှိနေသောဝမ်အန်းသည်ကား နောက်ပြန်မဆုတ်ဘဲ ယဲ့ပိုင်၏နောက်တွင်ရပ်ကာ ဖုန်းခေါ်လိုက်သည်။
...
Qမြို့တော် ၊ နွေဦးရေစင်အိမ်တော်၌...
ထိုအိမ်တော်အား Qမြို့တော်ရှိလူတစ်ယောက်၏အမည်ဖြင့် ကျင်းရူဖန်ကိုယ်တိုင်ဝယ်ယူခဲ့သည်။
ကျောက်အိမ်တော်မှ ထွက်ခွာလာပြီးနောက် သူနှင့်လျှိုဇီယွမ်တို့သည် အနားယူရန်အတွက် ဤနေရာသို့ရောက်လာခဲ့ကြသည်။
ခြံဝင်း၌ကျဆင်းနေသော နှင်းများကို အိမ်အကူများကဖယ်ရှားထားပြီးဖြစ်သည်။ဤသို့ဖြင့် နွေဦးရေစင်အိမ်တော်သည် နွေဦးရာသီရောက်ရှိအလာကို စောင့်မျှော်နေပြီဖြစ်သည်။ခြံဝင်းထဲရှိ ဥယာဉ်ထဲတွင် တံတားငယ်များ၊စမ်းချောင်းလေးများရှိနေကာ ငှက်ကလေးများက တေးသီနေကြပြီး ပန်းရနံ့ကမွှေးကြိုင်နေခဲ့သည်။
လျှိုဇီယွမ်သည် လှုပ်ယမ်းနေသည့်ကုလားထိုင်ပေါ်၌ လှဲလျောင်းနေရင်း ညကောင်းကင်ယံကို တိတ်တဆိတ်ကြည့်နေခဲ့သည်။
ညဘက်ကောင်းကင်ယံ၌ တိမ်များကင်းစင်နေခဲ့သည်။
ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ယံသည် ငွေရောင်အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။
လျှိုဇီယွမ်သည် ကောင်းကင်ကိုမော့ကြည့်နေချိန်၌ သူ၏အတွေးများက အဝေးတစ်နေရာဆီ ပျံ့နှံ့နေခဲ့သည်။
စကြာဝဠာကြီးသည် အလွန်ပင်ကြီးမားလှကာ မရေမတွက်နိုင်သောဂြိုလ်များအပြင် အကန့်အသတ်မရှိကျယ်ပြောသော နယ်နမိတ်အား ပိုင်ဆိုင်ထားပေသည်။
ကမ္ဘာသည်ကား စကြာဝဠာအတွင်းရှိ အမှုန်အမွှားတစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။
သူသည် ကမ္ဘာပေါ်၌ သြဇာအာဏာကြီးမားသူတစ်ဦးဖြစ်ကာ ကြီးစွာသောစည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ခဲ့သည်။သို့သော်လည်း စကြာဝဠာတစ်ခုလုံးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နိမ့်ကျနေသေးသည်။ထိုအကြောင်းကိုတွေးမိချိန်တွင် သူ၏စိတ်အခြေအနေသည် တဖန်ပြန်၍တည်ငြိမ်သွားသည်ဟု လျှိုဇီယွမ်ခံစားမိပေသည်။
ရံဖန်ရံခါတွင် သူ၏ဘဝသည် တပ်မက်မှုကင်းမဲ့သော လူတစ်ယောက်ကဲ့သို့ပင် ရောက်ရှိသွားလေ့ရှိသည်။
အိမ်တော်အတွင်း၌ ကျင်းရူဖန်သည် ကတ်ကြေးတစ်စုံအားကိုင်ရင်း ခြံဝင်းအတွင်းရှိ ပန်းပွင့်များနှင့်အပင်အချို့အား ညှပ်၍ချိန်ညှိနေခဲ့သည်။
လက်ရှိလေထုအခြေအနေသည် အလွန်ပင်တိတ်ဆိတ်နေသော်လည်း မကြာမှီပျက်ပျယ်သွားတော့မည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။
ကျင်းရူဖန်သည် သစ်ကိုင်းတစ်ခုအား ကိုက်ဖြတ်လိုက်သည့်အချိန်တွင် သူ၏လက်ဆကိုမထိန်းချုပ်နိုင်ဖြစ်သွားပြီး သစ်ပင်၏ကောင်းမွန်သော သစ်ကိုင်းတစ်ခုကိုပါ ကိုက်ဖြတ်မိသွားခဲ့သည်။
ထိုအသံကြောင့် ကောင်းကင်ကိုမော့ကြည့်နေသည့် လျှိုဇီယွမ်၏အတွေးများက သူ့ကိုယ်ထဲသို့ပြန်လည်၍ရောက်ရှိလာခဲ့သည်။
"စကြာဝဠာက အရမ်းကိုကျယ်ပြောလွန်းတယ်...ငါတို့ကကမ္ဘာပေါ်မှာ သြဇာအာဏာကြီးမားတဲ့ ပုဂ္လိုလ်တွေဖြစ်ကြပေမဲ့ စကြာဝဠာတစ်ခုလုံးနဲ့ယှဉ်ရင် ဘာမှကိုမဟုတ်တော့ဘူး...ဒါပေမဲ့ ကျင်းရူဖန်...မင်းတစ်ချက်ပြောကြည့်စမ်း...ကျောက်မိသားစုကခုလိုလုပ်လိုက်တော့ သူတို့အောင်မြင်နိုင်ခြေရှိလား..."
လျှိုဇီယွမ်သည် လှုပ်ရှားနေသည့်ထိုင်ခုံပေါ်လှဲလျောင်း၍ ကြယ်ရောင်စုံကောင်းကင်ကြီးကိုကြည့်ရင်း ညည်းညူလိုက်သည်။
"မင်းကဘာလို့ ဒီလိုအတွေးမျိုးဝင်လာရတာလဲ...အနည်းဆုံးတော့ငါတို့အသက်ရှင်နေတုံးပဲမလား...ငါတို့ကခုချိန်ထိအသက်ရှင်ပြီးမှတော့ မွေးဖွားလာရတဲ့အကြောင်းရင်းက လုံလောက်ခဲ့ပြီ..."
ကျင်းရူဖန်၏အတွေးများသည် လျှိုဇီယွမ်နှင့်လုံးဝမတူပေ။သူ၏မျက်လုံးများ၌ လွမ်းဆွတ်ဖွယ်ခံစားချက်များ ပြည့်နှက်နေခဲ့ကာ မျက်ခုံးပင့်၍ လေးနက်သောလေသံဖြင့်မေးမြန်းလိုက်သည်။
"ဒါပေမဲ့ မင်းကဘာလို့သခင်အကြောင်းကိုတွေးနေတာလဲ...ဒီနှစ်တွေအတွင်း သူဘာလုပ်နေတာလဲဆိုတာ ငါမသိဘူး"
"ရိုးရိုးသားသားပြောရမယ်ဆိုရင် သခင်ကိုပြန်လာစေချင်တယ်..."
လျှိုဇီယွမ်၏အသံသည် အလွန်ပင်နူးညံ့နေခဲ့သည်။
ထိုစကားကိုကြားချိန်တွင် ကျင်းရူဖန်သည် ခဏလောက်ရပ်တန့်သွားခဲ့ကာ သူ့လက်ထဲရှိကတ်ကြေးကိုချလိုက်ပြီး အလှပန်းအိုးတစ်လုံးကိုစိုက်ကြည့်ရင်း ငြိမ်သက်သွားခဲ့သည်။အချိန်ခဏကြာပြီးနောက်တွင် သူကတိုးတိုးလေးရေရွတ်လိုက်သည်။
"ငါတို့ပိုင်ဆိုင်တဲ့အရာအားလုံးဟာ သခင်ပိုင်ဆိုင်တဲ့အရာတွေချည်းပဲ...အမှန်အတိုင်းပြောရရင် ဒီနေ့ဒီလိုအချိန်မျိုးမှာ သခင်ပြန်လာမှာကို ငါကမလိုချင်ဘူးလို့ သာမန်လူတွေကတော့ထင်မှာပဲ...ဒါပေမဲ့ သခင်ပြန်လာရင်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ငါနှလုံးသားထဲမှာခံယူထားတာ သူတို့မသိကြသေးဘူး"
"မင်းစိတ်တွေရှုပ်ထွေးနေတယ်..."
လျှိုဇီယွမ်ကခေါင်းခါလိုက်သည်။
"မင်းလည်းအတူတူပဲမဟုတ်လား..."
ကျင်းရူဖန်က လျှိုဇီယွမ်ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။
ထိုသို့မေးမြန်းခံလိုက်ရချိန်တွင် လျှိုဇီယွမ်က ခဏလောက်တိတ်ဆိတ်သွားခဲ့သည်။အချိန်အတော်ကြာပြီးနောက်တွင်မှ သူကဖြည်းဖြည်းချင်းပြောလာခဲ့သည်။
"သခင်က သာမန်လူတစ်ယောက်မဟုတ်ဘူး...သခင်ထွက်သွားတဲ့အချိန်ကစပြီး ငါကနေရာတိုင်းမှာသတင်းအချက်အလက်တွေစုဆောင်းခဲ့တယ်...သခင်ဟာအချိန်အကြာကြီး ရှင်သန်နေထိုင်လာခဲ့ပြီးတော့ လူသားမျိုးနွယ်ရဲ့သမိုင်းကြောင်းမှာ ပါဝင်ပတ်သက်နေခဲ့တယ်...ဒါကြောင့် သခင်ပြန်လာလိမ့်မယ်လို့ ငါအမှန်တကယ်မျှော်လင့်မိတယ်...ဒီကြယ်ရောင်စုံကောင်းကင်ကျယ်ကြီးကို သခင်ကသာရှာဖွေဖော်ထုတ်ပြီး အဖြေပေးနိုင်လိမ့်မယ်"
"ဟူး...အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်နေတာပဲ"
ကျင်းရူဖန်က ခေါင်းခါရင်းပြောလိုက်သည်။
တူ...တူ....
သို့သော်လည်း သူတို့နှစ်ယောက်သား တိတ်ဆိတ်သွားသည့်အချိန်တွင် ကျောက်တုံးစားပွဲပေါ်တင်ထားသည့် ကျင်းရူဖန်၏ဆဲလ်ဖုန်းသည် အဆက်မပြတ်တုန်ခါလာခဲ့သည်။
"ဖုန်းကိုင်လိုက်မယ်..."
ကျင်းရူဖန်သည် လက်ကိုင်ဖုန်းကိုယူ၍ လှမ်းကြည့်လိုက်သည်။သို့သော်လည်း ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူ၏အမည်ကိုကြည့်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ပြီး သူ၏အသံကလည်း အနည်းငယ်တုန်ခါသွားခဲ့သည်။
"ဒါက အင်မော်တယ်လူအိုကြီးပဲ..."
အင်မော်တယ်လူအိုကြီး...
ပက်လက်ကုလားထိုင်ပေါ်၌ လဲလျောင်းနေသောလျှိုဇီယွမ်သည် ချက်ချင်းပင်အလန့်တကြားထထိုင်လိုက်ပြီး သူ၏လေသံ၌ ရှုပ်ထွေးနေသည့်အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
"ဖုန်းကိုင်လိုက်...သူဘာပြောမလဲကြည့်ရအောင်"
"ကောင်းပြီလေ..."
ကျင်းရူဖန်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင် တုန်ရီနေသည့်လက်ချောင်းများဖြင့် ဖုန်းဖြေဆိုသည့်ခလုတ်အား နှိပ်လိုက်သည်။ကျင်းရူဖန်သည် ဝမ်အန်းစကားမပြောနိုင်မှီ လေးနက်တည်ကြည်သောအမူအရာဖြင့် တက်ကြွနေသောလေသံကိုသုံး၍ ဦးစွာစ၍ပြောဆိုလိုက်သည်။
"လူအိုကြီးဝမ်...မနေ့ကခွန်းလွန်တောင်မှဖြစ်ခဲ့တဲ့ မတော်တဆမှုအကြောင်းကို ငါကြားခဲ့တယ်...ငါတကယ်စိတ်မကောင်းပါဘူး...မကြာသေးခင်က ကားစျေးကွက်ကအရမ်းကိုရှုပ်ယှက်ခတ်နေတယ်...မျိုးဆက်သစ်လေးတွေက ဒီကိစ္စကိုဖြေရှင်းဖို့မတတ်နိုင်တာမလို့ ငါကိုယ်တိုင်ကိစ္စတော်တော်များများကို ကိုင်တွယ်ဖြေရှင်းနေရတယ်လေ...ဒါကြောင့် မင်းကိုလာတွေ့ဖို့အတွက် ခွန်းလွန်တောင်ကိုရောက်မလာနိုင်ခဲ့ဘူး...နောက်အလုပ်အားတာနဲ့ မင်းကိုလူကိုယ်တိုင်တောင်းပန်ဖို့ ငါအရောက်လာခဲ့မယ်"
"အဟွတ်...အဟွတ်"
ထိုသို့ဆက်တိုက်ပြောဆိုပြီးနောက်တွင် ကျင်းရူဖန်သည် ဝမ်အန်းပြောဆိုမယ့်စကားကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဖုန်းတစ်ဖက်မှနေ၍ ချောင်းဆိုးသံကိုကြားလိုက်ရသည်။
ကျင်းရူဖန်သည် စိတ်မရှည်သည့်အမူအရာ တစ်စက်လေးမျှထုတ်ဖော်ပြသခြင်းမရှိဘဲ လေးလေးစားစားဖြင့် ဝမ်အန်းပြောဆိုလာမည့်စကားကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့သည်။
"အဘိုးကြီးကျောက် သေပြီ"
ဝမ်အန်း၏အသံသည် အလွန်ပင်ကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိကာ ဖုန်းထဲမှနေ၍ပင် သူ၏သြဇာလွှမ်းမိုးနိုင်စွမ်းကို ခံစားရနိုင်သည်။
"အင်း...ငါလည်းအဲ့သတင်းကိုကြားတယ်"
ကျင်းရူဖန်သည် အလွန်ပင်ရိုးသားသည့်လေသံဖြင့် ပြန်၍ဖြေဆိုလိုက်သည်။
သူ၏အနီးတွင်မူ လျှိုဇီယွမ်က အနည်းငယ်သံသယဝင်နေသည့် မျက်နှာထားဖြင့် နားထောင်နေခဲ့သည်။ဝမ်အန်းသည် ကျောက်ပိုင်ရှန်ကွယ်လွန်ကြောင်း သတင်းပေးရန်တစ်ခုတည်းဖြင့် ယခုလိုဖုန်းခေါ်ဆိုမည်ဟု မယုံပေ။ထို့ပြင် ကျောက်ပိုင်ရှန်သေဆုံးသည့်သတင်းကို တစ်ကမ္ဘာလုံးသိရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
"အင်း...နောက်ထပ်ပြောစရာရှိသေးတယ်"
ဝမ်အန်းက ရည်ရွယ်ချက်ရှိရှိဖြင့် တုံ့ဆိုင်းနေသည့်လေသံဖြင့် ပြောလိုက်သည်။
"လူအိုကြီးဝမ်...မင်းပြောစရာရှိတာပြောလေ...ငါနားထောင်နေတယ်"
ကျင်းရူဖန်က အလွန်ယဉ်ကျေးသည့် လေသံဖြင့်ပြောလိုက်သည်။
"သခင်ပြန်လာပြီ..."
ဝမ်အန်းသည် ပုံမှန်ဖြစ်ရပ်တစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
သို့သော်လည်း ထိုစကားကိုကြားပြီးနောက်တွင် ကျင်းရူဖန်၏ဖုန်းကိုင်ထားသောလက်သည် တုန်ယင်သွားကာ ဖုန်းသည်လက်မှလွှတ်ကျသွားခဲ့သည်။ဖုန်းသည် မြေကြီးပေါ်ကျရောက်သွားသည့်အချိန်တွင် ဖုန်းမျက်နှာပြင်သည် မြေကြီးနှင့်ရိုက်ခတ်မိ၍ ချက်ချင်းကွဲသွားခဲ့သည်။
လျှိုဇီယွမ်သည်လည်း ထိုစကားကိုကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် နွေဦးရေစင်စံအိမ်တစ်ခုလုံးသည် လေတိုးသံမှတပါး အလွန်ပင်တိတ်ဆိတ်ကာ ခြောက်ခြားဖွယ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။