ကောင်းကင်ဘုံရဲ့ ကပ်ဘေး
Vol. 2 Ch. 17
အကြီးအကဲ ဒူးထောက်လိုက်ချိန်တွင် တခြားပျံလွှားဓားဂိုဏ်းတပည့်များ ထိတ်လန့်သွားကြပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ချေ။ ထို့ကြောင့် သူတို့သည်လည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် လိုက်ပါဒူးထောက်လိုက်ကြ၏။
“တပည့်... ကြည့်စမ်း... ဒါက အရင်က မင်းဝင်ချင်ခဲ့တဲ့ ပျံလွှားဓားဂိုဏ်းလေ”
ကျုံးချင်က လှောင်ပြောင်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုယဲ့က အံ့တင်းတင်းကြိတ်လိုက်သည်။
မဟာအကြီးအကဲကို ကယ်တင်ခဲ့သည့် သူ့မိဘများ၏ကျေးဇူးကို လစ်လျူရှုပြီး သူ့ကို သွေးနတ်ဆိုးထံ အတင်းအကြပ် လွှဲပြောင်းပေးရန် ကြိုးစားခဲ့သည့် ပျံလွှားဓားဂိုဏ်း၏လုပ်ရပ်ကို သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။
ယခုချိန်၌ ကျုံးချင်၏ရှေ့မှောက်တွင် သူတို့ ဒူးထောက်နေကြသည့် မြင်ကွင်းကမူ အမှန်တကယ်ကို ကမောက်ကမနိုင်သည်။
"ကျွန်တော်... ကျွန်တော်က ပျံလွှားဓားဂိုဏ်းကို ဝင်ဖို့ လျှောက်ထားတာကို ပြန်ရုတ်သိမ်းပါတယ်..."
ထိုအချိန်တွင် ပျံလွှားဓားဂိုဏ်း၏ တပည့်အဖြစ် လက်ခံခြင်း ခံထားရသော လူငယ်တစ်ဦးက ပြောဆိုလိုက်သည်။
"ကျွန်တော်လည်း နုတ်ထွက်တယ်"
"ဒီလိုဂိုဏ်းမျိုးထဲကို ကျွန်မ မဝင်ဘူး"
ပထမဆုံးတစ်ယောက်က စပြောလိုက်သည်နှင့် ကျန်သူများလည်း လိုက်ပါပြောဆိုလာကြသည်။ မူလက ပျံလွှားဓားဂိုဏ်းသို့ ဝင်ရောက်ရန် အလုအယက် ကြိုးစားခဲ့ကြသော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြ၏။
အမှန်အားဖြင့် စုယဲ့၏နောက်ခံသမိုင်းကြောင်းနှင့် ပျံလွှားဓားဂိုဏ်းရှိအကြီးအကဲများက သူ့ကို သွေးနတ်ဆိုးထံ ပေးအပ်ချင်နေသည့် အဖြစ်မှန်ကို သိလိုက်ရချိန်တွင် လူအမြောက်အများ၏ စိတ်နှလုံးသားများ အေးစက်သွားခဲ့သည်။
သို့ရာတွင် ထိုအချိန်က မည်သူမျှ စကားတစ်ခွန်းမှ မဟရဲခဲ့ကြပေ။
"ထွက်သွားကြစမ်း...."
ကျုံးချင်သည် ဤပျံလွှားဓားဂိုဏ်း အကြီးအကဲကို စိတ်မဝင်စားတော့ဘဲ တိုက်ရိုက်ကန်ထုတ်လိုက်သည်။
အကြီးအကဲသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တပည့်တစ်စုကို ဦးဆောင်ကာ အလျင်အမြန် ထွက်ခွာသွားသည်။
“တပည့်... မင်းကို တောင်ပေါ် ခေါ်သွားပေးမယ်”
ကျုံးချင်သည် စုယဲ့၏ လက်ကို ဆုပ်ကိုင်ထားကာ လေထုထဲသို့ တက်လှမ်းလိုက်ပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ မျက်စိတစ်မှိတ်အတွင်း လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ကျုံးချင် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လူများအားလုံးသည် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရပေ၏။
ယနေ့တွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
မည်သို့ပင်ဆိုစေကာမူ ကျုံးချင်သည် ထျန်းယွဲ့မြို့တဝှမ်းတွင် နာမည်ကြီးလာပြီး လူအများ၏ ပြောစမှတ်ပြုစရာ ဖြစ်လာခဲ့သည်။
"ဆရာ.....ကျွန်တော့်ကို အရှင်သခင်တစ်ယောက် ဖြစ်လာအောင် သင်ပေးနိုင်မလား"
လေထုထဲတွင် ကျုံးချင်၏ဆုပ်ကိုင်ထားမှုကို ခံရသော စုယဲ့က ရုတ်တရက် မေးမြန်းလိုက်သည်။
"သေချာတာပေါ့"
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါဆိုရင် ကျွန်တော် လူတစ်ယောက်ကို သတ်ချင်တယ်"
စုယဲ့က ပြောဆိုလိုက်၏။
"မင်းက ဘယ်သူ့ကို သတ်ချင်တာလဲ"
ကျုံးချင်က မေးမြန်းသည်။
“ပျံလွှားဓားဂိုဏ်းရဲ့ မဟာအကြီးအကဲကို သတ်ချင်တယ်"
စုယဲ့က တည်ကြည်ပြတ်သားသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်
“သူ့ရဲ့အသက်ကို ကျွန်တော့်မိဘတွေရဲ့ အသက်နဲ့ လဲလှယ်ခဲ့ရတာပါ.... သူက ကျွန်တော့်ရဲ့မိဘတွေကို အသက်တစ်ချောင်း ပေးဆပ်ဖို့ အကြွေးတင်နေတယ်..ဒါကြောင့် အခု အဲ့ဒီအသက်ကို ကျွန်တော် ပြန်ယူချင်တယ်”
စုယဲ့၏ စကားကို ကြားလိုက်ရချိန်၌...
ကျုံးချင် အံ့အားသင့်သွားသည်။
ထို့နောက် သူက ရယ်မောပြီး ချီးကျူးလိုက်သည်။
"ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်....မင်းက တကယ့်ကို ငါ ကျုံးချင်ရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်တယ်.. မင်းရဲ့အသက်ကြွေးကို မကြာခင်မှာ ပြန်ရနိုင်စေရမယ်လို့ ငါအာမခံတယ်"
ကျုံးချင်က စုယဲ့၏ ခေါင်းကို ပုတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုများ ပြည့်နှက်နေသည်။
ယနေ့တွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စများ အဆုံးသတ်သွားချိန်တွင် သူ၏တပည့် ပြောင်းလဲသွားလေပြီ။
ကျင့်ကြံခြင်းလောကရှိ လူတစ်ယောက်၏ စိတ်နေသဘောထားသည် ဤသို့သာ ဖြစ်သင့်ပေ၏။
မကြာမီမှာပင် သူတို့နှစ်ဦး မူဖူတောင်သို့ ရောက်လာကြသည်။
မူဖူတောင်သို့ ပြန်ရောက်သည်နှင့် ကျုံးချင်သည် လင်းဖုန်းထံသို့ နတ်ဘုရားစိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။
လင်းဖုန်းသည် မိုးကုပ်စက်ဝိုင်းဆီမှ ပျံသန်းလာပြီး မြေပြင်သို့ ဆင်းသက်လိုက်ရာ ကျုံးချင်၏ နံဘေးတွင် စုယဲ့ကို မြင်တွေ့လိုက်ရသည်။
"ဆရာ... ဒါက ကျွန်တော့်ရဲ့ ဂျူနီယာညီလေးအသစ်လား"
လင်းဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
“မဆိုးဘူး... ဒီနေ့ကစပြီး မင်းရဲ့ ဂျူနီယာညီလေးကို မင်း တာဝန်ယူရမယ်”
ကျုံးချင်က ရယ်မော၍ ပြောလိုက်ပြီး လင်းဖုန်းကို စုယဲ့နှင့် မိတ်ဆက်ပေးလိုက်သည်။
"စီနီယာအစ်ကိုကို နှုတ်ဆက်ပါတယ်"
စုယဲ့က ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုသည်။
"အိုး ဂျူနီယာညီလေး... မင်းက ယဉ်ကျေးလွန်းနေပြီ....ဒီနေ့ကစပြီး ငါ့ရဲ့ဘေးခန်းမှာ မင်း နေလို့ရတယ်..... ငါ့ရဲ့နေရာက ဖုန်းရွှေရတနာသိုက်ပဲ"
လင်းဖုန်းသည် သူ၏ဂျူနီယာညီလေးကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး နေရာချထားပေးကာ မူဖူတောင်ကို လိုက်လံပြသပေးသည်။
"ကောင်းကင်ကပ်ဘေးခန္ဓာကိုယ်...."
ကျုံးချင်သည် ခြံဝန်းခန်းမထဲရှိ ကုတင်ပေါ်တွင် လဲလျောင်းရင်း စုယဲ့ကို ကျင့်ကြံနည်းစနစ်များ သူကိုယ်တိုင် စတင်၍ သင်ကြားပေးနေသည်။
အကြောင်းအရင်းမှာ ကောင်းကင်ဘုံမျက်လုံးမှတစ်ဆင့် သူ တွေ့ရှိခဲ့သည်က စုယဲ့သည် ရွှီခွမ်း ပြောသကဲ့သို့ ငယ်စဉ်ကတည်းက အဆိပ်မိထားခြင်း မဟုတ်ဘဲ ကောင်းကင်ကပ်ဘေးခန္ဓာကိုယ်ဟုခေါ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားခြင်းပင်။ ထိုရုပ်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်နှင့် ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုစီတွင်ပင် ပြင်းထန်သောအဆိပ်များ ပါဝင်လာပေမည်။
ဤရုပ်ခန္ဓာကိုယ် အသက်မဝင်သေးလျှင်ပင် ရွှီခွမ်း ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ချေ။ ထို့ကြောင့် ရွှီခွမ်းသာ စုယဲ့ကို ကျင့်ကြံခြင်းအတွက် ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ပါက အဆင့်မတက်နိုင်ရုံသာမက ရုတ်တရက် သေဆုံးသွားနိုင်သည်။
သို့ရာတွင် ကောင်းကင်ကပ်ဘေးခန္ဓာကိုယ်ကို အသက်သွင်းရန်အတွက် သီးခြားကျင့်ကြံနည်းစနစ်များ လိုအပ်သည်။
နောက်ဆုံးတွင် ကျုံးချင်သည် "ကပ်ဘေးတွင်းနက်" ဟုခေါ်သော ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်ကို ရွေးချယ်လိုက်သည်။ ဤနည်းစနစ်သည် စုယဲ့၏ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီရုံသာမက ကောင်းကင်ကပ်ဘေးခန္ဓာကိုယ်၏ဖွဲ့စည်းပုံ ပေါက်ကြားမသွားအောင်လည်း ဖိနှိပ်ပေးထားနိုင်သည်။
ထို့နောက် သူသည် ဧကရာဇ်အဆင့် အမှောင်လက်သည်းကို လက်နက်အဖြစ် ရွေးချယ်ပြီး လင်းဖုန်းအား သွားပို့ခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းဖုန်းသည် ဂါထာဟု ခေါ်သော အရာကို စုယဲ့ထံသို့ လက်ဆင့်ကမ်းပေးလိုက်၏။
စုယဲ့သည် တရားဝင် ကျင့်ကြံခြင်းကို စတင်ပြီးနောက် ကျုံးချင်က အဆတစ်ရာတိုးမြှင့်မှုကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
တိုးမြှင့်မှု အသက်ဝင်လာပြီးနောက် ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်မှ စွမ်းအားမြှင့်တင်မှုနှင့် ပေါင်းစပ်လိုက်ချိန်တွင် အချိန်တခဏကြာပြီးနောက် စုယဲ့ အဆင့်တက်သွားသည့် သတင်းက မူဖူတောင်မှ ထွက်ပေါ်လာသည်။
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် ပထမအဆင့်....
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်း ဒုတိယအဆင့်...
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်း တတိယအဆင့်...
ကျုံးချင်ကမူ အဆတစ်သောင်း တိုးမြှင့်သော တုံ့ပြန်မှုကို ရရှိခဲ့သည်။
သို့သော် ကျုံးချင်နှင့်စုယဲ့၏ ကျင့်ကြံဆင့်များကြား ကွာဟချက်မှာ အလွန် ကြီးမားပေ၏။ စုယဲ့သည် အဆင့်များစွာ တပြိုင်နက်တည်း တက်သွားသည့်တိုင် ကျုံးချင်သည် အဆင့်တစ်ဆင့်ပင် မတက်နိုင်သေးချေ။
သို့သော် ကျုံးချင်သည် စိတ်မလောပေ။
သူ့တပည့်နှစ်ဦး၏ စွမ်းအားအဆတစ်ရာ တိုးမြှင့်မှုနှင့် သူ၏ကိုယ်ပိုင် အဆတစ်သောင်းတိုးမြှင့်သော တုံ့ပြန်မှုတို့ ပေါင်းစပ်လိုက်လျှင် သူ၏ ကျင့်ကြံဆင့်တိုးတက်လာရန် အချိန်တစ်ခုသာ လိုအပ်တော့သည်။
ထိုအချိန်တွင် လက်စွပ်နယ်မြေထဲ၌ အကြီးအကဲကျန်းသည် စုယဲ့၏အရှိန်အဝါ တိုးတက်လာမှုကို ကြည့်ရင်း အံ့အားတသင့် မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
"ဟူး... မကြာခင်မှာ မင်းတို့ ကလေးနှစ်ယောက်က ငါ့ရဲ့ အရင်ကအထွတ်အထိပ်နယ်ပယ်ထက်တောင် ကျော်တက်သွားတော့မှာပဲ"
"ငါ ပြန်လည်ရှင်သန်လာရင်တောင် မင်းတို့ထဲက အညံ့ဆုံးလောက်ပဲ ဖြစ်နေတော့မှာ"
ဤခံစားချက်သည် ရှုပ်ထွေးမနေဟု ပြောဆို၍ မရချေ။
သူ အထွတ်အထိပ်အချိန်၌ ရောက်ရှိခဲ့သော ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်ခက်ခဲပြီး အလွန်လေးစားဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့ရာတွင် တခြားလူများသည် ပလ္လင်ခွေထိုင်ပြီး ဂါထာရွတ်ရုံနဲ့ ထိုအဆင့်သို့ လွယ်လင့်တကူ ရောက်ရှိနိုင်သည်ကို မြင်တွေ့လိုက်ရချိန်၌ စိတ်ပျက်အားငယ်မှု မဖြစ်ဘဲ မနေနိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် ကျုံးချင်ပေးသော လျှို့ဝှက်ဆန်းကြယ်သော ဂါထာ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူ ထပ်မံ၍ အံ့အားသင့်နေမိသည်။
မည်သည့်ဂါထာမျိုး ဖြစ်နေသောကြောင့် ဤမျှထိ ကြောက်မက်ဖွယ် ကောင်းနေသနည်း...
တစ်နေ့နေ့တွင် သူသည် ကျုံးချင်၏တပည့် ဖြစ်လာပြီး ဤဂါထာကို သိခွင့်ရလျှင် မည်မျှထိ ကောင်းမည်နည်း.....
...
တစ်ချိန်တည်းမှာပင်
ထျန်းယွဲ့မြို့၌ ကျုံးချင်က ရွှီခွမ်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်လိုက်သည့် သတင်းသည် ရှန်ကျန်းဂိုဏ်းသို့ ရောက်ရှိသွားသည်။
ဤသတင်းများသည် အကြီးအကဲများနှင့် တောင်သခင်များ၏ နားထဲသို့ ရောက်သွားချိန်၌ လူများအားလုံး ရှန်ကျန်းပင်မတောင်ထိပ်သို့ အပြေးအလွှား ရောက်လာကြသည်။
"ဂိုဏ်းချုပ်... ဒါက အမှန်ပဲလား"
အကြီးအကဲတစ်ဦးက မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
"ဒါဆိုရင် ခင်ဗျားတို့လည်း သိကြတာပေါ့"
ရွှမ်ယွမ်ဟုန်က အံ့အားတသင့် ပြောဆိုသည်။
"အဲ့ဒါက အမှန်ပဲလို့ အခုလေးတင် အတည်ပြုချက် ရပါတယ်"
ရွှမ်ယွမ်ဟုန်ထံမှ အတည်ပြုချက်ကို ရရှိပြီးနောက် လူများအားလုံး ထိတ်လန့်သွားကြသည်။
မူလက သူတို့သည် ကျုံးချင်ကို မူဖူတောင်ပေါ်တွင် အချိန်ဖြုန်းပြီး ဘာမှမလုပ်တတ်သော အသုံးမကျသူတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသည်။ သူသည် ရှန်ကျန်းပင်မတောင်ထိပ်ပေါ်တွင် မောက်မာသော သွမ်ဖုန်းကို တစ်ချက်တည်းဖြင့် သတ်လိုက်လိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားခဲ့ကြပေ။
ဤသည်က သူတို့ကို ထိတ်လန့်သွားစေရန် လုံလောက်ခဲ့သည်။
မထင်မှတ်ဘဲ ကျုံးချင်သည် ရွှီခွမ်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ထပ်မံ၍ သတ်ဖြတ်ခဲ့လေ၏။
"ဂျူနီယာညီလေးက တကယ့်ကို ငါတို့ထက် ပိုပြီး အစွမ်းထက်ပုံပဲ... ငါတို့အားလုံး အရင်တုန်းက သူ့ကို အထင်လွဲခဲ့ကြတာပဲ"
ရွှမ်ယွမ်ဟုန်က မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။
"ဒီလို ပါရမီရှင်မျိုးကို ငါတို့အားလုံးက လျစ်လျူရှုထားခဲ့မိကြတာပါလား"