ငါတို့ရဲ့ မူဖူတောင်သခင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်တိုက်ခိုက်တာက တရားမျှတတယ်
Vol. 2 Ch. 18
"ဟုတ်တယ်"
တခြားအကြီးအကဲများနှင့် တောင်သခင်များကလည်း သူတို့၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုကြသည်။
ကျုံးချင်သည် ယခုမှ အသက် ဆယ့်ရှစ် ဆယ့်ကိုးလောက်သာ ရှိသေးသည်။
ကျုံးချင်သည် သွမ်ဖုန်းကို သတ်လိုက်စဥ်၌ သွမ်ဖုန်းသည် ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေသည်။ ထို့ကြောင့် ကျုံးချင်၏ကျင့်ကြံဆင့်သည် ချန်ရွှမ်နယ်ပယ် အထွတ်အထိပ်တွင် ရှိလောက်မည်ဟု သူတို့အားလုံး ခန့်မှန်းခဲ့ကြသည်။
သို့ရာတွင် ဤသည်က ခန့်မှန်းချက်သက်သက်ပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အသက်ဆယ့်ရှစ် ဆယ့်ကိုး အရွယ်တွင် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိခဲ့သည့် ကျင့်ကြံသူတစ်ဦး ရှိသည်ကိုမူ ခန့်မှန်းရန်ပင် သတ္တိမရှိခဲ့ကြချေ။
ဤကျင့်ကြံဆင့်ရှိသူတစ်ဦးသည် အရှေ့ပိုင်းဒေသရှိ မြင့်မြတ်နယ်မြေတစ်ခုသို့ ဝင်ရောက်သွားလျှင်ပင် ထူးချွန်သော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပေမည်။
သို့ရာတွင် ယခုချိန်၌ ကျုံးချင်သည် ချန်ရွှမ်နယ်ပယ် အထွတ်အထိပ်အဆင့်၌ ရှိနေသော ရွှီခွမ်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်လိုက်သည်ဟူသော သတင်း ရောက်ရှိလာသည်။ ဤသည်မှာ ကျုံးချင်၏ကျင့်ကြံဆင့်သည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်နေပြီဟူသော အဓိပ္ပာယ်ပင်။
ထို့ပြင် သာမန်ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် မဟုတ်ချေ။
ဤသည်က ဘိုးဘေးများ၏ သင်္ချိုင်းဂူကနေ မီးခိုးထွက်လာသလောက် ရိုးရှင်းသောကိစ္စ မဟုတ်ချေ။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ပင်လျှင် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်မှာသာ ရှိနေပေ၏။
ရှန်ကျန်းဂိုဏ်း၏ အကြီးအကဲများနှင့် တောင်သခင်များအတွက်မူ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိသော မဟာအကြီးအကဲမှလွဲ၍ ကျန်လူအများစုသည် ချန်ရွှမ်နယ်ပယ် ကျင့်ကြံခြင်းအဆင့်သာ ရှိကြသည်။
"ငါတို့ ရှက်လိုက်တာ..."
လက်ရှိနေရာတွင် ရှိနေသူများအားလုံး ရှက်ရွံ့မိကြသည်။
ကျင့်ကြံခြင်း မပြုလုပ်နိုင်ဟု လူများအားလုံး ထင်မှတ်ထားခဲ့ကြသော ကျုံးချင်သည် အမှန်အားဖြင့် သူတို့ထက် ပို၍အစွမ်းထက်နေပြီး ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
"ဒါပေမယ့် ကျုံးချင်က ရွှီခွမ်းကို သတ်ခဲ့တယ်..."
"သွေးနတ်ဆိုးရဲ့ နောက်ကွယ်မှာ ဆံနီမိစ္ဆာအိုကြီး ရှိနေတယ်... သူသာ ပြဿနာ လာရှာရင် ဘယ်လိုလုပ်မလဲ"
အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ဤလောကကြီးတွင်...
တိုက်ဆိုင်မှုများသည် ဖြစ်ရိုးဖြစ်စဉ်သက်သက်ပင်။
အကြီးအကဲက စကားပြောဆိုပြီးသည်နှင့် ဂိုဏ်းတံခါးဝမှ တိုက်ပွဲအရှိန်အဝါများ ထွက်ပေါ်လာသည်။
ထို့နောက် ဓားရှည်တစ်လက်ကို ပခုံးပေါ် ထမ်းထားသော ဆံနီအမျိုးသားတစ်ဦးသည် ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာသည်။ သူသည် စောင့်ကြပ်နေသော တပည့်အမြောက်အများကို သတ်ဖြတ်ပြီး တားဆီး၍မရသော အင်အားဖြင့် ရှန်ကျန်းပင်မတောင်ထိပ်ကို တိုက်ခိုက်လိုက်၏။
"ရှန်ကျန်းဂိုဏ်းက ကောင်တွေ... ထွက်ခဲ့ကြစမ်း"
ဆံနီအမျိုးသားက အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကို ဝှေ့ယမ်းကာ ရှန်ကျန်းပင်မတောင်ထိပ်၏တစ်ဝက်ခန့်ကို ပိုင်းဖြတ်လိုက်သည်။
ကျောက်တုံးများ ပြိုကျလာပြီး မြေငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားကာ မရေမတွက်နိုင်သော တပည့်များ အကြီးအကျယ် ထိခိုက်သေဆုံးခဲ့ရသည်။
ထိုအချိန်တွင် ဆူညံသံကို ကြားလိုက်ရသော ရွှမ်ယွမ်ဟုန်နှင့်တခြားသူများ အပြေးအလွှား ထွက်လာကြသည်။
ရွှမ်ယွမ်ဟုန်က ဆံနီအမျိုးသားကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
သူတို့ အလွန် အံ့အားသင့်သွားသည်မှာ သူတို့ အစီအစဉ်တစ်ခု မချမှတ်နိုင်မီမှာပင် ဆံနီမိစ္ဆာအိုကြီးက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
အမှန်တကယ်ကိုပင်....
သူတို့၏ရှေ့မှ ဆံနီအမျိုးသားသည် ဆံနီမိစ္ဆာအိုကြီးမှလွဲ၍ တခြားလူ မဟုတ်ချေ။
ဖရိုဖရဲ ဖြစ်နေသော သူ၏ဆံပင်နီများအောက်တွင် အလွန်ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာတစ်ခု ရှိနေသည်။ သူ၏မျက်လုံးတစ်လုံးသည် ပျက်စီးနေပြီး ကျန်တစ်လုံးကမူ ရွံရှာဖွယ်ကောင်းသော ပြည်များ ယိုစီးကျနေသည်။
"ဆံနီမိစ္ဆာအိုကြီး... မင်းက ဘာကိစ္စနဲ့ ငါ့ရဲ့ ရှန်ကျန်းဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာတာလဲ"
ရွှမ်ယွမ်ဟုန်က ခက်ထန်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။
"ဟန်ဆောင်မနေနဲ့... မင်းတို့ဂိုဏ်းက ကျုံးချင်ကို ထုတ်ပေးစမ်း"
ဆံနီမိစ္ဆာအိုကြီး၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာပြီး သူ၏ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသွင်ပြင်သည် ပို၍ဆိုးရွားသွားပေ၏။
"ဆံနီမိစ္ဆာအိုကြီး... ငါတို့ရဲ့ မူဖူတောင်သခင်က မင်းကို ဘာလုပ်မိလို့လဲ"
ရွှမ်ယွမ်ဟုန်က အချိန်ဆွဲရန် ကြိုးစားရင်း သူ၏မျက်လုံးအကြည့် လှုပ်ရှားသွားသည်။
သူသည် သူ၏နောက်ရှိ အကြီးအကဲကို လျှို့ဝှက်၍ အသံပေးပို့လိုက်သည်။
"တိုက်ခိုက်မှုရဲ့အရှိန်အဟုန်ကို ရှောင်ရှားဖို့အတွက် ရှန်ကျန်းဂိုဏ်းကနေ ယာယီထွက်ခွာသွားဖို့ ကျုံးချင်ဆီ ချက်ချင်းသတင်းပို့လိုက်... လမင်းနက်နဲသိမ်မွေ့နယ်ပယ်မှာ ရှိတဲ့ ဆံနီမိစ္ဆာအိုကြီးရဲ့ကျင့်ကြံဆင့်စွမ်းအားက ပြိုင်ဘက်ကင်းတယ်"
သူ၏နောက်ရှိ အကြီးအကဲသည် ခေါင်းညိတ်ပြပြီး သတင်းစကားကို တိတ်တဆိတ် စတင်ပေးပို့လိုက်သည်။
"ရွှမ်ယွမ်ဟုန်... ဟန်ဆောင်နေတာကို ရပ်လိုက်စမ်း"
ဆံနီမိစ္ဆာအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရွှီခွမ်းက ငါ့ရဲ့တပည့်ဆိုတာ အဲ့ဒီသားရဲကောင်လေး ကောင်းကောင်းသိရက်နဲ့ သတ်ရဲတယ်ပေါ့... ဒီနေ့ အဲ့ဒီသားရဲကောင်လေးကို လူသားတုတ်ချောင်း ဖြစ်အောင် လုပ်ပစ်မယ်"
"အော်... မင်းက အဲဒီကိစ္စကို ပြောနေတာလား" ရွှမ်ယွမ်ဟုန်၏မျက်လုံးများ တောက်ပသွားပြီး ပြန်လည်၍ ချေပလိုက်၏။
"ငါ သိသလောက်ဆိုရင် ရွှီခွမ်းက အရင်စပြီး တိုက်ခိုက်တာ မဟုတ်ဘူးလား"
"ဘာလဲ... မင်းရဲ့တပည့်ကိုပဲ တိုက်ခိုက်ခွင့်ပေးပြီး ငါ့တို့ရှန်ကျန်းဂိုဏ်းကလူတော့ ပြန်မတိုက်ခိုက်ရဘူးလား"
"ဟမ့်... ငါ့ရဲ့တပည့် သူ့ကို တိုက်ခိုက်တာက အကြောင်းပြချက် ရှိနေလို့ပေါ့... မင်းတို့ ရှန်ကျန်းဂိုဏ်းရဲ့ တောင်သခင်လေးက ငြိမ်ခံပြီးတော့ အသေခံမလား ဒါမှမဟုတ် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်မလား ဆိုတာပဲ လုပ်သင့်တာ... ငါ့ရဲ့တပည့်ကို ပြန်ပြီးတိုက်ခိုက်ဖို့ သူ့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ"
ဆံနီမိစ္ဆာအိုကြီးထံမှ အကန့်အသတ်မဲ့ ဒေါသများ ထွက်ပေါ်လာသည်။
"ငါ့ရဲ့တပည့်က ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံထားတာ... အသက်နှစ်ဆယ်အရွယ်နဲ့ ချန်ရွှမ်နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ... အချိန်တစ်ခု ပေးလိုက်ရင် မြင့်မြတ်နယ်မြေက ပါရမီရှင်ဆိုတဲ့ ကောင်တွေအားလုံး သူ့ရဲ့ခြေထောက်အောက်ကို ရောက်သွားမှာ... မင်းတို့ ရှန်ကျန်းဂိုဏ်းက အသုံးမကျတဲ့ တောင်သခင်ရဲ့ ခွေးအသက်လောက်က ငါ့ရဲ့တပည့်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
"နာကျည်းစရာကောင်းတာက ဒီလောက်ထိ ပါရမီရှိတဲ့ ငါ့ရဲ့တပည့်ကို မင်းတို့ ရှန်ကျန်းဂိုဏ်းက တောင်သခင်က သတ်ပစ်လိုက်တာပဲ... ငါ မုန်းတယ်... ငါ အရမ်းမုန်းတယ်"
ထိုစကားကို ပြောဆိုနေရင်း ဆံနီမိစ္ဆာအိုကြီး၏ခန္ဓာကိုယ်ကို အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏ဒေါသကြောင့် သူ၏ပတ်ဝန်းကျင် နေရာတဝိုက်သည် လေဟာနယ် ဖြစ်သွားပြီး သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှ တုန်ခါသံလှိုင်းများ ထွက်ပေါ်လာသည်။
"သောက်ချေးပဲ... မင်းက တော်တော်လေး အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေတာပဲ"
ထိပ်ပြောင်ပြီး သန်မာထွားကြိုင်းသော လဲ့နင်းတောင်သခင်က အော်ဟစ်လိုက်သည်။
"မင်းရဲ့တပည့်သာ တကယ်ကြီး အဲ့ဒီလောက် အစွမ်းထက်ရင် ငါတို့ မူဖူတောင်သခင်ရဲ့ လက်ညှိုးတစ်ချောင်းတည်းနဲ့ ဘယ်လိုလုပ်ပြီး အသတ်ခံရမှာလဲ... မင်း ဘာတွေ လာကြွားနေတာလဲ"
"ဟုတ်တယ်... မင်းတပည့်ရဲ့ အသက်က အသက်ဖြစ်ပြီးတော့ ငါတို့ ရှန်ကျန်းဂိုဏ်းက လူတွေရဲ့ အသက်က အသက်မဟုတ်ဘူးလား"
တခြားတောင်သခင်တစ်ဦးကလည်း အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး အရှုံးပေးမည့် အရိပ်အယောင် မပြသချေ။
"ဒါ့ပြင် မင်းတို့ ဆရာတပည့် နှစ်ယောက်လုံးက လူတွေအများကြီးကို သတ်ဖြတ်ထားတဲ့ မိစ္ဆာကျင့်ကြံသူတွေပဲ... ငါတို့ မူဖူတောင်သခင်ရဲ့ လုပ်ရပ်က လူတွေကို ဒီဘေးကပ်ဆိုးကနေ ကယ်တင်လိုက်တာပဲ"
"ဟား ဟား ဟား... တတိယအကြီးအကဲ ပြောတာ အမှန်ပဲ... အဲ့ဒီရွှီခွမ်းက သေသင့်တာ ကြာပြီ... သူ သေသွားတာကို လူဘယ်လောက်များများ ဝမ်းသာနေမလဲ မသိဘူး"
"ငါ သူ့ကို မမြင်လိုက်လို့ပါ... မြင်ရင် ငါကိုယ်တိုင် ရိုက်သတ်မိမှာပဲ"
အချိန်တခဏအတွင်းမှာပင် ရှန်ကျန်းဂိုဏ်း၏ တောင်သခင်များနှင့် အကြီးအကဲများထံမှ အသံများ ထွက်ပေါ်လာသည်။
ပုံမှန်အားဖြင့် ရှန်ကျန်းဂိုဏ်း အတွင်း၌ သူတို့သည် အရင်းအမြစ်များနှင့် တပည့်များအတွက် အာဏာပြိုင်ဆိုင်မှုများနှင့် ပူးပေါင်းကြံစည်မှုအမျိုးမျိုးကို ပြုလုပ်ကောင်း ပြုလုပ်ကြပေလိမ့်မည်။
သို့သော် ပြင်ပရန်သူများနှင့် ရင်ဆိုင်ရချိန်ဤ သူတို့သည် အမြဲတစေ စည်းလုံးညီညွတ်စွာ ရပ်တည်ကြ၏။
"မင်းတို့အားလုံးက သေလမ်းရှာနေတာပဲ"
ဆံနီမိစ္ဆာအိုကြီးက အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။
"ကျုံးချင်ဆီ သတင်းပို့ပြီးပြီလား"
ရွှမ်ယွမ်ဟုန်က သူ၏နောက်ရှိ အကြီးအကဲကို နတ်ဘုရားစိတ်အာရုံဖြင့် မေးမြန်းသည်။
"ဂိုဏ်းချုပ်ကို တင်ပြပါတယ်... သတင်းပို့ပြီးပါပြီ"
သူ၏နောက်ရှိ အကြီးအကဲက ခေါင်းညိတ်လိုက်သည်။
"အရမ်းကောင်းတယ်...."
ရွှမ်ယွမ်ဟုန်က ခေါင်းညိတ်လိုက်ပြီး မိုးကောင်းကင်ယံအတွင်းရှိ ဆံနီမိစ္ဆာအိုကြီးကို ပြန်မော့ကြည့်လိုက်၏။
ထို့နောက် သူ့ထံမှ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
“ဆံနီမိစ္ဆာအိုကြီး... ငါ ရွှမ်ယွမ်ဟုန် အခု မင်းကို ပြောလိုက်မယ်... မင်းရဲ့တပည့် ရွှီခွမ်းက အရင် စပြီးတိုက်ခိုက်တာ... ပြီးတော့ သူ့မှာ ကျွမ်းကျင်မှု မရှိလို့ ငါ့တို့ရဲ့ မူဖူတောင်သခင်လက်ချက်နဲ့ သေသွားရတာ”
"ငါ့တို့ရဲ့ မူဖူတောင်သခင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်ပြီးတိုက်ခိုက်တာ တရားမျှတတယ်"
"ဒါကြောင့် ဒီနေ့ ငါ့ရဲ့ရှန်ကျန်းဂိုဏ်းကနေ ဘယ်သူ့ကိုမှ မင်း ခေါ်သွားလို့ မရဘူး"
ရွှမ်ယွမ်ဟုန်၏အရှိန်အဝါ မြင့်တက်လာပြီး တည်ကြည်လေးနက်သော အသံဖြင့် အော်ဟစ်လိုက်၏။
"မင်းသာ ကျုံးချင်ကို လက်ဖျားနဲ့ ထိချင်ရင် ငါတို့နဲ့ လာပြီးတိုက်ခိုက်စမ်း... ဘယ်သူက ဘယ်သူ့ကို ကြောက်လဲဆိုတာ ကြည့်ရသေးတာပေါ့"
ရွှမ်ယွမ်ဟုန် ပြောဆိုပြီးသည်နှင့်...
သူ၏နောက်ရှိ အကြီးအကဲများနှင့် တောင်သခင်များသည် သူတို့၏အရှိန်အဝါများကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပြီး ရွှမ်ယွမ်ဟုန်၏နောက်သို့ လျှောက်လှမ်းသွားကာ ချက်ချင်းဆိုသလိုပင် တသားတည်း ဖြစ်သွားကြသည်။
"ကောင်းပြီ ကောင်းပြီလေ... မင်းတို့က သေချင်နေမှတော့ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ဒေါသထွက်နေသော ဆံနီမိစ္ဆာအိုကြီးသည် သူ၏ခန္ဓာကိုယ်မှ ထူထပ်သိပ်သည်းသော အနက်ရောင် မြူခိုးများကို ထုတ်လွှတ်လိုက်ပြီး သူ၏ကြောက်မက်ဖွယ် ကျင့်ကြံဆင့်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ပျံ့လွင့်နေသော အနက်ရောင်မြူခိုးများကြားမှနေ၍ အစွမ်းထက်သော ဓားချက်တစ်ခုက မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
"အားလုံးပဲ... ရန်သူက ငါတို့ရဲ့ အိမ်တံခါးဝကို ရောက်နေပြီ... သူ့ကို ငါနဲ့အတူပူးပေါင်းပြီး တိုက်ခိုက်ပေးကြပါ"
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ရှေ့ဆုံးမှ ရွှမ်ယွမ်ဟုန်က ကြောက်ရွံ့ခြင်းမရှိဘဲ ပြောဆိုလိုက်သည်
"ငါတို့ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ရှန်ကျန်းဂိုဏ်းက အရှက်ကွဲခံလို့ မဖြစ်ဘူး... ဒီနေ့ ငါတို့ ရှုံးနိမ့်သွားရင်တောင် အနာဂတ်မှာ ကြီးပြင်းလာမယ့် ကျုံးချင်က ငါတို့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်"