← Chapters

မြင်းပန်းချီကား

Vol. 3 Ch. 32

မြင်းပန်းချီကား

Vol. 3 Ch. 32

တူ...တူ...

ဖုန်းချလိုက်သည့်အသံကြောင့် ဝမ်အန်း၏လက်ကောက်ဝတ်က အနည်းငယ်တုန်ခါသွားခဲ့သည်။

ယခုအချိန်၌ မည်သည့်အရာများဖြစ်နေကြောင်း သူခန့်မှန်းနိုင်ပြီဖြစ်သည်။သူသည် ဖုန်းကျသွားပြီးနောက်တွင် လျှိုဇီယွမ်အား ဖုန်းခေါ်ဆိုရန်လုပ်ဆောင်ခဲ့သည်။သို့သော်လည်း ဝမ်အန်းက ဖုန်းခေါ်ဆိုမှုမပြုလှပ်မှီ ယဲ့ပိုင်ကဟန့်တားလိုက်သည်။

"မလိုတော့ဘူး...သူတို့နှစ်ယောက်လုံးက တူတူရှိနေကြတာပဲ"

ဝမ်အန်းသည် ခဏလောက်ကြောင်အသွားပြီးမှ ဖုန်းကိုဘေးချထားလိုက်သည်။

"နားလည်ပါပြီ...သခင်"

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်တွင် ဝမ်အန်းက သံသယစိတ်ဖြင့် မေးမြန်းလာခဲ့သည်။

"သခင်...ငါသူတို့ရဲ့လိပ်စာကို မမေးရသေးဘူး...ငါသူတို့ကိုနောက်တစ်ခါ ထပ်ခေါ်လိုက်ရမလား"

"မလိုတော့ဘူး..."

"သခင်...ဒါဆိုရင်"

"အခုနောက်ကျနေပြီ...အနားယူဖို့လုပ်တော့"

ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။

ဝမ်အန်းထံတွင် ပြောစရာစကားများစွာရှိနေသော်လည်း ယဲ့ပိုင်၏စကားကိုကြားပြီးနောက်တွင် ချက်ချင်းပင်ခေါင်းငုံ့လိုက်ကာ ပြောခါနီးစကားလုံးများအား ပြန်၍မျိုချလိုက်သည်။

"ဟုတ်ကဲ့သခင်...ဒါဆိုဒီအစေခံအိုကြီးက အရင်သွားပြီးအနားယူနှင့်ပါမယ်...သခင့်မှာညွန်ကြားချက်တစ်စုံတစ်ရာရှိရင် ဒီအစေခံအိုကြီးကို အချိန်မရွေးခေါ်လိုက်ပါ"

ဝမ်အန်းသည် လေးလေးစားစားဖြင့် ယဲ့ပိုင်အားဦးညွတ်လိုက်ပြီး အဆင့်မြင့်ဇိမ်ခံအခန်းမှ ထွက်ခွာလာခဲ့သည်။သို့သော်လည်း သူသည် အမှန်တကယ်အနားယူခြင်းမရှိဘဲ ဧည့်ခန်းဆီသို့ဦးတည်လျှောက်လှမ်းလာခဲ့သည်။

ကျောက်မိသားစုသည် လွယ်လွယ်ဖြင့်အရှုံးပေးမည်မဟုတ်ကြောင်း သူအမြဲခံစားမိပေသည်။

သို့ဖြစ်ရာ ဤည၌ ပြဿနာတစ်စုံတစ်ခုရှိလာမည်ကို သူစိုးရိမ်နေမိသည်။

အဆင့်မြင့်ဇိမ်ခံအခန်း၌...

ယဲ့ပိုင်သည် ပြင်သစ်ပုံစံဒီဇိုင်းဖော်ထားသော ပြတင်းပေါက်ရှေ့တွင်ရပ်နေခဲ့သည်။ကောင်းကင်ကြီးသည် လုံးဝအမှောင်ကျနေသည့်အတွက် သန့်ရှင်းသောပြတင်းပေါက်မှန်ရှေ့တွင် သူ၏ပုံရိပ်ကသာ ပေါ်လွင်ထင်ရှားနေခဲ့သည်။ညအချိန်သို့ရောက်လာပြီဖြစ်၍ လှပသောရှုခင်းများအစား သူ့ကိုယ်သူသာတွေ့မြင်ရတော့သည်။

ထို့နောက်ယဲ့ပိုင်သည် အခန်းအလယ်ရှိ ကော်ဖီစားပွဲဆီသို့ ဦးတည်လျှောက်လာခဲ့သည်။

သူသည် ပျော့ပျောင်းသော ဆိုဖာကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် မာကျောသောထိုင်ခုံပေါ်၌ထိုင်ရန်သာ ရွေးချယ်ခဲ့သည်။

ကော်ဖီစားပွဲပေါ်တွင်မူ ဝမ်အန်းမှလောလောလတ်လတ်သန့်စင်ထားခဲ့သည့် လက်ဖက်ရည်ခွက်၂ခုရှိနေခဲ့သည်။

လေထုထဲတွင် သင်းပျံ့သောလက်ဖက်ရည်ရနံ့က ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ယဲ့ပိုင်သည် ဆက်လက်၍လက်ဖက်ရည်ပြင်ဆင်လိုသော်လည်း တစ်နေကုန်အခန်းတွင်း၌ သူတစ်ယောက်သာရှိပေရာ လက်ဖက်ရည်သောက်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလှပေသည်။သူသည် ထိုင်ခုံပေါ်မှပြန်ရပ်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏အကြည့်များက အခန်းနံရံ၌ချိတ်ဆွဲထားသော မြင်းပန်းချီကားကို အမှတ်မထင်တွေ့မြင်သွားခဲ့သည်။

ထိုပန်းချီကားသည် အဖြူအမည်းဖြစ်ကာ မှင်ဖြင့်ရေးဆွဲထားခြင်းဖြစ်သည်။

မြင်းတွင်ခေါင်းရှစ်လုံးပါရှိပြီး အချို့သောခေါင်းများက အနီးအနားသို့စောင်းငဲ့နေကြသည်။အချို့သောခေါင်းများက တစ်နေရာသို့စိုက်ကြည့်နေကြပြီး မြင်းခွာများကိုကခုန်နေကြသည်။သူတို့သည် မီးရှူးတန်ဆောင်များအောက်၌ ပြေးလွှားနေခဲ့ကြပြီး သူတို့၏ခန္ဓာကိုယ်က ထွားကျိုင်းသန်မာလှပေသည်။

ထိုပန်းချီကားကို ပထမတချက်ကြည့်လိုက်ရုံဖြင့် လူများ၏အကြည့်ကို မှုန်ဝါးသွားစေနိုင်သည်။

သို့သော်လည်း ဤပန်းချီကားသည် နောက်မျိုးဆက်သစ်များ ပုံတူကူးထားသည့် ပန်းချီကားတစ်ချပ်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

အစစ်အမှန်ပန်းချီကားသည် သမိုင်းထဲ၌ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

သို့သော်လည်း ယဲ့ပိုင်၏စိတ်ထဲတွင် နားမလည်နိုင်သော အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ထိုနှစ်တွင် ကောင်းကင်ယံ၌ လေပြင်းနှင့်ဖုန်မှုန့်များသာ တိုက်ခတ်နေချိန်တွင် ယဲ့ပိုင်တစ်ယောက်တည်း မဟာတံတိုင်းအပြင်ဘက်သို့ ခရီးထွက်လာခဲ့သည်။သူသည် မဟာတံတိုင်း၏အပြင်ဘက်တွင် ဆင်းရဲသောတိုင်းရင်းသား အုပ်စုတစ်ခုကို တွေ့မြင်ခဲ့ရသည်။

သူတို့ထဲမှ မိသားစုတစ်ခုသည် အလွန်ပင်ဧည့်ဝတ်ကျေပွန်ပြီး ယဲ့ပိုင်ကို ဖိတ်ခေါ်ခဲ့ကာ အကောင်းဆုံးသောမြင်းနို့နှင့်ထောပတ်တို့အား ကျွေးမွေးခဲ့သည်။

ထိုနေ့က လူငယ်တစ်ယောက်သည် ယဲ့ပိုင်နှင့်အတူသောက်စားခဲ့သည်။

ထိုလူငယ်သည် အနည်းငယ်မူးယစ်နေကာ သူ၏ဆန္ဒကို ထုတ်ပြောခဲ့သည်။

"တစ်နေ့မှာ ကမ္ဘာကြီးက ငါ့ရဲ့ခြေထောက်အောက်မှာ တုန်လှုပ်ခြောက်ခြားစေရမယ်"

"တစ်နေ့မှာ ငါဟာမရေမတွက်နိုင်အောင် များပြားလှတဲ့လူတွေရဲ့ ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်"

"သဲမုန်တိုင်းတွေတောင်မှ ငါ့ရဲ့ခြေထောက်အောက်မှာ လက်မြှောက်အရှုံးပေးရလိမ့်မယ်"

သူ့မိဘများသည်ကား ခေါင်းကိုညင်သာစွာခါးယမ်းကာ သားဖြစ်သူက အရက်မူး၍ပေါက်တတ်ကရလျှောက်ပြောနေသည်ဟု မှတ်ယူသွားကြသည်။

လူငယ်သည်ကား ထိုအကြောင်းကိုသတိမပြုမိခဲ့ပေ။သူ၏အသံသည် လေးလံထိုင်းမှိုင်းနေကာ အရက်သောက်ပြီးနောက် သူ့မျက်နှာက နီရဲနေခဲ့သည်။

တစ်ဖက်တွင် ယဲ့ပိုင်ကပြုံး၍ စကားတစ်ခွန်းမှ မပြောခဲ့ပေ။

နောက်တစ်နေ့တွင် ရာသီဥတုပြန်လည်ကောင်းမွန်လာပြီး သဲမုန်တိုင်းက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ယဲ့ပိုင်ထွက်ခွာတော့မည့်အချိန်တွင် လူငယ်က ယဲ့ပိုင်သွားလာရလွယ်ကူစေရန် မြင်းတစ်ကောင်ကို ပေးအပ်ခဲ့သည်။အပြန်အလှန်အားဖြင့် ယဲ့ပိုင်သည် စုတ်တံနှင့်မြင်းပုံစံ မှင်ပန်းချီကားကိုရေးဆွဲကာ လူငယ်အားပေးအပ်ခဲ့သည်။ထို့နောက် ပန်းချီကား၌စာလုံး၄လုံးရေးထိုးခဲ့သည်။

"မျိုးဆက်တစ်ခု၏ ဂုဏ်ယူရသောကောင်းကင်သားတော်..."

ဆယ်စုနှစ်များစွာကြာပြီးနောက် ထိုလူငယ်သည် စတင်ကြီးပြင်းလာခဲ့သည်။သူသည် သူရဲကောင်းပီသပြီး မရေမတွက်နိုင်သော နယ်မြေများကိုသုတ်သင်ရှင်းလင်းခဲ့ကာ မဟာတံတိုင်းကြီးအား အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။သူသည် အမြင့်ဆုံးအာဏာကိုကိုင်စွဲ၍ သမိုင်းတလျှောက် ထင်ပေါ်ကျော်ကြားသူတစ်ယောက်ဖြစ်လာခဲ့သည်။

သူ၏အမည်မှာ ဘော်ရဂျန်တီရာမူဂျင်းဖြစ်ပြီး ကမ္ဘာကမူ သူ့အားဂျင်ဂျစ်ခန်ဟု သိထားကြသည်။

ယဲ့ပိုင်သည် သူ၏ကိုယ်ပိုင်ပန်းချီကားကို တုပရေးဆွဲထားသည့် မြင်းပန်းချီကားကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

ဂျင်ဂျစ်ခန်အား သူရေးသားပေးခဲ့သည့် မူလစကားလုံးလေးလုံးကို အခြားသူများက ငှါးယူခဲ့ပြီး နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ကျယ်ပြန့်စွာပြန့်နှံ့လာခဲ့သည်။

"မျိုးဆက်တစ်ခု၏ ဂုဏ်ယူရသောကောင်းကင်သားတော်ပင်လျှင် အချိန်မြစ်ရေစီးကြောင်း၏ တိုက်စားမှုဒဏ်ကို မခုခံနိုင်ခဲ့ဘူး..."

ယဲ့ပိုင်သည် ပန်းချီကားရှေ့တွင်ရပ်၍ တစ်နာရီကျော်ကြာ ပန်းချီကားကိုစိုက်ကြည့်နေခဲ့ပြီး ထိုစကားတစ်ခွန်းကိုသာ ပါးစပ်မှညင်သာစွာပြောဆိုလိုက်သည်။

သူ့မျက်လုံးများ၌ ထူးခြားချက်တစ်စုံတစ်ရာမရှိသော်လည်း သူ၏အသံက အနည်းငယ်ဝမ်းနည်းကြေကွဲနေခဲ့သည်။

ထို့နောက်ယဲ့ပိုင်သည် နောက်သို့လှည့်၍ သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သည့်စွမ်းအင်လှိုင်းတစ်ခုက အခန်းထဲ၌တိတ်တဆိတ်ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် နံရံပေါ်၌ချိတ်ဆွဲထားသော မြင်းပန်းချီကားသည် မီးလုံးများဖြင့် ဝါးမြိုခံလိုက်ရသကဲ့သို့ ၎င်းအားကာရံထားသည့်မှန်ချပ်များက မပျက်စီးဘဲ အတွင်းမှပန်းချီကားကသာ ပြာမှုန်များအဖြစ်ပြောင်းလဲသွားခဲ့ရသည်။

ယဲ့ပိုင်သည် အိပ်ခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။သို့သော်လည်း သူသည်အိပ်ပျော်နိုင်ခြင်းမရှိဘဲ အိပ်ခန်းပြတင်းပေါက်ဘောင်ကို လက်ဖြင့်မှီ၍ ပြတင်းပေါက်ကိုဖွင့်လှစ်လိုက်သည်။ထိုအခိုက်အတန့်တွင် အပြင်မှတိုက်ခတ်လာသည့်လေနုအေးများက သူ၏ဆံပင်ကို တဖျတ်ဖျတ်လွှင့်မျောနေစေခဲ့သည်။

ဗုံး...

ထိုညသည် သာယာအေးချမ်းခြင်းမရှိခဲ့ပေ။ညအချိန်နီးကပ်လာသည်နှင့် ရွှေခေတ်ဟိုတယ်၏အပြင်ဘက်၌ ဆူညံသံများ ပြင်းပြင်းထန်ထန်ပင် ထွက်ပေါ်လာလေ့ရှိသည်။

တစ်ချိန်တည်းမှာပင် အော်ဟစ်သံများ ငြီးတွားသံများကလည်း ရံဖန်ရံခါထွက်ပေါ်လာလျက်ရှိသည်။

သို့သော်လည်း ထိုအသံများသည် ယဲ့ပိုင်၏စိတ်ခံစားချက်ကို လုံးဝမထိခိုက်စေခဲ့ပေ။

သူသည် တစ်ကိုယ်တည်းအထီးကျန်ဆန်နေပုံရကာ ပတ်ဝန်းကျင်အား ဆက်လက်ဂရုမစိုက်တော့ဘဲ လွှတ်ထားလိုက်ပုံရသည်။

...

နောက်တစ်နေ့...

အရှေ့အရပ်မှနေထွက်လာပြီး အမှောင်ထုကိုတွန်းပို့ကာ Qမြို့တော်တစ်ခုလုံးအား အလင်းဆောင်စေခဲ့သည်။

တစ်ညတာမိုးရွာသွန်းပြီးနောက်တွင်...

Qမြို့တော်၏ ခေါင်မိုးများပေါ်ရှိ နှင်းများသည်တိတ်ဆိတ်စွာဖြင့် အရည်ပျော်ကျလာခဲ့သည်။

သို့သော်လည်း အဆောက်အဦးများစွာ၏ထိပ်၌ တွဲကျနေသော ရေခဲချွန်များက အအေးဓာတ်သည်မည်မျှ ပြင်းထန်ခဲ့ကြောင်းဖော်ပြေနေခဲ့သည်။

အောက်ခြေ၌ဖြတ်သွားနေကြသည့် လမ်းသွားလမ်းလာများသည် သူတို့၏ဦးခေါင်းပေါ်၌ ချွန်ထက်သောဓားတစ်လက် အုပ်မိုးထားကြောင်း သတိမထားမိခဲ့ပေ။

မှန်ပြတင်းပေါက်မှ ကျဆင်းလာသည့်နေရောင်သည် ယဲ့ပိုင်၏ဝတ်စုံကို စတင်ထိတွေ့မိချိန်တွင် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်ရွေ့လျားသွားခဲ့ကာ အိပ်ခန်းအပြင်ဘက်ရှိ ခန်းမထံလျှောက်သွားခဲ့သည်။ဤအခိုက်အတန့်တွင် ယဲ့ပိုင်၏ပုံစံသည် သာမန်လူတစ်ယောက်လို မထူးခြားသည့်ဟန်ပန်ကို ပေါ်လွင်နေစေခဲ့သည်။

သူသည် ဧည့်ခန်းရှိ ပြင်သစ်ပုံစံဒီဇိုင်းဖော်ထားသော ပြတင်းပေါက်ရှေ့၌ရပ်လိုက်ချိန်တွင် အဆင့်မြင့်ဇိမ်ခံအခန်း၏ တံခါးကရုတ်တရက်ပွင့်လာခဲ့သည်။

ဝမ်အန်းသည် အခန်းထဲသို့ ရုတ်တရက်ဝင်ရောက်လာပြီး ယဲ့ပိုင်၏ရှေ့သို့ရောက်ရှိချိန်တွင် ဦးညွတ်၍အရိုအသေပေးလိုက်သည်။သူ၏အသွင်အပြင်သည် ပင်ပန်းနေသည့်လူအိုကြီးတစ်ယောက်အသွင်ဆောင်နေသော်လည်း သူ၏မျက်လုံးများကမူ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေခဲ့သည်။

သူသည် ယဲ့ပိုင်၏အနားသို့ရောက်ချိန်တွင် ဦးညွတ်လိုက်ပြီးနောက် တိတ်ဆိတ်နေသောလေထုကို ချိုးဖျက်လိုက်သည်။

"သခင်...ညကပြသနာလာရှာတဲ့ကောင်တွေရှိတယ်...ဒါပေမဲ့ခုတော့ အကုန်လုံးကိုဖြေရှင်းပြီးသွားပါပြီ...Qမြို့တော်ထဲကိုလည်း လူတွေအများကြီးစေလွှတ်ပြီး စီစဉ်သင့်တာစီစဉ်ထားပါတယ်"

"အင်း..."

ယဲ့ပိုင်သည် အရာအားလုံးကိုဂရုမစိုက်သည့်လေသံဖြင့် ခပ်တိုတိုပြန်ပြောလိုက်သည်။ဝမ်အန်းသည် သူ့အနားကပ်လာချိန်တွင် သူသည်သင်းပျံ့သည့် သွေးရနံ့ကို မသိမသာခံစားလိုက်ရသည်။

"သခင်...ဒီနေ့ငါတို့..."

ဝမ်အန်းက တုံ့ဆိုင်းနေသည့်လေသံဖြင့် ဆက်ပြောခဲ့သည်။

"မင်း ဒဏ်ရာတွေရထားလား..."

ယဲ့ပိုင်က စကားဖြတ်၍မေးလိုက်သည်။

"ဒဏ်ရာကအသေးအမွှားလေးပါ...ဒီအစေခံအိုကြီးက ရက်နည်းနည်းလောက်နားလိုက်ရင် ပြန်ကောင်းလာမှာပါ"

ဝမ်အန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

"ကျောက်မိသားစုလား..."

ယဲ့ပိုင်က ထူးခြားမှုမရှိသည့်လေသံဖြင့် မေးမြန်းလိုက်သည်။

"အမှန်ပဲ...သခင်"

ဝမ်အန်းက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများ၌ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို ထပ်မံ၍ဖုံးကွယ်ထားခြင်းမရှိတော့ပေ။

ရိုးရိုးသားသားပြောရမည်ဆိုပါက မနေ့ညကဖြစ်ပျက်ခဲ့သော ကိစ္စများသည် အလွန်များပြားပေသည်။ဝမ်အန်းကိုယ်တိုင်တောင်မှ ယခုလောက်ထိ မမျှော်လင့်ထားခဲ့ပေ။

ကျောက်ခွန်သည် သတိပြန်ရလာပြီး အခြေအနေကောင်းမွန်လာပြီးနောက် သက်ရှည်ဘုရားကျောင်း၌ ကြုံတွေ့ခဲ့သည်တို့အား ကျောက်ပိုင်ရှန်ကို ပြန်၍ပြောပြခဲ့သည်။

သခင်ပြန်လာသည့်သတင်းကို ရရှိထားသော်လည်း ကျောက်ပိုင်ရှန်သည် တောင်းပန်ရန်မပြုလုပ်ခဲ့ပေ။ထို့အပြင် ညအချိန်၌ သူ့အားတိုက်ခိုက်ရန်အတွက် လူများကိုလှိုင်းလုံးသဖွယ်စေလွှတ်ခဲ့သည်။ဤသည်မှာ ခွင့်လွှတ်နိုင်စရာကိစ္စမဟုတ်ပေ။

မနေ့ညက ယဲ့ပိုင်ကသာ သူ့အားအနားယူခိုင်းခဲ့၍မဟုတ်ပါက ဝမ်အန်းသည် ကျောက်မိသားစုတစ်ခုလုံးကို ညတွင်းချင်းနင်းခြေဖျက်ဆီးပစ်မည်ဖြစ်သည်။

ဝမ်အန်းသည် ထိုအကြောင်းကိုတွေးလေလေ ပိုမိုဒေါသထွက်လာလေလေဖြစ်သည်။ထိုအခိုက်အတန့်တွင် သူ၏နှုတ်ခမ်းများက တဆတဆတ်တုန်ရီနေသော်လည်း ဘာဆက်ပြောရမှန်းမသိခဲ့ပေ။

လေထုသည် တိတ်ဆိတ်ငြိမ်သက်နေပြီး နောက်ထပ်နာရီဝက်ကြာပြီးနောက်တွင်..

"ကျောက်အိမ်ကိုသွား..."

ယဲ့ပိုင်၏အသံသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ယဲ့ပိုင်၏နောက်တွင်ရပ်နေသောဝမ်အန်းသည် ပြင်းထန်စွာတုန်လှုပ်သွားကာ သူ၏ခနော်ခနဲ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းဖြောင့်စင်းလာခဲ့သည်။

All Chapters