လမင်းနက်နဲသိမ်မွေ့နယ်ပယ်... ဒါအကုန်ပဲလား
Vol. 2 Ch. 19
ဆံနီမိစ္ဆာအိုကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ရွှမ်ယွမ်ဟုန်နှင့်တခြားလူများသည် သူ့ကို ပူးပေါင်းရင်ဆိုင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။
သို့သော်...
သူတို့အားလုံး အံ့အားသင့်သွားကြသည်။ သူတို့သည် သူတို့၏ စုပေါင်းအင်အားကို အလွန်အထင်ကြီးခဲ့မိပေ၏။
လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏စွမ်းအားကိုလည်း သူတို့ လျှော့တွက်ခဲ့မိကြသည်။
သူတို့၏တိုက်ခိုက်မှုနှင့် ဆံနီမိစ္ဆာအိုကြီး၏ ဓားချက် နီးကပ်လာသည်နှင့်အမျှ လမင်းနက်နဲသိမ်မွေ့နယ်ပယ်သည် ပြိုင်ဘက်ကင်းကြောင်း သူတို့ ခံစားလိုက်ရသည်။
ရွှမ်ယွမ်ဟုန်နှင့်ဆံနီမိစ္ဆာအိုကြီးတို့သည် နယ်ပယ်တစ်ခုတည်း ကွာခြားသည်ဟု ထင်ရသော်လည်း ဤကွာဟချက်ကို အရေအတွက်သက်သက်ဖြင့် ဖြည့်ဆည်း၍ မရနိုင်ချေ။
ဤဓားချက်သည် ရွှမ်ယွမ်ဟုန်နှင့်တခြားသူများ၏ တိုက်ခိုက်မှုများကို လွယ်လင့်တကူ ချေမှုန်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤတားဆီးမှုသည် ဓားချက်၏စွမ်းအားကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။
ထိုသို့ဆိုသည့်တိုင် ရွှမ်ယွမ်ဟုန်နှင့်တခြားသူများသည် ဓားချက်၏လက်ကျန်အရှိန်အဝါကြောင့် နောက်သို့လွင့်ထွက်သွားကြသည်။
သူတို့၏ပါးစပ်များမှ သွေးများ အန်ထုတ်လာကာ နောက်ဘက်ရှိ တောင်နံရံကို ဝင်တိုက်မိပြီး ကြီးမားသော တွင်းပေါက်ဆယ်ခုကျော် ဖြစ်ပေါ်သွားသည်။ သူတို့သည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။
"ဟမ့်...."
"ပိုးစုန်းကြူးလောက် အလင်းရောင်လေးက လမင်းရဲ့ တောက်ပမှုကို ယှဉ်ပြိုင်ဖို့ ကြိုးစားရဲတယ်ပေါ့"
မိုးကောင်းကင်ယံထက်တွင်ရှိနေသော ဆံနီမိစ္ဆာအိုကြီး၏မျက်လုံးများ အထင်သေးမှုဖြင့် တောက်ပသွားသည်။
"မင်းတို့ ရှန်ကျန်းဂိုဏ်းက အမှိုက်ကောင်တွေက ငါ့ကို တားဆီးရဲတယ်ပေါ့....မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
"နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်... ကျုံးချင်ကို ငါ့ရဲ့လက်ထဲ အပ်လိုက်စမ်း"
"ဆံနီမိစ္ဆာအိုကြီး...အိပ်မက်မက်မနေနဲ့တော့"
ရွှမ်ယွမ်ဟုန်သည် မတ်တတ်ရပ်ရန် ရုန်းကန်နေရင်း သွေးတစ်လုတ် ထွေးထုတ်ကာ ပြောဆိုလိုက်သည်။
"လူတစ်ယောက်က သူ့ရဲ့မာနအတွက် တိုက်ပွဲဝင်သလို သစ်ပင်တစ်ပင်ကလည်း ကြီးပြင်းလာဖို့အတွက် တိုက်ပွဲဝင်ရတယ်....ငါတို့က လူကို မင်းရဲ့လက်ထဲ မအပ်နိုင်သလို မင်းလည်း ကျုံးချင်ကို ရှာတွေ့မှာ မဟုတ်ဘူး"
"ကောင်းပြီလေ...မင်းတို့က ခေါင်းမာနေမှတော့ ငါက မင်းတို့ကို အရင်သတ်မယ်.... ပြီးရင် ရှန်ကျန်းဂိုဏ်းကို ဖျက်ဆီးမယ်.... ပြီးမှ ငါက ကျုံးချင်ကို ဖြည်းဖြည်းချင်း ရှာတာပေါ့"
ဆံနီမိစ္ဆာအိုကြီး၏မျက်လုံးများ ဒေါသကြောင့် စူးရှတောက်ပသွားသည်။
သူ၏လက်ထဲရှိ ဓားရှည်သည် နက်နဲသိမ်မွေ့သော စွမ်းအားများများဖြင့် ဖုံးလွှမ်းနေပြီး လေထုထဲတွင် ပျံ့နှံ့နေသော အနက်ရောင်မြူခိုးများသည် အလွန်ထူထပ်သိပ်သည်းနေပေ၏။
"အားလုံးပဲ.... သူ့ရဲ့ဓားချက်ကို ထပ်ပြီးရင်ဆိုင်ကြစို့"
ရွှမ်ယွမ်ဟုန်သည် မိုးကောင်းကင်ယံပေါ်ရှိ ဆံနီမိစ္ဆာအိုကြီးကို စူးစိုက်ကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့"
တောင်သခင်များနှင့် အကြီးအကဲများအားလုံး ရှေ့သို့တက်လှမ်းလာကြပြီး သူတို့၏မျက်နှာများပေါ်တွင် အလွန်တည်ကြည်လေးနက်သော အမူအယာများ ထင်ဟပ်နေသည်။
အကြောင်းအရင်းမှာ ဆံနီမိစ္ဆာအိုကြီး၏ နောက်ထပ်တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုထက် ပို၍ပြင်းထန်မည်မှာ သေချာသောကြောင့်ပင်။
သို့သော်.....
လူများအားလုံး တိုက်ခိုက်ရန် ဟန်ပြင်နေစဉ်မှာပင် ရွှမ်ယွမ်ဟုန်၏နံဘေး၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"အားလုံးပဲ..ဒီတိုက်ခိုက်မှုကို ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်"
ထိုအသံကို ကြားသည်နှင့် ရွှမ်ယွမ်ဟုန်က အလျင်အမြန် လှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျုံးချင်သည် သူ၏ဘေးနားတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"မင်း... ကျုံးချင်... မင်း ဘယ်တုန်းက ရောက်နေတာလဲ"
ရွှမ်ယွမ်ဟုန်က အံ့အားတသင့် မေးမြန်းသည်။
"တတိယအကြီးအကဲဆီက သတင်းရရချင်း ချက်ချင်းလာခဲ့တာပါ"
ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"မင်း...."
ရွှမ်ယွမ်ဟုန် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။
"သတင်းစကားထဲမှာ မင်းကို ထွက်သွားဖို့ ပြောမထားဘူးလား"
"ဒီကိစ္စက ကျွန်တော့်ကြောင့် ဖြစ်ရတာပါ.... ဒါကြောင့် ကျွန်တော့်ရဲ့ပြဿနာကို ဖြေရှင်းဖို့ ဂိုဏ်းချုပ်တို့ကို ဒုက္ခပေးပိုင်ခွင့် မရှိပါဘူး"
ကျုံးချင်က တည်ငြိမ်အေးဆေးသော အပြုံးဖြင့် ပြောဆိုသည်။
ဤအကြောင်းအရင်းများကြောင့်လည်း အမှိုက်နှောင်ကြိုးလုပ်ဆောင်ချက် အသက်ဝင်လာပြီးနောက်တွင်ပင် သူ ရှန်ကျန်းဂိုဏ်းမှ ထွက်မသွားခဲ့ခြင်း ဖြစ်သည်။
သွမ်ဖုန်းက သူ့ကို အနိုင်ကျင့်ခဲ့သည်မှလွဲ၍ တခြားအကြီးအကဲများနှင့် တောင်သခင်များသည် သူ့အပေါ်သို့ မည်သည့်အရာမျှ အလွန်အကျွံ မလုပ်ခဲ့ကြဖူးချေ။ အထူးသဖြင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် တောင်အောက်သို့ ဆင်းသည့်လမ်းတွင် တွေ့ဆုံတိုင်း သူ့ကို ဂရုစိုက်ကြောင်း ပြသလေ့ရှိသည်။
ဤဂိုဏ်းသည် အရွယ်အစား သေးငယ်ကာ အရှေ့ပိုင်းဒေသတွင် ဒုတိယတန်းစားအဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။
သို့ရာတွင် သူသည် ဤဂိုဏ်းအပေါ် သံယောဇဉ် ရှိနေဆဲပင်။
အထူးသဖြင့် ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စများက ကျုံးချင်၏ဆုံးဖြတ်ချက်ကို လုံးဝခိုင်မာသွားစေခဲ့သည်။
"ဒါပေမယ့်... ဒါပေမယ့် သူက လမင်းနက်နဲသိမ်မွေ့နယ်ပယ်မှာ ရှိနေတာ...ငါတို့တွေက လူများရင်တောင် သူ့ကို တားဆီးနိုင်ချင်မှ တားဆီးနိုင်လိမ့်မယ်"
ရွှမ်ယွမ်ဟုန်က အနည်းငယ် တွေဝေစွာဖြင့် မေးမြန်းလိုက်သည်။
"မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီး သူ့ကို တားဆီးမှာလဲ"
"ဒါက လမင်းနက်နဲသိမ်မွေ့နယ်ပယ်လောက်ပဲလေ...ဒါအကုန်ပဲမလား...ဂိုဏ်းချုပ် ခင်ဗျားက အရမ်း တွေးပူနေတာပဲ"
"လမင်း... လမင်းနက်နဲသိမ်မွေ့နယ်ပယ်... ဒါအကုန်ပဲလို့ ပြောလိုက်တာလား"
ရွှမ်ယွမ်ဟုန်နှင့်တခြားလူများ ကျုံးချင်ကို ကြောင်ကြည့်နေကြသည်။
ကျုံးချင် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လက်နောက်ပစ်ပြီး ရှေ့သို့ ထွက်လိုက်ကာ လေထုထဲတွင်ရှိနေပြီး မောက်မာနေသော ဆံနီမိစ္ဆာအိုကြီးကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
“ဆံနီမိစ္ဆာအိုကြီး... ငါက ကျုံးချင်ပဲ... ငါက မင်းရဲ့တပည့် ရွှီခွမ်းကို သတ်ခဲ့တဲ့သူပဲ”
"မင်းက ငါ့ကို သတ်ချင်တာလား... ဒါဆို အမြန်ဆုံး လာခဲ့လိုက်လေ"
ဆံနီမိစ္ဆာအိုကြီးကို ကြည့်ရင်း ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုသည်။
"ဒါဆိုရင် မင်းက ကျုံးချင်ပေါ့"
ဆံနီမိစ္ဆာအိုကြီးက ကျုံးချင်ကို စူးစိုက်၍ ကြည့်လိုက်၏။ သူ၏တပည့်ကို သတ်ခဲ့သော လူသတ်သမားကို မြင်လိုက်ရချိန်တွင် ဆံနီမိစ္ဆာအိုကြီး၏ မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး သူ၏သွေးနီရောင်မျက်လုံးများ ပြူးကျယ်လာကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ... သားရဲကောင်လေး မင်းဘာသာမင်း ထွက်လာရဲလိမ့်မယ်လို့ ငါ ထင်ထားခဲ့ဘူး"
"ဒါဆိုရင် မင်းက ငါ့ရဲ့တပည့်နဲ့အတူ မြေမြှုပ်ခံရမယ်"
ပြင်းထန်သော လေပြင်းတစ်ရပ်သည် မိုးကောင်းကင်ယံအနှံ့ တိုက်ခတ်လာပြီး ဆံနီမိစ္ဆာအိုကြီးကို ဗဟိုပြု၍ ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
ဤမုန်တိုင်းနှင့် သူ၏ ကိုယ်ပိုင်အနက်ရောင် မြူခိုးများ ပေါင်းစပ်ကာ လောကကြီးပျက်သုဥ်းသကဲ့သို့ တိုက်ခတ်လာသည်။ ထိုအားလှိုင်းသည် အဆောက်အအုံများမှစ၍ ကျောက်တုံးများအထိ လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးလိုက်၏။
မုန်တိုင်းကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာများနှင့်မိစ္ဆာများ ရံဖန်ရံခါ ထွက်ပေါ်လာပြီး ကျောချမ်းသွားစေနိုင်သော အော်သံများကို ထုတ်လွှတ်နေသည်။
"ဟူး.. ကြောက်စရာ ကောင်းလိုက်တာ"
ဤမုန်တိုင်းကို မြင်လိုက်ရချိန်၌ ရွှမ်ယွမ်ဟုန်နှင့်တခြားလူများ၏ ခြေထောက်များ ပျော့ခွေသွားသည်။
ဤသည်က လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ အစစ်အမှန်စွမ်းအား ဖြစ်သလော....
ရွှမ်ယွမ်ဟုန်ကိုယ်တိုင်ပင် ဤမုန်တိုင်းထဲ မျောပါသွားလျှင် သူ နေရာတွင်ပင် သေဆုံးသွားမည်ဟု အတပ်သိနေသည်။
ဤသည်မှာ သူတို့၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။
သူတို့သည် သူတို့၏ရှေ့ရှိ ကျုံးချင်ဘက်သို့ အကြည့်လွှဲလိုက်ကြ၏။
ဆံနီမိစ္ဆာအိုကြီးကို တားဆီးရန် သူ မည်သည့်အရာအား အသုံးပြုနိုင်မည်နည်း.....
သူတို့အားလုံး ထိတ်လန့်နေသော အချိန်အခိုက်အတန့်တွင် ဆံနီမိစ္ဆာအိုကြီးက လှုပ်ရှားလိုက်သည်။
သူသည် ပြင်းထန်သော မုန်တိုင်းကို သယ်ဆောင်လာပြီး အငြိုးကြီးစိတ်ဝိညာဉ်များနှင့် မိစ္ဆာများ ဝန်းရံထားသော ဓားရှည်ကိုမြှောက်ကာ ကျုံးချင်ထံသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်၏။
သူ ဓားမြှောက်လိုက်ချိန်တွင် မုန်တိုင်းတစ်ခု အနီးကပ် လိုက်ပါလာသည်။
သဲများနှင့်ကျောက်တုံးများ နေရာအနှံ့အပြား၌ ပျံ့လွင့်နေပြီး အလွန်အမင်းပြင်းထန်သည်။
ဤဓားချက်တွင် ဆံနီမိစ္ဆာအိုကြီး၏ဒေါသကို သယ်ဆောင်လာသည်။
သို့သော်....
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ ကျုံးချင်သည် သူ၏လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ရုံသာ ဖြစ်သည်။
ထို့နောက်....
သူသည် လက်ညှိုးတစ်ချောင်း ထောင်လိုက်ကာ မုန်တိုင်းထဲတွင်ရှိနေသော ဆံနီမိစ္ဆာအိုကြီးအပေါ်သို့ ညင်သာစွာ ဖိချလိုက်၏။
ရုတ်ချည်းဆိုသလိုပင်...
မုန်တိုင်း ပျောက်ကွယ်သွားပြီး သရဲတစ္ဆေ ပုံရိပ်များနှင့်မိစ္ဆာပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားသည်။
"ဘ... ဘာလဲ"
ဆံနီမိစ္ဆာအိုကြီး၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ထိုလက်ညှိုးတစ်ချောင်းတည်းဖြင့် တိုက်ခိုက်မှုတွင် ပါဝင်သော စွမ်းအားသည် သူ့အား လောကကြီးတစ်ခုလုံးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေပြီး ပြိုင်ဘက်ကင်းနေသည်။ သူ၏လက်ထဲရှိ ဓားရှည်ပင်လျှင် ဖြည်းညှင်းစွာ အငွေ့ပျံလာပေ၏။
"ဟင့်အင်း... မလုပ်ပါနဲ့..."
ထိုလက်ညှိုးသည် လုံးလုံးလျားလျား ဖိနှိပ်လိုက်သည်နှင့်အမျှ ဆံနီမိစ္ဆာအိုကြီး၏ မယုံကြည်နိုင်သော နောက်ဆုံးအော်သံနှင့်အတူ သူနှင့်သူ၏ဓားသည် အငွေ့ပျံသွားပြီး မည်သည့်အရာမျှမရှိသည့်အဖြစ်သို့ ပြောင်းလဲသွားသည်။
အချိန်အတော်ကြာပြီးနောက်...
မိုးကောင်းကင်ယံတွင် ပျံ့နှံ့နေသော တိုက်ပွဲ စွမ်းအင်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သို့သော်.....
ရွှမ်ယွမ်ဟုန် အပါအဝင် ကျုံးချင်၏နောက်တွင်ရှိနေသော လူများအားလုံးသည် ပါးစပ်အဟောင်းသားဖြင့် မတ်တတ်ရပ်နေကြ၏။ သူတို့သည် ကျောက်ရုပ်ဖြစ်သွားသည့်အလား တောင့်တင်းသွားကာ သူတို့၏စိတ်နှလုံးသားများသည် အချိန်အတော်ကြာသည်အထိ ငြိမ်သက်မှု မရနိုင် ဖြစ်နေကြသည်။
သူတို့ မည်သည့်အရာကို မြင်လိုက်ရသနည်း....
လမင်းနက်နဲသိမ်မွေ့နယ်ပယ်ရှိ ဆံနီမိစ္ဆာအိုကြီးကို ကျုံးချင်က လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်လိုက်သလော...
ထို့ပြင် ဆံချည်တစ်မျှင်ပင် မကျန်ခဲ့သလော...
အချိန်တခဏကြာသည်အထိ လူများအားလုံးသည် ကျုံးချင်ကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြည့်နေကြ၏။
"မင်း... မင်း... မင်း... မင်း..."
ရွှမ်ယွမ်ဟုန်သည် ကျုံးချင်ကို လက်ညှိုးထိုးပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်နေသည်။
သူ၏နောက်ရှိ အကြီးအကဲများနှင့် တောင်သခင်များသည်လည်း အခြေအနေ သိပ်မထူးခြားချေ။
ကျုံးချင်၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားပြီး သူတို့သည် သူ့ကို လုံလောက်အောင် အထင်ကြီးထားပြီဟု တွေးထင်ခဲ့ကြသည်။ ကျုံးချင်၏အပြုအမူသည် သူတို့၏ခံယူချက်များကို အကြိမ်ကြိမ် စိန်ခေါ်နေသည်။
လူများအားလုံး၏အမူအယာများကို မြင်လိုက်ရချိန်၌ ကျုံးချင်သည် သူ၏နှာခေါင်းကို ပွတ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးမပြဘဲ မနေနိုင်တော့ချေ။
"ဟေ့ကောင်လေး... မင်းက လူလား သရဲလား" နောက်ဆုံးတွင် အနည်းငယ်ပြန်လည်အသိဝင်လာသော ရွှမ်ယွမ်ဟုန်က သူ့ကို စိုက်ကြည့်ရင်း ပြောဆိုလိုက်၏။
"မင်းက မင်းရဲ့စွမ်းအားကို ကောင်းကောင်းကြီး ဖုံးကွယ်ထားတာပဲ... မင်း ဒီလောက်ထိ အစွမ်းထက်နေတာကို အရင်တုန်းက ဘာလို့ အသုံးမကျတဲ့ အမှိုက်တစ်စလို ဟန်ဆောင်နေရတာလဲ မင်း တကယ်ပဲကွာ..."
"ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိပါဘူး ဂိုဏ်းချုပ်"
ကျုံးချင် မရယ်ဘဲ မနေနိုင်တော့ပေ။ သေချာသည်မှာ စနစ်အကြောင်း အသေးစိတ်များကို သူ ထုတ်ဖော်ပြောပြ၍ မရသဖြင့် ဆင်ခြေပေးရုံသာ တတ်နိုင်သည်။
"ကျင့်ကြံခြင်းလောကက လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ ပြည့်နှက်နေတာလေ....ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတော့ ကျင့်ကြံဆင့်ကို နည်းနည်းလောက် ဖုံးကွယ်ထားဖို့ လိုအပ်တာပေါ့"