ဂါဝရပြုခြင်း
Vol. 3 Ch. 33
ရွှေခေတ်ဟိုတယ်မှ သာမန်အခန်းတစ်ခုတွင်ဖြစ်သည်။
သခင်လေးဝူသည် အခန်းတံခါးကိုသော့ခတ်ထားပြီး စောင်ကိုက်၍ အခန်းဗီရိုထဲတွင် ပုန်းအောင်းနေခဲ့သည်။သူ၏မျက်နှာသည်ကား ဖြူဖျော့နေခဲ့သည်။
"အဖေ...တစ်ခုခုတော့ဖြစ်နေပြီ...တစ်ခုခုတော့ကြီးကြီးမားမားဖြစ်နေပြီ...မင်းငါ့ကိုကယ်မှရမယ်...မနေ့ညကဒီမှာမတော်တဆမှုတစ်ခု ကြီးကြီးမားမားဖြစ်ပျက်သွားခဲ့တယ်...ငါသေနတ်သံတွေအများကြီးကြားခဲ့ရတယ်...သေတဲ့လူတွေလည်းအများကြီးပဲ..."
သခင်လေးဝူသည် ဖုန်းကိုင်၍စကားပြောနေချိန်၌ သူ၏လေသံကတုန်ယင်နေခဲ့သည်။
"အသေးအမွှားကိစ္စလေးတွေကို လုပ်ခွင့်ပေးလိုက်တာတောင်မှ ဘာကြောင့်ဒုက္ခရောက်နေရတာလဲ...မင်းကဒါလေးတောင်မလုပ်နိုင်လောက်တဲ့ထိ အသုံးမဝင်ဖြစ်နေတာလား...မင်းလိုအသုံးမကျတဲ့သူမျိုး ဘယ်မှာရှိသေးလဲ"
ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည့်အသံသည် အလွန်အေးစက်ကာ ဒေါသအလွန်ထွက်နေပုံရသည်။
"အဖေ...နားထောင်အုံး...ငါပြောတာတစ်ခုမှအမှားမပါဘူး...ဒါကကောင်လေးတစ်ယောက်ပဲ...သူနဲ့ကျောက်မိသားစုကြားမှာ ပြသနာတစ်ခုခုရှိနေတယ်ဆိုတာ ငါတပ်အပ်ပြောရဲတယ်...Qမြို့တော်က အပြောင်းအလဲကြီးတစ်ခုဖြစ်တော့မယ်...သူတို့ကရွှေခေတ်ဟိုတယ်တစ်ခုလုံးကို အပြင်ကဝိုင်းပြီးပိတ်ဆို့ထားတဲ့အတွက် ငါအပြင်ကိုထွက်ဖို့အဆင်မပြေဘူး...အဖေ...ငါ့ကိုကယ်တင်ပေးမဲ့သူတစ်ယောက်လောက် လွှတ်ပေးပါ...ငါတကယ်မလိမ်ဘူး...ဒီတစ်ခါတော့ ငါ့ကိုယုံရမယ် အဖေ"
သခင်လေးဝူသည် ငိုသံဖြင့် အလောတကြီးပြောဆိုလိုက်သည်။
မနေ့ညက သူသည် ထိခိုက်မှုမရှိခဲ့သော်လည်း အခန်းထဲ၌ တစ်ညလုံးပုန်းအောင်းရင်း ခံစားနေရသည့် စိတ်ပိုင်းဆိုင်ရာညဉ်းပန်းနှိပ်စက်မှုက အလွန်ပင်ဆိုးရွားလှပေသည်။
သူသည် ငယ်စဉ်ကပင် ယခုအချိန်ထိ တောက်ပ၍ပူနွေးသော နေရောင်ခြည်အောက်၌ ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာခဲ့သူဖြစ်ရာ ယခုဖြစ်ရပ်က သူ့အတွက်နှိပ်စက်ခံနေရသည်နှင့် မခြားလှပေ။
သူသည် ယခုလိုအမှောင်ထုကို တစ်ခါမှမကြုံတွေ့ဖူးပေ။ယခုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ လွန်စွာမှနောင်တရနေခဲ့သည်။မနေ့ကပင် ဟိုတယ်တစ်ခုလုံး ရှင်းလင်းရေးလုပ်ဆောင်စဉ်က သူအဘယ်ကြောင့် မနာခံခဲ့ရသနည်း။ယခုအချိန်တွင် သူထွက်သွားချင်သည်ဆိုလျှင်တောင်မှ ထွက်သွားရန် မဖြစ်နိုင်တော့ပေ။
"ဖေဖေ...ကျေးဇူးပြုပြီးတော့ ကယ်ပါအုံး..."
သခင်လေးဝူက အားကိုးတကြီးတောင်းဆိုလိုက်သော်လည်း တစ်ဖက်မှနေ၍ ဖြေဆိုသံထွက်မလာခဲ့ပေ။
သခင်လေးဝူသည် တုန်ရီနေသောလက်များဖြင့် ဖုန်းကိုစစ်ဆေးကြည့်လိုက်ရာ တစ်ဖက်မှဖုန်းချသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"သေစမ်း..."
တစ်ဖက်မှဖုန်းချသွားကြောင်း သတိပြုမိလိုက်ချိန်တွင် သခင်လေးဝူ၏မျက်နှာသည် ရှုံ့မဲ့သွားပြီး ဖုန်းအားမြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် သခင်လေးဝူသည် စိတ်ပျက်အားငယ်စွာဖြင့် သတ္တိကိုစုစည်းလိုက်ကာ အဝတ်အစားများကို အမြန်ကောက်ဝတ်လိုက်သည်။သူသည် အလောင်းအစားပြုလုပ်ကာ ဟိုတယ်မှ တိတ်တဆိတ်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ထိုသို့မဟုတ်ပါက သူသည် ရူးသွပ်သွားမှာသေချာပေသည်။
...
အဆင့်မြင့်ဇိမ်ခံခန်း...
ယဲ့ပိုင်သည် ကျောက်အိမ်သို့သွား ဟူသောစကားကြောင့် ဝမ်အန်း၏နှလုံးသားက ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။
"ဟုတ်ကဲ့...သခင်...ငါခုချက်ချင်းသွားလိုက်မယ်...အရမ်းစိတ်မပူပါနဲ့...နာရီဝက်အတွင်း ငါကိုယ်တိုင် ကျောက်ပိုင်ရှန်ကို သခင့်ရှေ့အရောက် သီးသန့်ခေါ်ဆောင်လာပေးပါမယ်"
ဝမ်အန်း၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်လာခဲ့ကာ ယဲ့ပိုင်အား အာမခံစကားဆိုလိုက်သည်။
ထိုစကားကိုပြောပြီးနောက်တွင် ဝမ်အန်းသည် နောက်ထပ်တစ်ကြိမ်အရိုအသေပေးလိုက်ရာ လေးလေးစားစားဖြင့် နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူခြေလှမ်းမလှမ်းရသေးမှီ ယဲ့ပိုင်ထံမှ အသံထွက်ပေါ်လာခဲ့သည်။
"ငါကိုယ်တိုင် ကျောက်အိမ်ကိုသွားလိုက်မယ်"
ဘာ...
ထိုစကားကိုကြားချိန်၌ ဝမ်အန်း၏ခန္ဓာကိုယ်က ချက်ချင်းရပ်တန့်သွားခဲ့ကာ သူ၏မျက်လုံးများကလည်း ချက်ချင်းပြူးကျယ်သွားခဲ့သည်။
"သခင်...မင်းကိုယ်မင်း ဒီလိုအဆင့်ကိုရောက်တဲ့အထိ ဘာလို့နှိမ့်ချနေမှာလဲ...သခင့်အတွက်ဆိုရင် ဒီအစေခံအိုကြီးက အစွမ်းကုန်လုပ်ဆောင်သွားပါမယ်...ဒါ့ပြင် ကျောက်မိသားစုက နှစ်တွေအတော်ကြာတည်ရှိလာခဲ့တဲ့အတွက် ဒီနေ့ခေတ်စွမ်းအားမြင့်လက်နက်တွေ အများကြီးပြင်ဆင်ထားမှာသေချာတယ်...သခင် မင်းကိုယ်မင်း အန္တာရယ်ကျရောက်အောင် မလုပ်ဆောင်သင့်ဘူး"
ဝမ်အန်း၏အသံသည် ချက်ချင်းတုန်ခါသွားခဲ့ကာ ယဲ့ပိုင်အားဖျောင်းဖြရန်ကြိုးစားလိုက်သည်။
သူ့မျက်လုံးထဲတွင် ယဲ့ပိုင်သည် နတ်ဘုရားတစ်ပါးသဖွယ် အလွန်တန်ခိုးကြီးလှပေသည်။
သို့သော်လည်း ခေတ်ကာလများဖွံ့ဖြိုးလာသည်နှင့်အမျှ နတ်ဘုရားကဲ့သို့ပင် တန်ခိုးစွမ်းအားကြီးမားလှသည့် သခင်ဖြစ်သူသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားနေပါစေ ခေတ်မှီအပူလက်နက်များ၏ တိုက်ခိုက်မှုဒဏ်ကို တောင့်မခံနိုင်လောက်ဟု ဝမ်အန်းခံစားနေရပေသည်။
"သွားကြရအောင်..."
ယဲ့ပိုင်သည် အပိုစကားမပြောတော့ဘဲ သူ၏အကြည့်များကို ဝမ်အန်းဆီသို့ပို့လွှတ်လိုက်သည်။သူ၏အသံသည် အလွန်ပင်အေးစက်နေပြီး ဝမ်အန်းတစ်ယောက် သူ၏သခင်မည်မျှအစွမ်းထက်ကြောင်း မေ့လျောသွားခဲ့ပုံရသည်။
"ဟုတ်ကဲ့...သခင်"
ဝမ်အန်းသည် ငြင်းဆန်သောစကားများအား ထပ်မံ၍မပြောဝံ့တော့ပေ။
ယဲ့ပိုင်သည် သူချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များကို မည်သည့်အခါမှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူကောင်းစွာနားလည်ခဲ့သည်။
ကျောက်အိမ်တော်သို့သွားရန် ဆုံးဖြတ်ပြီးနောက်တွင် ယဲ့ပိုင်ကလည်း သူနှင့်အတူလိုက်ပါလာမည်ဖြစ်ရာ ဝမ်အန်း၏စိတ်အခြေအနေသည် ကြောက်ရွံ့ခြင်းမှ စိတ်လှုပ်ရှားခြင်းအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။
ခဏအကြာတွင်...
ကျောက်ပိုင်ရှန်သာ ယဲ့ပိုင်အား မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လိုက်ရပါက မည်သို့မည်ပုံရှိနေမည်နည်း။
ထိုမြင်ကွင်းအား တွေးကြည့်ရုံဖြင့်ပင် ကျောက်ပိုင်ရှန်မည်မျှတုန်လှုပ်သွားလောက်ကြောင်း ဝမ်အန်းခံစားမိနေခဲ့သည်။
ယဲ့ပိုင်ကမူ ဝမ်အန်း၏အတွေးများကို လျစ်လျူရှုထားလိုက်သည်။ထို့နောက်သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ အဆင့်မြင့်ဇိမ်ခံအခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
ယဲ့ပိုင်သည် တံခါးအနီးသို့ချည်းကပ်လာချိန်တွင် ဝမ်အန်းသည်သတိပြန်ဝင်လာခဲ့ပြီး အရှိန်ကိုချက်ချင်းမြင့်၍ ယဲ့ပိုင်ကိုယ်စားအခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
ထို့နောက်သူတို့နှစ်ယောက်သည် ပြိုင်တူထွက်ခွာလာခဲ့ကာ ခဏအကြာ၌ ဓာတ်လှေကားမှတဆင့် အောက်သို့ဆင်းလာခဲ့သည်။
ရွှေခေတ်ဟိုတယ်၏ ဧည့်ခန်းထဲသို့ရောက်ရှိလာချိန်တွင် လေထုထဲ၌ သွေးရနံ့သင်းသင်းလေးကို ရရှိနေခဲ့သည်။ထိုသို့တိုင်အောင် ကြမ်းပြင်မှာ အလွန်သန့်ရှင်းနေခဲ့ပြီး လူတိုင်း၏ပုံရိပ်ကို ထင်ဟပ်နေခဲ့သည်။
ဧည့်ခန်းထဲတွင်မူ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူတစ်စုသည် အပြုံးမပျက် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော်လည်း သူတို့၏မျက်လုံးများက အပြင်ကိုစိုက်ကြည့်နေဆဲဖြစ်သည်။ထိုအခိုက်အတန့်တွင် မည်သည့်သေးငယ်သောပြောင်းလဲမှုလေးမဆို သူတို့၏နိုးကြားမှုနှင့်အာရုံစူးစိုက်မှုအား ချက်ချင်းနှိုးဆော်နိုင်စွမ်းရှိသည်။
ယဲ့ပိုင်သည် ထိုလူများအား တချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုဝတ်စုံပြည့်ဝတ်ဆင်ထားသူများသည် မနေ့ညမရောက်ခင်ထိ ဤနေရာတွင်မရှိခဲ့ကြောင်း သဘောပေါက်လိုက်သည်။
"သခင်ကြီး...မင်းရောက်လာပြီလား"
ချန်းရှို့သည် ထိုနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။သူသည် ဆံပင်များကိုဖြီးလှိမ်းထားကာ သားရေဖိနပ်ကို သန့်ရှင်းအောင် သုတ်ထားလိုက်သည်။ယခုလည်း ယဲ့ပိုင်နှင့်ဝမ်အန်းတို့ရောက်ရှိလာသည်ကိုမြင်သောအခါ သူသည်ချက်ချင်းပင်သွားရောက်ဦးညွတ်၍ လေးလေးစားစားပြောဆိုလိုက်သည်။
"အင်း..."
ဝမ်အန်းက ခေါင်းတစ်ချက်ညိတ်ပြလိုက်သော်လည်း သူ၏အကြည့်များက ယဲ့ပိုင်ဆီသို့ကျရောက်နေခဲ့သည်။
"ကားဆီလမ်းပြ..."
ယဲ့ပိုင်သည် စကားတစ်လုံးမှအပိုမဖြုန်းတီလိုသည့်ပုံစံဖြင့် ချန်းရှို့ကိုကြည့်၍ တိုတိုတုတ်တုတ်ပြောလိုက်သည်။
"နားလည်ပါပြီ..."
ချန်းရှို့က ချက်ချင်းပြန်ဖြေလိုက်သည်။
သူသည် ယဲ့ပိုင်၏နောက်ခံကိုမသိရှိသေးသော်လည်း ယဲ့ပိုင်၏နောက်ခံသည် သူထင်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာပေသည်။
ဝတ်စုံနက်ဝတ်ဆင်ထားသည့် လူများသည် ထိုအခြေအနေကိုသတိထားမိလိုက်သည်။သူတို့သည် အနည်းငယ်ဇဝေဇဝါဖြစ်နေခဲ့ကြသော်လည်း လက်ရှိအခိုက်အတန့်တွင် လှုပ်ရှားမှုလေးတစ်ခုကိုပင် မပြုလုပ်ဝံ့ကြပေ။
နှစ်မိနစ်ခန့်ကြာပြီးနောက်...
အနက်ရောင်ကားတစ်စီးက ဟိုတယ်ဝင်ပေါက်သို့ ဆိုက်ရောက်လာခဲ့သည်။
လက်ရှိအချိန်တွင် ချန်းရှို့က ပိုမိုထက်မြက်နေပြီဖြစ်ရာ ပထမဆုံးအနေဖြင့် ယဲ့ပိုင်အတွက် ကားတံခါးဖွင့်ပေးခဲ့သည်။ထို့နောက် ယဲ့ပိုင်ကားထဲသို့ဝင်ထိုင်ပြီးချိန်မှသာ ယာဉ်မောင်းဘေးနားရှိထိုင်ခုံဘက်တံခါးကိုဖွင့်ကာ ဝမ်အန်းကိုဝင်ရောက်စေခဲ့သည်။ချန်းရှို့၏လုပ်ဆောင်ပုံက ဝမ်အန်းကိုကျေနပ်သွားစေခဲ့သည်။
"သခင်ကြီး...ငါတို့ဘယ်ကိုသွားကြမှာလဲ..."
ချန်းရှို့သည် ယာဉ်မောင်းနေရာ၌ဝင်ထိုင်လိုက်ပြီး အင်ဂျင်နိုးလိုက်ပြီးနောက်တွင်ပင် ယခုခရီးစဉ်၏ဦးတည်ရာကို မသိရှိသေးပေရာ ဘေးနားတွင်ထိုင်နေသောဝမ်အန်းအား တီးတိုးမေးမြန်းလိုက်သည်။
"ခြေသုံးချောင်းနဂါးစံအိမ်..."
ဝမ်အန်းက အလွန်ပင်တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ဒရိုင်ဘာခုံပေါ်ရှိ ချန်းရှို့၏ခန္ဓာကိုယ်က ချက်ချင်းတုန်လှုပ်သွားခဲ့သည်။
ခြေသုံးချောင်းနဂါးစံအိမ်သည် ကျောက်မိသားစု၏အိမ်တော်ရာဖြစ်ကြောင်း လူတိုင်းလိုလိုသိရှိထားကြသည်။သို့သော်လည်း မနေ့ညက ကျောက်မိသားစုသည် သူတို့အားအကြိမ်ကြိမ်ပြဿနာရှာခဲ့ပြီး သေနတ်သမားများနှင့် အသေခံလက်နက်များကိုပင် ထုတ်သုံးခဲ့သည်။
ယခုမူ သူကိုယ်တိုင်အပါအဝင် သူ၏သခင်ဖြစ်သူနှင့် အမည်မသိလူငယ်လေးတစ်ယောက်သည် ကျောက်အိမ်တော်သို့ မည်သည့်အကူအညီမှမပါဘဲ သွားရောက်ကြမည်လား...
ချန်းရှို့၏ဦးခေါင်းသည် ဗလာဖြစ်နေခဲ့ကာ လီဗာပေါ်တင်ထားသောခြေထောက်နှင့် စတီယာရင်ပေါ်တင်ထားသော လက်သည်ပင် အနည်းငယ်တုန်ခါသွားခဲ့သည်။
"ကောင်းပါပြီသခင်...ငါတို့လူတွေထပ်ခေါ်စရာမလိုတော့ဘူးလား...မနေ့ညကမတော်တဆမှုအပြီးမှာ ငါတို့ညီအစ်ကိုတွေတော်တော်များများက Qမြို့တော်ထဲရောက်လာကြပြီ...ငါတို့ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ခြေသုံးချောင်းနဂါးစံအိမ်ကို ချက်ချင်းဝိုင်းရံထားကြလိမ့်မယ်"
ချန်းရှို့က သတ္တိမွေး၍ အကြံပေးလိုက်သည်။
သို့သော်လည်း ကားနောက်ခန်းမှနေ၍ ယဲ့ပိုင်၏အေးဆေးတည်ငြိမ်သောအသံက ထွက်ပေါ်လာခဲ့သည်။
"မသက်ဆိုင်တဲ့သူမှန်သမျှ Qမြို့တော်ကထွက်သွားခိုင်းလိုက်...ဒီတစ်ခါတော့ ကျောက်မိသားစုကို ငါကိုယ်တိုင်ဂါဝရသွားပြုရမှာပေါ့...အဲ့လောက်ထိဒုက္ခခံစရာမလိုဘူး"
"သခင်..."
ဝမ်အန်းသည် ထိုစကားကိုကြားချိန်၌ ပါးစပ်ကိုဖွင့်၍ ဖျောင်းဖြပြောဆိုရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော်လည်း သူထိုသို့ပြောရန်ပြင်ဆင်ချိန်၌ ကြောက်မက်ဖွယ်ရာအတွေးတစ်ခုက သူ့ခေါင်းထဲသို့တိုးဝင်လာသည့်အတွက် သူ၏ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့သည်။
ခုသခင်က ဘာပြောလိုက်တာလဲ...သူကကျောက်မိသားစုကို သွားရောက်ဂါရဝပြုမှာလား...သူကကျောက်ပိုင်ရှန်ကို သွားရောက်အပြစ်ပေးမှာမဟုတ်ဘူးလား...