ထွက်သွားစမ်း
Vol. 3 Ch. 35
ဝမ်အန်း ဖုန်းဆက်ပြီး နာရီဝက်ခန့်ကြာပြီးနောက်တွင် Qမြို့တော်သို့ရောက်လာသည့် အဖွဲ့အားလုံးနီးပါး ထွက်ခွာသွားခဲ့ကြသည်။
သို့သော်လည်း သူတို့အားလုံးသည် အမှန်တကယ်ထွက်ခွာမသွားကြဘဲ Qမြို့တော်အနီး၌ စောင့်ဆိုင်းနေခဲ့ကြသည်။
အကယ်၍ ဝမ်အန်းဆီမှ နောက်ထပ်အမိန့်တစ်ခုရပါက သူတို့သည်အမြန်ဆုံးလုပ်ရှားကြမည်ဖြစ်သည်။
ခြေသုံးချောင်းနဂါးစံအိမ်တော်...
ဇိမ်ခံကားအားလုံးကို စံအိမ်နှင့်၃ကီလိုမီတာအကွာ၌ ရပ်ထားပေသည်။
ကျောက်မိသားစု ဘိုးဘေးဟောင်း၏စျာပနသည် အလွန်ကြီးစိုးပေရာ မရေမတွက်နိုင်သောအစောင့်များသည် ဤနေရာရှိလမ်းမကို ပိတ်ဆို့ထားခဲ့သည်။ဤနေရာ၌ ခေတ္တနေထိုင်သူမည်သူမဆို စုံစမ်းစစ်ဆေးခံရမည်ဖြစ်ပြီး အမည်မသိနောက်ခံဇာတ်မြစ်ရှိသူ မည်သူမဆို နှင်ထုတ်ခံရမည်ဖြစ်သည်။
"သခင်ကြီး...ရှေ့ကပိတ်ဆို့ထားတာဆိုတော့ ကားကဆက်ဝင်လို့မရတော့ဘူး...ကျောက်မိသားစုရဲ့ခေါင်းဆောင်စျာပနာကို လူတော်တော်များများလာကြတယ်...ခြေသုံးချောင်းနဂါးစံအိမ်ရဲ့ အဓိကနေရာကိုသွားချင်ရင် ကားပေါ်ကဆင်းပြီး လမ်းလျှောက်ရမယ်ထင်တယ်..."
ချန်းရှို့သည် ကားကိုဖြည်းညှင်းစွာရပ်လိုက်ပြီးနောက် ခေါင်းလှည့်ကာ ဝမ်အန်းကိုလေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"သခင်..."
ဝမ်အန်းသည် အဖြေမပေးဘဲ ခေါင်းကိုနောက်လှည့်၍ ကားနောက်ခန်း၌ ရှုခင်းများကိုကြည့်နေသော ယဲ့ပိုင်အား တစ်ချက်ကြည့်လိုက်သည်။
"အဲလိုလုပ်ကြတာပေါ့..."
ယဲ့ပိုင်က ရိုးရိုးရှင်းရှင်းဖြင့် စကားတစ်ခွန်းကိုသာ ပြောဆိုလိုက်သည်။
ချန်းရှို့သည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက်တွင် လမ်းဘေးရှိ ကားပါကင်နေရာလွတ်တစ်ခု၌ ကားကိုအမြန်ဆုံးထိုးရပ်လိုက်သည်။ထို့နောက်သူတို့သည် ဒရိုက်ဘာတံခါးကိုဖွင့်၍ အောက်သို့အမြန်ဆင်းလိုက်ပြီး ယဲ့ပိုင်အား လေးလေးစားစားဖြင့် ကားတံခါးကိုဖွင့်ပေးလိုက်သည်။ယဲ့ပိုင်သည် ကားထဲမှဆင်းပြီးမှသာ ဝမ်အန်းအတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။
"သခင်ကြီး...ကျနော်လမ်းပြပါမယ်"
ချန်းရှို့သည် လူတိုင်းကားပေါ်မှဆင်းပြီးနောက်တွင် စိတ်အားထက်သန်သောလေသံဖြင့် လေးလေးစားစားဖြင့်ပြောလိုက်သည်။
"မင်းဒီမှာနေခဲ့..."
ယဲ့ပိုင်၏အသံက အေးစက်တင်းမာနေခဲ့သည်။ထို့နောက်ဝမ်အန်းကိုကြည့်ကာ စကားတစ်ခွန်းသာပြောလိုက်သည်။
"ရှေ့ကသွား..."
"နားလည်ပါပြီ သခင်..."
ဝမ်အန်းသည် ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ချန်းရှို့အားကျန်ရစ်ခဲ့ရန် အချက်ပြလိုက်သည်။
ချန်းရှို့သည် အပိုစကားတစ်ခွန်းမှမပြောရဲတော့ဘဲ လမ်းဘက်သို့တိတ်တိတ်လေးနောက်ဆုတ်သွားခဲ့ကာ ထိုနေရာ၌ပင် ငြိမ်သက်စွာစောင့်ဆိုင်းရန် ပြင်ဆင်ခဲ့သည်။
ရွှီ...ရွှီ...
သို့သော်လည်း ယဲ့ပိုင်နှင့်ဝမ်အန်းတို့က ရှေ့သို့လျှောက်သွားနေကြချိန်တွင် အနောက်ဘက်မှနေ၍ အလွန်ပြင်းထန်သည်လေတိုးသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ထိုအရာမှာ သခင်လေးဝူလိုက်ပါလာသည့် Land roverပင်ဖြစ်သည်။
ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် ထိုအသံကိုကြားနေရသော်လည်း လျစ်လျုရှုထားကြသည်။ထို့ပြင် သူတို့၏လှုပ်ရှားမှုများကလည်း မြန်ဆန်နေခြင်းမရှိပေ။
သို့သော်လည်း Land rover ကား၏ပြတင်းပေါက်က ထိုအခိုက်အတန့်၌ တုန်ခါသွားခဲ့သည်။
ကားကိုမောင်းနှင်နေသော သက်တော်စောင့်သည် ကားပြတင်းပေါက်ကိုဖွင့်၍ ခေါင်းကိုဆန့်ထုတ်ကာ ခက်ထန်ကြမ်းကြုတ်စွာဆဲဆိုလိုက်သည်။
"ဟေ့...မင်းတို့နှစ်ယောက်သေချင်နေလို့ လမ်းပိတ်ထားကြတာလား...ဟိုကောင်ကကော ဘာလို့ရှေးဟောင်းဝတ်စုံကိုဝတ်ပြီး ထူးဆန်းသလိုဟန်ဆောင်နေရတာ့လဲ....ငါကားပါကင်လိုချင်တယ်...မင်းကားကိုတတ်နိုင်သလောက်ဝေးဝေးကို မြန်မြန်ဖယ်လိုက်စမ်း...ငါတို့ဘယ်သူလဲဆိုတာ မင်းသိလား"
ဝမ်အန်းနှင့်ယဲ့ပိုင်တို့သည် ထိုသက်တော်စောင့်အား ကမ္ဘာပေါ်၌မရှိသူတစ်ယောက်ကဲ့သို့ လျစ်လျူရှုထားခဲ့ကြသည်။
သူတို့သည် ပုရွက်ဆိတ်များကိုဂရုစိုက်နေရလောက်သည်ထိ အချိန်များအားလပ်နေခြင်းမရှိပေ။
လမ်းဘေးတွင် လေးလေးစားစားရပ်နေသော ချန်းရှို့သည် ခေါင်းကိုမော့ကြည့်လိုက်ပြီး Land rover၏ကားပြတင်းပေါက်မှ ခေါင်းထွက်နေသောသက်တော်စောင့်ကိုကြည့်ရင်း အေးစက်သည့်သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။ထို့နောက်သူသည် ဝမ်အန်းကိုလှည့်ကြည့်လိုက်ပြီး ဝမ်အန်းသာလှုပ်ရှားရန်အချက်ပြလိုက်ပါက သူကထိုသက်တော်စောင့်ကို ချက်ချင်းသုတ်သင်ပစ်မည်ဖြစ်သည်။
Land rover ၏ကားအတွင်းပိုင်း၌...
ကားနောက်ခန်း၏အလယ်တွင် ထိုင်နေသော သခင်လေးဝူသည် သက်တော်စောင့်ဖြစ်သူ၏ ခက်ထန်ကြမ်းကြုတ်သောစကားသံကို ကြားလိုက်ရသည်။ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တွင်းမှနေ၍ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခုက ရုတ်တရက်ပေါက်ကွဲထွက်လာကာ သူ့အားဖမ်းချုပ်ထားသည့် သက်တော်စောင့်နှစ်ယောက်လက်ထဲမှ ကြိုးစားရုန်းထွက်လိုက်သည်။
"အာ...ဟူး...မင်းတို့က ငါ့ကိုတကယ်သတ်ချင်နေကြတာလား...သေစမ်း...ရှေ့ကလူနှစ်ယောက်က ဘယ်သူလဲဆိုတာကို မင်းတို့သိကြလား...သူတို့ကမနေ့ညက ကျောက်မိသားစုကို တိုက်ခိုက်ခဲ့ကြတဲ့သူတွေပဲ...မင်းတို့ရူးနေကြပြီလား"
သခင်လေးဝူသည် အချုပ်အနှောင်မှလွတ်မြောက်ပြီးနောက် ပြင်းပြင်းထန်ထန်ကျိန်ဆဲလိုက်သည်။
ယာဉ်မောင်းထိုင်ခုံ၌ထိုင်နေသော သက်တော်စောင့်သည် ထိုစကားကိုကြားချိန်၌ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
ထိုစကားကိုကြားချိန်တွင် သခင်လေးဝူ၏ ဖခင်သည် သူ၏မျက်နှာပေါ်ရှိကြွက်သားများ ပြင်းပြင်းထန်ထန်လှုပ်ယမ်းသွားသလို ခံစားလိုက်ရသည်။အမှန်အတိုင်းဝန်ခံရမည်ဆိုပါက သူ၏သားသည် အဘယ်ကြောင့် မိုက်ရူးရဲဆန်သောစကားများကို ပြောနေမှန်း သူကိုယ်တိုင်နားမလည်ပေ။
"သူတို့ရဲ့ကားကိုရွေ့ခိုင်းလိုက်..."
သခင်လေးဝူ၏အဖေက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ဘန်း...
သို့သော်လည်း သူတို့ထဲမှမည်သူကမှ တုံ့ပြန်နိုင်စွမ်းမရှိသေးသည့်အချိန်တွင် သခင်လေးဝူ၏ရုန်းကန်မှုက ရုတ်တရက်အားကောင်းလာခဲ့ကာ သက်တော်စောင့်များလက်ထဲမှ ရုန်းထွက်လိုက်သည်။
ထို့နောက် ကားတံခါးကိုတွန်းဖွင့်ကာ အောက်သို့ပြေးဆင်းသွားခဲ့သည်။
လူတစ်ယောက်သည် သေခြင်းတရားနှင့်ရင်ဆိုင်ရသောအချိန်တွင် စိတ်ကူးမယဉ်နိုင်သော စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာလေ့ရှိသည်။
ဤသည်မှာ ယခုအချိန်၌ သခင်လေးဝူလက်ရှိကြုံတွေ့နေရသော ပြဿနာအတိအကျပင်ဖြစ်သည်။
သက်တော်စောင့်များနှင့်သူ၏အဖေသည် သေချင်နေလျှင်ပင် သခင်လေးဝူကိုယ်တိုင်က မသေချင်သေးပေ။
သခင်လေးဝူသည် land rover ကားမှ ခုန်ထွက်လာပြီးနောက် နောက်မှလိုက်လာသော သက်တော်စောင့်နှစ်ယောက်အား လစ်လျူရှု့လိုက်ကာ ယဲ့ပိုင်နှင့်ဝမ်အန်း တို့ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူသည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့နှင့် ၃မီတာအကွာသို့ရောက်ရှိလာချိန်တွင် သူ၏ခန္ဓာကိုယ်၌ စွမ်းအားများလုံးဝကုန်ဆုံးသွားပုံရပြီး သူ၏ခြေထောက်များက ပျော့ခွေကျသွားခဲ့ကာ မြေပြင်ပေါ်သို့ရွရွလေးဒူးထောက်လိုက်သည်။
"ဦးလေးတို့နှစ်ယောက်...အဖေကနည်းနည်းစိတ်အခြေအနေမကောင်းဘူး...သက်တော်စောင့်နှစ်ယောက်ကလည်း IQပြသနာနည်းနည်းခံစားနေရတယ်...ကျေးဇူးပြုပြီးတော့ လူကြီးမင်းတို့နှစ်ယောက်က ဒီလူမိုက်တွေကိုဂရုမစိုက်ပါနဲ့...ငါတို့ကိုအသက်ချမ်းသာခွင့်ပြုပါ...သူတို့ကိုသတ်လိုက်ရင်တောင် လူကြီးမင်းတို့ရဲ့လက်ကိုစွန်းထင်းစေရုံကလွဲပြီး အခြားဘာများဖြစ်နိုင်မှာလဲ..."
ထိုသို့စကားပြောနေချိန်တွင် သခင်လေးဝူ၏မျက်နှာပေါ်ရှိ ကြွက်သားများက အဆက်မပြတ်တုန်ခါနေခဲ့ကာ အရူးတစ်ယောက်လိုထင်မြင်ရစေသည်။
သို့သော်လည်း သူ့အားမည်သူကမှ အပြစ်တင်၍မရပေ။
မနေ့ညက ရွှေခေတ်ဟိုတယ်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်တို့အား မြင်တွေ့နိုင်ရန်အတွက် သူသည်သတ္တိကိုစုစည်းကာ ကန့်လန်ကာကိုတိတ်တိတ်လေး ဖွင့်ကြည့်ခဲ့သည်။သခင်လေးဝူသည် သူမြင်တွေ့ခဲ့ရသော သွေးထွက်သံယိုမြင်ကွင်းများအား တစ်သက်လုံးမေ့လျောနိုင်မည်မဟုတ်ပေ။
သခင်လေးဝူ၏တောင်းပန်စကားကိုကြားချိန်တွင် ဝမ်အန်းနှင့်ယဲ့ပိုင်တို့သည် လမ်းလျှောက်နေရာမှ တညီတညာတည်း ရပ်တန့်သွားကြသည်။
"ထွက်သွားစမ်း..."
ဝမ်အန်းဆီမှ စကားတစ်ခွန်းထွက်လာခဲ့သည်။ယဲ့ပိုင်သည်ကား စကားအပိုမပြောခဲ့ပေ။
လေထုသည်တဖန်ပြန်၍ ငြိမ်သက်သွားခဲ့သည်။သူတို့နှစ်ယောက်လုံးသည် အစမှအဆုံးတိုင်အောင် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့သာဆက်လျှောက်သွားခဲ့ကြသည်။
သခင်လေးဝူသည် အသက်ချမ်းသာခွင့် ရရှိသွားသကဲ့သို့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။နဂိုက နီမြန်းသောသူ၏မျက်နှာသည်လည်း ချက်ချင်းပင်ဖြူဖျော့သွားခဲ့ကာ တစ်ကိုယ်လုံးရှိ အားအင်များကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
ထို့နောက်သူသည် မြေကြီးပေါ်၌ဒူးထောက်လျက် ခေါင်းနှင့်မြေကြီးကို အဆက်မပြတ်ရိုက်ခတ်၍ အရိုအသေပေးလိုက်ရာ သူ၏နဖူးပေါ်မှ သွေးများစီးကျလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့...တကယ်ကျေးဇူးတင်ပါတယ်"
ထို့ပြင် သူ၏ပါးစပ်မှလည်း ယဲ့ပိုင်တို့အားကျေးဇူးတင်ကြောင်း အဆက်မပြတ်ဆိုသလို ပြောဆိုနေခဲ့သည်။
Landrover ကားထဲမှပြေးထွက်လာသည့် သက်တော်စောင့်နှစ်ယောက်နှင့် ယာဉ်မောင်းထိုင်ခုံ၌ထိုင်နေသော သက်တော်စောင့်သည် သခင်လေးပြောသမျှစကားလုံးများနှင့် သခင်လေးဝူ၏ရူးသွပ်ဖွယ် လုပ်ဆောင်ချက်များကို တွေ့မြင်လိုက်ရသည့်အချိန်တွင် သူတို့၏မျက်နှာပေါ်၌ မကြုံစဖူး အံ့သြသင့်နေသည့် အမူအရာများပေါ်လွင်လာခဲ့သည်။
အထူးသဖြင့် သခင်လေးဝူ၏အဖေပင်ဖြစ်သည်။သူ၏မျက်လုံးများသည် ကျွတ်ထွက်လုမတတ်ပြူးကျယ်နေခဲ့သည်။
သူ၏သားသည် မည်သို့စရိုက်ရှိကြောင်း သူကိုယ်တိုင်သာအသိဆုံးဖြစ်ပေသည်။သို့ဖြစ်ရာ လမ်းမပေါ်၌ ဒူးထောက်ခြင်းကဲ့သို့ အရူးတစ်ယောက်၏လုပ်ရပ်မျိုးကို သူ့သားကလုပ်ဆောင်ခဲ့ကြောင်း သူမယုံကြည်နိုင်သေးပေ။
လမ်းဘေးတွင် လေးလေးစားစားရပ်နေသော ချန်းရှို့သည် ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားပေ။သခင်လေးဝူ ဒူးထောက်တောင်းပန်နေသည်ကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများကအနည်းငယ်ကျည်းမြောင်းသွားခဲ့သည်။ထို့နောက်တွင် သူ၏မျက်လုံးများ၌ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များကလည်း တဖြည်းဖြည်းလျော့ကျလာခဲ့ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
"ဒီကောင်က နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်"
...
ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့သာဆက်လျှောက်နေခဲ့ကြသည်။
ယဲ့ပိုင်သည် သူ့လက်ကိုနောက်ပစ်ထားပြီး လမ်းလျှောက်လိုက်ချိန်တိုင်း လေအဝှေ့တွင် သူ၏ဆံပင်ရှည်များက လေထဲလွှင့်မျောနေခဲ့သည်။သူ၏ရှေးဟောင်းဝတ်စုံရှည်ကလည်း လေပေါ်လွှင့်နေသော်လည်း အသံထွက်လာခြင်းမရှိပေ။
သူကားပေါ်မှဆင်းသည့်နေရာသည် ခြေသုံးချောင်းနဂါးစံအိမ်နှင့် ၃ကီလိုမီတာကွာဝေးပေသည်။
သူသည် ရှေ့သို့ပိုလျှောက်လေလေ လူများပို၍များပြားလာလေလေဖြစ်သည်။
ဤနေရာသို့ရောက်လာသူတိုင်း အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည်။သူတို့၏မျက်မှာများ၌ အနည်းငယ်ဝမ်းနည်းကြေကွဲနေသော အမူအရာတို့တပ်ဆင်ထားကြကာ အပြုံးလေးတစ်ခုပင် မမြင်တွေ့ရပေ။အမျိုးသမီးများသည်လည်း မျက်နှာပေါ်၌ မိတ်ကပ်ပါးပါးလေးကို လိမ်းခြယ်ထားကြပြီး သူတို့၏တွဲဖက်အမျိုးသားများ၏ လက်မောင်းကိုတွဲကိုင်ထားကြရင်း တတ်နိုင်သမျှနှုတ်ဆိတ်နေကြရသည်။
ထိုလူများသည် ယဲ့ပိုင်နှင့်ဝမ်အန်းကိုတွေ့မြင်ချိန်တွင် သူတို့၏မျက်လုံးများ၌ အထင်အမြင်သေးခြင်းနှင့်ရွဲ့စောင်းခြင်းတို့ တစွန်းတစထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည်ကား ရှေးခေတ်မှဆင်းသက်လာသကဲ့သို့ အဖြူရောင်ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပေသည်။
ဝမ်အန်းသည်ကား အလွန်ရိုးရှင်းသည့် အစိမ်းရောင်ချည်သားအင်္ကျီကိုဝတ်ဆင်ထားကာ သူ၏တုန်ယင်နေသောခန္ဓာကိုယ်ဖြင့် ယဲ့ပိုင်၏နောက်မှနေ၍ ဖြည်းညှင်းစွာဖြင့် လိုက်ပါလာခဲ့သည်။