ပြသနာရှာခြင်း
Vol. 3 Ch. 37
ခြေသုံးချောင်းနဂါးစံအိမ်တော်ရှိ ဧည့်ခန်းတွင်း၌...
ကျောက်ချန်စွင်၏မျက်နှာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။
သူ့စိတ်ထဲတွင် မရေမတွက်နိုင်သည့် မေးခွန်းများထွက်ပေါ်လာခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူသည်ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကာ ထိပ်ပြောင်၏လက်မှဖုန်းအား လုယူလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများကသွေးရောင်လွမ်းနေက ပေါက်ထွက်လုမတတ် ပြူးကျယ်နေခဲ့သည်။
"သူတို့ဆိုတာ သေချာလား"
ကျောက်ချန်စွင်၏လေသံသည် အလွန်အေးစက်နေခဲ့သည်။
တစ်ဖက်မှဖုန်းပြောနေသူသည် ခဏလောက်တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင်ပြန်ဖြေလိုက်သည်။
"သေချာတယ်ဘောစ့်...သူတို့ရဲ့အဝတ်အစားတွေက အရမ်းကိုပေါ်လွင်နေတယ်...သူတို့ကခု လမ်းပိတ်ထားတဲ့နေရာမှာ...ပြီးတော့သူတို့..."
တစ်ဖက်မှစကားမဆုံးမှီ ကျောက်ချန်စွင်က အော်ဟစ်မေးမြန်းလိုက်သည်။
"သူတို့နှစ်ယောက်တည်းပဲလား...သူတို့အပြင်အခြားလူတွေပါလာသေးလား...သူတို့ရဲ့ခန္ဓာကိုယ်မှာ လက်နက်တွေရှိလား...အကုန်လုံးကိုရှင်းရှင်းလင်းလင်းပြောစမ်း...အသေးစိတ်အချက်အလက်တွေ ဘာတစ်ခုမှချန်မထားနဲ့"
ထိပ်ပြောင်လူသည် ဘေးမှနေ၍ တုန်လှုပ်ခြောက်ခြားနေသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ဖုန်းထဲမှလူကပြန်ဖြေလိုက်သည်။
"ဘောစ့်...သူတို့နှစ်ယောက်ပဲလာတာသေချာတယ်...အနီးအနားမှာဘယ်သူမှရှိမနေဘူး...ပြီးတော့သူတို့နှစ်ယောက်လုံးလက်ဗလာနဲ့လာတာ သေချာတယ်...ကျောက်မိသားစုခေါင်းဆောင်ဟောင်းရဲ့ စျာပနာကိုတက်ရောက်လာကြတဲ့ဧည့်သည်အချို့တောင် သူတို့ရဲ့အဝတ်အစားကဆန်းသစ်နေတာကြောင့် ပြဿနာအချို့ဖြစ်နေပုံရတယ်"
ဟူး...
ထိုသို့အတည်ပြုချက်ရရှိပြီးနောက် ကျောက်ချန်စွင်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။
"ငါသိပြီ..."
စက္ကန့်အနည်းငယ်ငြိမ်သက်သွားပြီးနောက် ကျောက်ချန်စွင်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
ထို့နောက် ကျောက်ချန်စွင်သည် ဖုန်းချလိုက်ကာ သူ၏သွေးစွန်းနေသောအကြည့်က ထိပ်ပြောင်ဆီသို့ ဖြည်းညှင်းစွာရွေ့လျားသွားခဲ့သည်။ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကဖြစ်ပေါ်လာခဲ့သည်။
အခန်းအပူချိန်သည် ရုတ်တရက်ကျဆင်းသွားကြောင်း ခံစားမိလိုက်၍ ထိပ်ပြောင်က ချက်ချင်းပင်အာမခံစကားဆိုကာ လှည့်ထွက်သွားခဲ့သည်။
"မစ္စတာကျောက်...ဒါကငါတို့ရဲ့အမှားပဲ...စိတ်ချပါ...ငါကိုယ်တိုင်ချက်ချင်းဖြေရှင်းပေးမယ်"
"ခဏစောင့်..."
ကျောက်ချန်စွင်က ချက်ချင်းအော်ဟစ်လိုက်သည်။
"မစ္စတာကျောက်...ငါ...ငါ"
ထိပ်ပြောင်က တစ်စုံတစ်ခုရှင်းပြလိုပုံရသည်။
"သူတို့နှစ်ယောက်က ဘာမှယူမလာဘူးဆိုတော့...ဒီအိမ်ထဲထိဝင်ခွင့်ပေးလိုက်...ဒါပေမဲ့ သူတို့ကဖိတ်စာတောင်ပါမလာမှတော့ လွယ်လွယ်နဲ့ဝင်ခွင့်ပေးလို့မရဘူး"
ကျောက်ချန်စွင်၏မျက်လုံးများက အလွန်အေးစက်ခက်ထန်နေကာ တစ်စုံတစ်ခုအားစီစဉ်နေပုံရသည်။
"နားလည်ပါပြီ..."
ထိပ်ပြောင်သည် ခေါင်းငုံ့ကာ အမြန်ဆုံးပြန်ဖြေလိုက်သည်။
"မင်းကိုယ်တိုင်သွားလုပ်ချေ..."
ကျောက်ချန်စွင်က နောက်ထပ်အမိန့်တစ်ခုကို ထပ်၍ပေးအပ်လိုက်သည်။
"ဟုတ်ကဲ့...မစ္စတာကျောက်..."
ထိုအချိန်တွင် ထိပ်ပြောင်သည် အခန်းတွင်းမှ ကရိုက်ကတိုက် ထွက်ခွာလာခဲ့သည်။သူသည် ဧည့်ခန်းအပြင်ဘက်သို့ရောက်ရှိချိန်မှသာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သော်လည်း သူ၏တစ်ကိုယ်လုံးအေးစက်နေသလို ခံစားလိုက်ရသည်။ထိုအခိုက်အတန့်တွင် ကျောက်ချန်စွင်၏ ကြောက်မက်ဖွယ်အသွင်ကို တွေးမိလိုက်ချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်စိုရွဲသွားခဲ့သည်။
ခြေသုံးချောင်းနဂါးစံအိမ် အပြင်ဘက်သို့ရောက်ရှိလာချိန်မှသာ ထိပ်ပြောင်၏အခြေအနေက များစွာပိုမိုကောင်းမွန်လာခဲ့သည်။ထို့နောက် သူ၏မျက်လုံးထဲမှ စိုးရိမ်ကြောက်ရွံ့မှုသည် အေးစက်သည့်သတ်ဖြတ်လိုစိတ်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။
"မင်းတို့လူယုတ်မာနှစ်ကောင်က ဒီဖေဖေကြီးကိုသတ်ဖြတ်လုနီးပါးဖြစ်သွားတာပဲ...မင်းတို့တွေဒီဖေဖေကြီးလက်ထဲ အမိမခံစေနဲ့...အဲလိုမှမဟုတ်ရင် မင်းတို့နှစ်ကောင်လုံးကို သေတဲ့ထိညဉ်းပန်းနှိပ်စက်ပြမယ်"
ထိုသို့ဆဲဆိုကြိမ်းမောင်းပြီးနောက်တွင် ထိပ်ပြောင်သည် နံပါတ်တစ်ခုကိုပြန်ခေါ်လိုက်ပြီး ယဲ့ပိုင်၏တည်နေရာကို အတည်ပြုပြီးနောက်တွင် ထိုနေရာသို့ပြေးသွားခဲ့သည်။
...
လမ်းမပေါ်တွင်...
သခင်လေးဝူ၏အဖေအပါအဝင် သက်တော်စောင့်များသည် ယခုထိတိုင် ထိတ်လန့်မှုမှ သက်သာမလာသေးချေ။
"ဒီခွေးကောင်လေးက ဒီနေ့ဘာတွေလျှောက်လုပ်နေမှန်းကိုမသိဘူး...ဒီကောင့်လုပ်ပုံက လမ်းပေါ်မှာကိုယ်လုံးတီးနဲ့ လမ်းလျှောက်နေတဲ့ပုံစံအတိုင်းပဲ ငါ့ကိုမျက်နှာပျက်အောင်လုပ်တဲ့ကောင်...ဒီကောင်သာငါ့သားမဟုတ်ရင် သူ့ကိုအသေသာသတ်ပစ်ချင်တော့တယ်...ရှလေး...ဒီကောင်လေးကိုခဏနေမှ ဆေးရုံကိုချက်ချင်းပို့လိုက်"
သခင်လေးဝူ၏အဖေသည် လမ်းလျှောက်ရင်း ပြင်းပြင်းထန်ထန်ကျိန်ဆဲနေခဲ့သည်။
သူသည် မီတာ၂၀၀အကွာသို့ရောက်ရှိနေပြီဖြစ်သော ယဲ့ပိုင်အား သတ်ဖြတ်လိုသည့် သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဘောစ့်...စိတ်ကိုအေးအေးထားပါ...သခင်လေးဝူက ဆေးတွေသုံးထားတာဖြစ်နိုင်တာပဲ..."
သူ့ဘေးနားရှိသက်တော်စောင့်တစ်ယောက်က ဖြေလိုက်သည်။
"ဟုတ်တယ်...သခင်လေးကို အပြစ်တင်လို့မရဘူး...တကယ်တော့ဒီနေ့ ရွှေခေတ်ဟိုတယ်က တော်တော်လေးထူးဆန်းနေတယ်လို့ငါထင်တယ်...ဘောစ့်...မင်းပဲသေချာစဉ်းစားကြည့်...ဒီရက်ပိုင်းမှာ ကျောက်မိသားစုဘိုးဘေးရဲ့စျာပနာကြောင့် မရေမတွက်နိုင်အောင်များပြားတဲ့သူတွေက Qမြို့တော်ကိုရောက်လာခဲ့တယ်...ဒါကြောင့် Qမြို့တော်ကဟိုတယ်တိုင်းလိုလို လူတွေနဲ့ပြည့်ကျပ်နေပေမဲ့ ရွှေခေတ်ဟိုတယ်ကတော့ စားပွဲထိုးတွေကလွဲပြီး အခြားတစ်ယောက်မှရှိမနေတာ တော်တော်ထူးဆန်းတယ်"
အခြားသက်တော်စောင့်တစ်ယောက်ကလည်း ခဏလောက်စဉ်းစားပြီးမှ ဝင်ပြောလိုက်သည်။
"အဲလိုမျိုးလား..."
သခင်လေးဝူ၏အဖေသည် ထိုအကြောင်းကိုနားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားလိုက်သည်။
အနည်းဆုံး ဒေါ်လာသန်းရာချီတန်ကြေးရှိသော ကုပ္မဏီတစ်ခု၏ ဥက္ကဌတစ်ယောက်အနေဖြင့် သူ၏IQသည် လုံးဝနိမ့်ပါးခြင်းမရှိပေ။
သက်တော်စောင့်ပြောသည့်စကားသည် မှန်ကန်နေပါက ဤကိစ္စတွင် ထူးထူးခြားခြားတစ်စုံတစ်ခု ပါဝင်ပတ်သက်နေပြီဖြစ်သည်။
"ဖြစ်နိုင်တယ်ဘောစ့်...ဂရုစိုက်တာမမှားနိုင်ဘူး"
သက်တော်စောင့်က လေးလေးနက်နက်ပင် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သခင်လေးဝူ၏ဖခင်သည် ထိုပြဿနာအားစတင်စဉ်းစားလိုက်ချိန်တွင် သူ၏မျက်စိရှေ့မှောက်၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် သူသည်ချက်ချင်းပင် စိတ်ခံစားချက်များကို ရုပ်သိမ်းလိုက်ကာ သူ၏မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"အရမ်းကြီးမစဉ်းစားနဲ့...ရှေ့ကလူမိုက်နှစ်ယောက်ပြဿနာတက်နေပြီ...ပျော်ပျော်ကြီးပွဲကြည့်ဖို့လုပ်ရအောင်"
...
ဝမ်အန်းနှင့်ယဲ့ပိုင်တို့သည် ဖြည်းညှင်းစွာလမ်းလျှောက်လာချိန်တွင် ဝတ်စုံနက်လူတစ်စုက ရှေ့မှပိတ်ရပ်ထားလိုက်သည်။
သူတို့နှစ်ယောက်သည် ယခုလိုနေရာမျိုး၌ မည်သည့်ပြဿနာကိုမှ အစမဖော်လိုသော်လည်း ဤကမ္ဘာပေါ်တွင် မျက်စိကန်းနေသော လူမိုက်များရှိနေတတ်ပေသည်။
"ဟေ့ကောင်လေး...ဒီနေ့က ကျောက်မိသားစုဘိုးဘေးဟောင်းရဲ့စျာပနာဖြစ်တယ်...မင်းကပတ်ဝန်းကျင်အခြေအနေကို ပျက်စီးစေဖို့ အဖြူရောင်ဝတ်စုံကိုဝတ်လာတာလား...ဒါမှမဟုတ် ထူးခြားတဲ့cosplayကိုဖော်ဆောင်နေတာလား...မင်းရဲ့ဖေဖေက မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်နိုင်တယ်ဆိုတာ မင်းယုံမလားတော့မသိဘူး...ဒီအဘိုးကြီးကကော လမ်းဘေးကခွေးတစ်ကောင်လိုပြုမူချင်နေတာလား"
ဝတ်စုံနက်ဝတ်အမျိုးသားတစ်ယောက်သည် အလွန်လှပသောအမျိုးသမီးတစ်ယောက်ကို တွဲထားရင်း ယဲ့ပိုင်၏ရှေ့၌ပိတ်ရပ်နေခဲ့သည်။
ထိုလူတွင် ရှည်လျားကျဉ်းမြောင်းသောမျက်လုံးများ၊ မြင့်မားသည့်နဖူးနှင့်ဒေါင်လိုက်မျက်ခုံးများရှိပြီး မျက်နှာတစ်ခုလုံး အသားအပြည့်ရှိပေသည်။ပထမဆုံးတစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူသည် လူကောင်းတစ်ယောက်မဟုတ်ဘဲ အလွန်ပင်ပြဿနာရှာတတ်သော လူဆိုးတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းတန်းသိနိုင်ပေသည်။
သူ့အနားသို့ဆွဲခေါ်ခံထားရသော အမျိုးသမီးသည် သွယ်လျသောအသားအရည်၊အနက်ရောင်ဆံကေသာနှင့် ပုဝါပါးတစ်ထည်ကို ပုခုံး၌ခြုံထားပေသည်၊။သူမသည် အလွန်ချောမောလှပသော်လည်း ယခုအချိန်တွင်သနားစဖွယ်ဖြစ်နေကာ သူမ၏မျက်လုံးများက ယဲ့ပိုင်အားစိုက်ကြည့်နေခဲ့သည်။
သူမ၏မျက်လုံးများသည် ဆွဲဆောင်မှုရှိကာ သူမ၏စွဲမက်ဖွယ်ကောင်းသောအကြည့်က အနီရောင်ပန်းသီးတစ်လုံးမှ ဖြူစင်သောနှင်းများအား ဆွဲဆောင်နေသကဲ့သို့ ထင်ရှားနေခဲ့သည်။
အကယ်၍ ဝတ်စုံနက်ဝတ်အမျိုးသားကြောင့်မဟုတ်ပါက ထိုအလှတရားသည် ချက်ချင်းပင်ယဲ့ပိုင်ဆီသို့အပြေးအလွှားသွား၍ ဆက်သွယ်ရန်လိပ်စာကို တောင်းယူနိုင်သည်။
တစ်ဖက်တွင် ယဲ့ပိုင်၏ရုပ်ရည်သည် ပြီးပြည့်စုံကာ ချောမောခန့်ညှားလှပေသည်။ခေတ်ကာလတလျှောက်လုံးတွင် တိုင်းပြည်ကိုပင်ဖျက်ဆီးနိုင်လောက်အောင် လှပသည့်အမျိုးသမီးမည်မျှက ယဲ့ပိုင်အားရရှိရန် ကြိုးစားခဲ့ရကြောင်း မည်သူမှမသိရှိကြပေ။သို့သော်လည်း ယဲ့ပိုင်ကသာ မျက်တောင်တစ်ချက်ခတ်၍ သဘောတူလိုက်သည်နှင့် ထိုအမျိုးသမီးများအားရရှိနိုင်သည်ကိုကြည့်ခြင်းဖြင့် ယခုယဲ့ပိုင်၏ရှေ့၌ရှိနေသော အမျိုးသမီး၏အခြေအနေကို နားလည်ပေးနိုင်ပေသည်။
တရုတ်လူမျိုးများသည် စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များအား ကြည့်ရှုရသည်ကို ဝါသနာပါလေ့ရှိသည်။အကယ်၍ လူလုပ်ပြဿနာအနှောင့်အယှက်တစ်ခုဖြစ်လာပါက လူဒါဇင်ပေါင်းများစွာသည် ထိုပြဿနာအား ချက်ချင်းဝိုင်းရံကြည့်ရှုကြမည်ဖြစ်သည်။ထိုအလေ့အထသည် နှစ်ပေါင်းထောင်ချီကြာမြင့်သည်ထိတိုင်အောင် မည်သည့်အခါမှ မပြောင်းလဲသေးပေ။
ယဲ့ပိုင်သည် ရှည်လျားသည့်အချိန်မြစ်ကို ကူးဖြတ်ရင်း ထိုကဲ့သို့ဖြစ်ရပ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပေသည်။
ယခုလည်း သူ့လက်ကိုနောက်ပစ်ထားဆဲဖြစ်ကာ သူ့မျက်နှာ၌ ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊ခံစားချက်တစ်စုံတစ်ရာကို မတွေ့ခဲ့ရပေ။
သူ၏မျက်လုံးများက ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။
အလှတရားနှင့်မာနကြီးသောယောကျ်ားသည် သူ့မျက်လုံးထဲ၌ ဘာမှမဟုတ်သေးပေ။
ယဲ့ပိုင်၏နံဘေး၌ရပ်နေသော ဝမ်အန်းသည်ကား ထိုသို့မဟုတ်ပေ။
ယခုလိုရုတ်တရက် ပိတ်ဆို့ခံလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ခနော်ခနဲ့ခန္ဓာကိုယ်က အနည်းငယ်တည့်မတ်လာခဲ့သည်။ထို့နောက်တွင် သူ၏စူးရှထက်မြက်သောမျက်လုံးတစ်စုံက ထိုဝတ်စုံနက်ကို တည့်တည့်မတ်မတ်စိုက်ကြည့်လာခဲ့သည်။
"ထွက်သွားစမ်း..."
အချိန်အတော်ကြာပြီးနောက် ဝမ်အန်းက အေးစက်စက်အမူအရာဖြင့် စကားတစ်ခွန်းအား ထုတ်ပြောလိုက်သည်။