← Chapters

လူကိုရှာဖွေခြင်း

Vol. 3 Ch. 39

လူကိုရှာဖွေခြင်း

Vol. 3 Ch. 39

နောက်သုံးမိနစ်အကြာတွင်...

ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် ကတ္တရာလမ်းမပေါ်၌ မီတာရာနှင့်ချီ၍ တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့ဆက်တိုးနေခဲ့ကြသည်။ယခုအချိန်တွင် အဘိုးကြီးတစ်ယောက်နှင့်လူငယ်လေးတစ်ယောက်သည် ပျော့ပျောင်းသောနေရောင်ခြည်အောက်တွင် လမ်းလျှောက်နေသည့်မြင်ကွင်းက ကြည်နူးဖွယ်ကောင်းလှပေသည်။

သို့သော်လည်း သူတို့၏နောက်ကွယ်မှမြင်ကွင်းသည်ကား လုံးဝရှုပ်ယှက်ခတ်နေခဲ့သည်။

သခင်လေးဝူ၏ဖခင်နှင့်သက်တော်စောင့်နှစ်ယောက်အပါအဝင် စိတ်လှုပ်ရှားစွာဖြင့် ဘေးမှကြည့်ရှုနေကြသူအားလုံးသည် ခြေထောက်များပျော့ခွေကျသွားကြပြီး မြေပြင်ပေါ်၌ဒူးထောက်မိလိုက်ကြသည်။သူတို့၏မျက်နှာများက စက္ကူတစ်စလိုဖြူဖျော့နေကာ သူတို့၏မျက်လုံးများ၌ အဆုံးမရှိသောကြောက်ရွံ့မှုများကို တွေ့မြင်နေရသည်။

အချိန်အတော်ကြာပြီးနောက်တွင် သခင်လေးဝူ၏ဖခင်က တိုးတိုးလေးရေရွတ်လိုက်သည်။

"မင်း..မင်းတို့မြင်ကြလား...ဟွမ်...ဟွမ်အာက ပေါက်ကွဲသွားခဲ့တယ်"

သူ၏အသံသည် တုန်ယင်နေခဲ့ကာ မြေပြင်ပေါ်၌ရပ်နေသောခြေထောက်များက ခနော်ခနဲ့ဖြစ်နေခဲ့သည်။သူ၏အဝတ်အစားများကလည်း အေးစက်သည့်ချွေးများဖြင့် စိုရွဲနေခဲ့သည်။

သူသည် သန်းကြွယ်စာရင်းဝင် ကုပ္မဏီတစ်ခု၏ ဥက္ကဌတစ်ယောက်ဖြစ်ပြီး အမှောင်ဘက်ခြမ်းမှ ကိစ္စများစွာကိုတွေ့မြင်ဖူးခဲ့သော်လည်း ယခုလိုကိစ္စမျိုးအား မည်သည့်အခါကမှ မြင်တွေ့ဖူးခဲ့ခြင်းမရှိပေ။

သူ၏နံဘေးမှ ရက်စက်ကြမ်းကြုတ်သည့် သက်တော်စောင့်နှစ်ယောက်သည်ပင် ခြေထောက်များတုန်ယင်နေခဲ့ကြသည်။

"ဘောစ့်...ဒီတိုင်းဆိုရင် သခင်လေးပြောတဲ့စကားတွေက အမှန်တွေထင်တယ်"

သက်တော်စောင့်တစ်ယောက်က အံကြိတ်ရင်းပြောလိုက်သည်။

"ခုလိုကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မမြင်ခဲ့ရဘူးဆိုရင် ဘယ်လိုမှယုံနိုင်မှာမဟုတ်ဘူး"

နောက်ထပ်သက်တော်စောင့်တစ်ယောက်က သူ့နဖူးပေါ်ရှိချွေးအေးများကို လက်ဖြင့်သုတ်ရင်း မယုံကြည်နိုင်စွာရေရွတ်လိုက်သည်။

"အား..."

လေထုအခြေအနေသည် အလွန်ထူးဆန်းလာသည့်အခါတွင် ဟွမ်အာ၏ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးမှ ပြန်လည်သက်သာကောင်းမွန်လာသည့် မိန်းမလှလေးသည် အသိစိတ်ပြန်ဝင်လာခဲ့သည်။ထို့နောက်တွင် သူမ၏ပါးစပ်မှထွက်ပေါ်လာသည့် စူးရှသောအော်ဟစ်သံသည် လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

ထိုအော်ဟစ်သံကြောင့် ဟွမ်အာ၏ဖြစ်ရပ်ဆိုး၌ နစ်မြောနေကြသူများသည် ချက်ချင်းပင် ပြန်လည်နိုးထလာခဲ့ကြသည်။

သူတို့သည် သတိပြန်ဝင်လာသည်နှင့် သွေးပျက်ခြောက်ခြားသွားခဲ့ကြပြီး ကျယ်လောင်စွာအော်ဟစ်မြည်တမ်းလိုက်ကြသည်။

"နတ်ဆိုး...နတ်ဆိုးတစ်ကောင်ပဲ...သူကနတ်ဆိုးတစ်ကောင်ဆိုတာ လုံးဝသေချာတယ်..."

နာမည်ကြီးတံဆိပ်ကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်သည် ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်သို့လဲကျသွားခဲ့သည်။ထို့နောက်တွင်သူသည် ဘေးနားမှဖြတ်သွားသည့် အမှန်တရားကိုမသိရှိသေးသော လူငယ်တစ်ယောက်၏လက်ကို ကိုင်ဆွဲ၍ အားကိုးတကြီးအကူအညီတောင်းလိုက်သည်။

"ရူးနေတာလား..."

လူငယ်ဖြစ်သူက ထိုအဖြစ်အပျက်အား သတိမပြုမိဘဲ ထိုသနားစဖွယ်လူကြီးအား ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ဤနေရာတွင် ထိုလူကြီးကဲ့သို့ အရူးဆယ်ယောက်ကျော်ရှိနေပေရာ သူကချက်ချင်းပင် သူ၏ခြေလှမ်းများကို မြင့်တင်လိုက်သည်။

"သေပြီ...သေကြပြီ...ဒါကအရမ်းကိုကြောက်စရာကောင်းတာပဲ..."

တစ်စုံတစ်ယောက်က စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

"ရဲခေါ်လိုက်...ဒီမှာလူသတ်သမားရောက်နေတယ်"

သို့သော်လည်း သူကထိုစကားများကိုပြောချိန်တွင် မြေပြင်ပေါ်ရှိ သွေးအစွန်းအထင်းများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို သူတုိ့လုံးဝမသိလိုုက်ကြပေ။လက်ရှိအချိန်တွင် ရူးသွပ်သလိုဖြစ်နေကြသည့် လူတစ်စုမှလွဲ၍ ဤနေရာ၌မည်သည့်ထူးခြားမှုမှ မရှိတော့ပေ။

...

"သခင်...ငါတို့ဝတ်စုံတွေက အခြားသူတွေနဲ့မတူဘူးဖြစ်နေတယ်...ငါတို့အဝတ်အစားတွေကို ဘယ်လိုပြောင်းလဲကြမလဲ"

ဝမ်အန်းသည် ယဲ့ပိုင်နောက်သို့လိုက်ပါလာရင်း ခြေသုံးချောင်းနဂါးစံအိမ်နှင့် နီးကပ်လာသည်နှင့်အမျှ လမ်းတလျှောက်တွင် သူတို့အားထူးဆန်းသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ထို့ကြောင့် စက္ကန့်အနည်းငယ်ကြာတုံ့ဆိုင်းပြီးနောက် သူကလေးနက်တည်ကြည်စွာပြောလိုက်သည်။

ယဲ့ပိုင်ကမူ လမ်းဆက်လျှောက်နေဆဲဖြစ်ကာ မည်သည့်စကားမှပြန်မပြောပေ။သို့သော်လည်း ဝမ်အန်း၏စကားကိုကြားလိုက်ရသောအချိန်တွင် သူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ်လှုပ်ယမ်းသွားကာ အပြုံးတစ်ခု မသိမသာဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူ၏အတွေးများက လွန်ခဲ့သောနှစ်ရာပေါင်းများစွာသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

ထိုနေ့တွင် နွေဦးပန်းများ စတင်ပွင့်လန်းလာကာ နေရာတိုင်း၌ မက်မွန်ပွင့်များရှိနေခဲ့သည်။လေထုထဲတွင် မက်မွန်ပွင့်တို့၏ရနံ့က ပျံ့လွှင့်နေကာ မရေမတွက်နိုင်သော ခရီးသွားဧည့်သည်များက အုပ်စုလိုက်စုဖွဲ့၍ ပတ်ဝန်းကျင်အလှကို ခံစားနေကြသည်။

ထို့နေ့တွင် လမ်းမပေါ်၌လည်း စျေးသည်များဖြင့် ရှုပ်ယှက်ခတ်နေပြီး အရောင်းအဝယ်ပြုလုပ်နေကြသည်။

သို့သော်လည်း လူငယ်လေးတစ်ယောက်နှင့်လူအိုကြီးတစ်ယောက် ထိုနေရာသို့ဖြတ်လျှောက်လာသည့်အချိန်တွင် မရေမတွက်နိုင်သောလူများက ဒူးထောက်အရိုအသေပေးလိုက်ကြသည်။

လူငယ်လေးသည် အစွန်းအထင်းမရှိသည့် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။အဘိုးအိုသည်ကား ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သောအော်ရာကို ထုတ်လွှတ်လျက်ရှိပေသည်။

"အရှင်...ငါတို့ရဲ့ဝတ်စားဆင်ယင်ပုံက အရမ်းကိုပေါ်လွင်လွန်းတယ်...ဒီတိုင်းဆက်သွားမယ်ဆိုရင် ခရီးသွားတွေအားလုံး အရမ်းကိုလှုပ်လှုပ်ရှားရှားဖြစ်ကုန်လိမ့်မယ်...ငါတို့အဝတ်အစားတွေပြောင်းကြမလား"

အဘိုးအိုသည် ယဲ့ပိုင်အား အရှင်ဟုခေါ်ဆိုကာ ရိုသေလေးစားစွာ ပြောလိုက်သည်။

"ပုံပန်းသဏ္ဍာန်က နှလုံးသားကနေမွေးဖွားလာတာပဲ...နှလုံးသားက ကောင်းမွန်နေရင် ဘယ်အရာမှဂရုစိုက်စရာမလိုဘူး..."

ယဲ့ပိုင်က တိုးညှင်းစွာပြောလိုက်သည်။

"နားလည်ပါပြီ အရှင်"

အဘိုးကြီးက ခေါင်းညိတ်၍ပြောလိုက်သည်။ထိုစဉ်အခါက သူ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် မရေမတွက်နိုင်သော အဆင့်မြင့်အရာရှိများ၏ သဘောထားကွဲလွဲမှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သို့သော်လည်း ယဲ့ပိုင်၏စကားများကို ကြားလိုက်ရချိန်တွင် သူ၏မျက်လုံးများ၌ စိတ်ပိုင်းဖြတ်ထားသည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။

အချိန်များကုန်လွန်သွားပြီးနောက်...အဘိုးအိုသည် သူ၏ကိုယ်ပိုင်အတွေးအမြင်အတိုင်း အတားအဆီးများအားလုံးကို ဖယ်ရှားခဲ့ကာ စစ်မှန်သောဒဏ္ဍာရီလာ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ခဲ့သည်။

ထိုအဘိုးအိုသည် ချင်မင်းဆက်၏ဒုတိယဧကရာဇ်ဖြစ်ပြီး နောက်ပိုင်းမျိုးဆက်များက သူ့အားဧကရာဇ်ခန်းရှီဟု ခေါ်ဆိုခဲ့ကြသည်။

"သခင်..."

ယဲ့ပိုင်သည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် သူတို့၏ပတ်ဝန်းကျင်မှ ထူးဆန်းသောအကြည့်များက ပိုမိုများပြားလာသည်ကို သတိပြုမိလိုက်ပြီးနောက် ဝမ်အန်းကတိုးတိုးလေးပြောလိုက်သည်။

"မလိုဘူး..."

ယဲ့ပိုင်သည် အသိပြန်ဝင်လာပြီးနောက် ဝမ်အန်းကိုသတိပေးလိုသော်လည်း အဆုံးသတ်တွင် ဂရုမစိုက်သည့်လေသံဖြင့် စကားလုံးနှစ်လုံးကိုသာ ဖော်ထုတ်လိုက်သည်။

လွန်ခဲ့သောနှစ်ပေါင်းရာချီက သူသည်ခန်းရှီဧကရာဇ်နှင့်အတူ ရှိနေခဲ့စဉ် စျေးဝယ်ထွက်ရာ၌ ဧကရာဇ်က နဂါးဝတ်ရုံအား ဝတ်ဆင်ထားခဲ့သည်။သို့သော်လည်း နောက်ပိုင်းတွင် ဧကရာဇ်သည် ယဲ့ပိုင်၏တည်ရှိမှုကိုပျောက်ကွယ်စေရန်အတွက် သမိုင်းပညာရှင်များကို အမိန့်ပေးပြောင်းလဲစေခဲ့သည်။သို့ဖြစ်ရာ သမိုင်းမှတ်တမ်းများတွင် ဧကရာဇ်သည် သာမန်ပြည်သူတို့၏ဘဝကို ကြုံတွေ့ခံစားနိုင်ရန် လူအုပ်ကြားကိုယ်ယောင်ဖျောက်ကာ သွားလာခဲ့သည်ဟု တွေ့မြင်ရမည်ဖြစ်သည်။

"နားလည်ပါပြီ..."

ဝမ်အန်းက ထပ်မပြောဝံ့တော့ဘဲ ခေါင်းညိတ်လိုက်တော့သည်။

သို့သော်လည်း သူ့မျက်နှာက အနည်းငယ်နီမြန်းနေခဲ့သည်။

မည်သို့ပင်ဆိုစေ သူကြိုက်နှစ်သက်သည့်အရာတစ်ခုအား အခြားသူများ၏အမြင်ကြောင့် ပြောင်းလဲရခြင်းသည် သည်းမခံနိုင်သောကိစ္စတစ်ခုဖြစ်ပေသည်။

သူတို့နှစ်ယောက်သည် သူတို့ကိုယ်တိုင်ပင် မသိလိုချိန်မှာပင် စစ်ဆေးမေးမြန်းမခံရဘဲ ခြေသုံးချောင်းနဂါးစံအိမ်တော်၏ တံခါးဝသို့ရောက်ရှိလာခဲ့သည်။

ခရီးစဉ်တစ်ခုလုံးသည် အလွန်ချောမွေ့နေကာ ကျောက်မိသားစုက လုံးဝသတိမထားမိသည့်အတွက် ဝမ်အန်းအံ့သြသွားခဲ့သည်။

သို့သော်လည်း မကြာခင်မှာပင် ယဲ့ပိုင်ကလှည့်ကွက်သုံးလိုက်၍ ဤသို့ဖြစ်လာခြင်းဖြစ်ကြောင်း ဝမ်အန်းရိပ်မိလိုက်သည်။

သူတို့နှစ်ယောက်သည် ခြေသုံးချောင်းနဂါးစံအိမ်၏ တံခါးဝ၌ရပ်နေချိန်တွင် ထိပ်ပြောင်တစ်ယောက်က အတွင်းမှပြေးထွက်လာခဲ့သည်။

ထိပ်ပြောင်သည် ယဲ့ပိုင်နှင့်ဝမ်အန်းအား တွေ့မြင်လိုက်ရချိန်တွင် သူ၏မျက်နှာပေါ်ရှိကြွက်သားများက အရူးအမူးတုန်ယင်သွားခဲ့ကာ သူ၏မျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့သည်။

"မင်း...မင်းတို့ဘာလို့ဒီကိုရောက်လာတာလဲ"

ခဏအကြာတွင် ထိပ်ပြောင်၏ပါးစပ်ထဲမှ ထိုသို့သောစကားတစ်ခွန်းထွက်ပေါ်လာခဲ့သည်။

သူသည် မည်မျှပင်ကုန်ကျပါစေ ထိုလူနှစ်ယောက်အား ဤနေရာသို့ရောက်မလာအောင်ဟန့်တားရန် အမိန့်ပေးထားပြီးပြီဖြစ်သည်။

ထို့ပြင် သူကိုယ်တိုင် ထိုလူများကို ဒုက္ခပေးရန်အတွက် ခြံဝင်းအပြင်သို့ပြေးထွက်လာချိန်တွင် ခြံအဝင်ဝ၌ ထိုလူနှစ်ယောက်နှင့်ဆုံတွေ့ခဲ့ရာ သူ့အားအလွန်တုန်လှုပ်စေခဲ့သည်။

"ငါတို့အချင်းချင်းသိကြလို့လား..."

ဝမ်အန်းက သံသယမျက်လုံးများဖြင့် မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

သို့သော်လည်း ယဲ့ပိုင်ကမူ တည်ငြိမ်သောအမူအရာဖြင့် ရှိနေဆဲပင်ဖြစ်သည်။သူသည် ထိပ်ပြောင်ကိုတစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ကျောက်ပိုင်ရှန်ကို သွားပြောလိုက်...သူ့သူငယ်ချင်းဟောင်းတစ်ယောက်က လူအချို့ကိုရှာဖွေဖို့ ရောက်လာတယ်လို့"

ထိုစကားကိုပြောချိန်၌ ယဲ့ပိုင်၏လေသံသည် ပေါ့ပေါ့ပါးပါးလွှင့်မျောနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ထိပ်ပြောင်လူ၏နှုတ်ခမ်းထောင့်စွန်းက ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့သည်။

"နားလည်ပြီ..."

ထိပ်ပြောင်သည် ကြမ်းကြမ်းတမ်းတမ်းစကားအချို့ကိုပြောလိုသော်လည်း သူ၏ခြေထောက်များတုန်ယင်လာသည်ကို မထိန်းချုပ်နိုင်ဘဲ အထိန်းအကွပ်မဲ့စွာဖြင့် စကားအချို့ပြောပြီးနောက် နောက်လှည့်၍ အိမ်ထဲပြေးဝင်သွားခဲ့သည်။

ယနေ့တွင် ကျောက်မိသားစုစျာပနာသို့ လူပေါင်းများစွာလာရောက်ခဲ့ကြပြီး မရေမတွက်နိုင်သောလူများက ခြေသုံးချောင်းနဂါးစံအိမ်၌ စုဝေးလာခဲ့ကြသည်။

ယခုအခါ ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် တံခါးဝ၌ငြိမ်သက်စွာရပ်နေချိန်၌ ထိပ်ပြောင်က အထဲသို့ပြန်၍ပြေးဝင်သွားခဲ့သည်။

စျာပနာသို့ရောက်ရှိလာကြသူများသည် သူတို့နှစ်ယောက်၏အပြုအမူကို သတိပြုမိလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်၍မေးခွန်းထုတ်လိုက်မိကြသည်။

"ဒီလူနှစ်ယောက်က ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ...သူတို့ကစံအိမ်အဝင်ဝကို တကယ်ပိတ်ဆို့ထားကြတာလား"

တစ်စုံတစ်ယောက်က တိုးတိုးလေးပြောဆိုလိုက်သည်။

"ဟုတ်တယ်...ဒါပေမဲ့ ကျောက်မိသားစုရဲ့သက်တော်စောင့်တွေက ဘာလို့သူတို့ကိုမောင်းမထုတ်တာလဲဆိုတာ ငါတကယ်သိချင်နေတယ်"

အချို့လူများက အံ့သြနေသောလေသံဖြင့် ပြောဆိုလိုက်ကြသည်။

...

တစ်ဖက်တွင် ကျောက်ချန်စွင်ရှိနေသော ဧည့်ခန်းအတွင်း၌...

"မစ္စတာကျောက်...အဲ့အဖြူရောင်ဝတ်စုံရှည်နဲ့ကောင်လေးက သခင်ကြီးကျောက်ပိုင်ရှန်ကို တွေ့ချင်တယ်လို့ပြောလာတယ်"

ထိပ်ပြောင်လူသည် တစ်ကိုယ်လုံးချွေးများဖြင့်စိုရွဲနေကာ ထိုစကားကိုပြောပြီးနောက်တွင် သူ၏ခြေထောက်များပျော့ခွေကျသွားခဲ့ပြီး မြေပေါ်သို့လဲကျသွားခဲ့သည်။

ဤနေရာသို့ပုံမှန်အားဖြင့် လမ်းလျှောက်လာပါက ငါးမိနစ်ကြာမြင့်ပေသည်။သို့သော်လည်း ထိပ်ပြောင်က ဖြစ်စဉ်တစ်ခုလုံးကို တစ်မိနစ်မပြည့်မှီအချိန်အတွင်း ကျောက်ချန်စွင်ထံရောက်လာကာ ပြောပြခဲ့သည်။သို့ဖြစ်ရာ ဤသို့လုပ်ဆောင်ရန်အတွက် သူ၏ခွန်အားများ မည်မျှကုန်ဆုံးခဲ့ရသည်ကို နတ်ဘုရားများသာသိပေလိမ့်မည်။

All Chapters