← Chapters

လိမ်လည်ခြင်း

Vol. 4 Ch. 46

လိမ်လည်ခြင်း

Vol. 4 Ch. 46

ခြေသုံးချောင်းနဂါးစံအိမ်...

မရေမတွက်နိုင်သော ဝတ်စုံနက်ဝတ်လုပ်ကြံသူများသည် အမှောင်ထုထဲတွင် တိတ်ဆိတ်စွာဖြင့် ပုန်းလျှိုးကွယ်လျှိုး စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုလူများသည် ဒဏ္ဍာရီလာ ကိုယ်ခံပညာရှင်များကဲ့သို့ အလွန်လျင်မြန်သွက်လက်ကြသည်။

အချို့သောလူများသည် ပျံသန်းနိုင်ကြပြီး အချို့လူများသည်ကား သူတို့၏ဓားများကို လျှပ်စီးလက်သလို ပစ်လွှတ်နိုင်ကြသည်။

အချို့လူများက သစ်ရွက်များအား ဓားကဲ့သို့အသုံးပြုနိုင်ကြသည်။

သို့သော်လည်း ယခုအချိန်တွင်မူ စက္ကန့်တိုင်း၊မိနစ်တိုင်းတွင် ကျောက်မိသားစု၏တိုက်ရိုက်မိသားစုဝင်တစ်ဦး သို့မဟုတ် အစောင့်တစ်ဦးသည် ကြေကွဲဖွယ်သေဆုံးသွားကြရသည်။

ကျောက်ချန်စွင်သည် ကျောက်မိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့်အတူ အတွင်းခြံဝင်းထဲမှနေ၍ ထွက်ခွာလာခဲ့သည်။မူလကသူသည် ကျောက်မိသားစု၏ခွန်အားကိုထိန်းသိမ်းလိုခဲ့သည်။ထို့နောက်တွင် ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား ကျောက်မိသားစုစံအိမ်မှထွက်ခွာသွားစေရန် ဖိအားပေးရန်အတွက် သူ၏လူများအား အတင်းအကြပ်ဆင့်ခေါ်ခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ကျောက်ချန်စွင်သည် သွေးအိုင်ထဲ၌ လဲကျနေခဲ့သည်။

သူ၏ရင်ဘတ်တွင် ချွန်ထက်သည့်ဓားမြှောင်တစ်စင်းက ဖောက်ထွက်လျက်ရှိသည်။သူ၏မျက်လုံးများသည် အရောင်ဖျော့တော့နေကာ သူ၏မျက်လုံးထောင့်စွန်း၌ မျက်ရည်များစီးကျနေခဲ့သည်။

သူ၏နံဘေး၌ သူနှင့်ရင်းနှီးသူများရှိနေခဲ့သည်။သူတို့ထဲတွင် သူ၏မိန်းမဖြစ်သူနှင့်သားဖြစ်သူ ကျောက်ခွန်တို့ရှိနေခဲ့ကာ သူတို့ကလည်း အလားတူလဲလျောင်းနေခဲ့သည်။

သူသည် အဆက်မပြတ်သွားလာနေသော ဝတ်စုံနက်များ၏ အသွင်သဏ္ဍာန်ကိုကြည့်ရင်း အဘယ်ကြောင့် ယခုလိုရလဒ်မျိုးပေါ်ထွက်လာရသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

ယခုလေးတင် ကျောက်မိသားစုအသုံးပြုနိုင်သည့် အင်အားများကို သူကရှင်းရှင်းလင်းလင်း ဆင့်ခေါ်လိုက်ကာ လက်နက်ကြီးများကိုတောင် အသင့်ပြင်ထားခဲ့သည်။သူသည် လိုအပ်လာပါက ကျောက်ပိုင်ရှန်အပါအဝင် ခြေသုံးချောင်းနဂါးစံအိမ်တော်တစ်ခုလုံးကို မြေကြီးပေါ်သို့ဖြိုချရန်ပင် စိတ်ကူးထားခဲ့သည်။

ယခုလေးတင်ပဲ သူသည် အလွန်ပင်စိတ်အားထက်သန်နေခဲ့ကာ အင်မော်တယ်အကြီးအကဲနှင့် သခင်ဟုခေါ်သည့်လူငယ်လေးသည် ကျိန်းသေပေါက်သေဆုံးလိမ့်မည်ဟု ခံစားနေရပေသည်။

ယခုအချိန်တွင် မရေမတွက်နိုင်သောလူများသည် သူ၏အမိန့်ကို တလေးတစားပင် စောင့်မျှော်နေခဲ့ကြပြီး သူသာခေါင်းညိတ်ပြလိုက်သည်နှင့် အရာအားလုံးက ပြီးဆုံးသွားမည်ဖြစ်သည်။

သို့သော်လည်း ဤနောက်ဆုံးရလဒ်က သူနှင့်သူ့အဖေမျှော်လင့်ထားသည့်အရာနှင့် လုံးဝကွဲပြားခြားနားနေခဲ့သည်။

ကျောက်ချန်စွင်သည် တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးတော့မည့်အချိန်တွင် ဝတ်စုံနက်များက အမှောင်ထုထဲမှနေ၍ ထွက်ပေါ်လာခဲ့သည်။

ထိုဝတ်စုံနက်များသည် အလွန်သန်မာကာ သဲလွန်စမရှိဘဲ လှုပ်ရှားနိုင်ကြသည်။သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နိုင်ကြသည်။

"ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...ကျောက်မိသားစုက တကယ်အားနည်းနေတာလား...ကျောက်မိသားစုက အရမ်းအားနည်းနေတာလား"

ကျောက်ချန်စွင်၏မျက်လုံးများသည် အရောင်ဖျော့လာပြီး ပါးစပ်မှသွေးများစီးကျလာကာ အသံပြတ်တောက်သွားခဲ့သည်။

သူ၏အသိစိတ်များ ပျောက်ကွယ်သွားတော့မည့်အချိန်တွင် ရင်းနှီးနေသည့်ရုပ်ပုံလွှာနှစ်ခုက သူ၏မျက်လုံးထဲ၌ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။

သူသည် မူလက ဤကိစ္စနှင့်ပတ်သက်၍ အလွန်ပင်ပဟေဠိဖြစ်နေခဲ့သော်လည်း ထိုလူနှစ်ယောက်အား တွေ့မြင်ပြီးနောက်တွင် သူ၏လက်မခံနိုင်သောဆန္ဒအားလုံး ပျောက်ကွယ်သွားခဲ့သည်။အဆုံးသတ်၌ သူ၏အဖေသည် အဘယ်ကြောင့်ထိုလူငယ်အား ကြောက်ရွံ့နေရသည်ကို သူနားလည်သွားခဲ့သည်။ယခုအချိန်၌ ကျောက်မိသားစုသည် အမှန်တကယ်မှားယွင်းသွားခဲ့ပြီဖြစ်သည်။

ခြေသုံးချောင်းနဂါးစံအိမ် ၊ အတွင်းခြံဝင်း၌...

ဝိုင်၏အမွှေးအကြိုင်နှင့် အစားအစာတို့၏ရနံ့များ ရောနှောနေခဲ့သည်။ယဲ့ပိုင်သည် သူ၏တူချောင်းများကို ကောက်ကိုင်ထားလိုက်ပြီး ဝက်သားတစ်ဖတ်ကို ပါးစပ်ထဲကောက်ထည့်၍ ဖြည်းညှင်းစွာဝါးလိုက်သည်။

"သခင် သင်ပေးခဲ့တဲ့ဟင်းချက်နည်းကို နေ့တိုင်းလိုလိုလေ့ကျင့်ပါတယ်...ဒါပေမဲ့ အသက်ကတဖြည်းဖြည်းကြီးလာတော့ ခန္ဓာကိုယ်အခြေအနေက ဆိုးရွားလာပြီး ဟင်းချက်ဖို့အခွင့်အရေး မရှိသလောက်ရှားလာခဲ့တယ်...ဒါကြောင့်ဟင်းရဲ့အရသာက နည်းနည်းတော့ဆိုးသွားနိုင်တယ်...ခွင့်လွှတ်ပေးပါသခင်"

ကျောက်ပိုင်ရှန်၏နှလုံးခုန်သံသည် မြန်ဆန်နေသော်လည်း အပေါ်ယံတွင် အလွန်ရိုသေကိုင်းရှိင်းသည့်လေသံဖြင့် တည်ငြိမ်စွာပြောဆိုနေခဲ့သည်။

"အင်း..."

ယဲ့ပိုင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ပေ။

"အန်းလေး...ပိုင်ရှန်...ဒီတိုင်းရပ်ကြည့်မနေနဲ့...အတူတူစားကြရအောင်...ဒီဟင်းတွေရဲ့အရသာကမဆိုးပါဘူး...နောင်ကျရင် မင်းတို့ဒီလိုဟင်းမျိုးမစားနိုင်တော့မှာ ငါစိတ်ပူမိတယ်"

"နားလည်ပါပြီသခင်..."

ဝမ်အန်းသည် ခေါင်းညိတ်ပြလိုက်ကာ သူ၏ပါးစပ်ထဲသို့ အသားတစ်ပိုင်းအား ကောက်ထည့်၍ သေချာဝါးစားလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ယဲ့ပိုင်မှ ပေါ့ပေါ့ပါးပါးပြောလိုက်သည့်စကားတစ်ခွန်းသည် သူ၏အမြင်အရ လုံးဝကွဲပြားသည့်အဓိပ္ပါယ်ရှိပေသည်။

သို့သော်လည်း ကျောက်ပိုင်ရှန်သည် သူ၏လက်ဖြင့် တူချောင်းကိုကိုင်ဆောင်ကာ အသားတစ်ဖတ်အား ပါးစပ်ထဲသို့ထည့်ကာ ညင်သာစွာဝါးစားရန်မှတပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

အသားသည် အနည်းငယ်မာနေပြီး ပဲငံပြာရည်နှင့်ဆားပါဝင်မှု အနည်းငယ်များသွားသဖြင့် အရသာသည်အနည်းငယ်ခါးသက်သက်ဖြစ်သွားကာ မျိုချရန်ခက်ခဲနေခဲ့သည်။

ကျောက်ပိုင်ရှန်သည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား တချက်ကြည့်လိုက်ရာ ပုံမှန်အတိုင်းစားသောက်နေသည်ကို တွေ့လိုက်ရသည်။

ငါ့ရဲ့အရသာခံစားမှုက ပြဿနာရှိနေတာလား...

ကျောက်ပိုင်ရှန်သည် တိတ်တဆိတ်စဉ်းစားလိုက်ပြီး ဝက်သားတစ်ဖတ်အား အတင်းမြိုချလိုက်ကာ စကားတစ်ခွန်းပြောလိုက်သည်။

"သခင်...ဒီတစ်ခေါက် မင်းပြန်လာတာကိုလူတိုင်းသိထားကြတယ်မလား..."

ယဲ့ပိုင်က ပြန်လည်မဖြေကြားခဲ့ပေ။

ထိုအခိုက်အတန့်တွင် ဝမ်အန်းကအေးစက်စက်လေသံဖြင့် စကားဆိုလာခဲ့သည်။

"သခင်က မနေ့ကပြန်ရောက်လာခဲ့တယ်...မင်းရဲ့အဖိုးတန်မြေးလေးက သက်ရှည်ဘုရားကျောင်းမှာ ပြဿနာလာရှာတဲ့အချိန်ပဲ...နောက်တော့ မင်းရယ်၊လျှိုဇီယွမ်ရယ်၊ကျောက်ရူဖန်တို့ရယ်ကလွဲပြီး အခြားသူတွေအားလုံးက သခင့်ဆီအလည်လာခဲ့ကြတယ်"

ကျောက်ပိုင်ရှန်သည် အနည်းငယ်စားသောက်ပြီးသည်နှင့် သူ၏မျက်နှာပေါ်ရှိအမူအရာသည် ပိုမိုခိုင်မာလာပြီး မကြာမှီပုံမှန်ပြန်ဖြစ်လာခဲ့ကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ကျောက်ပိုင်ရှန်သည် ယခုလေးပင် ယဲ့ပိုင်အားတွေ့မြင်ပြီးပြီဖြစ်သော်လည်း ဝမ်အန်းက သူ့အားလာရောက်လည်ပတ်ခြင်းမပြုသည့်အတွက် အပြစ်တင်ခဲ့သည်။

ကျောက်ပိုင်ရှန်သည် ဝိုင်ပုလင်းအားကောက်ကိုင်လိုက်ကာ ယဲ့ပိုင်၏ဝိုင်ခွက်တွင်းသို့ ဝိုင်အားဖြည်းညှင်းစွာ လောင်းထည့်ပေးလိုက်သည်။

"ဒီကောင်တွေက တော်တော်လွန်သွားပြီ...သခင်ပြန်ရောက်နေတာတောင်မှ သူတို့ကငါ့ကိုစကားတစ်ခွန်းလေးတောင် မပြောခဲ့ကြဘူး..အဲ့ပုန်ကန်တတ်တဲ့ဂျူနီယာတွေကို ငါသိသွားပြီဆိုရင် သူတို့ကိုအပြင်းထန်ဆုံးပြစ်ဒဏ်ပေးရမယ်"

"ဟုတ်လား..."

ဝမ်အန်းက အေးစက်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ်...အဲ့ဒါသူတို့ပဲဖြစ်ရမယ်..."

ဝမ်အန်းသည် သူ့အားမကျေမနပ်ဖြစ်နေကြောင်း ကျောက်ပိုင်ရှန်သိထားသော်လည်း မဆိုင်းမတွပြန်ဖြေခဲ့သည်။သူ၏အမြင်တွင် ဝမ်အန်းသည် မည်မျှပင်အစွမ်းထက်နေပါစေ ကျောက်မိသားစုနှင့် တန်းတူရပ်တည်နိုင်သူတစ်ယောက်သာဖြစ်ကာ အဓိကကိစ္စရပ်များအား ယဲ့ပိုင်ကသာဆုံးဖြတ်နိုင်မည်ဖြစ်သည်။

"ပိုင်ရှန်...ငါပြန်ရောက်နေပြီဆိုတာကို မင်းတကယ်မသိတာလား..."

ယဲ့ပိုင်သည် ပြည့်လျှံနေသောဝိုင်ခွက်ကိုကြည့်ရင်း တိုးတိုးလေးမေးမြန်းလိုက်သည်။

ကျောက်ပိုင်ရှန်သည် အတတ်နိုင်ဆုံးတည်ငြိမ်သော အမူအရာကိုထိန်းသိမ်းထားသော်လည်း ယဲ့ပိုင်ကမေးမြန်းလာချိန်၌ မတွန့်ဆုတ်ဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

"သခင်...အဲ့အကြောင်းကို ငါရှင်းပြပါမယ်...ငါ့အသက်ကတော်တော်ကြီးလာပြီဆိုတော့ ကျောက်မိသားစုက ငါ့ထောက်ပံ့မှုကို အရမ်းကြီးမျှော်ကိုးနေတာမျိုး မဖြစ်စေချင်ဘူး...ဒါကြောင့်ခုကိစ္စမှာ ကျောက်မိသားစုက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စမ်းသပ်ဖို့အတွက် ငါကိုယ်တိုင်သေချင်ဟန်ဆောင်ခဲ့ပြီး ကျောက်မိသားစုရဲ့ထိန်းချုပ်မှုကို ငါ့သားဆီလွဲပြောင်းပေးခဲ့တာပဲ...တကယ်လို့သခင်သာ ပြန်မရောက်လာခဲ့ရင် ငါဘယ်တော့မှပြန်ပြီးထွက်ပေါ်လာမှာမဟုတ်ဘူး"

"မင်း..."

ဝမ်အန်း၏မျက်လုံးများသည် ဝိုင်းစက်သွားခဲ့ကာ သူ၏အသံက အနည်းငယ်ကျယ်လောင်သွားခဲ့သည်။

"အန်းလေး..."

ယဲ့ပိုင်က တိုးတိုးလေးအော်ဟစ်လိုက်ရာ ဝမ်အန်းက စကားမပြောဝံ့ဘဲ ငြိမ်သက်သွားခဲ့သည်။

ကျောက်ပိုင်ရှန်က ခေါင်းငုံ့ထားလိုက်သည်။ယခုသူပြောသည့် လိမ်ညာမှုသည် မည်မျှထိပေါ်လွင်နေပြီး အားနည်းနေကြောင်း လူတိုင်းလိုလိုပင် ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပေသည်။

သို့သော်လည်း ယဲ့ပိုင်နှင့်ရင်ဆိုင်ရချိန်တွင် သူသည်အမှန်အတိုင်း ဝန်မခံရဲသေးပေ။

ယဲ့ပိုင်ထွက်ပေါ်လာစဉ်ကတည်းက သူ၏အကြံအစည်အားလုံးနှင့်နည်းလမ်းများအားလုံးကို ရှင်းရှင်းလင်းလင်းသိရှိထားပြီ့းဖြစ်ကြောင်း ကျောက်ပိုင်ရှန်နားလည်ထားပြီဖြစ်သော်လည်း သူတတ်နိုင်သလောက် လိမ်ညာရန်ဟန်ဆောင်နေဆဲဖြစ်သည်။

ကျောက်ပိုင်ရှန်သည် သူ၏သစ္စာစောင့်သိမှုအား သက်သေပြရန်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သည်။သူသည် မသေဆုံးမှီအချိန်လေးအတွင်း မျက်နှာအနည်းငယ်ရရှိသွားချင်ပေသည်။

"ပိုင်ရှန်...အခြားဧည့်သည်တွေ ဒီကိုရောက်လာပုံရတယ်....မင်းပြင်ဆင်ထားတဲ့ဟင်းလျာတွေက မလုံလောက်တဲ့အပြင် ထိုင်ခုံကလည်း မလုံလောက်ဘူး"

ပတ်ဝန်းကျင်လေထုသည် တဖန်တိတ်ဆိတ်သွားချိန်တွင် ယဲ့ပိုင်ကစကားစလာခဲ့သည်။

ကျောက်ပိုင်ရှန်သည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက် မသိစိတ်မှတဆင့် တံခါးဆီသို့လှမ်းကြည့်လိုက်မိသည်။

ထို့နောက်တွင် စူးရှသောခြေလှမ်းသံများနှင့်အတူ လူနှစ်ယောက်က အပြင်ဘက်ခြံဝင်းကိုဖြတ်လျှောက်၍ ခန်းမဆောင်ထဲ ဝင်ရောက်လာခဲ့သည်။

ထိုလူနှစ်ယောက်ဖြတ်လျှောက်လာခြင်းနှင့်အတူ ပြင်းထန်သောသွေးရနံ့ကလည်း ကပ်ညှိလိုက်ပါလာခဲ့သည်။ထိုသူ၏သွေးရနံ့သည် ဝိုင်နှင့်ဟင်းလျာများ၏ မွေးရနံ့ကိုပင် ချက်ချင်းပျောက်ကွယ်လုနီးပါးဖြစ်စေခဲ့သည်။ထိုရနံ့ကို ရရှိလိုက်ပြီးနောက်တွင် ကျောက်ပိုင်ရှန်သည် စိတ်မထိန်းနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်က လှုပ်ခါသွားခဲ့သည်။

"သခင်...ဒါကအရမ်းကိုများသွားပြီ"

သူ၏အသံသည် ခြင်တစ်ကောင်လို အလွန်တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဘဝတလျှောက် ဖြတ်သန်းလာခဲ့ရသည့် အတွေ့အကြုံများကြောင့် ပညာဉာဏ်ပြည့်ဝနေသည့် ကျောက်ပိုင်ရှန်၏မျက်လုံးများက တဖြည်းဖြည်းကျည်းမြောင်းလာကာ အဆုံးသတ်၌ တင်းတင်းကြပ်ကြပ်ပိတ်သွားခဲ့သည်။

ဟူး...

သူသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ထိုလူနှစ်ယောက်သည် ယဲ့ပိုင်အား တွေ့မြင်ပြီးနောက်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်ထိုင်ချလိုက်သည်။

ယခုရောက်ရှိလာသူများမှာ ကျင်းရူဖန်နှင့် လျှိုဇီယွမ်မှလွဲ၍ အခြားမဟုတ်ပေ။

All Chapters